သီတင်း နှစ်ပတ်အကြာ မိုးနှင့် မုန်တိုင်း စဲသွားပြီးနောက် ကြည်လင်သွားသော နေ့တနေ့ ဖြစ်ပါသည်။
နေမင်းသည် တောက်ပစွာ ထွန်းလင်းခြင်း မရှိသေးပါ။ သို့ရာတွင် တိမ်တိုက်များကြားမှ နေ၍ မှိန်ဖျော့သော နေခြည်တို့ကို ဖြန့်ကြဲလျက် ရှိပါသည်။
တိမ်သားများသည် အစင်းလိုက် အစင်းလိုက် ဖြစ်လျက် တော်တော် ဝေးဝေးအထိ မြင်းပြိုင် ပြေးကာ နေခြည်တို့ကို ဖြတ်တောက် ထားကြသည်။
ကောင်းကင်မှ အရောင်များမှာ အံ့သြဖွယ် ကောင်းပါသည်။ မှိုင်းပြာပြာ အရောင်အသွေး အနုအရင့် အမျိုးအမျိုးကွဲကာ နေမင်း၏ ရွှေရောင် တောက်ပမှုထဲတွင် ရောနှောသွားကြပါသည်။
ကျနော်သည် ညနေခင်းထဲသို့ ထွက်လာခဲ့ပါသည်။ ရာသီ စောသေးသဖြင့် သစ်ရွက်တွေ လှိုင်လှိုင် မကြွေကြသေးပါ။ သို့ရာတွင် ခြံထဲတွင်မူ သစ်ရွက်တွေ ဖုံးစ ပြုနေပါပြီ။
အနီရောင်၊ အညိုရောင်၊ အဝါရောင်တို့ ယှက်သန်းနေသော တောက်ပ၍ အရောင်အသွေးစုံသည့် ပေါင်းစည်းမှု အစုအဝေးများ ဖြစ်ပါသည်။
မြေပေါ်သို့ ကျလာသည်နှင့် သစ်ကြားခွံကလေးများ ကွဲအက်သွားပြီး ရှက်ရွံ့သော သစ်သီး၏ တောက်ပ ပြောင်လက်နေသော အညိုရောင်ကလေးကို ဖွင့်ပြနေပါသည်။
ရွှဲနစ်သွားအောင် ဖြိုင်ဖြိုင်ကြီး ရွာချလိုက်သော မိုးကလည်း စေတနာ ကောင်းလှပါသည်။
ကျနော်သည် ရေတွေ လျှံတက်လာသည်ကို ကြည့်ရန် တံတားဆီသို့ ထွက်လာခဲ့ပါသည်။ ချိုင့်ဝှမ်းကြီး တခုလုံးသည် ကန်ကြီး တကန် ဖြစ်ပါသည်။
အကိုင်းအခက်တွေ ကြားထဲတွင် အပွင့်အရွက်တွေ ရောင်စုံ ပျိုးပြက်ဆဲ ရှိနေသည်။ ကွင်းစပ်က ပင်စောက်ကြီးတွေ ခြေရင်းအထိ ရေရောက်ပါသည်။
ဗလုံ ထိုးနေသော ရေစီးကြောင်းကြောင့်သာလျှင် မြစ်ကြောင်းကို ခွဲခြားနိုင်ခြင်း ဖြစ်ပါသည်။ မြစ်ရေသည် တံတားအောက် အလယ် ခုံးကြီးအထိ ရောက်လာကာ ဝဲလှည့်ပြီး ခုံးအောက်တွင် ပျောက်ကွယ် စီးဆင်းသွားပါသည်။
ခုံးနိမ့်နိမ့်ကလေးကို ဝင်တိုက်ပြီး ပြန်ထွက်လာသည့် ရေအရှိန်ကြောင့် ထိုနေရာ တဝိုက်တွင် ပို၍ ဆူညံနေပါသည်။ လေမှာ တိတ်သွားလေပြီ။
ချောင်းကလေး၏ လှုပ်ရှားမှုမှ တပါး ထိုနေရာ တဝိုက်တွင် လုံးဝ တိတ်ဆိတ် ငြိမ်သက်နေပါသည်။
သို့ရာတွင် မလှမ်းမကမ်းရှိ အထက်ပိုင်းတွင်မူ မည်းမှောင် ကျဉ်းမြောင်း၍ နက်နက် တူးထားသည့် ရေမြောင်းကလေးများ ထဲတွင် ရေတိုးသံ တသွင်သွင် ကြားနေရပါသည်။
မိနစ် အနည်းငယ် အကြာတွင်မူကား ထိုရေစီးကြောင်းကလေးများသည် နက်ရှိုင်းသော မြစ်ပြင်၏ ပွေ့ဖက်ထဲသို့ ရောက်သွားကာ ပျောက်ကွယ်သွားကြပါသည်။
မြစ်ကြီးသည် ထိုရေစီးကလေးများကို မိမိနှင့်အတူ ပင်လယ်သို့ သယ်ဆောင်သွားမည် ဖြစ်ပါသည်။ ယခုအချိန်တွင်မူ ထိုရေစီးကြောင်းကလေးများသည် မြေကြီးထဲသို့ ငုတ်လျှိုး ပျောက်ကွယ်သွားမည့် အန္တရာယ်မှ ကင်းဝေးသွားခဲ့ကြလေပြီ။
ကျနော်သည် ကမူကလေး တခုပေါ်သို့ တက်လာခဲ့ပါသည်။ ကောင်ရေ ငါးဆယ်ခန့်ရှိ သိုးအုပ် တအုပ်သည် ကွင်းထဲမှ တက်လာကာ လမ်းတဖက်ကို ဖြတ်နေကြပါသည်။
သိုးများသည် တကောင်နှင့် တကောင် ပူးကပ်လျက် ရှိကြကာ သူတို့ ကျောကုန်းများသည် နိမ့်မြင့် ညီညာခြင်း မရှိသော တဆက်တည်း ဖြစ်နေသည့် မျက်နှာပြင်ကြီး ဖြစ်နေပါသည်။
သိုးကျောင်းသားမှာ ဘေးသို့ ထွက်သွားသော သိုးများကို လိုက်နေပါသည်။ သိုးများသည် လမ်းလယ်ကောင်တွင် တမိနစ်မျှ ရပ်တန့်နေကြပါသည်။ လှည်းကလေး တစီးကို မောင်းလာသည့် လယ်သမား တယောက်သည် လမ်းတွင် တန့်နေပါသည်။
လယ်သမားက စိတ်မရှည်သော စကားတခွန်းကို သုံးလိုက်ပါသည်။
“အို အသင် လယ်သမား သင့်ခရီး ဖင့်မည် ဆိုသည့် အချက်နှင့် သိုးများ သူတို့ အလိုအလျောက် ကွင်းပြင်ထဲသို့ သွားလာ သင့်သည် ဆိုသည့် အချက်တို့အနက် မည်သည့် အချက်သည် ကောင်းကင်ဘုံ အတွက် အရေးကြီးပါသနည်း”။
စကားကြုံသဖြင့် ပြောရလျှင် သိုးများ အားလုံးသည် ဝမ်းနည်းနေသည့် အသွင်ကို ဆောင်နေကြပါသည်။ သူတို့ ဘဝ ကံကြမ္မာကို သူတို့ဘာသာ ရိုးတိုးရိပ်တိတ် နားလည်ကြသည်လော မပြောတတ်ပါ။
အချိန်မှာ ညနေ ၄ နာရီခန့် ရှိပါပြီ။ ယာထွန် မြင်း နှစ်အုပ်သည် ယာတောမှ အိမ်ဆီသို့ ပြန်လာနေကြပါသည်။ ပိုင်ရှင်သည် သူ့မြင်းများကို အလွန် ဂရုစိုက်ပါသည်။
ကျနော့် အဖို့သော်မူ ထိုမျှ လှပသော မြင်းများကို တခါမျှ မတွေ့ဘူးသေးပါ။ အမွေးတွေကလည်း ပြောင်ချော နေပါသည်။ တင်ပါးကြီးတွေကလည်း တုတ်ခိုင်ပါသည်။
လိုအပ်လျှင် အိမ်တလုံးကိုပင် လှုပ်ခါသွားအောင် ဆွဲနိုင်လိမ့်မည် ထင်ပါသည်။ ခြေထောက်များကလည်း သန်မာ ကြီးထွားပြီး ဖြည်းလေး ညင်သာစွာ လှမ်းလာပါသည်။
တော်တော်ကြီးသည့် သတ္တဝါကြီးတွေဟု ထင်ရပါသည်။
ပထမအုပ်ကို အသက် ၇၀ နှင့် ၉၀ အတွင်းရှိ တောင့်တင်း ကြံ့ခိုင်၍ မျက်နှာ နီနီနှင့် အဘိုးအို တယောက်က မ, လာပါသည်။
ကျနော်နှင့် သိသည်မှာ နှစ်ပေါင်းများစွာ ကြပါပြီ။ သူသည့် ကျနော့်ကို ရွှင်လန်းစရာ စကား အမြဲ ပြောတတ်သည်။
ကျနော်က သူ့မြင်းများ အတွက် ဂုဏ်ယူသင့်ကြောင်း အမြဲ ပြောပါသညါ။ သူလည်း ဂုဏ်ယူနေဟန် ရှိပါသည်။ သူသည် တပတ်လျှင် ဆယ့်ရှစ် သျှီလင် ရသည်ကို ကျေနပ်နေပါသည်။ ရှေ့ကိုလည်း ကြည့်စရာ မလိုပါ။ နောက်ကိုလည်း ကြည့်စရာ မလိုပါ။ သူ့ရွာ အပြင်က ကမ္ဘာလောကကြီး အကြောင်းကိုလည်း ဘာမျှ မသိပါ။ မှန်ပါသည်။ သူသည် ယုတ္တိရှိစွာ ပျော်နေပါသည်။
နောက်မြင်း တအုပ်၏ ဘေးတွင်မူ ဆယ့်ငါးနှစ်ခန့်ရှိ သူငယ်ကလေး တယောက် ပါလာပါသည်။ နှင်တံကို ခါးကြားမှာ ထောင်ပြီး ထိုးလာပါသည်။
ထိုသူငယ်ကို ရွာထဲတွင် ကျန်ရစ်ခဲ့သည့် သူ့သူငယ်ချင်းများ၊ အားအား ယားယား ကစားနေသူများထံ ပြန်ပို့လျှင် သူတို့ လိုပင် ပျင်းနေမည်သာ ဖြစ်ပါသည်။ သို့ရာတွင် တာဝန်ပေးခံရသည့် အခါတွင်မူ သူငယ်သည် သူတို့ကိုပင် အသိမပေးဘဲ သူတို့ အလယ်မှ ဖြတ်သွားမည်သာ ဖြစ်ပါသည်။
ကျနော်သည် ယာတော ဝင်းတံခါးနောက်သို့ ဝင်သွားသော သူတို့ကို ငေးကြည့်နေမိပါသည်။ ယာတော အဝင်တံခါးသည် ဂျိမ်းခနဲ မြည်၍ ပိတ်သွားပါသည်။
ကျနော်သည် ဝင်းတံခါးကိုမှီ၍ အတန်ကြာ ရပ်နေပြီးနောက် သစ်အယ်ပင်တောကို ဖြတ်ပြီး အိမ်သို့ ပြန်လာခဲ့ပါသည်။ ထိုအချိန်တွင် နေဝင်စ ပြုနေပါပြီ။
လူသွား လမ်းကလေးမှာ ကွင်းပြင် အစပ်တွင် ရှိပြီး လမ်းဘေး တဖက်တချက်တွင် သစ်ပင်တွေ တန်းစီ ပေါက်နေကြ ပါသည်။ အများအားဖြင့် သစ်ပင်များမှာ အမြင့်ကြီးတွေ မဟုတ်ပါ။
သို့ရာတွင် အချို့အပင်များမှာ တောင်သလဲပင် ဖြစ်သဖြင့် တော်တော်လေးတော့ မြင့်ပါသည်။
သာမန် အရာဝတ္ထု တခုထဲတွင် ကျနော်တို့၏ အာသာ ဆန္ဒကို ပြေစေသော အရာတွေ အများကြီး ရှိပါသည်။ ပို၍ပင် နေပါသေးသည်။
ကျနော်သည် သစ်ပင်တန်းများ၏ ထိပ်ဖျားများကို အနားသပ်ထားသည့် လမ်းကွေးကလေးကို လာတိုင်း ထိုအရာများ ထဲတွင် ကိုယ်မသိသည့် အရာတွေ အများကြီး ရှိပါကလားဟု အမြဲလိုလို တွေးမိပါသည်။
ထိုရှုခင်းသည် သွားရင်းလာရင်း မတော်တဆ မြင်လိုက်ရသော “ရှုခင်း” နှင့် မတူပါ။ တောင်ထိပ် တခု၊ ရေတံခွန် တသွယ်၏ “ရှုခင်း” သည် အံ့သြဖွယ်တခု ဖြစ်ပါသည်။
ကျနော်သည် ကွင်းပြင်တွင် တနာရီ၊ နှစ်နာရီခန့် တယောက်တည်း ထိုင်နေပါသည်။
ကွင်းပြင်သည် ကြည်နူးဖွယ်ကို ပေးရုံမျှသာ မက ဒုက္ခ ဆင်းရဲနှင့် ယုံမှား သံသယတို့ကို အောင်စေသည့် တရားဓမ္မ ဆန်သော ငြိမ်းချမ်းမှုကိုလည်း ပေးပါသည်။ ။
(စာရေးဆရာကြီး မြသန်းတင့် မြန်မာပြန် ရေးသားသည့် ဤ ရသစာတမ်း (Literary Essay) ကို ဆု စာပေက ၂၀၀၃ ခုနှစ် သြဂုတ်လတွင် ထုတ်ဝေသော “နိုင်ငံတကာ ရသစာတမ်းငယ်များ (၂) ဒုတိယ အကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက် အသက် ၆၉ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)