(အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။ နှစ် ၃၀ ပြည့် ဧရာဝတီသတင်းဌာနအတွက် ယခု ဆောင်းပါးကို အမှတ်တရ ရေးသားသည်။)
ကျနော် သူ့ကို ၁၉၈၈ ခုနှစ်က ရန်ကုန်မှာ အခြားကျောင်းသားအဖွဲ့တွေနဲ့ ညှိနှိုင်းဖို့ မြေအောက်အစည်းအဝေး တခုမှာ ပထမဆုံးတွေ့ဖူးတာ။ အဲဒီတုန်းက ကျနော်တို့က တနိုင်ငံလုံး အုံကြွမှုမှာ ပါဝင်ဆောင်ရွက်နေပေမယ့် တယောက်နဲ့ တယောက် မသိကြဘူး။
အဲဒီ ပထမဆုံး လျှို့ဝှက်အစည်းအဝေးအတွက် ရွေးချယ်ထားတဲ့နေရာက မြို့တော်ဟောင်း ရန်ကုန်က လှည်းတန်းမှာ။ ကျနော်တို့ တယောက်နဲ့တယောက် ယုံကြည်လို့ ရလား။
အစည်းအဝေးလုပ်မယ့် နေရာဖြစ်တဲ့ တရုတ်စီးပွားရေးသမားတဦး ပိုင်တဲ့ စက်ရုံခြံဝင်းကို ကျနော်တို့ ခြေလျင်သွားကြတယ်။ ကျနော်တို့အားလုံး စိတ်လှုပ်ရှားနေပေမယ့် စိတ်လက်ပေါ့ပါးနေတဲ့ ပုံစံဖြစ်အောင် အကောင်းဆုံး လုပ်ထားကြတယ်။ လက်ကိုင်ဖုန်းပေါ်က စာတိုပေးပို့ခြင်းတွေ၊ Facebook တွေ မပေါ်သေးခင်က ဒီလိုလျှို့ဝှက် တွေ့ဆုံဖို့ အစီအစဉ်က တခုတည်းသော ရွေးချယ်စရာ နည်းလမ်းပဲ။
အဲဒီကျယ်ဝန်းတဲ့ ခြံဝင်းထဲမှာ ကျနော်တို့ အပြုံးတွေ၊ ဟာသတွေနဲ့ စကားစမြည်ပြောတာတွေ အပြန်အလှန် လုပ်ကြပေမယ့် ကျနော်တို့ စိတ်တွေလှုပ်ရှားနေဆဲပဲ။
စက်ရုံ အခန်းငယ်လေးမှာ ထိုင်လိုက်တော့မှ ကျနော်တို့ တယောက်နဲ့တယောက် သိရတာ။
ကိုဝင်းသူက ၈၈ ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်။ ဒါဟာ ကျနော်တို့အကြား တသက်တာ ခင်မင်မှုကို မွေးဖွာပေးတဲ့ ဘုံ သံယောဇဉ် ဖြစ်တယ်။
သိမ်မွေ့တဲ့ ပုံစံနဲ့ သူက လူတိုင်းကို အပြုံးတွေနဲ့ ကြိုဆိုနွေးထွေးစေပေမယ့် ကျနော်တို့ ဆန့်ကျင် ပုန်ကန်ဖို့လိုသလို ငြိမ်းချမ်းစွာ လုပ်ဆောင်ရမယ်လို့ သူတောင်းဆိုတယ်။ သူက ကျော်ကြားတဲ့ ရန်ကုန်တက္ကသိုလ်မှာ ပထဝီ မဟာဝိဇ္ဇာဘွဲ့ တက်နေတာလို့ ကျနော် သိရတယ်။
၁၉၈၈ ခုနှစ် ဇွန်လမှာ ရန်ကုန်တက္ကသိုလ် ပြန်ဖွင့်တဲ့အခါ ကျောင်းကို ကျနော်တို့ ပြန်သွားပြီး စိတ်လှုပ်ရှားနေတယ်။ ပတ်ဝန်းကျင်မှာ မျှော်မှန်းချက်တွေနဲ့ ပြည့်နေတယ်။ တခုခု ဖြစ်တော့မယ်ဆိုတာ သိပေမယ့် ဘာဖြစ်မယ်ဆိုတာ ကျနော်တို့အားလုံး မသိကြဘူး။ ကျောင်းသားတွေက ၁၉၈၈ ခုနှစ်၊ မတ်လက စတင်ခဲ့တဲ့ အုံကြွမှုကို ပြန်လည်စတင်ဖို့ လှုပ်ရှားမှုသစ်တွေအတွက် ပြင်ဆင်နေကြတယ်။
နောက် ရက်အနည်းငယ်ကြာတော့ ဆန္ဒပြပွဲတွေ ဖြစ်တယ်။ ကျောင်းသားခေါင်းဆောင်တွေ မိန့်ခွန်းပြောနေတဲ့ စင်မြင့်နားမှာ ကိုဝင်းသူကို ကျနော်တွေ့တယ်။ သူက မျက်နှာဖုံး ဝတ်ဆင်ထားပြီး လက်သီးလက်မောင်း တန်းနေတယ်။
အာဏာရှင် နေဝင်း တပ်တွေက ရက်ရက်စက်စက် ဖြိုခွဲပြီးနောက် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလမှာ ထိုင်း-မြန်မာ နယ်စပ် စန်ခလာဘူရီက ဘုရားသုံးဆူတောင်ကြားကို ကျနော် ထွက်ပြေးလာတယ်။ မြန်မာကျောင်းသား တက်ကြွလှုပ်ရှားသူတွေ ခိုလှုံနေတဲ့ ရွာပျက်တခုမှာ ကျနော်တို့ တည်းခိုကြတယ်။
တညမှာတော့ အော်ဟစ်သံတွေကြားပြီး ကျနော်တို့ တဲရဲ့ တံခါးကို ထုရိုက်သံ ကြားရတယ်။ လူတွေက ကျနော်တို့ တဲထဲကို ဝင်လာပြီး ဆရာဝန်ကို လာရှာတာ။ သူက ရန်ကုန်မှာ ဆေးကျောင်းသား ဖြစ်ပြီး အခုတော့ အမေရိကန် ပြည်ထောင်စုမှာ သမားတော် လုပ်နေတယ်။
လူအုပ်ထဲမှာ ကျနော်ရင်းနှီးနေတဲ့ မျက်နှာတခုတွေ့ရလို့ ကျနော် အံ့သြသွားတယ်။ ကျနော့် မိတ်ဆွေဟောင်း ကိုဝင်းသူက အဲဒီ လူအုပ်ထဲမှာ ပါနေတယ်။ သူ့ရဲ့ တောက်ပတဲ့အပြုံးက ကျနော်တို့တဲကို လင်းလက်သွားစေတယ်။ အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲရဲ့ ဘုံကံကြမ္မာမှာ ကျနော်တို့ ပြန်လည် ဆက်သွယ်မိလာတယ်။
အဲဒီအချိန်ကစပြီး ကျနော်တို့ အတူတကွ ရှိနေခဲ့တယ်။
နယ်စပ်မှာဖြစ်စေ၊ ဘန်ကောက်မှာဖြစ်စေ ဘယ်နေရာမှာဖြစ်ဖြစ် ကိုဝင်းသူက စိတ်ရှည်ပြီး အမြဲပြုံးနေတယ်။ ကျနော်ကတော့ အဲဒီလို မဟုတ်ပေမယ့် ကံကောင်းချင်တော့ သူက ကျနော်နဲ့ အမြဲတမ်း ရှိနေတယ်။
၁၉၉၀ ပြည့်နှစ်တွေ အစောပိုင်းမှာ ကျနော်တို့ ဘန်ကောက်ကို ပြောင်းကြပြီး သူက ကျနော်နဲ့ ကျနော့် သူငယ်ချင်းတွေကို အမြဲတမ်း စောင့်ရှောက်တယ်။
ဧရာဝတီ မဂ္ဂဇင်းကို ကျနော် စတင်ထုတ်ဝေပြီး တနှစ်ကြာတော့ မြန်မာနိုင်ငံက မိခင်ကို ဆုံးရှုံးရလို့ ကျနော် စိတ်ထိခိုက်ပြီး ကိုဝင်းသူကို ဆက်သွယ်တယ်။ အဲဒါက ၁၉၉၄ ခုနှစ်မှာ။ သူက မတွန့်ဆုတ်ဘဲ လှိုက်လှိုက်လှဲလှဲ ထောက်ခံအားပေးမှု ပေးပါတယ်။
ကိုဝင်းသူဟာ ကျွမ်းကျင်တဲ့ စီမံခန့်ခွဲသူ၊ ဘဏ္ဍာရေး အရာရှိနဲ့ သတင်းနည်းပညာ ကျွမ်းကျင်သူ ဖြစ်တယ် ဆိုတာကို မကြာခင်မှာပဲ ကျနော် သိလိုက်ရတယ်။ ကျနော်တို့ သတင်းလုပ်ငန်းအတွက် ပါရမီရှင်တယောက်ကို တွေ့လိုက်ရတယ်ဆိုတာကို ကျနော် သဘောပေါက်လိုက်တယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ကျနော်က အယ်ဒီတာဌာနမှာ အင်တိုက်အားတိုက် လုပ်နိုင်ဖို့ ကိုဝင်းသူက အရာရာမှာ ဦးဆောင်တဲ့ နေရာမှာ ရှိနေတယ်။ သူက ကျနော့်ကို အားဖြည့်ပေးတယ်။
သိမ်မွေ့၊ ပျော့ပျောင်း၊ ပညာရှင်ပီသပြီး နိုင်ငံရေးအမြင်ရှိသလို လက်တွေ့ကျပြီး စိတ်အားထက်သန်တဲ့ ကိုဝင်းသူဟာ ခေါင်းဆောင်မှု ကျွမ်းကျင်ကြောင်း လူလုံးထွက်မပြပေမယ့် သူဟာ ကျနော်တို့အဖွဲ့ကို အပြည့်အဝ ထောက်ကူပြီး မဟာစီမံခန့်ခွဲသူ ဖြစ်တယ်။
သူမရှိရင် ကျနော်တို့ အခုလို သမိုင်းမှတ်တိုင် စိုက်နိုင်မှာ မဟုတ်ဘူး။ ကျနော်တို့မှာ သူ့ကျေးဇူးတွေ ရှိနေတယ်။
(ကိုဝင်းသူသည် ယခုအခါ ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းတွင် နေထိုင်နေပြီး ဧရာဝတီ သတင်းဌာန၏ ဘဏ္ဍာရေးနှင့် ဒစ်ဂျစ်တယ်ဌာနများတွင် ဆက်လက် လုပ်ကိုင်နေဆဲဖြစ်သည်။)
You may also like these stories:
အနာဂတ်ပန်းကလေးများရဲ့ ဥယျာဉ်မှူး CDM ဆရာမ
ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်
ထောင်အိပ်မက်တွေ အမြဲမက်နေသူ ပါမောက္ခ ရှောင်တာနဲလ်