အိမ်စောင့် အစိုးရ တက်လာသော အခါတွင် ဗိုလ်တထောင်၊ ကြေးမုံ နှင့် ရန်ကုန် သတင်းစာ တို့ကို အပြစ်ရှာပြီး ပိတ်လေသည်။
အယ်ဒီတာများကို ထောင်ဒဏ် ပေးပြီး၊ သတင်းစာ တိုက်များကို အစိုးရ သိမ်းစေဟု စီရင်ချက် ချမှတ်၏။
ကြေးမုံ ပိတ်သော နေ့က တင်မောင်က မန္တလေးမြို့သို့ ရောက်ရှိနေသည်။ ရန်ကုန်တွင် နံနက်စောစော ရဲတို့ သတင်းစာတိုက်သို့ ရောက်လာကာ ပုံနှိပ်စက်များကို ချိပ်ပိတ်သည်။
တယ်လီဖုန်း သတင်း ရလျှင် ရချင်း မီးရထားနှင့် ရန်ကုန် ပြန်ခဲ့ရသည်။ အယ်ဒီတာ ဦးကြည်မြင့်ကို ဖမ်းသွားသည်ဟု တိုက်မှ ပြောသော သတင်းအရ မိမိကိုပါ ရန်ရှာလေမည်ဟု စိတ်ထဲ၌ စနိုးစနောင့် ရှိသောကြောင့် အိမ်သို့ တိုက်ရိုက် မပြန်ခဲ့ဘဲ ရှောင်ခဲ့သည်။
တင်မောင်၏ မိသားစုသည် သတင်းစာတိုက်၏ အပေါ်ထပ်တွင်ပင် နေကြသည်။ အိမ်သို့ တိုက်ရိုက် မပြန်သေးသည်သာမက ရန်ကုန် ဘူတာ အရောက်ပင် မစီးတော့ဘဲ သင်္ဃန်းကျွန်း ဘူတာတွင် ဆင်းခဲ့သည်။
ဘူတာမှ အငှားကား တစီးကို ငှားကာ မြို့တွင်းရှိ မိတ်ဆွေတဦး၏ အိမ်တွင် ခိုနေခဲ့သည်။ မိမိ ထင်သည့် အတိုင်းပင် ရန်ကုန် ဘူတာကြီးတွင် စစ်စုံထောက်များ စောင့်နေကြပြီး သတင်းစာတိုက်ကိုလည်း စောင့်ကြည့်နေကြသည်ဟု သိရသည်။
တိုက်ကို ချိပ်ပိတ်ပြီး အယ်ဒီတာ ဖမ်းရုံနှင့်မပြီးဘဲ တင်မောင်ကိုပါ ဖမ်းရန် ရှာဖွေနေကြသည် ဆိုသဖြင့် အမှုမရှိသော တင်မောင်အား ကိုကိုးကျွန်းအား ပို့ရန် သေချာနေလေပြီ။
အိမ်စောင့်အစိုးရက တည်ဆောက် ဖွင့်လှစ်သော ကိုကိုးကျွန်း စခန်းတွင် မြောက်မြားစွာသော လက်ဝဲဝါဒ ယုံကြည်သူ နိုင်ငံရေးသမားများ၊ စာရေးဆရာများကို ချုပ်နှောင် ညှဉ်းဆဲနေသည်။
ကိုကိုးကျွန်း ထောင်စခန်းသို့ သင်္ဘော မှန်မှန် မသွားနိုင်သောကြောင့် အစာရေစာ မပြည့်စုံသဖြင့် အကျဉ်းသားများ ဆင်းရဲ ပင်ပန်းကြကြောင်း၊ ငါးဖမ်းပြီး စားသောက်ကြရကြောင်း သတင်းများကို သိထားရသဖြင့် ထိုထောင်စခန်းသို့ မသွားလိုသည်မှာ အမှန် ဖြစ်သည်။
တင်မောင်ကလည်း တင်မောင်ပင်။ မှန်သည်ဟု ယူဆသည်ကို ရေးရုံမျှမက မှန်သည် ထင်ရာကို ပြောလေ့ရှိသည်။
အိမ်စောင့်အစိုးရ တက်လာစက စစ်ဗိုလ်ကြီးများက သတင်းစာဆရာများကို ပြုစုသော ဧည့်ခံပွဲ တခုတွင် –
“တပ်မတော်ရဲ့ အစွမ်းကို သိပါတယ်။ အစွမ်းထက်ပါလျက် ၁၁ နှစ် ကြာလာပြီ ဖြစ်တဲ့ ပြည်တွင်းစစ်ကြီးကို အပြီးအပြတ် မတိုက်တာဟာ သူပုန်သူကန်တွေကို မွေးမြူထားသလို ဖြစ်နေပါတယ်” ဟု ဝေဖန်မိသည်။
စားပွဲ မျက်နှာချင်းဆိုင်မှာ ထိုင်ပြီး ခပ်အေးအေး နားထောင်နေသူ၊ အသားဖြူဖြူ နွဲ့နွဲ့ စစ်ဗိုလ်က “ဝုံးခနဲ”စားပွဲကို ထုပြီး “တပ်မတော်ကို ဒီလောက် စော်ကားတာကို မခံနိုင်ဘူး” ဟု အော်ပါတော့သည်။
တင်မောင်ကလည်း အားကျမခံ စားပွဲကို သူ့ထက် ပြင်းအောင်ထုပြီး “သတင်းစာဆရာ ဆိုတာ မှန်တယ် ထင်တာကို ပြောရမှာပဲ” ဟု အော်မိသည်။
နှစ်ယောက်သား စားပွဲကို တဖုံးဖုံး ထုနေကြသောအခါ တခြားသော စစ်ဗိုလ်ကြီးများက လာရောက် ဖျန်ဖြေပေးကြရသည်။
ဧည့်ခံပွဲမှ ပြန်လာသော အခါ ဆရာ ဇဝန က “ခင်ဗျားက ဗိုလ်မှူးချုပ် မောင်မောင်ကိုမှ သွားပြီး ရန်ဖြစ်လေတယ်ဗျာ” ဟု ဆူတော့၏။
“သူက ပင်နီ အင်္ကျီနဲ့ ဆိုတော့ မသိဘူးလေ” ဟု ဆရာ့ကို ထုချေရသည်။
ပြေးလွှားနေရာမှ ဆရာ ဇဝန ထံ ဖုန်းဆက်သောအခါ “အေးလေ ကျောင်းတော်က ရန်စက ပြေးနိုင်မှ လွတ်ရမယ့် ဘဝ ရောက်နေပြီပေါ့” ဟု သရော်၏။
ထိုစဉ်က ဆရာ ဇဝန က ကြေးမုံ အစုရှင်၊ ဆောင်းပါးရှင် ဆိုစေကာမူ မြဝတီ မဂ္ဂဇင်း၏ အယ်ဒီတာချုပ် ရာထူးကို ရယူထားသောကြောင့် စစ်တပ်၏ ဝန်ထမ်းလည်း ဖြစ်နေသည်။
ဝရမ်းပြေး လူဆိုးကြီး အဖြစ် ရှောင်နေရာမှ ကယ်နိုင်လို ကယ်နိုင်ငြား နိုင်ငံရေး ငယ်ဆရာတဦး ဖြစ်ခဲ့သူ ဗိုလ်မှူးကြီး ကြည်ဝင်း အိမ်သို့ သွားမိသည်။ သူက ကမ္ဘာအေး ဘုရားလမ်းတွင် နေထိုင်သည်။
သူမရှိသောကြောင့် အိမ်သားများကို မှာကြားပြီး ထွက်လာခဲ့သော အခါ နံနက် ၈ နာရီ ရုံးတက်ချိန် ရောက်သဖြင့် ကားလမ်းမှာ စည်ကားလာသောကြောင့် သူ၏ အိမ်နှင့် ဝင်းချင်း ကပ်နေသည့် အမေရိကန် သံရုံးမှ ပြန်ကြားရေး အရာရှိ မစ္စတာ ရှပ်၏ အိမ်ဝင်းထဲသို့ ဝင်ပြီး ခိုနေရင်း နှုတ်ဆက်မိပါသည်။
တင်မောင် နှင့် မစ္စတာ ရှပ်တို့မှာ ပြဒါးတလမ်း၊ သံတလမ်း နိုင်ငံရေး အယူအဆ မတူညီကြသူများ ဖြစ်ကြသည်။ မိတ်ဆွေဟု ခေါ်ဆိုမည့် အစား ငြင်းခုံဖက် နှစ်ဦးဟု ဆိုသင့်၏။
ထိုနေ့က သူက တင်မောင်ကို ကြည့်ပြီး စိတ်မကောင်း ဖြစ်နေဟန် ရှိသည်။
“မင်း ကိုကိုးကျွန်း သွားရတော့မှာပဲ၊ မကြောက်ဘူးလား” ဟု မေးသဖြင့် “ကြောက်တာပေါ့ဗျ” ဟု အမှန်အတိုင်း ဖြေမိသည်။
မစ္စတာ ရှပ်က ပိုမို စိတ်မကောင်းဟန် တူသည်။
“ရှောင်လို့ရတဲ့ နည်းမရှိဘူးလား” ဟု မေးပြန်သဖြင့် “နိုင်ငံသား မှန်သမျှ စစ်တပ် လက်ခုပ်ထဲက ရေဆိုတော့ သူတို့ ညှဉ်းသမျှ ခံကြရမှာပဲ” ဟု ဖြေလိုက်သည်။
“မင်း အမေရိကန် သံရုံးမှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းပါလား” ဟု သူက တင်မောင်၏ မျက်နှာကို စေ့စေ့ကြည့်ပြီး လေးလေးနက်နက် ပြောသဖြင့် အံ့သြဝမ်းသာ ဖြစ်မိသည်။
အထက်တွင် ဆိုခဲ့သည့် အတိုင်း မစ္စတာ ရှပ်နှင့် တင်မောင်တို့ အဖို့ မည်သည့် နိုင်ငံရေး သတင်းမှ အမြင်မတူဘဲ ငြင်းဆို ဖက်သာ ဖြစ်ကြသည်။ အယူအဆများသည် အမြဲတမ်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ကြသူများ ဖြစ်ကြလေသည်။
သူ၏ စေတနာကြောင့် ပီတိဖြစ်သော်လည်း ဇာတိမြေကို စွန့်ခွာရန် တထိုင်တည်း ဆုံးဖြတ်ခြင်း မပြုနိုင်သောကြောင့် ကျေးဇူးတင်စွာနှင့် စဉ်းစားပါမည်ဟု ပြောကာ ပြန်ခဲ့သည်။
နောက်တနေ့ နံနက် အထောက်တော် သတင်းစာ တွင် “ကြေးမုံ ဦးသောင်း အမေရိကန် သံရုံးသို့ နိုင်ငံရေး ခိုလှုံခွင့် တောင်းခြင်း” ဟူသော သတင်း ပါလာတော့သည်။
မဟုတ်မမှန်ကြောင်း ဖြေရှင်းချက်ကို ဗမာ့ခေတ် က ဖော်ပြပေးသည်။
ဂါးဒီးယန်း ဦးစိန်ဝင်းထံ ဆက်သွယ်သော အခါတွင် “ခင်ဗျားကို မဲနေကြတယ်။ လုံခြုံတဲ့ နေရာတခုမှာ ခိုနေပါလေ” ဟု သူက ပြောရင်း “နေရာကောင်း ရဖို့ကလည်း မလွယ်ပါလား၊ ဒီတော့ ကျနော့် အိမ်ကို လာခဲ့” ဟု ခေါ်ရှာ၏။ သူ၏ အိမ်တွင် ၁၅ ရက်ခန့် ပုန်းအောင်းနေခဲ့ရသည်။
ဗိုလ်မှူးချုပ် မောင်မောင်နှင့် စစ်ဗိုလ်ကြီးများသည် ဂါးဒီးယန်းတိုက်သို့ ညစဉ်လာပြီး ထိုင်လေ့ရှိကြသည်။ နေ့ပိုင်းလည်း ဦးစိန်ဝင်းအား ဗိုလ်မှူးချုပ် မောင်မောင်က ရုံးသို့ ခေါ်ပြီး ဆွေးနွေးလေ့ရှိသည်။ သူက ညသန်းခေါင်ကျော် အိမ်ပြန်လာပြီး သိခဲ့ရသမျှသော နိုင်ငံရေး သတင်းများကို ပြန်လည် ဖောက်သည်ချသည်။
ဆန်းကြယ်သော တင်မောင်တို့၏ ဘဝကို ရယ်မိကြသည်။ သူ၏ တရားခံ ဝရမ်းပြေး ဖြစ်သူ တင်မောင်အား ဦးစိန်ဝင်းက လက်ခံထားရုံသာမက သူပြောသည့် သတင်းများကို ဆွေးနွေးကြသည်ကို ဗိုလ်မှူးချုပ် မောင်မောင်သာ သိရှိပါလျှင် ဦးစိန်ဝင်းကို သတ်ပစ်မည်ကိုပင် ကြောက်ရသည်။
ဦးစိန်ဝင်းသည် စစ်တပ်ပိုင် သတင်းစာတွင် အလုပ်လုပ်နေသူ ဖြစ်ပါလျက် စစ်တပ်ထက် ရဲဘော်ရဲဘက် သတင်းစာ လောကသားများ အပေါ် သစ္စာရှိသည်။ ဦးစိန်ဝင်း၏ သတ္တိကား ကြီးမားလှသည်။
တင်မောင်သာ သူ၏ နေရာမှာ ရှိနေလျှင် သူကဲ့သို့ ကူရဲပါမည်လော ဟု မိမိကိုယ် မိမိ မကြာခဏ မေးခွန်း ထုတ်မိသည်။
တလကျော်ကြာ ပုန်းအောင်းနေပြီးမှ တင်မောင်၏ အပေါ် ထားရှိသော ဒေါသ ပြေစပြုပြီ ဟု ဦးစိန်ဝင်း ထံမှ သိရသဖြင့် တောင်းပန်ပြီး လက်နက်ချ ဝင်ရသည်။
စစ်ရုံးချုပ်ကို သွားပြီး ဗိုလ်မှူးချုပ် မောင်မောင်ကို တွေ့ရသော အခါ “ခင်ဗျားက ကျုပ်နဲ့ ရန်ဖြစ်ထားတော့ ကိုကိုးကျွန်းကို ပို့ရင် ရန်စကြောင့် ပို့တယ် ပြောကြမှာမို့ စာရင်းမှာ ဖျက်ထားလိုက်တယ်” ဟု ပြောပြီး လွတ်ငြိမ်းခွင့် ပေးလိုက်သည်။
အိမ်စောင့် အစိုးရခေတ် နေ့တနေ့တွင် ဝန်ကြီးချုပ် ဗိုလ်ချုပ် နေဝင်း၏ သတင်းစာ ရှင်းပွဲကို စစ်ရုံးသို့ ဖိတ်သဖြင့် ပြည်တွင်းပြည်ပ သတင်းထောက် ငါးဆယ်ခန့် တက်ကြသည်။
ဝန်ကြီး အမည်မခံဘဲ ဝန်ကြီး ရာထူးကို ထမ်းရွက်နေသော တာဝန်ခံ စစ်ဗိုလ်ကြီးများ ကြိုဆိုပြီး တင်မောင်တို့ သတင်းထောက်များကို အစည်းအဝေး ခန်းမတွင် နေရာချပေးပါသည်။
ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်း မလာသေးသဖြင့် စောင့်နေကြရသည်။ ဖိတ်ခေါ်သော အချိန်နာရီထက် ၂ နာရီ နောက်ကျပြီး
ဗိုလ်ချုပ် နေဝင်း ရောက်လာသည်။
ဗိုလ်ချုပ်ကြီး နေဝင်းသည် အစည်းအဝေးခန်းမထဲသို့ မလာသေးဘဲ အတွင်းခန်းထဲတွင် သူ၏ ဝန်ကြီး စစ်ဗိုလ်ကြီးများအား အော်ဟစ် ကြိမ်းမောင်းသံများကို သတင်းထောက်များ ကြားကြရသည်။
တဖြည်းဖြည်း ဒေါသ တိုးတက်လာကာ စစ်ဗိုလ် ဝန်ကြီးများအားလုံးကို အော်ကြီး ဟစ်ကြီး မအေ၊ နှမ ပယ်ပယ်နယ်နယ် ဆဲရေးတော့သည်။
မအေတွေ၊ နှမတွေကို ငါကိုင်တုတ်ပြီး “မင်းတို့က ဘာလို့ သတင်းစာ ရှင်းလင်းပွဲ လုပ်ချင်ကြတာလဲ” ဟု ဆူပူသံကိုလည်း ကြားနေရသည်။
၁၅ မိနစ်ခန့် အားရအောင် ဆဲနေရာမှ အစည်းအဝေး ခန်းမတွင်းသို့ ဝင်လာသည်။ စစ်ဗိုလ်ကြီးများ ခမျာတို့မှာ ရှက်ပြုံး ကိုယ်စီနှင့် မချိုမချဉ်၊ လက်များကို နောက်သို့ ပစ်ကာ နောက်မှ လိုက်လာကြသည်။
ဗိုလ်ချုပ်ကြီး နေဝင်းက စင်မြင့်ပေါ်ရှိ သူ၏ ကုလားထိုင်မှာ နေရာယူသည်။ မိန့်ခွန်း တပါဒမှ မချွေဘဲ ငူငူကြီး ထိုင်နေသည်။ တင်မောင်တို့ သတင်းထောက်တို့ အားလုံးမှာလည်း မည်သို့ မျက်နှာထားရမည် မသိ။ အူကြောင်ကြောင်နဲ့ ငိုင်ကြည့်နေမိ ကြသည်။
အတန်ကြာမှ… “ခင်ဗျားတို့ကကော ဘာမေးချင်တာလဲ” ဟု ကျယ်လောင်သော ဒေါသသံကြီးနှင့် ဗိုလ်ချုပ် နေဝင်းက နှုတ်ဆက်သည်။
ပြည်တွင်း ပြည်ပ သတင်းထောက် ငါးဆယ်ကျော်တို့မှာ နှုတ်ပိတ်သွားသည်။ မည်သူကမှ မေးခွန်း မမေးဝံ့ဘဲ ငြိမ်သွားသည်။ စောစောက ဆူပွက်နေသော အခန်းကြီးမှာ အပ်ကျသံကို ကြားရလောက်အောင် တိတ်ဆိတ် သွားတော့သည်။
“မေးချင်တာ မေးကြလေ” ဟု သူက နောက်တခွန်း ထပ်ပြီး ဟောက်ပြန်သည်။ မေးခွန်း ထုတ်ဝံ့သော သတင်းထောက် တယောက်မှ ထွက်မလာ။
ဤသို့ လိပ်ခဲတည်းလည်း ဖြစ်နေချိန်တွင် ရှေ့ဆုံးတန်း၌ ထိုင်နေသူ ဗမာ့ခေတ် ဦးအုန်းခင်က ယဉ်ကျေးစွာ ထိုင်နေရာမှ ခြေထောက် တဖက်ကို ကုလားထိုင်ပေါ် တင်လိုက်သည်။
လုံချည် လျှောကျသဖြင့် ပေါ်လာသည့် သူ၏ ဒူးကို တဖျပ်ဖျပ် ဖြည်းဖြည်းလေး ပုတ်လေသည်။ ဖျပ်ဖျပ်နှင့်၊ စည်းဝါး မှန်မှန်နှင့် ဒူးပုတ်သံကြီးက ခန်းမကို လွှမ်းမိုးသွားသော အခါ ဗိုလ်ချုပ် နေဝင်းက ဦးအုန်းခင်ကို စိုက်ကြည့်တော့သည်။
“ဗိုလ်နေဝင်း” ဟု ဦးအုန်းခင်က စတင် ခေါ်လိုက်သည်။ တွေ့ဖူးသူများ သိကြသည်။ ဦးအုန်းခင်က အသံအောင်သည်။
ဗိုလ်ချုပ်ကြီး သို့မဟုတ် ဝန်ကြီးချုပ်ဟု ခေါ်ဆိုခြင်း မပြုသည်မှာ ဦးအုန်းခင်က သူ့ကို စိန်ခေါ်လိုက်သည်ဟု ဗိုလ်ချုပ်နေဝင်း နှင့် တကွ တခန်းလုံးက သိလိုက်သည်။ နားလည် လိုက်ကြသည်။
“ကျုပ်တို့တတွေ လာကြရတာက ခင်ဗျားတို့က ပြောချင်တာ ရှိတယ် ဆိုပြီး ဖိတ်လို့ လာကြတာ။ မေးစရာ မရှိဘူး။ ခင်ဗျား ပြောချင်တာရှိရင် ပြောပါ။ မရှိရင် ပြန်ရုံပဲ။ ကျုပ်တို့ အချိန်ကုန် မခံနိုင်ဘူး” ဦးအုန်းခင်က အသံကျယ်ကျယ်နှင့် ပီပီသသ တလုံးချင်း၊ တလုံးချင်း ပြောတော့သည်။
သူက ဒေါသမီး တောက်လာသော မျက်လုံးကြီးများနှင့် ဦးအုန်းခင်ကို စိုက်ကြည့်သည်။
လင်ရှိမယားနှင့် မင်္ဂလာဆောင်သော နေ့က ဓာတ်ပုံ ရိုက်မိသူ နေးရှင်း သတင်းထောက်၏ ကုပ်ပိုးကို တချက်တည်းနှင့် အလဲအုပ်ပြီး ကင်မရာကို ရိုက်ခွဲသည်ကို မြင်ဖူးကြသော တင်မောင်တို့ သတင်းထောက်များမှာ ဦးအုန်းခင် အတွက် စိုးရိမ်မိကြသည်။ ပွဲကြီး ပွဲကောင်းတခု ကြည့်ရတော့မည်ဟုလည်း ထင်မိကြသည်။
ဗိုလ်ချုပ် နေဝင်းက ဦးအုန်းခင်၏ စကားလုံးများကို စဉ်းစားနေဟန်နှင့် ၅ မိနစ်ခန့် ထိုင်နေသေးသည်။ နောက်ဆုံးတွင် ဒေါသအိုး ဗိုလ်ချုပ်ကြီးသည် စကား တခွန်းမှ နောက်ထပ် မထွက်နိုင်ဘဲ စင်မြင့်ပေါ်မှ ဆင်းပြေးလေတော့သည်။
တပ်မတော် စစ်သေနာပတိ “ဝန်ကြီးချုပ်” ကြီး၊ ဗိုလ်ချုပ်ကြီး နေဝင်း အဖို့ ရှမ်း နှင့် ဆင် လယ်ပြင်တွင် တွေ့ကြသော အခါ၌ သတင်းစာဆရာ ဦးအုန်းခင်ကို အညံ့ခံ အရှုံးပေးရ ရှာလေသည်။
ထို သတင်းစာ ရှင်းပွဲသည် ဗိုလ်နေဝင်း၏ ပထမဆုံး နှင့် နောက်ဆုံး သတင်းစာ တွေ့ဆုံ ရှင်းလင်းပွဲကြီး ဖြစ်တော့သည်။ သူ၏ တသက်တာတွင် သတင်းစာရှင်းပွဲ မလုပ်ရဲတော့ပေ။
နိုင်ငံခြား သွားသော အခါများတွင် မြန်မာ နိုင်ငံခြားရေး ဌာနက အိမ်ရှင်နိုင်ငံထံ ပထမဆုံး မေတ္တာ ရပ်ခံချက်မှာ သတင်းထောက်များနှင့် မတွေ့ပါရစေနှင့် ဟူသော ပန်ကြားချက် ဖြစ်တော့သည်။
ဦးအုန်းခင်အား အရှုံးပေးရသော နေ့က စပြီး ဗိုလ်နေဝင်းက သတင်းစာဆရာ ဟူသော ဝေါဟာရကို လုံးဝ အသုံး မပြုတော့ဘဲ “သတင်း ရောင်းစားတဲ့ ကောင်တွေ” ဟု ခေါ်ဝေါ်လေ့ရှိသည်။
ဇာတ်ပေါင်း ပြန်တော့လည်း ဗိုလ်နေဝင်း ကပင် အနိုင်ယူပါသည်။
၁၉၆၂ ခုနှစ်၊ စစ်တပ်က အပြီးအပိုင် အာဏာသိမ်းသော တော်လှန်ရေး အစိုးရ ခေတ်တွင် ပထမဆုံး ဖမ်းခံ ထိသူမှာ ဦးအုန်းခင် ဖြစ်ရပြန်ရှာသည်။ ။
(သတင်းစာဆရာကြီး ကြေးမုံဦးသောင်း ရေးသားခဲ့သည့် ဤဆောင်းပါးကို ၁၉၉၉ ခုနှစ် ဧပြီလတွင် ခေတ်ပြိုင် သတင်း ဂျာနယ်က ထုတ်ဝေသော “ဘီလူးတို့ရွာ” ပထမ အကြိမ် စာအုပ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၀၈ ခုနှစ် ဧပြီလ ၃ ရက် အသက် ၈၂ နှစ် အရွယ်တွင် အမေရိကန်နိုင်ငံ၌ ကွယ်လွန်သွားခဲ့ပါသည်။)