မြန်မာသည် ကမ္ဘာတွင် အကြမ်းအဖက်ဆုံးနေရာဖြစ်ပြီး ဆီးရီးယားနှင့် ပါလက်စတိုင်း အထက်တွင် ရှိနေသည်ဟု လက်နက်ကိုင် ပဋိပက္ခတည်နေရာနှင့် ဖြစ်ရပ်အချက်အလက် စီမံကိန်း (Armed Conflict Location and Event Data Project) က ဖော်ပြသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် နိုင်ငံတကာ အသိုက်အဝန်းသည် မြန်မာမှ ဗိုလ်ချုပ်များ သဘာဝ သယံဇာတနှင့် စီးပွားရေးလုပ်ငန်းများမှ ချမ်းသာကြွယ်ဝအောင် လုပ်နိုင်စွမ်းကို ကန့်သတ်ရန် စီးပွားရေးပိတ်ဆို့မှုများ ချမှတ်သည်။
၂၀၂၃ ခုနှစ် နှောင်းပိုင်းမှ စတင်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ညှိနှိုင်းထိုးစစ် အောင်မြင်မှုကြောင့် စစ်ကောင်စီသည် ယခင်က ယူဆထားသည်ထက် အင်အားချိနဲ့လာကြောင်း လေ့လာသူအချို့က ပြောသည်။ သို့သော် ပိုမိုခိုင်မာသော ဆန့်ကျင်တော်လှန်မှုနှင့် စီးပွားရေး အထီးကျန်မှုအကြား စစ်ကောင်စီ၏ ခံနိုင်ရည်ကို အညှာတာကင်းမဲ့ ရက်စက်ကြမ်းကြုတ်သော “ဖြတ်လေးဖြတ်” စစ်ဆင်ရေးက ပြသနေသည်။
စစ်တပ်က အသုံးပြုသည့် သေနင်္ဂဗျူဟာတခုမှာ သစ်များကို နိုင်ငံတကာ ဝယ်ယူသူများသို့ ရောင်းရန် အရေးယူပိတ်ဆို့မှုများအား ကျော်လွှားသည့်နည်း ဖြစ်သည်။ စစ်ကောင်စီ၏ ဖော်ပြချက်အရ မြန်မာသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလနှင့် ၂၀၂၃ ခုနှစ် နှစ်လယ်အထိ ဒေါ်လာ ၂၃၅ ဒသမ ၆ သန်းတန်သည့် သစ်များကို တင်ပို့ကြောင်း သိရသည်။ နယ်စပ်ဖြတ်ကျော် မှောင်ခိုမှု များသောကြောင့် အမှန်တကယ် ထုတ်လုပ်မှုသည် ထို့ထက် လွန်စွာ ပိုမိုများပြားနိုင်သည်။
မြန်မာမှ ထွက်လာသည့် သစ်များ၏ ၈၀ ရာခိုင်နှုန်းကို အိန္ဒိယနှင့် တရုတ်သို့ မှောင်ခိုတင်ပို့သည်ဟု Global Initiative Against Transnational Organized Crime ၏ ၂၀၂၁ ခုနှစ်က ထုတ်ပြန်သည့် သုတေသနအရ သိရသည်။ ထိုအဖွဲ့၏ စုံစမ်းစစ်ဆေးမှုအရ သစ်မှောင်ခိုကူးသူများသည် သစ်များကို ဆီဘောက်ဆာကားများနှင့် လူနာတင်ယာဉ်များတွင် ဝှက်ပြီး သယ်ဆောင်သော်လည်း အချို့က ဗြောင်ကျကျ သယ်ဆောင်သည်။ ပြည်တွင်း ပရိဘောဂ ထုတ်လုပ်သူများကလည်း စစ်ကိုင်းတိုင်းမှ တရားမဝင်သစ်များသည် တရားဝင်သစ်များထက် ဈေးပေါသောကြောင့် ဝယ်ယူကြသည်။
ပဋိပက္ခနှင့် တရားမဝင် သစ်ထုတ်လုပ်ခြင်းအကြား ရှင်းလင်းတိကျသော ဆက်စပ်မှု မရှိသော်လည်း ပဋိပက္ခမြင့်မားသော၊ အားနည်းသော နိုင်ငံများသည် သစ်တော သယံဇာတများကို ထိရောက်ပွင့်လင်းစွာ စီမံရန် ရုန်းကန်ရကြောင်း သုတေသီများက မှတ်ချက်ချသည်။
ပဋိပက္ခနှင့် တရားမဝင် သစ်ထုတ်လုပ်ခြင်းအကြား ရှင်းလင်းတိကျသော ဆက်စပ်မှု မရှိသော်လည်း ပဋိပက္ခမြင့်မားသော၊ အားနည်းသော နိုင်ငံများသည် သစ်တော သယံဇာတများကို ထိရောက်ပွင့်လင်းစွာ စီမံရန် ရုန်းကန်ရကြောင်း သုတေသီများက မှတ်ချက်ချသည်။

အပူပိုင်းဒေသ သစ်မာများကို ကမ္ဘာ့ဝယ်လိုအား များသောကြောင့် ဒေသတွင် ပဋိပက္ခတွင် ပါဝင်သူများနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်ကွန်ရက်များသည် အရေးယူပိတ်ဆို့မှုများ၊ တင်ပို့မှုပိတ်ပင်ခြင်းများ၊ တရားဝင် အသိအမှတ်အပြု အစီအစဉ်များကို ကျော်လွှားရန် လုပ်ဆောင်မှုဖြစ်စေသည်။
ထိုသို့သော အခြေအနေတွင် သစ်ဝယ်ယူမှုများသည် အမြဲတမ်း တရားမဝင်သည် မဟုတ်သော်လည်း ဝယ်ယူသူများသည် အကျင့်ပျက်ခြစားမှုနှင့် ပဋိပက္ခကို ငွေကြေးထောက်ပံ့ခြင်းဟူသော ပိုမိုကြီးမားသည့် အန္တရာယ်နှင့် ရင်ဆိုင်ကြရသည်။ ကမ္ဘာ့သစ်ကုန်သွယ်မှု၏ ၃၀ ရာခိုင်နှုန်းသည် တရားမဝင် ရင်းမြစ်များမှ ဖြစ်ကြောင်း နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) က ခန့်မှန်းသောကြောင့် ဝယ်ယူသူ အများအပြားသည် ထိုသို့သော အန္တရာယ်နှင့် ရင်ဆိုင်ရသည်ကို လက်ခံကြောင်း သိရသည်။
တရုတ်၊ အိန္ဒိယနှင့် အမေရိကန် ပြည်ထောင်စုကဲ့သို့ ချမ်းသာသော နိုင်ငံများသည် “သစ်တင်သွင်းမှုကြောင့် သစ်တောပြုန်းတီးမှု” ၄၀ ရာခိုင်နှုန်းခန့်အတွက် တာဝန်ရှိပြီး တင်သွင်းသောကြောင့် သစ်တောပြုန်းတီးမှု ဆိုသည်မှာ အစားအစာနှင့် သစ်တောထွက်ပစ္စည်းများအတွက် ဝယ်လိုအားကို ဆိုလိုသည်ဟု အချက်အလက် သိပ္ပံပညာရှင် ဟန်နာရစ်ချီ၏ သုတေသနအရ သိရသည်။
စိုက်ပျိုးရေးသည် အဓိက အကြောင်းရင်းဖြစ်သော်လည်း ဇိမ်ခံပစ္စည်း သစ်မာများ ဝယ်လိုအားကြောင့် တမလန်း၊ စပလီ၊ ပိတောက်၊ မဟော်ဂနီနှင့် အခြား သစ်မျိုးစိတ်များကို ပြုန်းတီးစေပြီး တရားမဝင်ကုန်သွယ်မှု အကြီးအကျယ် ဖြစ်စေသည်။ ထိုသစ်များ၏ အရောင်အသွေးနှင့် တာရှည်ခံမှုကြောင့် ထိုမျိုးစိတ်များကို ထုတ်လုပ်သူများနှင့် သုံးစွဲသူများ မက်မောကြသည်။
ဥပမာအားဖြင့် အမေရိကန် ပြည်ထောင်စုနှင့် အီတလီတွင် ပြုလုပ်သည့် သုတေသနအရ သစ်လုပ်ငန်းများသည် မြန်မာမှ ကျွန်းသစ်ကို ဇိမ်ခံသင်္ဘောကုန်းပတ်နှင့် အဆင့်မြင့် ပရိဘောဂများအတွက် တရားမဝင် ဝယ်ယူကြောင်း အထောက်အထား တွေ့ရသည်။
ဥပမာအားဖြင့် အမေရိကန် ပြည်ထောင်စုနှင့် အီတလီတွင် ပြုလုပ်သည့် သုတေသနအရ သစ်လုပ်ငန်းများသည် မြန်မာမှ ကျွန်းသစ်ကို ဇိမ်ခံသင်္ဘောကုန်းပတ်နှင့် အဆင့်မြင့် ပရိဘောဂများအတွက် တရားမဝင် ဝယ်ယူကြောင်း အထောက်အထား တွေ့ရသည်။
အာဖရိကနှင့် မြန်မာ အပါအဝင် အရှေ့တောင်အာရှမှ တလမန်းသစ် အများအပြားသည် တရုတ်အိမ်များနှင့် စီးပွားရေးလုပ်ငန်းများ၏ ဈေးကြီးသည့် ပရိဘောဂများ ဖြစ်လာသည်။ မကြာသေးမီက ခန့်မှန်းချက်အရ တရုတ်ပရိဘောဂ ဈေးကွက်သည် တနှစ်လျှင် ဒေါ်လာ ၂၆ ဘီလီယံဖိုး ရှိသည်။
အစိုးရမဟုတ်သော အဖွဲ့အစည်း NGO များနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူများ၏ ဆယ်စုနှစ်ပေါင်းများစွာ လှုံ့ဆော်မှုသည် တရားမဝင် သစ်ထုတ်လုပ်ခြင်းကို ဖြေရှင်းရန် မူဝါဒများနှင့် ကုန်စည်ဖြန့်ချိရေး ဈေးကွက် ဖြေရှင်းချက်များ ဖြစ်လာသည်။
အဓိကကျသည့် မူဝါဒများတွင် အမေရိကန် ပြည်ထောင်စု၏ Lacey Act, ဥရောပသမဂ္ဂ၏ Timber Regulation နှင့် တရုတ်၏ 2019 Regulation on the Administration of Import and Export of Endangered Wild Animals and Plants တို့ ပါဝင်သည်။
ပုဂ္ဂလိကကဏ္ဍတွင်လည်း Forest Stewardship Council နှင့် Programme for the Endorsement of Forest Certification တို့ကဲ့သို့သော အဖွဲ့အစည်းများ ဖန်တီးထားသည့် သစ်အသိအမှတ်ပြု အစီအစဉ်များ ရှိသည်။
သို့သော် ထိုမူဝါဒများနှင့် အသိအမှတ်ပြု အစီအစဉ်များသည် ပဋိပက္ခဒေသများနှင့် အခြားအန္တရာယ်များသည့် အခြေအနေများမှ လာသော သစ်များကို ထောက်လှမ်းဖော်ထုတ်ရာတွင် လက်လှမ်းမီခြင်း မရှိပေ။
ထိုသို့ဖြစ်ရခြင်းမှာ အသိအမှတ်ပြု အစီအစဉ်များသည် ဖြန့်ချိရေး ကွင်းဆက်တလျှောက် သစ်များပို့ဆောင်စဉ် ခြေရာခံသည့် မှတ်ပုံတင်အမှတ်နှင့် စာရွက်စာတမ်းများကို မှီခိုရသောကြောင့် ဖြစ်သည်။ ထိုတရားဝင်မှု ရည်ညွှန်းချက်များသည် အဂတိလိုက်စားမှု မြင့်မားသည့် အခြေအနေများတွင် ရည်ရွယ်သည့်အတိုင်း အမြဲတမ်း အလုပ်ဖြစ်သည် မဟုတ်ပေ။ မှောင်ခိုသမားများသည် အသိအမှတ်ပြု အစီအစဉ်များနှင့် တင်သွင်းသူများက ချမှတ်ထားသည့် စည်းကမ်းများကို နည်းလမ်းအနည်းငယ်ကို အသုံးပြု ချိုးဖောက်ကြသည်။

ပထမနည်းမှာ တရားမဝင်သစ်ကို တရားဝင်သစ်နှင့် ရောနှောကာ သစ်ခဝါချခြင်း ဖြစ်သည်။ ထိုနည်းသည် ငွေကြေးခဝါချသည့် နည်းလမ်းနှင့် လွန်စွာတူပြီး မှောင်ခိုသမားများသည့် တရားမဝင် သစ်လုံးများကို စိုက်ပျိုးရေးလုပ်ငန်း လုပ်ခွင့်၊ သစ်စက်များနှင့် လွှစက်များမှ တရားဝင်ခုတ်ထားသည့် သစ်များနှင့် ရောနှောသည်။ ထို့နောက် ထိုသစ်များကို ၎င်းတို့၏ မူလအစ အစစ်အမှန်ကို မဖော်ပြသည့် မှတ်တင်နံပါတ်များဖြင့် မှတ်သားထားသည်။
ထိုသို့လုပ်ဆောင်ခြင်းကို ကမ္ဘောဒီးယားကဲ့သို့ သစ်ထုတ်လုပ်သည့် နိုင်ငံများအတွင်းတွင် လုပ်ဆောင်ကြသည်။ ကမ္ဘောဒီးယားတွင် လုပ်ငန်းရှင် ထရိုင်ဖိသည် သတ္တုတူးဖော်ရေး လုပ်ပိုင်ခွင့်ဖြင့် ဖရေလန်း ကာကွယ်တောမှ သစ်များကို ခုတ်သည်။ သစ်မှောင်ခိုလုပ်ငန်းများ ကာကွယ်ရန် နိုင်ငံတော်စစ်တပ် အသုံးပြုခြင်းအတွက် သူ့ကို အမေရိကန် ပြည်ထောင်စုက အရေးယူပိတ်ဆို့ထားသည့် ကြားမှ လုပ်ဆောင်နေခြင်းဖြစ်သည်။
ထိုသို့လုပ်ခြင်းကို နိုင်ငံတကာ နယ်စပ်များအား ဖြတ်ကျော်ပြီးလည်း လုပ်ဆောင်ကြသည်။ ဥပမာအားဖြင့် ဆိုရပါက မှောင်ခိုသမားများသည် ကမ္ဘောဒီးယားမှ သစ်ကို ဗီယက်နမ်သို့ ပို့ဆောင်သည်။ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံတွင် ထရပ်ကားဖြင့် သစ်လုံးများကို ယူဂန်ဒါ နိုင်ငံသို့ ပို့ဆောင်ပြီး တရားဝင်သစ်များနှင့် ရောနှောသည်။
ဒုတိယနည်းလမ်းမှာ မှောင်ခိုသမားများသည် မူရင်းဒေသနှင့် ပို့ကုန်ခွင့်ပြုချက် အပါအဝင် ပဋိပက္ခကင်းလွတ်ဒေသမှ ထုတ်သည့်သစ်ကို ခြေရာခံ အသိအမှတ်ပြုရန်သုံးသည့် စာရွက်စာတမ်းများ အတုလုပ်ကြသည်။ အချို့ကိစ္စများတွင် အသိအမှတ်ပြု လက်မှတ်များသည် အတု မဟုတ်သော်လည်း ကုန်စည်နှင့်ပတ်သက်သည့် သတင်းအချက်အလက်မှားများ ပါဝင်သည်။
ဆိုမာလီယာမှ မီးသွေးကို စုံစမ်းစစ်ဆေးသည့် ကုလသမဂ္ဂ ကျွမ်းကျင်သူအဖွဲ့သည် သွင်းကုန်အာဏာပိုင်များ စစ်ဆေးစဉ် အသိအမှတ်ပြုလက်မှတ် အတုများဖြင့် ဖြတ်သန်းသည်ကို တွေ့ရသည်။
ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံတွင် သစ်တင်ပို့သည့် ကုမ္ပဏီတခုသည် တမလန်းသစ်ထုတ်ရန် လက်နက်ကိုင် အဖွဲ့အစည်းတခုကို ငွေပေးပြီး ထိုသစ်များကို တရားမဝင် တင်ပို့ရေးအတွက် မျိုးတုံးပျောက်ကွယ်တော့မည် အပင်ရိုင်းနှင့် သားရိုင်းများ ကုန်သွယ်မှုဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက် (Convention on International Trade in Endangered Species of Wild Fauna and Flora -CITES) နှင့် ကိုက်ညီစေရန် ပါမစ်တုများကို အသုံးပြုသည်။ CITES သည် တရားမဝင် သစ်ရောင်းဝယ်မှုကို ထိန်းချုပ်သည့် အနေဖြင့် အသိအမှတ်ပြု လက်မှတ်သာကမ အခြားစည်းကမ်းချက်များကို မကြာသေးမီက ဖြည့်စွက်သည်။
သို့သော် မှောင်ခိုခြင်း၊ သစ်မျိုးစိတ်များကို အမည်ပြောင်း ကြေညာခြင်းသည် ပြဿနာရှိနေသောကြောင်း CITES က ဝန်ခံသည်။ ထိုသို့ လုပ်ဆောင်ခြင်းများ အားလုံးသည် ကုန်သွယ်ရေး အချက်အလက်ကွာဟမှုကို ဖြစ်စေသည်။ ထိုသို့သော ဥပမာ တခုမှာ မြန်မာမှ တင်ပို့သည့် သစ် ပမာဏသည် ထိုသစ်များကို အဓိကလက်ခံသည့် နေရာဖြစ်သော တရုတ်၊ အီတလီနှင့် အမေရိကန် ပြည်ထောင်စုမှ ထုတ်ပြန်သည့် ပမာဏနှင့် နှိုင်းယှဉ်လျှင် နိမ့်ကျနေသည်။
ထို့အပြင် လှိုက်စားနေသည့် အကျင့်ပျက်ခြစားမှုနှင့် သစ်ထုတ်သည့် လုပ်ငန်းများ၊ ရာဇဝတ်ကွန်ရက်များနှင့် နိုင်ငံတော်က ခန့်ထားသူများ ပူးပေါင်းကြံစည်မှုသည် တရားမဝင် သစ်ကုန်သွယ်မှုကို အဆင်ပြေချောမွေ့အောင် လုပ်ဆောင်ပေးနေသည်။ အကောက်ခွန်နှင့် နယ်ခြားစောင့်များကို ပေးသည့် လာဘ်ငွေမှသည် အစိုးရအဆင့်အမြင့်ဆုံး အပိုင်းမှ အကျင့်ပျက်ခြစားမှုအထိ ပါဝင်သည့် နိုင်ငံအများအပြားမှ တရားမဝင် သစ်ကုန်သွယ်မှု၏ လုပ်ပုံလုပ်နည်းများကို ကုလသမဂ္ဂ ကျွမ်းကျင်သူများက မှတ်တမ်းတင်ထားသည်။
ဥပမာအားဖြင့် တောင်ဆူဒန်တွင် တောင်ဆူဒန် ပြည်သူ့ကာကွယ်ရေးတပ်များမှ အရာရှိများသည် ထရပ်ကားတစီးလျှင် ဒေါ်လာ ၈၀၀ မှ ၉၀၀ အထိယူပြီး သစ်ထုတ်လုပ်သော ကုမ္ပဏီများကို အကာအကွယ်နှင့် သယ်ယူပို့ဆောင်ရေး လုပ်ပေးသည်ဟု ကုလသမဂ္ဂ သတင်းရင်းမြစ်များက ပြောသည်။
ထရပ်ကားများသည် ယူဂန်ဒါနယ်စပ်အထိ လုံခြုံသောလမ်းကြောင်း ရရှိပြီး ယူဂန်ဒါတွင် ထိုသစ်ကို ဗီယက်နမ်နှင့် အိန္ဒိယသို့ ပို့ဆောင်ရန် ခဝါချသည်။ မြန်မာ၊ ကမ္ဘောဒီးယားနှင့် တောင်ဆူဒန်တွင် မှောင်ခိုသမားများသည် သက်ဆိုင်သူများကို လာဘ်ထိုးပြီး နှစ်ဖက် အာဏာပိုင်များ၏ ရှေ့တွင်ပင် နယ်စပ်ကို ဖြတ်ကျော်ခွင့် ရနေသည်။
ထရပ်ကားများသည် ယူဂန်ဒါနယ်စပ်အထိ လုံခြုံသောလမ်းကြောင်း ရရှိပြီး ယူဂန်ဒါတွင် ထိုသစ်ကို ဗီယက်နမ်နှင့် အိန္ဒိယသို့ ပို့ဆောင်ရန် ခဝါချသည်။ မြန်မာ၊ ကမ္ဘောဒီးယားနှင့် တောင်ဆူဒန်တွင် မှောင်ခိုသမားများသည် သက်ဆိုင်သူများကို လာဘ်ထိုးပြီး နှစ်ဖက် အာဏာပိုင်များ၏ ရှေ့တွင်ပင် နယ်စပ်ကို ဖြတ်ကျော်ခွင့် ရနေသည်။
နောက်ဆုံးအချက်မှာ ဘဏ္ဍာရေးစနစ်များနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး လုပ်ထုံးလုပ်နည်းများ၏ အားနည်းချက်ကြောင့် သစ်မှောင်ခိုကူးမှု လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ မြန်မာတွင် စစ်ကောင်စီသည် ၎င်း၏ လုပ်ငန်းစုကြီးများနှင့် လုပ်ငန်းခွဲများမှတဆင့် သစ်မှ အကျိုးအမြတ်ကို ငွေကြေးခဝါချသည်။

ရာဇဝတ်ကောင်များကလည်း အမေရိကန် ငွေကြေးခဝါချမှုနှင့် လုပ်ထုံးလုပ်နည်း မူဘောင်များ၏ လစ်ကွက်ဟာကွက်များကို အခွင့်ကောင်းယူ အသုံးချသည်။ ၎င်းတို့သည် ရုပ်ပြကုမ္ပဏီများကို လွယ်ကူစွာ မှတ်ပုံတင်ပြီး တရားမဝင် အကျိုးအမြတ်များကို အမေရိကန် အိမ်ခြံမြေဈေးကွက်တွင် မြှုပ်နှံကြသည်။
လုပ်ထုံးလုပ်နည်း လစ်ဟာမှုများကို ဖြေရှင်းရန် အားထုတ်မှုအချို့ လုပ်ခဲ့ကြသည်။ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဘဏ္ဍာရေးရာဇဝတ်မှု တိုက်ဖျက်ရေးကွန်ရက် (FinCEN) သည် ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ ပိုင်ရှင်များနှင့် ဆုံးဖြတ်ချက်ချသူများကို ထုတ်ဖော်ပြောဆိုရန် လိုအပ်သည့် အကျိုးခံစားခွင့် ပိုင်ဆိုင်မှုအစီရင်ခံရန် စည်းကမ်းချက်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် အကောင်အထည်ဖော်သည်။
သို့သော် ထိုကိစ္စ ထိရောက်စေရန်အတွက် FinCEN သည် သတင်းအချက်များ မှန်ကန်စေရေး လုပ်ဆောင်ရမည်ဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင် ရာဇဝတ်မှုများ နောက်ကွယ်မှ ငွေကြေးကို ခြေရာခံရန် လိုအပ်သော ရင်းမြစ်များ ရှိရမည်ဖြစ်သည်။
အောင်မြင်စွာ အသုံးချပါက ထိုသေနင်္ဂဗျူဟာများသည် မှောင်ခိုသမားများအား ပဋိပက္ခဒေသမှ သစ်များကို တရားဝင် ဈေးကွက်သို့ ပို့ဆောင်ရန် ဖြစ်နိုင်စေသည်။ တရားမဝင်ရင်းမြစ်များမှ သစ်များတင်သွင်းမှုကို တားမြစ်သည့် ဥပဒေမူဘောင်များသည် ထိုသို့သော ကိစ္စများတွင် ကုန်သွယ်မှုရပ်တန့်ရေး အနည်းငယ်သာ လုပ်ဆောင်နိုင်သည်။ ကုမ္ပဏီများသည့် ၎င်းတို့ ကုန်စည်ပေးသွင်းသည့် ကွင်းဆက်များကို လုံ့လစိုက်ထုတ် စစ်ဆေးဖော်ထုတ်မှု မလုပ်ပါက ဝယ်ယူမှုများ၏ စစ်မှန်သော မူရင်းဒေသများကို ၎င်းတို့သာမက ဖောက်သည်များပါ သိနိုင်မည် မဟုတ်ပေ။
ကမ္ဘာတဝန်းတွင် သစ်ဝယ်လိုအား ကြီးမားနေသည်။ ကုမ္ပဏီများသည် ၎င်းတို့၏ ကုန်စည်ပေးသွင်းသည့် ကွင်းဆက်များတွင် ပဋိပက္ခဒေသမှလာသော သစ်များကို ဖော်ထုတ်ပြီး ထိုဈေးကွက်များကို လက်လှမ်းမီရန် မြင့်မားသည့် အန္တရာယ်ကို ရင်ဆိုင်ဖြေရှင်းနိုင်သည်။
သတင်းကောင်းတခုမှာ သိပ္ပံပညာရှင်များသည် သစ်၏ မူရင်းဒေသများကို ဖော်ထုတ်ရန်နှင့် မူရင်းဒေသ လွဲမှားစွာ ကြေညာခြင်းကို ဖော်ထုတ်ရန် နည်းလမ်းများကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နေခြင်း ဖြစ်သည်။ သို့သော် ထိုနည်းလမ်းများသည် ကုန်သွယ်မှုပမာဏနှင့် ယှဉ်လျှင် လိုအပ်ချက် ပြည့်မီခြင်း မရှိသေးသလို သစ်ထုတ်ကုန်အားလုံးကို ဓာတ်ခွဲခန်းတွင် စစ်ဆေးရန် စီးပွားရေအရလည်း လက်တွေ့မကျပေ။
ပဋိပက္ခနှင့် ပတ်သက်သည့် သစ်ကို အဓိကတင်သွင်းသူများသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေး၊ သင့်တင့်လျောက်ပတ်သော လုံ့လစိုက်ထုတ်မှု စသည်တို့ကို အကောင်အထည်ဖော်မှု တောင့်တင်းအောင် မလုပ်လျှင် ချမ်းသာသော နိုင်ငံများတွင် သစ်ထုတ်ကုန် သုံးစွဲမှုသည် မြန်မာ၊ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံနှင့် ကမ္ဘာ့ ကျန်နိုင်ငံများတွင် ပဋိပက္ခနှင့် သစ်တောပြုန်းတီးမှုကို ဆက်လက် မီးထိုးပေးနေမည် ဖြစ်သည်။
(Foreign Policy ပါ Audrey Thill ၏ How Myanmar’s Wood Funds Its Brutal Military ကို ဘာသာပြန်သည်။ အော်ဒရေ သေးလ်သည် Council on Strategic Risks ၏ ရာသီဥတုနှင့်လုံခြုံရေး အစီအစဉ်မှ သုတေသီဖြစ်သည်။)
You may also like these stories:
စစ်အာဏာသိမ်းမှုက သစ်မှောင်ခိုများအား မီးစိမ်းပြလိုက်သည်
ဆန္ဒပြမှုအပြီး မော်လူးဒေသခံတို့အား တလအခွန်လွတ် သစ်ထုတ်ခွင့်ပြု
ဂျက်ဖ် ဘီဇော့ရဲ့ ရွက်လှေ မြန်မာကျွန်းသစ်တွေ ဆင်ထားလား
ပဋိပက္ခနှင့် ရာသီဥတုပြောင်းလဲမှုကြားမှ မြန်မာနိုင်ငံသစ် ထွက်ပေါ်လာနေ
ပဋိပက္ခကြောင့် မြန်မာ့ရာသီဥတုပြောင်းလဲမှုအန္တရာယ် ပိုမိုပြင်းထန်စေ