ဗဟ္မစရိယ ကုမ္မာရီ မြန်မာ မိန်းမများ အသင်းကို ၁၉၁၈ ခုနှစ်က တည်ထောင်လာခဲ့ရာ ဒေါ်ဒေါ်စု တို့နှင့် အတူ ပါဠိ ဦးဖြေ၊ ဇနီး ဒေါ်ဒေါ်ပု၊ ဒေါ်ဖွားသစ်၊ ဒေါ်စောခင် နှင့် ဒီးဒုတ် ဦးဘချို၏ ဇနီး ဒေါ်လှမေလည်း အတွင်းရေးမှူး ဖြစ်ခဲ့သည်။
အသင်းဝင်ပေါင်း ၈၀၀ ခန့် ရှိသည်ဟု သိရသည်။ အပျိုဘဝကစ၍ နိုင်ငံရေး လုပ်ခဲ့သည်ဟု သိရသည်။
ဒေါ်လှမေ၏ မိဘများမှာ ဗိုလ်ချုပ် အောင်ဆန်းလမ်းမှ ဒေါ်မမကြီး၊ လှည်းစက်တုံး နှင့် ထွန်တုံး၊ လယ်ယာသုံး ပစ္စည်းများ ဖြန့်ဖြူးသော အလုပ်ရှင် ဦးသဲ နှင့် ဒေါ်မမကြီး တို့၏ သားသမီး ၅ ယောက် အနက် ၁၂၈၃ ခုတွင် ဖွားမြင်သော တတိယ ရင်သွေး ဖြစ်ခဲ့သည်။
သားချင်းများမှာ ဒေါ်သိန်း၊ ရှေ့နေ ဦးထွန်းရင်၊ ဒေါ်လှမေ၊ ဒါရိုက်တာ ဦးဘဇင် နှင့် ဦးဘခင်တို့ ဖြစ်ကြသည်။
ဒေါ်မမကြီး လယ်ယာသုံးပစ္စည်း လုပ်ငန်း၏ သက်တမ်းမှာ အနှစ် ၈၀ ရှိခဲ့ပြီ ဖြစ်သည်။ အသက် ၉ နှစ်တွင် ဖခင်ဆုံး၍ ၁၃ နှစ်သမီး၌ ကျောင်းထွက်ခဲ့ရသော်လည်း စာပေ အလွန် ဝါသနာ ပါခဲ့သည်ဟု သိရသည်။
ဒေါ်လှမေသည် အပျိုဘဝကပင် အသင်းအပင်းများ စိတ်အားတက်ကြွခဲ့သူ ဖြစ်၏။ ပုသိမ် ကွန်ဖရင့်တွင် ဘိက္ခူရှိက ဘိက္ခူနီမ ရှိ၍ ဘုရင်ရှိက မိဖုရား ရှိသည့်နည်းတူ အမျိုးသမီးများ အသင်း ရှိသင့်ကြောင်း အဆိုသွင်းခဲ့သူ ဖြစ်သည်။
တဖန် ဒေါ်လှမေတို့ အိမ်နှင့် သုံးအိမ်ကျော်တွင် နေထိုင်သော ဆရာ ဦးဘချိုနှင့် လက်ထပ်ပြီးသည့်အခါ ဟင်္သာတသို့ လိုက်သွားခဲ့သည်။
သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ပြီး နိုင်ငံရေး အမျိုးသား စိတ်ဓာတ်များမှာ ပိုမိုပြင်းထန် လာခဲ့ကြသည်ကို တွေ့ရသည်။
ဦးဘချိုမှာ မြောင်းမြ ဇာတိဖြစ်၍ ၁၈၉၁ ခု ဧပြီလ ၂၄ ရက်နေ့တွင် ဖွားမြင်ခဲ့သူ ဖြစ်သည်။ အဘ သမားတော်ကြီး ဦးဖိုးဘ နှင့် အမိ ဒေါ်မြစ် တို့၏ မွေးချင်း ၄ ယောက်အနက် အငယ်ဆုံး ဖြစ်သည်။
ငယ်စဉ်က မြောင်းမြ ဆရာမောင်မောင်ကျော်၏ ကျောင်းမှ အလယ်တန်း အောင်မြင်ခဲ့ပြီး အထက်တန်းကိုမူ ရန်ကုန် စိန်ပေါလ်မှ အောင်မြင်ခဲ့သည်။
ရန်ကုန် ကောလိပ်မှ ဘီအေ အထက်တန်းကို သင်ကြားခဲ့ပြီး ပေါင်းတည် အစိုးရကျောင်း၌ ဆရာ လုပ်ခဲ့သည်။ တဖန် ဟင်္သာတတွင် ပါဠိဆရာ အဖြစ်မှ ပညာအုပ် ရာထူးရရှိခဲ့သည်။ သုစရိတ္တယုဝ အသင်းကိုလည်း တည်ထောင်ခဲ့သည်။
၁၉၂၀ ပြည့် သပိတ်တွင်မူ တက်ကြွသော မျိုးချစ်တဦးအနေနှင့် လှုပ်ရှားပါဝင်ခဲ့ပြီး ဒု ကျောင်းအုပ်ကြီး အဖြစ်နှင့် အမျိုးသား ကောလိပ်တွင် ဆရာလွန်းကြီးနှင့် အတူ စာပေ ပို့ချခဲ့သည်။
၁၉၂၅ ခု အမျိုးသား ကောလိပ် ပျက်သည့်နောက် ဒီးဒုတ် ဂျာနယ်ကို ထုတ်ဝေခဲ့၏။ ဒီးဒုတ် ဂျာနယ်မှာ အလွန် လူကြိုက်များ၍ နိုင်ငံအကျိုးပြု စာစောင် ဖြစ်သည့် အပြင် ဦးဘချို ကိုယ်တိုင် အခန်းပေါင်းများစွာကို ဝင်ရောက် ရေးသားခဲ့သည်။
ရွှေဝယ်ဧ ရေးသော ကောတုံဘရ သီချင်း မဂ္ဂဇင်း၊ ဆောင်းပါး၌ စန္ဒရား မမြရီ သီဆိုသော ဒီးဒုတ် ဂျာနယ် အကြောင်း ပါလာသည်ကို ဖတ်ရသည်။ ဒီးဒုတ် ဂျာနယ်သည် ဤမျှ ခေတ်စားခဲ့ပါ၏။
ဦးဘချိုးသည် သတင်းစာလည်း ထုတ်ဝေ၍ ဒုတိယစစ် အပြီးတွင် ဖဆပလ သို့ ဝင်ခဲ့သည်။ ပြန်ကြားရေး ဝန်ကြီး ဖြစ်ပြီး နောက်လည်း စာပေနယ်ထဲသို့ ဆင်းလာကာ ဆက်လက် ရေးသားခဲ့သည်။
မြန်မာ့ အလင်း မဂ္ဂဇင်း ၌ နောက်ကွယ်ချောင်က “တောက်တဲ့မောင်” ဟူ၍ လည်းကောင်း၊ နှစ်ပါးကြည် ဂျာနယ်၊ ဗန္ဓုလ ဂျာနယ် နှင့် မြန်မာ့ ရီဗျူးတွင် တလ ၁၅၀ ကျပ်နှင့် ဦးစိန်က ခေါ်၍ အယ်ဒီတာ လုပ်ခဲ့ပြီး ဒီးဒုတ် ဟူသော ကလောင်ကို အသုံးပြုလာခဲ့သည်။
၁၉၂၅ တွင် ဒီးဒုတ် ဂျာနယ်ကို ထုတ်ဝေခဲ့ရာ ဆယ်လန် နှင့် အာဝါးအခန်းမှာ စာဖတ်ပရိသတ်များအား ရွှင်မြူးစေခဲ့သည်။ အရောင်းအဝယ် ဈေးဂေဇက်၊ ယဉ်ကျေးမှု နှင့် တိုင်းရေး ပြည်ရေးများကိုလည်း ထည့်သွင်း ဖော်ပြလေ့ ရှိသည်။ ဂီတ အနုပညာ ကဏ္ဍလည်း ပါဝင်ခဲ့သည်။ ဒီးဒုတ် ဂျာနယ် ဆိုလျှင် ယနေ့အထိ သုတေသီများအဖို့ အကျိုးပြုနေဆဲ ဖြစ်သည်။
ဦးဘချိုသည် စာပေနယ်တွင် နှံစပ်သည့် နည်းတူ ကဗျာ၊ လင်္ကာ၊ ဂီတ၌လည်း ကျွမ်းကျင်သူ ဖြစ်ပြီး ၁၉၃၅ ခုနှစ်တွင် ဂီတ ဝိသောဓနီ မဟာဂီတ ကျမ်းကိုလည်း ပြုစုခဲ့သည်။
စာရေးဆရာ အသင်း၏ ဥက္ကဌ ဖြစ်သကဲ့သို့ ဒေါ်လှမေမှာလည်း နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး အသင်းများ၌ လှုပ်ရှားခဲ့သူ ဖြစ်ရာ အလွန် လိုက်ဖက်သော ဇနီး မောင်နှံတို့ ဖြစ်ကြသည်။
ဦးဘချို၏ ဘွေသီဟာ မှာ ရုပ်ရှင် အဖြစ်ပင် ရောက်ခဲ့သည်။ ယနေ့ စာပေပညာရှင် ဂီတပညာရှင် အများမှာ ဆရာချို၏ တပည့်များသာ ဖြစ်ခဲ့ကြသည်။
ဦးဘချို နှင့် ဒေါ်လှမေသည် မန္တလေးတွင် ကျင်းပသော နဝမ ကွန်ဖရင့်သို့လည်း တက်ရောက်ခဲ့ကြသည်။
ဒေါ်လှမေတို့ လက်ထပ်စဉ်က သခင်ကိုယ်တော်မှိုင်းကြီးက “လှ နှင့် ချို နှစ်ပါး သင့်ရန်ဖို့” ချီသော တေးထပ်နှင့် ချီးမြှင့် ခဲ့သည်ကို မိန်းမအမည် ရှေ့က ထားသင့် မသင့် ငြင်းခုန်သော ဆောင်းပါးတွေ ရေးလာခဲ့သည်။
သူတို့ ဇနီးမောင်နှံမှာ နိုင်ငံရေး လုပ်သည် ဆိုပြီး အမာဂျင်စီ အက်ဖြင့် အဘချိုမှာ ၁၅ ရက် ထောင်ကျခံရသေးသည်။
ဒီးဒုတ် ဂျာနယ်တိုက်မှာ ယခင်က လမ်း ၅၀ တွင် ရှိသည်ဟု ဆိုသည်။
ဦးဘချိုကား နိုင်ငံရေး စိတ်ဓာတ်ကြောင့် အစိုးရ ဝန်ထမ်း ပညာအုပ်ဘဝမှ ထွက်ပြီး ဒီးဒုတ် ဂျာနယ်ကို ထောင်ခဲ့ခြင်း ဖြစ်သည်။
သူကြီး ဂေဇက်မှ တလ ငွေ တထောင် ပေးသော်လည်း ဦးဘချိုသည် လက်မခံဘဲ ဒီးဒုတ် ဂျာနယ်ကိုသာ တည်ထောင်ခဲ့သည်။
ဒေါ်လှမေ၏ ဖော်ထုတ် ပြောဆိုချက်အရ မော်လမြိုင်ဇရပ် ရေတွင်းပေါင်ပေါ်တွင် အမျိုးသမီး အသင်းသူများသည် အရိုး ကြေကြေ အရေခန်းခန်း လွတ်လပ်ရေး အတွက် အလုပ်လုပ်ကြမည်ဟု သစ္စာ ဆိုခဲ့ကြပုံနှင့် သပိတ်တား သွားကြလျှင် ဦးဘနှင်းတို့ သူနာပြု တပ်များကပါ လိုက်၍ စောင့်ရှောက်ကြပုံ၊ ညီညွတ်ကြပုံများ အကြောင်း သိရှိရသည်။
ဒေါ်လှမေသည် ဆရာကြီး ရွှေဥဒေါင်း၏ ဇနီး ဒေါ်ငွေစိုးတို့နှင့်လည်း နိုင်ငံရေး လုပ်ခဲ့သည်ဟု ဆိုပါသည်။
ဘားမီးစ်ဝူးမင်း ယူနီယန် (မြန်မာ့ လွတ်လပ်ရေး အမျိုးသမီး အဖွဲ့) သည် ပထမ က မြန်မာ အမျိုးသမီး အဖွဲ့ ဖြစ်၏။ ဒေါ်ဒေါ်စုနှင့် ဒေါ်လှမေတို့ အဖွဲ့ဝင်များမှ သပိတ်သမားတွေကို စုစည်းပြီး အတွင်းဝန်ရုံးသို့ ချီတက်လာခဲ့ကြသူများ ဖြစ်သည်။
ဒေါ်လှမေ ဥက္ကဌ ဖြစ်စဉ်က စမ်းချောင်း ဒေါ်လှခင်မှာ အတွင်းရေးမှူး ဖြစ်ပြီး အမှတ်တရ ဓာတ်ပုံများ ကျန်ရှိနေသေးသည်။
ဗိုလ်အောင်ကျော် အရေးအခင်း ပြီးသည့်နောက် အမျိုးသမီး အသင်း အားနည်းသွားသည့် အခါ ခေါင်းဆောင်မည့်သူများ လိုအပ်နေ၍ ဒေါ်လှမေတို့ လွတ်လပ်ရေး အမျိုးသမီး အဖွဲ့သည် အလံကိုင်ကာ ပုဇွန်တောင် ပန်းခြံဆီသို့ ချီတက် အလာတွင် ဂျူဗလီဟော အရှေ့မှ ဟန့်တာခြင်း ခံရသော်လည်း နောက်မဆုတ်ဘဲ ၅ ယောက် တတန်း ချီတက် လာခဲ့ကြသည်။
စီတန်းလမ်းလျှောက် ဆန္ဒပြသည့် အမျိုးသမီး၊ အမျိုးသား ပရိသတ်ကလည်း ယခုမှ ပိုမို များပြားလာပြီး သံဃာတော်များက ဒေါ်လှမေ ရပ်လိုက်ပါဦး၊ ဘုန်းကြီးတွေ ရှေ့က ချီတက်မည်ဟု ပြောပြီး တားရကြောင်း၊ ဒေါ်လှမေတို့သည် ရင်မြေကတုတ် လုပ်၍ ချီတက်လာခဲ့ကြကြောင်း၊ ဒေါ်လှမေတို့ အမျိုးသမီးများသည် ကုလားအမတ်များ အိမ်ပေါက်ဝသို့ သွား၍ လွှတ်တော် မတက်ဖို့ သပိတ်တားခဲ့ကြကြောင်း၊ မြန်မာပြည်သားများ အရေးအခင်း၌ ကြားနေဖို့နှင့် မဲမပေးရန် ညကပင် သွားရောက် ဟန့်တားနိုင်ခဲ့၍ အိန္ဒိယ အမတ်များမှာ အိန္ဒိယမှ သံကြိုးကို စောင့်ကာ နောက်ဆုံး ကြားနေလိုက်ကြကြောင်း၊ ထို့အတွက် ဒေါက်တာ ဘမော် မရခဲ့ကြောင်း၊ ဒေါ်လှမေတို့ အမျိုးသမီးများ၏ စွန့်စား လှုပ်ရှားခဲ့ပုံများကို ကြားသိရသည်။
ဦးဘချို ဒေါ်လှမေ တို့နှင့် အတူ သမီး ၄ ယောက်စလုံးသည် သပိတ်မှောက်ရာ၌ ပါဝင်ခဲ့သည်ဟု ဒေါ်လှမေ ကိုယ်တိုင်က ဖွင့်ဟ ပြောဆိုခဲ့၍ သိရသည်။
ထိုခေတ်က အလွန်ညီညွတ်၍ နိုင်ငံရေးကို ပျော်ပျော်ကြီး လုပ်ခဲ့ကြသည်ဟု ပြောပြသည်။
သို့ရာတွင် ဦးဘချို အစိုးရ အဖွဲ့သို့ ဝင်၍ ပြန်ကြားရေး ဝန်ကြီး ဖြစ်သည့် အခါ၌ လည်းကောင်း၊ ကွယ်လွန်သွားသည့် နောက်၌ လည်းကောင်း၊ နိုင်ငံရေး ၂၆ နှစ် လုပ်လာခဲ့သော ဒေါ်လှမေမှာ ငယ်စဉ်ကကဲ့သို့ ကိုယ်ထိ လက်ရောက် မဆောင်ရွက်ခဲ့ပေ။
ဦးဘချို၏ မဲဆန္ဒနယ် အတွက် သမီးလတ် ဖြစ်သူ အမတ် ဒေါ်ခင်ပု (ကလောင်အမည် ငွေဝတ်ရည်) သာ လက်ခံခဲ့သည်ကို တွေ့ရသည်။ သမီးကြီး မြမျိုးနွယ် ခေါ် ရန်ကုန် ခင်နွယ်မှာလည်း စာရေးသားသူ ဖြစ်သည်။
ဒေါ်လှမေ ငယ်စဉ်ကစ၍ မျိုးချစ် ဝံသာနု အမျိုးသမီး ခေါင်းဆောင်အဖြစ် ပါဝင် လှုပ်ရှားခဲ့ပုံများ မှတ်တမ်း၌ ကမ္ပည်း ထိုးထားပြီး ဖြစ်ပါသည်။
အမျိုးသမီး ခေါင်းဆောင်ကြီး ဒေါ်လှမေသည် ၁၉၇၄ ခုနှစ် ဇွန်လ ၁၂ ရ့်နေ့၌ သမီးငယ် ဒေါ်ခင်ခင်ဦး (အမာ) အိမ်၌ ကွယ်လွန်ခဲ့သည်။ ။
(စာရေး ဆရာမကြီး စောမုံညင်း ရေးသားခဲ့သည့် ဤဆောင်းပါးကို စိတ်ကူးချိုချို စာပေတိုက်က ၂၀၀၈ ခုနှစ် သြဂုတ်လတွင် ထုတ်ဝေသော “မြန်မာအမျိုးသမီး” ပထမအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာမကြီးသည် ၂၀၁၁ နှစ် ဒီဇင်ဘာလ ၁၁ ရက် အသက် ၉၁ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)