လက်တင်အမေရိက နဲ့ ကာရစ်ဘီယန် အုပ်စုဝင် နိုင်ငံတွေ ရဲ့ လုပ်ငန်းတွေမှာ ဉာဏ်ရည်တု (AI) နည်းပညာ နဲ့ အစားထိုးပြီး အော်တိုစနစ် (Automated) ကို လုံးဝ ကူးပြောင်းသွားနိုင်တဲ့ ခြိမ်းခြောက်မှု အခြေအနေကို ကြုံနေရပါတယ်။
၂ ရာခိုင်နှုန်း နဲ့ ၅ ရာခိုင်နှုန်းကြား လုပ်ငန်းတွေမှာ အဲဒီအခြေအနေ ကြုံနေရကြောင်း ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် (ILO) နဲ့ ကမ္ဘာ့ဘဏ်က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ အစီရင်ခံစာ ထုတ်ပြန်လာပါတယ်။
လေ့လာချက်များအရ သမားရိုးကျ လုပ်ငန်းခွင်များရှိ အမျိုးသမီးတွေနဲ့ ငယ်ရွယ်သူ ဝန်ထမ်းတွေဟာ ကျယ်ပြန့်လာတဲ့ သမားရိုးကျ မဟုတ်တဲ့ စီးပွားရေးနယ်ပယ်ရှိ လစာနည်း အလုပ်အကိုင်တွေကြောင့် မညီမျှမှုတွေကို ရင်ဆိုင် နေရကြောင်း လည်း သိရပါတယ်။
ဒါ့အပြင် လုပ်နေကျ လုပ်ငန်းခွင်များမှာ Generative AI နည်းပညာနဲ့ အစားထိုး ခံနေရခြင်းဟာလည်း နောက်ထပ် ဖိအား တခု ဖြစ်နေတယ်လို့ ဆိုပါတယ်။
Generative AI ဆိုတာကတော့ ပုံတွေ၊ စာတွေ၊ ဗီဒီယို နဲ့ တခြား အချက်အလက်တွေကို AI နည်းပညာ သုံးပြီး ထုတ်လုပ် ပေးနိုင်ခြင်း ဖြစ်ကြောင်း သိရပါတယ်။
နည်းပညာ အခြေခံ အဆောက်အအုံ လိုအပ်ချက် နဲ့ အခြားသော မညီမျှမှုများက သက်ဆိုင်ရာ လုပ်ငန်းခွင် နယ်ပယ် အပေါ် Generative AI ရဲ့ သက်ရောက်နိုင်တဲ့ အလားအလာများကို နှောင့်နှေးစေနိုင်တယ် လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် အဲဒီ Generative AI နည်းပညာကို လက်တင်အမေရိကနဲ့ ကာရစ်ဘီယန်က ၂၆ ရာခိုင်နှုန်း နဲ့ ၃၈ ရာခိုင်နှုန်း ကြားရှိ အလုပ်အကိုင်တွေမှာ ထည့်သွင်း အသုံးချနိုင်ပြီး တနည်းနည်းနဲ့ AI လွှမ်းမိုးမှု ခံရနိုင်ကြောင်း အချက်အလက်များ အရ သိရှိရပါတယ်။
အဲဒီ AI နည်းပညာကြောင့် မြို့ပြ၊ ပညာရေး နဲ့ သမားရိုးကျ လုပ်ငန်းခွင် နယ်ပယ်များ၊ ဝင်ငွေမြင့် အလုပ်အကိုင်များရဲ့ ထုတ်လုပ်နိုင်စွမ်းတို့ကို ၈ ရာခိုင်နှုန်းကနေ ၁၄ ရာခိုင်နှုန်း ကြားအထိ မြှင့်တင် ပေးနိုင်တဲ့ အကျိုးရလဒ်များ ရှိနိုင်တယ် လို့လည်း သုတေသန ပြုလုပ်ချက်တွေက ဆိုထားပါတယ်။
လက်တင်အမေရိက နိုင်ငံပေါင်း ၂၀ ခန့်ရှိပြီး ကာရစ်ဘီယန် ဒေသ နိုင်ငံပေါင်း ၁၆ နိုင်ငံခန့် ရှိကြောင်းလည်း သိရပါတယ်။
Ref : Reuters