အမေရိကန် လွတ်မြောက်ရေး စစ်ပွဲတွင် ဗြိတိသျှ နယ်ချဲ့များ နှင့် အမေရိကန် လွတ်မြောက်ရေး တပ်များ ရင်ဆိုင် တွေ့ကြသည်။
အမေရိကန် ကိုလိုနီများက တပ်များ စုရုံး ဖွဲ့စည်းကာ ကွန်ဂရက်၏ အမိန့်အာဏာ အားဖြင့် လယ်သမား တဦးဖြစ်သူ ဂျော့ဝါရှင်တန် ဆိုသူအား ဗိုလ်ချုပ် ခန့်လျက် ကိုလိုနီ ဆန့်ကျင်ရေး တိုက်ပွဲ ဝင်ခဲ့ကြသည်။
ဗြိတိသျှတပ်များကို ဦးဆောင်သည့် ဗိုလ်ချုပ် ဟိုးဝီး၏ တပ်များ နှင့် အမေရိကန် ဗိုလ်ချုပ် ဂျော့ဝါရှင်တန်၏ တပ်များ စစ်မြေပြင် တနေရာ၌ တွေ့ဆုံကြသည်။
ဗြိတိသျှ ဗိုလ်ချုပ်က အမေရိကန် တပ်များ၏ အကြီးအကဲ သေနာပတိ ဖြစ်သူ ဂျော့ဝါရှင်တန် ထံသို့ စာတစောင် ပေးပို့ရာ၌ ဂျော့ဝါရှင်တန်၏ ဗိုလ်ချုပ် ဟူသော ရာထူးကို အသိအမှတ် မပြုသည့် အနေဖြင့် လူကြီးမင်း ဂျော့ဝါရှင်တန် (George Washington Esq) ဟု စာအိတ်တွင် လိပ်တပ် ပေးပို့ခဲ့သည်။
ဂျော့ဝါရှင်တန်က စာအိတ်ပေါ်တွင် လိပ်စာမူထားသည်ကို တချက်သာ ကြည့်ပြီးနောက် –
“သြော်…ဂျော့ဝါရှင်တန်ကို ပေးမှာလား၊ သူ့ကို ကျုပ်သိပါတယ်၊ စစ်ပွဲပြီးလို့ အိမ်ပြန်ရောက်တော့ ဆက်ဆက် ပေးလိုက်ပါ့မယ်” ဟု စာပို့လာသူ အင်္ဂလိပ် စစ်ဗိုလ်အား ပြောကာ စာကို ဖောက်မဖတ်ဘဲ အိတ်တွင်း ထည့်လိုက်သည်။
သံတမန်ရေးရာတွင် နောကျေနေသည့် ဗြိတိသျှများကလည်း နောက်၌ အကဲမစမ်းသာတော့ဘဲ “ဗိုလ်ချုပ် ဂျော့ဝါရှင်တန်” ဟု ထိုက်တန်စွာ လိပ်မူသော အခါကျမှ စာကို ဖောက်ဖတ်တော့သည်။

နောင် နှစ်ပေါင်း အတန်ကြာ၍ အမေရိကန် လွတ်မြောက်ရေး စစ်ပွဲများသည်လည်း သမိုင်းစာအုပ် ဖြစ်လာသော ချိန်ခါ၌ ဂျော့ဝါရှင်တန် အကြောင်း ရေးသားလိုသည့် စာရေးဆရာ တဦးက ဂျော့ဝါရှင်တန်၏ မွေးရပ် ဇာတိမြေသို့ သွားရောက်ကာ အချက်အလက်များ စုဆောင်းသည်။
အမေရိကန် ပြည်ထောင်စု၏ ပထမဦးဆုံးသော နိုင်ငံတော် သမ္မတကြီး အကြောင်း ရေးသားရန် ဖြစ်၏။
လက်လှမ်းမီသမျှ စုံစမ်းရာတွင် အဘွားအို တဦးအား သွားတွေ့ မေးရာ၌…
“သြော်…ဂျော့လား…သိသားပဲ။ ဟိုဘက်ခြံက လယ်သမား ကောင်လေးပဲ” ဟု ဖြေလိုက်လေသည်။
ရွာဘုရား ရွာသား မရိုသေ ဟူသော မြန်မာ စကားသည်လည်း ရှိသည်။
သို့သော် ကျနော်သည် ထားဝယ်မြို့သို့ ရောက်ရှိခဲ့ရာ၌ မြန်မာပြည် ဖက်ဆစ် တော်လှန်ရေးတွင် ဦးစွာ သေနတ် ဖောက်ခဲ့သူ ဗမာ့ ကာကွယ်ရေး တပ်မတော် ဗိုလ်မှူးကြီး ဗထူးအား ဂုဏ်ပြုအပ်သည့် အထိမ်းအမှတ် ဟူ၍ တစုံတရာမျှ မတွေ့ခဲ့ရပါ။
ထားဝယ်သား ဗိုလ်မှူးကြီး ဗထူး အတွက် လမ်းတသွယ်၏ နာမည်သည်ပင် ဗထူး လမ်းဟု မရှိပါ။
အထက် မြန်မာပြည် မန္တလေးမြို့တွင် အားကစားကွင်းကို ဗထူးကွင်း။ ရှမ်းပြည်တွင် ဗထူးမြို့ ဟူ၍ ဂုဏ်ပြုကြပါလျက် သူ၏ မွေးရပ် ဇာတိမြေတွင် ဗိုလ်မှူးကြီး ဗထူးအား ဂုဏ်ပြုသည့် အထိမ်းအမှတ် တခုကို မတွေ့ခဲ့ရခြင်း အတွက် ဝမ်းနည်းရ ပါသည်။
ခုံဝင်းဒပ်ရပ် တနေရာ၌ “အဲ ဟိုဟာ ဗိုလ်မှူး ဗထူး အိမ်ပဲ” ဟု ပြသော အခါကျမှ အိမ်တဆောင်ကို တွေ့ခဲ့ရပါသည်။
သြော်…ဗိုလ်မှူးကြီး ဗထူးသည်လည်း ထားဝယ်မြို့တွင် “ဟိုဘက်ခြံက ကောင်ကလေး” ဖြစ်နေရှာသည် ဟုသာ ကျနော် မှတ်ယူ လိုက်ရပါသည်။ ။
(စာရေးဆရာကြီး မောင်သော်က ရေးသားခဲ့သည့် ဤဆောင်းပါးကို စိတ်ကူးချိုချို စာအုပ်တိုက်က ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ဝေသော “ပင်စင်နာ တဦး၏ အတွေးအထင် ပထမအကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၉၁ ခုနှစ် ဇွန်လ ၁၁ ရက် အသက် ၆၅ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)














