အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖာထောင်ရဲ့ ကြမ်းတမ်းလှတဲ့ အအေးဒဏ်ကြား ၂၀၂၃ ခုနှစ်ရဲ့ တခုသော ဒီဇင်ဘာ ဆောင်းမနက်ခင်းမှာ လသားအရွယ် သားဦးကို ရင်မှာပိုက်ပြီး မနွေးနွေးတို့ အမျိုးသမီး တစုဟာ လွတ်မြောက်ရေး မျှော် လင့်ချက်အတွက် အန္တရာယ်များလှတဲ့ အစာငတ်ခံ ဆန္ဒပြမှုကို စတင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။
သွေးနုသားနု သားသည်မိခင် မနွေးနွေး အဖို့ အစာငတ်ခံဆန္ဒပြတာဟာ ကိုယ်တိုင်ရော ကလေးငယ်အတွက်ပါ အသက် အန္တရာယ် ထိခိုက်နိုင်ပေမယ့် အခုလို အကန့်အသတ်မရှိ ထောင်ချခံထားရသလို ခံစားနေရတဲ့နေ့ရက်တွေအတွက် မနွေးနွေး တယောက် စွန့်စားခဲ့ပါတယ်။
“ပြန်ချင်လွန်းလို့ ကလေးမွေးပြီး တလနဲ့ အစာငတ်ခံပြီး ဆန္ဒပြခဲ့တာပါ။ ကလေးမွေးတုန်းကလည်း ခက်ခက်ခဲခဲနဲ့ မွေးခဲ့ ရတာပါ၊ သားဦးလေး မွေးရတာပါ၊ ဘာအနှီးမှလည်း မရှိပါဘူး၊ ထဘီတွေဖြဲပြီး ပတ်ထားပေးခဲ့ရတာပါ” လို့ မနွေးနွေက ပြောပါတယ်။
ကိုယ်ဝန်ဆောင်ချိန်ကစ ထောင်ထဲမှာကလေးမီးဖွားပြီးသည့်တိုင် ဘာသာစကားမတူတဲ့ ထောင်ဝန်ထမ်းတွေရဲ့ ဖိနှိပ်မှုတွေ၊ သန့်ရှင်းလုံလောက်မှုမရှိတဲ့ အစားအသောက်တွေနဲ့ ဒုက္ခမျိုးစုံကို လူမမယ်ကလေးငယ်နဲ့အတူ ရင်ဆိုင်ဖြတ်သန်းနေတဲ့ မနွေးနွေးဟာ စစ်ကိုင်းတိုင်း မုံရွာဇာတိ ဖြစ်ပါတယ်။
ဇာတိရပ်ရွာမှာ တောင်ယာလုပ်ငန်းနဲ့ ရက်ကန်းခတ်ရင်း အသက်မွေးဝမ်းကြောင်းကြတဲ့ သူတို့ဟာ ကိုဗစ်- ၁၉ ကပ်ရောဂါ ကာလ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် ဝမ်းရေးအတွက် နယ်စပ်ကိုဖြတ်ကျော်ပြီး မဏိပူရ်ပြည်နယ်ထဲက လန်ကာဆို တဲ့မြို့လေးထဲကို ပြောင်းရွှေ့လာကြတာပါ။
လန်ကာမြို့ရောက် မြန်မာရွှေ့ပြောင်းရက်ကန်းသမားတွေရဲ့ ဘဝ
၂၀၂၃ ဒီဇင်ဘာ ၁၆ ရက်မှာ မနွေးနွေးနဲ့အတူ အမျိုးသမီး ၃၆ ဦးတို့ စတင်ခဲ့တဲ့ မဏိပူရ်ပြည်နယ်၊ အင်ဖာထောင်ထဲက အကြမ်းမဖက် အစာငတ်ခံဆန္ဒပြတောင်းဆိုမှုဟာ ပြစ်ဒဏ်ကိုကျော်လွန်ပြီး ထိန်းသိမ်းခံထားရတဲ့သူတို့အနေနဲ့ အမိမြန်မာ ပြည်ကို အမြန်ဆုံး ပြန်ခွင့်ရရေး သက်သက်သာဖြစ်ပါတယ်။
တိုင်းတပါး ထောင်ထဲမှာ စွန့်စားတောင်းဆိုခဲ့တဲ့ သူတို့ရဲ့ အစာငတ်ခံဆန္ဒပြမှုကို သီးခြားနေရာမှာ ထိန်းသိမ်းခံထားရတဲ့ သူတို့ရဲ့ ခင်ပွန်းသည်တွေနဲ့ ကျန်အမျိုးသားတွေကလည်း လိုက်ပါ ပြုလုပ်ခဲ့ကြပါတယ်။
ဒါပေမယ့် သူတို့ရဲ့ အစာငတ်ခံတောင်းဆိုမှုတွေဟာ လျစ်လျူရှုခံခဲ့ရပြီး သုံးရက်မြောက်နေ့မှာပဲ ထောင်အာဏာပိုင်တွေရဲ့ ရိုက်နှက် ဖြိုခွင်းမှုကြောင့် အိမ်အပြန်လမ်းဟာ ဝေဝါးနေဆဲပါ။
ရိုက်နှက်ခံရတာကြောင့် ဆန္ဒပြတောင်းဆိုတဲ့အမျိုးသမီးတချို့ ခြေလက်တွေမှာ ရောင်ရမ်းဒဏ်ရာတွေရရှိခဲ့တယ်လို့ ပါဝင် ဆန္ဒပြခဲ့တဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

ဒီလို အစာငတ်ခံဆန္ဒပြတောင်းဆိုမှုကြောင့် ရက်ကန်းခတ်အလုပ်သမား အမျိုးသမီးနဲ့ ကလေးငယ် စုစုပေါင်း ၇၇ ဦးကို မြန်မာနိုင်ငံသားမှန်ကန်ကြောင်း စိစစ်ပြီးတဲ့ ဒီနှစ် မေလနဲ့ဇွန်လတွေမှာ အိန္ဒိယအစိုးရဘက်က စစ်ကောင်စီထံ လွှဲပြောင်းပေးခဲ့ပေမယ့် မနွေးနွေးတို့သားအမိကတော့ ဒီကနေ့တိုင် လွတ်မြောက်လာခြင်း မရှိသေးပါဘူး။
အခုဆို မနွေးနွေးရဲ့ သားဦးလေးဟာ တနှစ်ကျော်နေပါပြီ။ သူတို့ဟာ တခြားသော မြန်မာရွှေ့ပြောင်းရက်ကန်း အလုပ်သမား ၅၀ ကျော်နဲ့အတူ ယနေ့တိုင် အင်ဖာထောင်ဘေးက ထိန်းသိမ်းရေးစခန်းလို့ အမည်တပ်ထားတဲ့ အဆောင်တန်းလျားမှာ ထိန်းသိမ်းခံနေရဆဲ ဖြစ်ပါတယ်။
ထိန်းသိမ်းခံနေရဆဲ အမျိုးသမီးတဦးက “သူတို့က စင်တာဆိုပြီးတော့ ဝင်ပေါက်မှာချိတ်ထားတာ၊ ထောင်နဲ့ အုတ်တံတိုင်းပဲ ခြားတယ်၊ ထောင်စည်းကမ်းအတိုင်းပဲနေရတာ။ တမံသလင်းပေါ်မှာ အခင်းလည်း မပေးဘူး” လို့ ဆိုပါတယ်။
လန်ကာမြို့လေးမှာ မြန်မာတချို့ပိုင်ဆိုင်တဲ့ ရက်ကန်းရုံတွေရှိပြီး အဖမ်းမခံရခင်က မနွေးနွေးတို့လို မြန်မာရက်ကန်းခတ်သမ တွေဟာ လုပ်ငန်းခွင်မှာ ကျွမ်းကျင်သပါက တပတ်ကို အိန္ဒိယရူပီးငွေ ၃၅၀၀ ခန့်(ထိုစဉ်က မြန်မာ ငွေ ကျပ် ၁၄၀၀၀၀ ခန့်) ရရှိကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်းမှာတော့ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ထဲ ရွှေ့ပြောင်းလာသူ တွေ၊ စစ်ဘေးတိမ်းရှောင်လာသူတွေ ပိုမိုများပြားလာခဲ့ပါတယ်။
စစ်ဘေးရှောင်ခိုလှုံသူတွေအရေး ဖိအားများလာတဲ့ မဏိပူရ်နယ်စပ်မှာ အဲဒီအချိန်ကတည်းက ကသည်းတွေနဲ့ ကူကီးချင်း တွေအကြား ဖြစ်ပေါ်နေတဲ့ လူမျိုးရေးပဋိပက္ခတွေကြောင့်လည်း မဏိပူရ်ရဲတွေဟာ တင်းတင်းကျပ်ကျပ် ဖမ်းဆီးစစ်ဆေး မှုတွေ လုပ်ဆောင်နေပြီး ဒီလိုပဋိပက္ခတွေဟာ ရွှေ့ပြောင်းလာသူတွေကြောင့် ဖြစ်ရတာဆိုပြီး ပြည်နယ်ဝန်ကြီးချုပ်က အပြစ်ဖို့ ထားပါတယ်။
ဒီလိုပဋိက္ခတွေကြား ရက်ကန်းခတ်ရင်း အသက်မွေးဝမ်းကျောင်းနေကြတဲ့ မနွေးနွေးတို့လို မြန်မာအလုပ်သမားတွေဟာ အာဏာပိုင်ရဲတွေရဲ့ တအိမ် တက်ဆင်း ရှာဖွေဖမ်းဆီးမှုတွေကြောင့် ဖမ်းဆီးခံကြရပြီးနောက် မိသားစုတကွဲတပြားဖြစ်ကာ အနာဂတ်မျှော်လင့်ချက်တွေ ပျက်စီးခဲ့ကြရပါတယ်။
မြန်မာရက်ကန်းသမားတွေလည်း တရားမဝင်နေထိုင်တဲ့အတွက် လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ တရားစွဲခံရပြီး ထောင်ဒဏ် ၅ လနဲ့ ရူပီးငွေတထောင် ဒဏ်ငွေပေးဆောင်စေဖို့ ပြစ်ဒဏ်ချခံခဲ့ရပါတယ်။
၂၀၂၂ ခုနှစ်အစပိုင်း ကိုယ်ဝန်နှစ်လလောက်နဲ အဖမ်းခံရတဲ့ မနွေးနွေးဟာ ချမှတ်တဲ့ ထောင်ဒဏ်နဲ့ ငွေဒဏ်ကို ကျခံခဲ့ပြီး ဖြစ်ပေမယ့် ကလေးကိုထောင်ထဲမှာပဲ မွေးဖွားခဲ့ရသလို ပြစ်ဒဏ်ထက်ကျော်လွန်ကာ ယနေ့တိုင် ထိန်းသိမ်းခံနေရတာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံအခြေစိုက် မြန်မာဒုက္ခသည်တွေအရေးကူညီပေးနေတဲ့ India For Myanmar အဖွဲ့ရဲ့ စာရင်းတွေအရ မဏိပူရ် ပြည်နယ်ထောင်ထဲမှာ ပြစ်ဒဏ်ကျခံပြီး ဆက်လက်ထိန်းသိမ်းခံထားရတဲ့ မြန်မာဦးရေ ၁၀၀ကျော် ရှိနေသေး တယ်လို့ သိရပါတယ်။
အဖမ်းခံရသူတွေထဲ မနွေးနွေးလို ကိုယ်ဝန်ဆောင်နေစဉ် ထောင်ထဲမှာကလေးမွေးဖွားခဲ့ရတဲ့ အမျိုးသမီး ၇ ဦးရှိပြီး အသက် ၁၅ နှစ် အောက် ကလေးသူငယ် ၂၆ ဦးအထိပါဝင်တယ်လို့လည်း India For Myanmar အဖွဲ့ကဆိုထားပါတယ်။
ထောင်ထဲမှာ မီးဖွားကြသူတွေ
အလားတူ မမျိုးမျိုးတို့ ဇနီးမောင်နှံဟာလည်း သားဦးလေးကို မြန်မာနိုင်ငံပြန်ပြီး မိဘဆွေမျိုးအသိုင်းအဝိုင်းကြားမှာ မွေးဖွား ဖို့ ရည်မှန်းရင်း ရက်ကန်းရုံမှာ ကြိုးစားလုပ်ကိုင်နေစဉ် ၂၀၂၃ ခုနှစ် နှစ်စမှာ မနွေးနွေးတို့လိုပဲ မဏိပူရ်ရဲတွေရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရပါတယ်။
ဖမ်းဆီးခံရပြီးတဲ့နောက် ခင်ပွန်းဖြစ်သူနဲ့ တနေရာစီခွဲ ချုပ်နှောင်ထိန်းသိမ်းခံခဲ့ရပြီး ကိုယ်ဝန်ပါလာတဲ့ မမျိုးမျိုးဟာ တခြားသူ တွေနဲ့အတူ ၁၀ ပေပတ်လည်သာသာ အခန်းကျဉ်းလေးထဲမှာ စုပြုံပြီးနေထိုင်ခဲ့ရတာဖြစ်ပါတယ်။
မမျိုးမျိုးက “အခန်းက ကျဉ်းကျဉ်းလေး၊ အိမ်သာနဲ့လည်း အတူတူပဲ၊ ၁၇ ယောက်လောက်အိပ်ရတာရှိတယ်၊ တယောက်နဲ့ တယောက် ဖင်မလှည့်သာ ခေါင်းမလှည့်သာလေးတွေ၊ နွေသာဆို အိုက်ပြုတ်နေရော” လို့ နေထိုင်ရတဲ့ အခြေအနေကို ပြောပြပါတယ်။

မမျိုးမျိုးတို့လို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ထောင်အာဏာပိုင်တွေရဲ့ လိုအပ်တဲ့ ဆေးဝါးနဲ့ အစားအသောက် သီးခြားပံ့ပိုးပေးခဲ့တာ မရှိတာကြောင့် သားဦးလေးကို အဆင်ပြေပြေမွေးဖွားနိုင်ရေး အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရတယ်လို မမျိုးမျိုးက ဆိုပါတယ်။
“ထောင်ထဲရောက်တော့ ကိုယ်ဝန်အတွက် ဘာအားဆေးမှ ကျမတို့ကို မပေးပါဘူး။ သောက်လည်း မသောက်ခဲ့ရပါဘူး။ ကလေးမွေးတော့လည်း တယောက်ထဲပဲ ရဲမေတွေနဲ့ သွားမွေးခဲ့ရတာ၊ ဘာသာစကား အခက်အခဲရှိလို့ တယောက်လောက် အဖော်ခေါ်ချင်တယ်ပြောပေမယ့် ခေါ်ခွင့်မရခဲ့ဘူး”လို့ မမျိုးမျိုးက ပြောပါတယ်။
ပထမဆုံးသားဦးလေးအတွက် စိုးရိမ်ပူပန်မှုတွေ၊ နာကျင်ကိုက်ခဲမှုဒုက္ခမျိုးစုံကို ရင်ဆိုင်နေရတဲ့ မမျိုးမျိုးဟာ မီးဖွားမယ့် ညမှသာ ထောင်ရဲ့ အပြင်ဘက်ဆေးခန်းကို ရဲမေတွေကလိုက်ပို့ပေးခဲ့ပြီး ကလေးမွေးပြီးနောက်တနေ့မနက်မှာပဲ ထောင်ကို ပြန်ပို့ခံခဲ့ရတာဖြစ်ပါတယ်။
မီးဖွားပြီးနောက်ပိုင်းလည်း မီးနေသည်အမျိုးသမီးတွေနဲ့ မွေးကင်းစ ကလေးငယ်တွေအတွက် ထောင်အာဏာပိုင်တွေ ဘက်က လုံလောက်တဲ့ ဆေးဝါး၊ အစားအစာကအစ ကလေးပတ်ဖို့အနှီးအဆုံး ဘာတခုမှ ထောက်ပံ့ပေးခဲ့တာ မရှိဘူး လို့လည်း ထောင်မှာ မီးဖွားခဲ့ရသူတွေက ပြောပါတယ်။
ဒါ့အပြင် အင်ဖာထောင်နဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ နေ့စဉ် ပဲဟင်းနဲ့ အသီးအရွက် ပြုတ်ကို ဒိုင်ခံစားသောက်ရသလို ရေကိုလည်း အလုံအလောက်ရတာမဟုတ်ဘဲ ခွဲတမ်းနဲ့သာ သုံးစွဲရတယ်လို့ဆိုကြပါတယ်။
“ကလေးအတွက် အာဟာရရှိတာ ဘာမှမပေးပါဘူး၊ အနှီးတောင်မပေးပါဘူး။ ကျမတို့ကလေးကို လုံချည်စုတ်လေးတွေနဲ့ ပတ်ပေးခဲ့ရတာပါ။ ကလေးကအခုဆို တနှစ်ပြည့်ပြီးပါပြီ၊ အခုထိ လမ်းမလျှောက်တတ်ပါဘူး၊ အာဟာရမရှိတဲ့အတွက် အောက်ပိုင်းက နဲနဲ ပျော့သလိုဖြစ်နေတယ်၊ လမ်းကို မလျှောက်နိုင်သေးပါဘူး” လို့ မမျိုးမျိုးကပြောပါတယ်။
တနေရာစီ ချုပ်နှောင်ခံထားရတဲ့ မမျိုးမျိုးရဲ့ခင်ပွန်းဖြစ်လည်း သူရဲ့သားငယ်လေး တနှစ်ကျော်တဲ့အထိ မမြင်ဖူးသေးပါဘူး။
တိုင်းတပါးနေရာမှာ ခင်ပွန်းဖြစ်သူပါ ဖမ်းဆီးခံထားရတဲ့ မမျိုးမျိုးတို့လို သာမန်ရက်ကန်းခတ်အလုပ်သမ မိသားစုတွေ အတွက် ထောင်ထဲမှာလိုအပ်တဲ့ ဆေးဝါးနဲ့ အာဟာရရှိတဲ့အစားအစာတွေကို ပြင်ပကမိဘဆွေမျိုးတွေ ထောက်ပံ့ပေးနိုင်ဖို့ အခက်အခဲများစွာ ရှိနေပါတယ်။
အာဟာရမလုံလောက်မှုတွေ၊ ဖိနှိပ်မှုတွေကြားမှာ တဖြည်းဖြည်းကြီးပြင်းနေရတဲ့ ရင်သွေးငယ်တွေကို မျက်စိရှေ့မှာ မြင်နေရတဲ့ မိခင်တွေဟာ သူတို့ရင်ဆိုင်နေရတဲ့ အတိဒုက္ခတွေကို အသေးစိတ်ပြောပြဖို့တောင် ခံနိုင်ရည် မရှိတဲ့အထိ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေကြရပါတယ်။
အင်ဖာထောင်မှာ ချုပ်နှောင်ခံထားရဆဲဖြစ်တဲ့ အမျိုးသမီး ၅ ဦးနဲ့ ဧရာဝတီက တယ်လီဖုန်းကတဆင့် တိုက်ရိုက်ဆက်သွယ် စကားပြောခွင့် ရချိန်မှာ သူတို့ ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို အသေးစိတ်ပြောပြဖို့ထက် အိမ်အမြန်ပြန်ချင်ကြောင်း ငိုရှိုက်ရင်း ထပ်တလဲလဲပြောသံကိုသာ အများဆုံးနားထောင်ခဲ့ရပါတယ်။
မမျိုးမျိုးလို မိသားစုလိုက်အဖမ်းခံရတဲ့သူတွေရဲ့ လူမမယ်ကလေးငယ်တွေဟာလည်း မိဘတွေနဲ့အတူ ထောင် စည်းကမ်း တွေအောက်မှာ ဆေးဝါး အစားအစားမလုံလောက်မှုနဲ့အတူ ကလေးသူငယ်အခွင့်အရေးတွေဖြစ်တဲ့ ပညာသင်ကြားခွင့်၊ လွတ်လပ်စွာ ဆော့ကစားနေထိုင်ခွင့်တွေ ဆုံးရှုံးနေကြရပါတယ်။
ထောင်ထဲမှာ ဆင်းရဲဒုက္ခမျိုးစုံကို ရင်ဆိုင်ဖြတ်သန်းနေကြရတဲ့ အမျိုးသမီးတွေဟာ သူတို့နဲ့အတူ ချုပ်နှောင်ခံထားရတဲ့ သူတို့ရဲ့ ကလေးငယ်တွေကို ရွယ်တူကလေးငယ်နည်းတူ စာတတ်စေချင်၊ စာသင်ပေးချင်တယ်လို့လည်း ထပ်တလဲလဲ ပြောပြကြပါတယ်။
“ ကျမ ကလေးကိုကျောင်းထားချင်တယ်၊ ကျမသားကြီးဆို ၈ နှစ်ရှိပြီ။သားသားက မေမေ စာသင်ချင်တယ်၊ စာရေးချင် တယ်ပြောရင် အရမ်းခံစားရတယ်။ မြန်မာပြည်ထဲမှာလည်း ကျမသမီးလေးကျန်ခဲ့ပါသေးတယ်၊ အဖေအမေတို့နဲ့ ထားခဲ့ရ တာပါ။ သူတို့က အသက် ၆၀ ကျော်ပါပြီ၊ ကျမလုပ်ကျွေးနေရတာပါ၊ အခုဘယ်လို နေထိုင်စားသောက်နေရလဲ ဆိုတာ ကျမမသိရပါဘူး၊ ကျမဒီထောင်ထဲမှာ ၁ နှစ်ခွဲ ရှိပါပြီ” လို့ လက်ရှိထောင်ထဲမှာ ထိန်းသိမ်းခံထားရဆဲဖြစ်တဲ့ မိခင်တဦး ကလည်း ပြောပါတယ်။
သူတို့ထိန်းသိမ်းခံနေရတဲ့အဆောင်တန်းလျားတွေမှာ တခြားသောထိန်းသိမ်းခံ အိန္ဒိယနိုင်ငံသား အမျိုးသမီးတွေလည်း ရှိနေပြီး နေ့စဉ်အစားအသောက်ပေးပို့မှုတွေမှာ မမျှတမှုတွေကြုံတွေ့နေရတယ်လို့လည်း ကလေးနှစ်ယောက်မိခင်ဖြစ်သူက ပြောပါတယ်။
“သူတို့လူမျိုးတွေဆို ထမင်းကို ပိုပေးတယ်၊ ကုန်တောင် မကုန်ဘူး၊ ကျမတို့မြန်မာတွေကို နည်းတယ်၊ ထမင်းဝတဲ့ရက် ဆိုတာ မရှိဘူး။ အနိုင်ကျင့်ခံရပါများတော့ မခံနိုင်တော့ဘူးလေ၊ နပမ်းလုံးရတဲ့အထိ ဖြစ်ခဲ့တာရှိတယ်။ လူကြီးဆိုတာ ဗိုက်ဆာလည်း လိန်ပိန်နေလို့ရသေးတယ်၊ ကလေးတွေက နေလို့မရဘူးလေ၊ မရှိဘူးဆိုတာ သူတို့ မသိဘူးလေ၊ မကျွေးရ တော့ မိဘတွေမှာ မျက်ရည်နဲ့မျက်ခွက်ပဲ”လို့ သူမကပြောပါတယ်။
မိဘတွေနဲ့အတူ ဖမ်းဆီးထိန်းသိမ်းခံရတာ သုံးနှစ်ကျော်ကြာရှိနေပြီ သူမ သမီးဖြစ်သူက ၁၁ နှစ်ကျော်အရွယ်ရှိပြီဖြစ်သလို သားဖြစ်သူဟာ ၇ နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။
စာအုပ်၊ခဲတံကိုင်ခွင့်မရှိတဲ့ ထောင်ထဲမှာ သူမရဲ့ သားနဲ့သမီးဟာ ပညာသင်ကြားခွင့်တွေ ဆုံးရှုံးနေသလို အပျိုဖော်ဝင် လာ ပြီဖြစ်တဲ့ သမီးငယ်အတွက်လည်း မိန်းကလေးသဘာဝ ဓမ္မတာလာရင်တောင် ကာကွယ်ပေးစရာမရှိဘူလို့ ပြောပါတယ်။

“ကျမသမီးဆို ထောင်ထဲမှာပဲ အပျိုဖော်ဝင်လာတာ၊ နောက်ဆုံး ဓမ္မတာလာရင်တောင်မှ ခံစရာဘာမှကို မရှိတော့ဘူး၊ အရမ်းကိုခက်ခဲတယ်၊ သူတို့ကို(ရဲ)ပြောပြရင်လည်း လှောင်ပြောင်ခံရတာပဲရှိတယ်။ဘာမှလုပ်မပေးနိုင်ဘူး” လို့ သူမက ရင်ဖွင့်ပါတယ်။
သူမရဲ့ ယောက္ခမဖြစ်သူကိုလည်း စဖမ်းဆီးခံရချိန် အကျယ်ချုပ်မှာနေထိုင်ရစဉ် ကိုဗစ်-၁၉ ရောဂါပိုးတွေ့တယ်ဆိုကာ ထောင်အာဏာပိုင်တွေက ခေါ်ဆောင်သွားပြီးနောက် တရက်အကြာမှာပဲ သေဆုံးပြီလို့သာ သတင်း ပြန်ပို့ခဲ့တယ်လို့ ဆိုပါတယ်။ တခြားသော အမျိုးသမီးငယ်တဦးလည်း သူမရဲ့ယောက္ခမလို ကိုဗစ်-၁၉ ရောဂါသံသယနဲ့ ခေါ်ဆောင်သွားပြီး နောက် သေဆုံးခဲ့ရတယ်လို့ ထောင်မှာရှိနေတဲ့ အမျိုးသမီးတွေက ပြောပြပါတယ်။
ထောင်အာဏာပိုင်းတွေအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး ပြင်ပဆေးခန်းတွေဆီ ပို့ဆောင် ပြသပေး လေ့ရှိပေမယ့် ဆရာဝန်ကရေးပေးလိုက်တဲ့ လိုအပ်တဲ့ဆေးဝါးတွေကိုတော့ လုံလောက်အောင် ပေးလေ့မရှိဘဲ ပါရာစီတမော့သာ အများဆုံးပေးတယ်လို့လည်း သူတို့ကပြောပါတယ်။
“ကျမဆို သားအိမ်မကောင်းလို့ ဆေးပြရင် ပါရာစီတမော့ဆေးပြားလေးပဲ သောက်ပြီးနေခိုင်းတာ၊ နာတဲ့အချိန်ဆို ထိုင်လို့ တောင် မရဘူး” လို့ ကလေးနှစ်ယောက်မိခင်ဖြစ်သူက ဆိုပါတယ်။
India For Myanmar ၏ အစီအရင်ခံစာအရ ထိန်းသိမ်းခံထားရသူတွေထဲ တီဘီရောဂါအပါအဝင် နာတာရှည်ရောဂါသည် ၁၂ ဦးနဲ့ အကြီးစားခွဲစိတ်ကုသမှုခံယူဖူးပြီး ပုံမှန်အခြေအနေပြန်ရရန် ခက်ခဲနေတဲ့ပြင်းထန်လူနာ ၁၅ ဦး တို့ရှိနေကာ ဆေးကုသ ခံယူခွင့်နဲ့ အထူးအစီအမံရယူခွင့် မရရှိခဲ့ဘူးလို့ သိရပါတယ်။
ထောင်ထဲမှာဆေးကုသခွင့်မရဘဲ အသက် ၃၂ အရွယ်အမျိုးသားတဦးသေဆုံးခဲ့ရပြီး ထောင်အာဏာပိုင်တွေအနေနဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့တိုင် ဆေးကုသခွင့်မပေးဘဲ လျစ်လျူရှုတတ်တဲ့ အလေ့အကျင့်ရှိတာကို တွေ့ရတဲ့အတွက် ကျန်းမာရေးမကောင်းတဲ့ မြန်မာဒုက္ခသည်များအတွက် အလွန်စိုးရိမ်မိတယ်လို့လည်း India For Myanmar က ပြောပါတယ်။
ဘာကြောင့် မြန်မာပြည်ပြန်ခွင့်မရတာလဲ
မနွေးနွေးနဲ့ မမျိုးမျိုးတို့လို မိခင်တွေအပါအဝင် ဖမ်းဆီးခံထားရတဲ့ ရက်ကန်းအလုပ်သမားတွေ၊ စစ်ဘေးရှောင်ခိုလှုံသူ တွေဟာ ချမှတ်တဲ့ ပြစ်ဒဏ်တွေကို ကျခံပြီးသူတွေ ဖြစ်ကြပါတယ်။
သူတို့နေရပ်ပြန်ခွင့်ရရေးဟာ မြန်မာအစိုးရနဲ့ အိန္ဒိယဆိုင်ရာ မြန်မာသံရုံးမှာ အဓိက တာဝန်ရှိနေတာဖြစ်ပါတယ်။
မဏိပူရ်ပြည်နယ်အစိုးရအနေနဲ့ မြန်မာနိုင်ငံဘက်က သူတို့ကို မြန်မာနိုင်ငံသားမှန်ကန်ကြောင်း အထောက်အထားတစုံတခု ထုတ်ပေးမှသာ ပြန်လည်လွှဲပြောင်းပေးမယ်လို့ ကာယကံရှင်တွေကို ပြောဆိုထားပါတယ်။
“ထောင်မှူးကိုမေးလိုက်ရင် နင်တို့မြန်မာပြည်ဘက်က မခေါ်လို့ ငါတို့က မပို့တာ၊ နင်တို့ဘက်ကခေါ်တာနဲ့ ငါတို့က ပို့ဖို့ အဆင်သင့်ပဲလို့ပြောတယ်” လို့ ထိန်းသိမ်းခံထားရတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။
ဒီအတွက် အင်ဖာထောင်ထဲ ထိန်းသိမ်းခံထားရသူတွေရဲ့ မိသားစုတွေဟာ မြန်မာအစိုးရဘက်ရော အိန္ဒိယမှာရှိနေတဲ့ သံရုံးကိုပါ နည်းလမ်းမျိုးစုံနဲ့ ဆက်သွယ်ကြိုးပမ်းကြပေမယ့် သူတို့ရဲ့အဖြစ်ဟာ တဖက်နဲ့တဖက် ဘောလီပုတ်သလို ဟိုလွှဲချဒီလွှဲချနဲ့သာ ကြုံနေရတာဖြစ်တယ်လို့ မနွေးနွေးက ဆိုပါတယ်။
မနွေးနွေးအပါအဝင် မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားတစုံတရာရဖို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက ထောင်ထဲကနေ ပုံစံဖောင်ဖြည့်သွင်းထားသူ ကလေးငယ် ၈ ဦးအပါအဝင် လူ ၅၀ ကျော်ရှိတယ်လို့ ကာယကံရှင်တွေက ဆိုပါတယ်။
ဒီပုံစံဖောင်တွေနဲ့ ပတ်သက်လို့ သူတို့ရဲ့မိသားစုတွေက မေးမြန်းစုံစမ်းတဲ့အခါ နေပြည်တော်ကနေ ဒေလီမှာရှိတဲ့ မြန်မာ သံရုံးကို ပေးပို့ထားပြီလို့ သိရပေမယ့် သံရုံးဘက်ကတော့ ဖောင်တွေမရောက်သေးကြောင်းနဲ့ လာပြဿနာမရှာဖို့ ပြန်လည် ကြိမ်းမောင်းခဲ့တယ်လို့ ဆိုကြပါတယ်။
“သံရုံးကို ဖုန်းဆက်တော့ နင်တို့နားမလည်ဘူးလား၊ မရောက်သေးဘူးလို့ ပြောနေတာ နားမလည်ဘူးလားဆိုပြီး အဲဒါပဲ အပြောခံနေရတယ်၊ နင်တို့ဘာသာ မိသားစုတွေကို စုံစမ်းခိုင်း၊ ငါ့ကိုခေါင်းလာမစားနဲ့ဆိုပြီး ဖုန်းကိုချ ချသွားတာ၊ ကျမတို့ ပြောတာကို ဘာမှကိုနားထောင်မပေးတာ။ သံရုံးကအမျိုးသမီးက၊ ကိုယ့်ဗမာတွေ လွတ်မြောက်ဖို့ကို လုပ်မပေးနိုင်ဘဲနဲ့ ငေါက်ပဲငေါက်နေတာ။ ဗမာအချင်းချင်း ကိုယ်ချင်းစာဖို့ကောင်းတယ်” လို့ အင်ဖာထောင်မှာ ရှိနေသူတဦးက ပြောပါတယ်။
မနွေးနွေးတို့လိုပဲ အင်ဖာထောင်ထဲမှာ ပြစ်ဒဏ်ထက်ကျော်လွန် ချုပ်နှောင်ခံထားရသူတွေထဲက ၇၇ ဦးကိုတော့ ဒီနှစ် မေလ ၂ ရက်နဲ့ ဇွန်လ ၁၁ ရက်တို့မှာ တမူးနယ်စပ်ဂိတ်ကနေတဆင့် မြန်မာနိုင်ငံဘက်ကို ပြန်လည်လွှဲပြောင်းပေးခဲ့တာရှိပါတယ်။

ထိုစဉ်က လွတ်မြောက်လာသူတွေထဲ သမီးဖြစ်သူသာ ပြန်လည်လွတ်မြောက်ခဲ့ပြီး မိဘနှစ်ပါးက ယနေ့တိုင်ထောင်ထဲမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ရပ်တွေလည်းရှိပါတယ်။
ဇွန်လနောက်ပိုင်းကတည်းက ထိန်းသိမ်းထားသူတွေ ပြန်လည်လွှဲပြောင်းရေးရပ်ဆိုင်းနေခဲ့ပြီး မနွေးနွေးတို့ရဲ့ အိမ်ပြန်ဖို့ မျှော်လင့်ချက်နဲ့ လျှောက်ထားမှုတွေဟာလည်း တနှစ်ကျော်တဲ့အထိ အကောင်အထည်ပေါ်လာခြင်း မရှိသေးပါဘူး။
အင်ဖာထောင်မှာ ပြစ်ဒဏ်ကျော်လွန်ထိန်းသိမ်းခံနေရတဲ့ မြန်မာတွေ ပြန်လည်ခေါ်ယူရေးနဲ့ပတ်သက်လို့ ဧရာဝတီ သတင်းဌာနအနေနဲ့ ဒေလီမှာရှိတဲ့ မြန်မာသံရုံးကို တယ်လီဖုန်းနဲ့ရော အီးမေးလ်နဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ယနေ့အထိ တစုံတရာ တုံ့ပြန်ဖြေကြားခြင်း မရှိခဲ့ပါဘူး။
ထိန်းသိမ်းခံထားရတဲ့ မြန်မာတွေနဲ့ပတ်သက်ပြီး India For Myanmar လို အိန္ဒိယအခြေစိုက်အဖွဲ့တွေအပြင် Blood Money Campaing တို့လိုအရပ်ဘက်အဖွဲ့အစည်းတွေကပါ အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ စစ်ကောင်စီထံ ပြန်လွှဲမပေးဖို့၊ မြန်မာ စစ်ဘေးရှောင်တွေကို လက်ခံကူညီပေးနေတဲ့ မီဇိုရမ်ပြည်နယ်ရွှေ့ပြောင်းပေးဖို့စတာတွေကို အကြိမ်ကြိမ် တောင်းဆိုနေပါတယ်။
စစ်ဘေးရှောင်ရင်း ဖမ်းဆီးခံရတဲ့ ဒုက္ခသည်တွေဟာ စစ်ကောင်စီထံ လွှဲပြောင်းခံရပါက ဖမ်းဆီးခံရမယ့်အခြေအနေနဲ့ အဓမ္မစစ်မှုထမ်းစေမယ့်အခြေအနေတွေကြောင့် ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်ခွင့်ပေးဖို့တောင်းဆိုကြတာလည်းရှိပါတယ်။
နိုဝင်ဘာ ၁၁ ရက်ကလည်း မီဇိုရမ်ပြည်နယ်မှာ ဩဇာကြီးတဲ့ Central Young Mizo Association(CYMA) ဥက္ကဋ္ဌ ဦးဆောင်တဲ့အဖွဲ့ဟာ မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီးနဲ့တွေ့ဆုံပြီး မဏိပူရ်ပြည်နယ်ထဲ ချုပ်နှောင်ခံနေရတဲ့ ချင်း(ဇို)လူမျိုးတွေကို မီဇိုရမ်ပြည်နယ်ထဲ လွှဲပြောင်းရယူဖို့ ဆွေးနွေး တိုက်တွန်းခဲ့ပါသေးတယ်။
ထောင်မှာမွေးပြီးထောင်မှာကြီးပြင်းရတဲ့ သူတို့ရင်သွေးလေးတွေကို ထွေးပိုက်ပြီး အိမ်ပြန်ခွင့်ရမယ့်နေ့ရက်တွေကို စောင့် မျှော်ရင်း လွတ်ရက်မရှိထောင်ဒဏ်ချမှတ်ခံရသလိုဖြစ်နေတဲ့ မနွေးနွေးတို့လို မိခင်တွေဟာ ကူကယ်ရာမဲ့ ခံစား နေကြရတာပါ။
ဒီအတွက်ကြောင့်ပဲ အိမ်ပြန်ခွင့်ရရေးအတွက် အိန္ဒိယနိုင်ငံကို လွတ်လပ်ရေးရဖို့ ကြိုးပမ်းခဲ့တဲ့ မဟတ္တမဂန္ဒီရဲ့ အကြမ်းမဖက် အစာငတ်ခံဆန္ဒပြတောင်းဆိုနည်းလမ်းအတိုင်း ထောင်ထဲကနေ အကြိမ်ကြိမ် တောင်းဆိုရာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်မှာ ၅ ကြိမ်မြောက်အဖြစ် အစာငတ်ခံဆန္ဒပြခဲ့ကြပါသေးတယ်။
မဟတ္တမဂန္ဒီရဲ့ အကြမ်းမဖက်အာဏာဖီဆန်ပြီး အစာငတ်ခံဆန္ဒပြနည်းလမ်းကို ကမာ္ဘတဝန်း တန်ဖိုးထားလေးစားကြ ပေမယ့် သူချစ်တဲ့ အိန္ဒိယမြေပေါ်မှာ မိခင်အမျိုးသမီးတွေရဲ့ အကြိမ်ကြိမ်အစာငတ်ခံဆန္ဒပြတောင်းဆိုမှုတွေကတော့ လက်ရှိ အာဏာပိုင်တွေရဲ့ လျစ်လျူရှု ခံနေရပါတယ်။
မနွေးနွေးနဲ့ မမျိုးမျိုးတို့လို မိခင်တွေရဲ့ ငိုရှိုက်သံတွေနဲ့အတူ “ အမြန်ဆုံး ကယ်တင်ပေးကြပါ” ဆိုတဲ့ တောင်းဆိုသံတွေဟာ အင်ဖာထောင်ရဲ့ နံရံတွေကြား ယနေ့တိုင် ရိုက်ခတ်ပျံ့လွင့်နေဆဲ ဖြစ်ပါတယ်။
You may also like these stories:
အင်ဖာထောင်မှ မြန်မာ ၃၈ဦး အိန္ဒိယ ပြန်လွှဲ
အင်ဖာထောင်တွင်း အစာငတ်ခံဆန္ဒပြသည့် မြန်မာများမှ ၂ဦး ဆေးရုံတင်ထားရ
အင်ဖာထောင်တွင်းမှ ကြမ်းတမ်းသော နေ့ရက်များ
အိန္ဒိယထောင်၌ အစာငတ်ခံဆန္ဒပြ မြန်မာအမျိုးသမီးများ ရိုက်နှက်ခံရ
မဏိပူရ်ပြည်နယ်ဘက်သို့ ခိုလှုံသူ မြန်မာများ ပြန်မောင်းထုတ်ခံရ














