နိုရိုဗိုင်းရပ်စ်လို့ခေါ်တဲ့ ဝမ်းလျောဖျားနာရောဂါ ကမ္ဘာမှာ ပြန်ခေါင်းထောင်လာချိန် မြန်မာနိုင်ငံမှာလည်း သူနဲ့ လက္ခဏာဆင်တဲ့ ကာလဝမ်း ရောဂါလို့ အများသိထားတဲ့ Cholera ခေါ် ဝမ်းပျက်ဝမ်းလျှောရောဂါဟာ လတ်တလော ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်ဒေသ တချို့၊ မန္တလေးမြို့နဲ့ ဧရာဝတီတိုင်း လပွတ္တာမြို့နယ်ဘက်က ကျေးရွာတချို့ မှာ ဖြစ်ပွားနေပါတယ်။
မြန်မာမှာ အခုလတ်တလောဖြစ်နေတဲ့ ဝမ်းလျှောဝမ်းပျက်ရောဂါဟာ ဗိုင်းရပ်စ်ကြောင့်လား၊ ဘက်တီးရီးယားကြောင့်လား သေချာမသိရ သေး သလို စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနကလည်း သတိပေးကြေညာတာမျိုးလည်း မရှိသေးပါဘူး၊ ဒါပေမယ့် အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ နယ်စပ်ဖြတ်ကျော် ကူးစက်မှုမဖြစ်အောင် ထိုင်းစစ်တပ်က နယ်စပ်တလျှောက် တင်းတင်းကြပ်ကြပ် စစ်ဆေးနေတာ၊ ထိုင်း ဆိပ်ကမ်း အာဏာပိုင်တွေက နယ်စပ်ဖြတ်ကျော် ကုန်တင်ယာဉ်မောင်းတွေရဲ့ တကိုယ်ရေ သန့်ရှင်းမှုကို တင်းကြပ်စွာ စစ်ဆေးနေ တာတွေ လုပ်နေ ပါတယ်။
ဒါ့အပြင် မြဝတီမြို့နဲ့ ကပ်လျှက်က မဲဆောက်မြို့နယ် ဒေသအာဏာပိုင်တွေဟာ ရောဂါဖြစ်ပွားမှုကို အနီးကပ်စောင့်ကြည့်နေပြီး တပ်ခ်ခရိုင် နယ်စပ်တလျှောက် ကျန်းမာရေးအသိပညာပေးတွေကို တက်တက်ကြွကြွ လုပ်ဆောင်နေသလို အိမ်နီးချင်း မြန်မာနိုင်ငံကိုလည်း ဝမ်းရောဂါ ဆေးပြား ၂၄,၀၀၀ နှင့် ကာကွယ်ဆေး အလုံးရေ ၁,၄၈၂ လုံးကို ပထမအသုတ် အကူအညီပေးထားပြီး လာမည့်အပတ်မှာ နောက်ထပ် အလုံးရေ ၃,၅၀၀ ထပ်မံပေးပို့သွားမယ်လို့ သိရပါတယ်။
ဒီအရေအတွက်ဟာ ဝမ်းရောဂါကို ၆ လတိုင် ထိရောက်စွာ ကာကွယ်ပေးနိုင်တယ်လို့ ထိုင်းကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်သလို ကရင်ပြည်နယ် ရွှေကုက္ကိုဒေသကစတဲ့ လူ ၂ဦးသေဆုံးရတဲ့ ဝမ်းရောဂါဟာ ထိုင်းဘက်ခြမ်းပါ ကူးစက်လာတာကြောင့် ထိုင်း- မြန်မာ နယ်စပ် တလပိတ်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပြန်ပါတယ်။

မြန်မာနိုင်ငံတွင်းက ဧရာဝတီတိုင်း လပွတ္တာမြို့နယ်အပါအဝင် ရွာအချို့မှာလည်း ဒီဇင်ဘာလအတွင်း ဝမ်းရောဂါလူနာ ပိုမိုတိုးပွား လာတယ်လို့ ဒေသခံတွေက ဆိုပါတယ် အဓိကအကြောင်းအရင်းကို မသိရသေးပေမယ့် အိမ်သာတွေကတဆင့် ကူးစက်ပျံ့ပွားတယ်လို့ အဲဒီဒေသက လူမှုကူညီရေးအသင်းတွေရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မန္တလေးမြို့က ရပ်ကွက်တချို့မှာလည်း ဝမ်းရောဂါဖြစ်ပွားသူများပြားနေပြီး ပြည်သူတဦးက “ရပ်ကွက်ထဲလည်း တယောက်စ နှစ်ယောက်စနဲ့ ဝမ်းတွေသွားကြတာ အခုဆို အယောက်ရေ စိပ်နေပြီ။ အစာလေးနည်းနည်း မှားတာနဲ့ ဝမ်းတန်းပျက်ပြီး လုံးဝမနိုင်ဘဲ ဆေးရုံတွေရောက်ကြတာ။ ဆေးရုံက ဆင်းလာတဲ့ အသိတယောက်ဆို ဝမ်းရောဂါက ပျောက်သွားပါရဲ့ သောက်ရတဲ့ဆေးတွေကြောင့် ကျောက်ကပ်ပျက်စီးသွားပြီ။ နောက်ဆက်တွဲ ရောဂါပါ ကြောက်ရတယ်”လို့ သူရဲ့လူမှုကွန်ရက် စာမျက်နှာမှာ မျှဝေထားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၄ ဇွန်လ ၂၄ ရက်မှ ဩဂုတ်လ ၂၅ ရက်အထိ ဝမ်းရောဂါကြောင့် ရန်ကုန် မှာ လူ ၃,၄၂၃ ဦး ဆေးရုံတင်ခဲ့ရတယ်လို့ ဆိုထားပြီး စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက မန္တလေးတိုင်း ၁၁ မြို့နယ်မှာ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ထိန်းချုပ် ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး ကာကွယ်ဆေး တိုက်ကျွေးမှုတွေ လုပ်ဆောင် နေ တယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလက ထုတ်ပြန်ထားပါတယ်။
နိုင်ငံရဲ့ ဒေသအသီးသီးမှာ ဝမ်းရောဂါ အစုလိုက်အပြုံလိုက်ဖြစ်နေပေမယ့် ရောဂါဖြစ်ရတဲ့ အဓိကအကြောင်းအရင်း ခိုင်ခိုင်လုံလုံကို အခုထိ မသိရှိရသေးသလို ဖြစ်ရတဲ့အကြောင်းရင်းတွေကလည်း တနေရာနဲ့တနေရာ မတူညီနိုင်တာကြောင့် ဘာကြောင့်ဆိုတာ ရေရေရာရာ ကောက်ချက်ချဖို့လည်း အခက်အခဲရှိနေပြန်ပါတယ်။
အဓိကတော့ လတ်တလော ခေတ်စားနေတဲ့ နိုရိုဗိုင်းရပ်စ်ကြောင့်လား၊ ဘက်တီးရီးယားတွေကြောင့်လားဆိုတာကို သိဖို့ အရေးကြီးပါ တယ်။ ဒါမှသာ ထိရောက်တဲ့ ကုသနည်းတွေ ပေးနိုင်မှာဖြစ်ပြီး ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ဝမ်းရောဂါကို ပိုးသတ်ဆေးတွေသုံးပြီး ကုသမယ် ဆိုရင်တော့ အဟောသိကံ ဖြစ်သွားနိုင်ပါတယ်။

ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ဝမ်းရောဂါ
လူမှုကွန်ရက် စာမျက်နှာတွေမှာ ခေတ်စားနေတဲ့ နိုရိုဗိုင်းရပ်စ်ကို အစာအိမ်တုပ်ကွေးလို့ တင်စားခေါ်ဝေါ် ကြပါတယ်။ ရောဂါပြင်းထန်မှု အပိုင်းမှာတော့ ဘက်တီးရီးယားကဖြစ်တဲ့ ဝမ်းရောဂါလောက် မပြင်းထန်တာကြောင့် အများသိထားသလို စိုးရိမ်စရာတော့ မလိုပါ ဘူး။ ဒါ့ပြင် ဒီဗိုင်းရပ်စ်ဟာ ၁၉၆၈ ခုနှစ်ကတည်းကတွေ့ရှိခဲ့တဲ့ ဗိုင်းရပ်စ်ဖြစ်တာကြောင့် အများထင်သလို ကိုဗစ်လို ပိုးအသစ်လည်း မဟုတ်ပါဘူး။ နှစ်တိုင်း ကမာ္ဘတစ်ဝှမ်းမှာ လူသန်းနဲ့ချီပြီး ဖြစ်တတ်တဲ့ ရောဂါတစ်ခုပါ။
နိုရိုဗိုင်းရပ်စ်ဟာ အေးတဲ့ရာသီမှာ ပိုမိုပေါက်ပွားနိုင်သလို ဝမ်းရောဂါဖြစ်ဖို့ ပိုးကောင်ရေ နည်းနည်းပဲ လိုအပ်တာကြောင့် လူတယောက် ကနေ တယောက်ဆီ အလွယ်တကူ ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် မိုးအကုန် ဆောင်းအကူး အခုလိုကာလတွေမှာ ကူးစက်မှု ကျယ် ကျယ်ပျံ့ပျံ့ဖြစ်နိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးရှိတဲ့သူနဲ့ ထိတွေ့ကိုင်တွယ်တာတွေအပြင် အများသုံးပစ္စည်းတွေ၊ မီးဖိုချောင် သုံးပစ္စည်းတွေ ကနေလည်း ကူးစက်နိုင်သလို လေကနေတဆင့်ပါ ကူးစက်ပျံ့နှံ့နိုင်ပါတယ်။
ရောဂါ လက္ခဏာတွေအနေနဲ့ရုတ်တရက် အန်တာ၊ ဝမ်းလျှောတာ၊ ဗိုက်နာတာ၊ ကိုယ်လက်ကိုက်ခဲတာ၊ ချမ်းတုန် ဖျားတာတွေ ဖြစ်ပါ တယ်။ ဒါပေမယ့် ဒီဗိုင်းရပ်စ်ကြောင့် ဝမ်းလျှောရင်တော့ စိုးရိမ်နေစရာမလိုဘဲ ရောဂါအခြေအနေဟာ အများအားဖြင့် ၁ ကနေ ၃ ရက် အတွင်း ပျောက်ကင်းသွားလေ့ ရှိပါတယ်။
ဘက်တီးရီးယားကြောင့်ဖြစ်သော ဝမ်းရောဂါ
ကာလဝမ်းရောဂါလို့ အများကခေါ်ဆိုတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ဗီဘီရိုကော်ရီလေး(Vibrio Cholerae) ဘက်တီးရီးယားကြောင့် အဓိကဖြစ်ပွားတာဖြစ်ပြီး ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ဝမ်းရောဂါထက် ပိုမို ပြင်းထန်လေ့ရှိပါတယ်။ ညစ်ညမ်းတဲ့ရေ၊ စားအသောက်တွေကို စားရင်းကတဆင့် ကူးစက်တတ်ပါတယ်။ အဓိက လက္ခဏာအနေနဲ့ ဆန်ဆေးရည်အရောင် ဝမ်းမကြာခဏသွားခြင်းဖြစ်ပြီး ရေဓာတ်ခန်း ခြောက်တာ အလျင်အမြန် ဖြစ်တတ်ပါတယ်။ ဘက်တီးရီးယားကြောင့် ဝမ်းရောဂါဖြစ်တယ်ဆိုတာသေချာရင်တော့ ပိုးသတ်ဆေးတွေနဲ့ သေသေချာချာ ကုသဖို့ လိုအပ်ပါတယ်။ (ဗိုင်းရပ်စ်ကြောင့်ဖြစ်ရင်တော့ ပိုးသတ်ဆေးနဲ့ ကုသလို့ မရနိုင်ပါ။)
ဝမ်းရောဂါ အဆင့် ၃ ဆင့်
နိုင်ငံတကာ ကျန်းမာရေးအဖွဲ့အစည်းတွေအနေနဲ့ ဝမ်းရောဂါဖြစ်ပွားမှုကို အဆင့် ၃ ဆင့် ခွဲခြားထားပါတယ်။
၁။ ချက်ချင်းပြင်းထန်အဆင့် (Acute Stage)
၁ ရက်ကနေ ၂ ရက်အတွင်း ဝမ်းမကြာခဏသွားသောအဆင့်ဖြစ်ပြီး ကုသမှုပေးရန်မလိုဘဲ ချက်ချင်း ပျောက်ကင်းလေ့ ရှိပါတယ်။ နိုရိုဗိုင်းရပ်စ်ကြောင့်ဖြစ်သော ဝမ်းရောဂါကို ချက်ချင်း ပြင်းထန်အဆင့်အဖြစ် သတ်မှတ်နိုင်ပါတယ်။ (အများအားဖြင့် ရက်တိုတိုသာ ဖြစ်ပွားပြီး ပျောက်ကင်းခြင်းကို ဆိုလိုပါတယ်။)
၂။ ဆက်လက်ဖြစ်ပွားသော အဆင့် (Persistent Stage)
၂ ပတ် မှ ၄ ပတ်အထိ ကြာမြင့်တဲ့ အဆင့်ဖြစ်ပြီး ရောဂါလက္ခဏာများ ဆက်လက်ဖြစ်ပွားဆဲအဆင့်ဖြစ်ပါတယ်။ ဒီအဆင့်မှာ ရေဓာတ် ဆုံးရှုံးမှု သိသိသာသာဖြစ်ပွားလေ့ရှိတာကြောင့် ဆေးရုံဆေးခန်းကို သွားသင့်ကြောင်း ဆရာဝန်များက တိုက်တွန်းထားပါတယ်။
၃။ နာတာရှည်အဆင့် (Chronic Stage)
၄ ပတ်ထက်ကျော်လွန်၍ ဝမ်းလျှောသောအဆင့်ဟာ နာတာရှည်အဆင့်ဖြစ်ပြီး အသက်အန္တရာယ်အတွက်အထူးစိုးရိမ်ရတဲ့အခြေအနေ ဖြစ်ပါတယ်။ ဘက်တီးရီးယားကြောင့်ဖြစ်သော ဝမ်းရောဂါအများစုဟာ ဆက်လက်ဖြစ်ပွားတဲ့အဆင့်နဲ့ နာတာရှည်အဆင့်ထိ ပြင်းထန်လေ့ ရှိပါတယ်။
ရောဂါ လက္ခဏာများ
ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဝမ်းရောဂါ နဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ဝမ်းရောဂါတွေရဲ့ ရောဂါလက္ခဏာတွေဟာ ခပ်ဆင်ဆင်ဖြစ်ပါ တယ်။ ရုတ်တရက် ဝမ်းအရည်ပျစ်သွားခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ဗိုက်နာခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ချမ်းတုန်ဖျားခြင်း (နိုရိုဗိုင်းရပ်စ် ဖြစ်ပါက)၊ ဆန်ဆေးရည် အရောင်ဝမ်းသွားခြင်း (ဘက်တီးရီးယားကြောင့်ဖြစ်ပါက)၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ရေဓာတ်ခမ်းခြောက်တာ တို့အပြင် လက္ခဏာများဖြစ်တဲ့တရက်ကို ၄ ကြိမ်အောက် ဆီးသွားနည်းခြင်း၊ အရေပြားတွန့်ခြင်း၊ မျက်လုံးချိုင့်ဝင်ခြင်း၊ နုံးချိခြင်း စတဲ့ လက္ခဏာတွေပါ ဖြစ်ပေါ်လေ့ရှိပါတယ်။

ကာကွယ်နည်းများ
ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ဝမ်းရောဂါအပါအဝင် တခြားကူးစက်ရောဂါတော်တော်များများကို အောက်ပါနည်းလမ်းတွေ လုပ်ဆောင်ခြင်းနဲ့ ကာကွယ်နိုင်ပါတယ်။
– ရေသန့်ကိုသာ သောက်သုံးခြင်း (ရေသန့်မရပါက ရေကို ကျိုချက်သောက်သုံးခြင်း)၊
– အစားအသောက်များကို အပူချိန်မြင့်မြင့်ဖြင့် သေချာကျက်အောင် ချက်ပြုတ်ခြင်း၊
– အသားငါးစိမ်းများကိုင်တွယ်ပြီးပါက လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောခြင်း၊
– စားသောက်ဆိုင်ရွေးချယ်ရာတွင် သန့်ရှင်းမှုကို ဦးစားပေးခြင်း၊
– ကိုယ်တိုင်ဝမ်းလျှောနေသူများနှင့် ထိတွေ့ပြီးပါက လက်ကို သေချာဆေးကြောခြင်း၊
– မိလ္လာစနစ်နဲ့ အိမ်ပတ်ဝန်းကျင် ရေဆိုးစနစ်ကောင်းမွန်အောင် လုပ်ဆောင်ခြင်းတို့ ဖြစ်ပါတယ်။
ကုသနည်းများ
ဝမ်းရောဂါ ဖြစ်ပွားတဲ့အခါ အများအားဖြင့် အိမ်တွင်း ကုသနည်းတွေနဲ့တင် သက်သာပျောက်ကင်းလေ့ရှိသလို ပြင်းထန်အဆင့်ထိ ရောက်သွားခဲ့ရင်တောင် အိမ်တွင်း စနစ်တကျကုသမယ်ဆိုရင် အသက်အန္တရာယ်ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။
အိမ်တွင်းကုသမှုတွေအနေနဲ့ ဓာတ်ဆားရည်သောက်သုံးခြင်း၊ ရေများများသောက်ခြင်း၊ အိပ်ရေးဝအောင်အိပ်ပြီး အနားယူခြင်း၊ အာဟာရရှိ သော အစားအစာများစားခြင်းတို့ လုပ်ဆောင်နိုင်ပါတယ်။
အကယ်၍ ဝမ်းသွားတာ မရပ်တန့်ခြင်း၊ ဆက်တိုက်အန်ခြင်း၊ ရေဓာတ်ခမ်းခြောက်လက္ခဏာများ ပြင်းထန်လာခြင်း၊ သွေးဝမ်းသွားခြင်းနဲ့ အဖျားကြီးခြင်းတို့ ဖြစ်ပေါ်လာပါက နီးစပ်ရာ ဆေးရုံဆေးခန်းတွေမှာ အမြန်ဆုံး တက်ရောက်ကုသသင့်ပါတယ်။
ဝမ်းရောဂါ ဖြစ်ပွားတဲ့အခါ ရေဓာတ်ခမ်းခြောက်ခြင်းဟာ အသက်အန္တရာယ်ရှိနိုင်တဲ့အတွက် အထူးသတိထားရမယ့် အချက်ဖြစ်ပါတယ်။ ဒါ့ပြင် လက်ရှိအခြေအနေမှာ ရောဂါကုသရင်း နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေပါဖြစ်နေတာကြောင့်တတ်နိုင်သမျှ ကြိုတင် ကာကွယ်ဖို့ အရေးကြီးပြီး ရောဂါဖြစ်ပွားလာရင်လည်း အချိန်မဆိုင်းဘဲ ဆေးကုသမှု ခံယူသင့်ပါတယ်။
ဝမ်းရောဂါဟာ အသက်အန္တရာယ်ထိခိုက်နိုင်တာကြောင့် နာတာရှည်အဆင့်သို့ မရောက်မီ ဆေးကုသမှု ခံယူသင့်ပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အို၊ ကလေးငယ်၊ ကိုယ်ဝန်ဆောင်နှင့် ရောဂါအခံရှိသူများအနေနဲ့ ဆောလျင်စွာ ဆေးကုသမှုခံယူရန် အထူးအရေးကြီး ပါတယ်။
စောအောင်ထွန်းသည် ဆေးပညာ နှင့် ဇီဝဆေးသိပ္ပံ ပညာရပ်များကို ထိုင်းနိုင်ငံတွင် အထူးပြု လေ့လာနေသူတဦးဖြစ်သည်။
You may also like these stories:
ရွှေကုက္ကိုလ် ဝမ်းရောဂါကြောင့် အရေးပေါ်ကာကွယ်မှု ထိုင်းပြုလုပ်
မြောင်တွင် ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှောနှင့် တုပ်ကွေး ဖြစ်ပွားနေ
ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ










