နာရီ၊ နေ့ရက်များ ရပ်တန့်မရသည့်အတွက် ၂၀၂၄ ခုနှစ်ကို နှုတ်ဆက်ရပါမည်။ သို့သော် မြန်မာ့နိုင်ငံရေး၊ မြန်မာ့တော်လှန်ရေး၊ မြန်မာပြည်၏ ရုန်းကန်ရမှုသည် မရပ်တန့်ပါ။ တနှစ်တာအတွင်း တနေ့တမျိုး မရိုးရအောင် အပြောင်းအလဲများစွာ ဖြစ်ပျက်ခဲ့ပါသည်။
ဧရာဝတီ သတင်းဌာနအနေဖြင့်လည်း ရှုထောင့် မျိုးစုံ၊ အဖြစ်အပျက် မျိုးစုံကို တင်ပြခဲ့၊ လေ့လာသုံးသပ် ရေးသား ရိုက်ကူး တင်ဆက်ခဲ့ပါသည်။ ၂၀၂၄ ခုနှစ်သည် ထူးခြားသောနှစ်ဖြစ်ပါသည်။ စစ်ကောင်စီဘက်မှ စစ်တိုင်းဌာနချုပ်များကျခြင်း၊ ဗိုလ်မှူးချုပ်မှသည် ဗိုလ်ချုပ်အဆင့်အထိ ကျဆုံး၊ လက်ရဖမ်းမိ၊ အာဆီယံမှသည် အမေရိကန်အထိ နိုင်ငံခြားရေးမူဝါဒများ အပြောင်းလဲ၊ ကုန်ဈေးနှုန်းမှသည် ပွင့်လင်းမြင်သာမှု မရှိသည့် သန်းခေါင်စာရင်းကောက်ခံမှု၊ စစ်မှုထမ်းဥပဒေအထိ အလွန်ပင် အလှုပ်အရမ်း များလှပါသည်။
ထို့ထက် ပိုဆိုရလျှင် တော်လှန်ရေးတပ်ဖွဲ့များ၏ နည်းပညာ တိုးတက်မှု၊ စစ်ခေါင်းဆောင်၏ စစ်ရှုံးမှုများကို ဖုံးကွယ်ရန် ပွဲတော်ခင်းနေမှု၊ ပြည်သူလူထု၏ တောင့်ခံနိုင်သော အာခံမှု၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ၏ အလျှော့မပေးစတမ်း တော်လှန်မှု၊ နယ်မြေထိန်းချုပ်မှုများကို နိုင်ငံတကာသုတေသီများ၊ သတင်းသမားများပင် အလျင်မီအောင် ကြိုးစားလေ့လာရသည်အထိ ပြောင်းလဲမှု မြန်ဆန်လှပါသည်။
ထိုအဖြစ်အပျက်၊ လူပုဂ္ဂိုလ်၊ လှုပ်ရှားမှုများနှင့် ပတ်သက်၍ ၂၀၂၄ ခုနှစ် တနှစ်တာအတွင်း ထူးခြားထင်ရှားသူများနှင့် အဖွဲ့အစည်းများကို ဧရာဝတီ သတင်းဌာနက ရွေးချယ်ဖော်ပြအပ်ပါသည်။
ဗိုလ်ချုပ် ထွန်းမြတ်နိုင်နှင့် အောင်ပွဲဆက်နေသည့် AA တပ်တော်

“Arakan Dream (ရက္ခိုင့်အိပ်မက်) ကတော့ တော်တော်လေးတော့ ခရီးရောက်လာခဲ့ပါပြီလို့” ဟု ဧရာဝတီနှင့် သီးသန့်အင်တာဗျူးတွင် အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ပြောခဲ့သကဲ့သို့ ယခုဆိုလျှင် AA အနေဖြင့် ပန်းတိုင်ဆီ နီးကပ်လာပြီဟု ပြော၍ရသည့် အနေထားတခုဆီ ရောက်ရှိလာပါသည်။
ဝါရင့်လက်နက်ကိုင်အဖွဲ့တဖွဲ့ မဟုတ်ခဲ့သော်လည်း လက်နက်အင်အား၊ လူအင်အား ခိုင်မာတောင့်တင်းအောင် အချိန်တိုအတွင်း ဖြည့်ဆည်းနိုင်ခဲ့ပြီး ဗျူဟာကျကျ စစ်ဆင်ရေးများ ဆင်နွှဲနိုင်သည်ကို ကြည့်ခြင်းအားဖြင့် ဦးဆောင်သူ၏ အမြော်အမြင်ကို ခန့်မှန်း သိရှိနိုင်ပါသည်။
ဝါရင့်လက်နက်ကိုင်အဖွဲ့တဖွဲ့ မဟုတ်ခဲ့သော်လည်း လက်နက်အင်အား၊ လူအင်အား ခိုင်မာတောင့်တင်းအောင် အချိန်တိုအတွင်း ဖြည့်ဆည်းနိုင်ခဲ့ပြီး ဗျူဟာကျကျ စစ်ဆင်ရေးများ ဆင်နွှဲနိုင်သည်ကို ကြည့်ခြင်းအားဖြင့် ဦးဆောင်သူ၏ အမြော်အမြင်ကို ခန့်မှန်း သိရှိနိုင်ပါသည်။
AA ဗိုလ်ချုပ် ထွန်းမြတ်နိုင်သည် လက်နက်ကိုင်တော်လှန်ရေးကို မစခင် စစ်တွေတက္ကသိုလ်တွင် ဥပဒေတန်း အဝေးသင်တက်နေခဲ့ပြီး ရန်ကုန်မြို့၌ ဧည့်လမ်းညွှန်တဦးအဖြစ် လုပ်ကိုင်ခဲ့သလို ရခိုင်အမျိုးသားရေး လှုပ်ရှားမှုများ လုပ်ကိုင်ကြသည့် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) ထဲတွင်လည်း ပါဝင်လှုပ်ရှားခဲ့သည်။
ထို့နောက် ၂၀၀၆ ခုနှစ်တွင် ကချင်ပြည်နယ်၊ လိုင်ဇာမြို့သို့ ရောက်ရှိလာပြီး လက်နက်ကိုင်တပ်ဖွဲ့ တည်ထောင်မည့် အိပ်မက်အတိုင်း ရခိုင်လူငယ်များကို စုစည်းပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထံ စစ်သင်တန်းတက်ခဲ့သည်။
၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်တွင် KIA အကူအညီဖြင့် ရခိုင်လူငယ် ၂၆ ဦးနှင့် AA ကို စတင် တည်ထောင်ဖွဲ့စည်းခဲ့သည်။
၂၀၁၁ ခုနှစ်က ဖြစ်ပွားသော ကချင်တိုက်ပွဲ၊ ၂၀၁၅ ခုနှစ် ရှမ်းမြောက်တိုက်ပွဲများတွင် AA ဝင်ရောက် တိုက်ခိုက်ပေးရင်း ထိခိုက်ဆုံးရှုံးမှုများရှိခဲ့သလို စစ်ရေးအတွေ့အကြုံ နည်းဗျူဟာများလည်း ရရှိခဲ့သည်။ အဖွဲ့ရပ်တည်ရေးအတွက် ငွေရှာရသလို ရခိုင်မြေကို ပြန်အခြေချနိုင်ရေးအတွက် ၁၀ နှစ်တာအတွင်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်အနေဖြင့် ကြိုးပမ်းခဲ့သည်။
ယခင်က AA အနေဖြင့် ရခိုင်မြေတွင် ခြေမချနိုင်ခဲ့ဘဲ ကချင်ဒေသမှာသာ အခြေစိုက်ထားသောကြောင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးခွင့်မရဘဲ ချန်လှပ်ခံခဲ့ရသည်။
ယခု AA သည် ဖွဲ့စည်းခဲ့သည့် ၂၀၀၉ ခုနှစ်မှစ၍ ၂၀၁၇ ခုနှစ်ထိ စစ်တပ်ရော၊ အစိုးရပါ အသိအမှတ်ပြု မခံခဲ့ရသည့် AA အနေသည် ၁၅ နှစ်တာအတွင်း အင်အားကြီးအဖွဲ့တဖွဲ့အနေဖြင့် ရပ်တည်နိုင်ခဲ့ပြီး သူဦးစီးသည့် စစ်ရေးမဟာမိတ်များ ဖွဲ့ထားနိုင်ခဲ့ပြီဖြစ်သည်။
၂၀၂၄ ခုနှစ်အတွင်း တမြို့ပြီးတမြို့ သိမ်းလာနိုင်ခဲ့သည့် AA ၏ အကြီးမားဆုံး အောင်ပွဲမှာ နှစ်မကုန်ခင် ဒီဇင်ဘာလအတွင်း ရခိုင်ပြည်နယ်၏ တိုင်းစစ်ဌာနချုပ် တခုလုံးကို အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဒီဇင်ဘာလ ၂၀ ရက်က အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း၊ တိုင်းဦးစီး ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကိုလည်း AA က လက်ရ ဖမ်းဆီးနိုင်ခဲ့သည်။
အမ်း တိုင်းစစ်ဌာနချုပ် သိမ်းပိုက်နိုင်ခဲ့ခြင်းသည် စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်နေကြသည့် ကျန် တော်လှန်ရေးအင်အားစုများကို စိတ်ဓာတ်နိုးကြား တက်ကြွလာစေခဲ့သည်။ ၂၀၂၄ ခုနှစ် တနှစ်လုံး ရခိုင် တပြည်နယ်လုံးနီးပါး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် AA ၏နှစ်ဟုပင် ဆိုရမည်ဖြစ်သည်။
ယခုနှစ်အတွင်း AA ၏ ထိုးစစ်အရှိန် အမြင့်ဆုံးရောက်ခဲ့သလို ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မောင်တော၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်၊ ဂွနှင့် အမ်း မြို့အထိ သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ကျန်နေသေးသည့် စစ်ကောင်စီ ထိန်းချုပ်နိုင်သော မြို့များမှာ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်တို့သာ ရှိတော့ပြီး ထိုမြို့များတွင် တရုတ်နှင့် ဆက်စပ်သည့် စီမံကိန်းများလည်း များစွာရှိနေသောကြောင့် စစ်ကောင်စီအနေဖြင့် အသည်းအသန် ခုခံကာကွယ်နေရသည့် အနေအထားကို တွေ့ရသည်။
၂၀၂၅ ခုနှစ်အတွင်း AA သည် ကျန်နေသေးသည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်အပြင် မကွေးတိုင်းနှင့် ဧရာဝတီတိုင်းများကိုပါ ၎င်း၏မဟာမိတ်များနှင့်အတူ ရှမ်းမြောက်နှင့် ကချင်မှာကဲ့သို့ စစ်ဆင်ရေးများ လုပ်လာမည်လားဆိုသည်ကို စောင့်ကြည့်နေရပြီ ဖြစ်သည်။
စစ်ရှုံးနေသော်လည်း ပွဲတက်မပြတ်သည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ပလောင် တို့ကို လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်၍ နိုင်ငံရေးစားပွဲဝိုင်းသို့ ဝင်ရောက်ကာ ငြိမ်းချမ်းစွာ ဖြေရှင်းလိုသည်ဟု စစ်ရှုံးနေသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီဇင်ဘာလ ၁၅ က ကျရောက်သည့် နှစ် ၅၀ ပြည့် ရွှေရတုအထိမ်းအမှတ် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြခဲ့သည်။
ထိုသို့ပြောကြားနေသော်လည်း AA ၏ ထိုးစစ်ကြောင့် ရခိုင်ပြည်နယ်တွင်း စစ်မျက်နှာတွင် ဆက်တိုက် ရှုံးနိမ့်မှုများနှင့်သာ ကြုံနေရပြီး ၁၉၇၂ ခုနှစ် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကို စနစ်တကျ ကွပ်ကဲနိုင်ရန် ဖွဲ့စည်းခဲ့သည့် စစ်တိုင်းကြီးများအနက် ၅၂ နှစ်အတွင်း စစ်တိုင်းကြီး နှစ်တိုင်းကို လက်လွှတ်ဆုံးရှုံးထားရသည်။
ထို့ပြင် မြန်မာနိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသည့် ရှည်လျားသော ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်းနယ်စပ်တလျှောက် နယ်စပ်မျဉ်း၏ ၉၀ ရာခိုင်နှုန်းခန့်ကို စစ်ကောင်စီက ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘဲ လက်လွှတ် ဆုံးရှုံးထားရပြီ ဖြစ်သည်။
စစ်ရှုံးနေရချိန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အခမ်းအနား ပွဲလမ်းသဘင်များကို တက်ရောက်လိုသည့် “ပွဲကြိုက်မောင်” လည်းဖြစ်ရာ မြောက်ပိုင်းမဟာမိတ်ညီနောင် သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးမှ စတင်ကာ စစ်ရှုံးမှုများ ဆက်တိုက် ကြုံနေရသည့်တိုင် ပွဲလမ်းသဘင် အခမ်းအနားများသို့ ကိုယ်တိုင်လည်းတက်ပြီး စစ်ကောင်စီ ဝန်ကြီးအဖွဲ့များကိုပါ ပွဲတက်ခိုင်းလေ့ရှိသည်။
ထိုသို့ စစ်ရှုံးနေရချိန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အခမ်းအနား ပွဲလမ်းသဘင်များကို တက်ရောက်လိုသည့် “ပွဲကြိုက်မောင်” လည်းဖြစ်ရာ မြောက်ပိုင်းမဟာမိတ်ညီနောင် သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးမှ စတင်ကာ စစ်ရှုံးမှုများ ဆက်တိုက် ကြုံနေရသည့်တိုင် ပွဲလမ်းသဘင် အခမ်းအနားများသို့ ကိုယ်တိုင်လည်းတက်ပြီး စစ်ကောင်စီ ဝန်ကြီးအဖွဲ့များကိုပါ ပွဲတက်ခိုင်းလေ့ရှိသည်။
ထိုသို့ ပြုလုပ်နေရခြင်းမှာ စစ်အင်အားအများအပြား၊ နယ်မြေအပြား ဆုံးရှုံးနေမှုကို ဖုံးကွယ်ပြီး စစ်ကောင်စီက တိုင်းပြည်အခြေအနေ အရပ်ရပ်အားလုံးကို ထိန်းချုပ်ထားနိုင်ပြီး တိုင်းပြည် တည်ငြိမ်အေးချမ်း နေသယောင် ပုံရိပ်ကို ပြသလို၍ ဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် အခြေစိုက်ထားသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ဩဂုတ် ၃ ရက်နေ့က MNDAA နှင့် တပ်ပေါင်းစုမဟာမိတ်များက အပြည့်အဝ ထိန်းချုပ်ခဲ့စဉ်ကလည်း ဆိုကရေးတီး ပြိုင်ပွဲကို ပြုလုပ်ပြီး ညစဉ် ပွဲကြည့်မပျက်ခဲ့ပေ။
ဒီဇင်ဘာလ ၇ ရက်နေ့က ပြုလုပ်သည့် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်နေချိန် ရခိုင်ပြည်နယ်၊ မောင်တော မြို့သူကြီးရှိ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၅) ကို AA က သိမ်းပိုက်ကာ မောင်တောတမြို့နယ်လုံးကို ထိန်းချုပ်နိုင်ခဲ့သလို ဒီဇင်ဘာလ ၂၀ ရက်နေ့ အမျိုးသားအားကစားပွဲတော် ပိတ်ပွဲကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်နေချိန်သည်လည်း ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ် (နပခ) ကျဆုံးခဲ့ချိန် ဖြစ်သည်။
ယခုအခါ မြို့ပေါင်း ၉၁ မြို့၊ စစ်တိုင်း နှစ်တိုင်း အပါအဝင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တခု၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) လေးခု အပါအဝင် ခြေလျင်၊ ခြေမြန်၊ အမြောက်၊ လေကြောင်းရန်ကာကွယ်ရေး၊ ဆက်သွယ်ရေး၊ ထောက်ပို့၊ စစ်မြေပြင်အင်ဂျင်နီယာ၊ ဝန်တင်တပ်ရင်း အစရှိသည့် တပ်ရင်းတပ်ဖွဲ့ ဌာနချုပ်များ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့များ၊ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်များ စုစုပေါင်း ၁၄၀ ခန့်သည် မြန်မာစစ်တပ် စစ်အင်္ဂါစဉ်အတွင်းမှ ပျောက်ကွယ်သွားပြီဟု စစ်ရေးလေ့လာသူများ၏ သုံးသပ်ချက်များအရ သိရသည်။
ထိုသို့ စစ်ရှုံးနေသော်လည်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် လက်ရှိအချိန်အထိ သမ္မတ ဖြစ်ရေး ကြိုးပမ်းနေဆဲဖြစ်ရာ တရုတ်နိုင်ငံ၏ ထောက်ခံမှု၊ တရုတ်အားကိုးဖြင့် လာမည့် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲလုပ်ရန် ပြင်ဆင်နေလျက်ရှိသည်။ တရုတ်နိုင်ငံကလည်း ရွေးကောက်ပွဲနှင့်ပတ်သက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်သော်လည်း ရွေးကောက်ပွဲတွင် သက်ဆိုင်သူများ အားလုံး ပါဝင်နိုင်သည့် ရွေးကောက်ပွဲဖြစ်စေရေး တိုက်တွန်းထားသည်။
ထိုသို့သော အခြေအနေတွင် တရုတ်နိုင်ငံဘက်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် လာရောက်တွေ့ဆုံမှုများလည်း ရှိရာ ဇန်နဝါရီလ ၅ ရက်နေ့က တရုတ်နိုင်ငံခြားရေး ဒုတိယဝန်ကြီး မစ္စတာ စွန်းဝေတုန်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ယူနန်ပြည်နယ်၊ ဒုတိယ ပါတီအတွင်းရေးမှူးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ဝမ် ယုဘို၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းသည် ဧပြီလ ၁ ရက်နှင့် ဩဂုတ်လ ၈ ရက်နေ့၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ၊ နိုဝင်ဘာလ ၅ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး မစ္စတာ ဝမ်နင်တို့ မြန်မာနိုင်ငံသို့ လာရောက်တွေ့ဆုံခဲ့ကြသည်။
ထို့အတူ တရုတ်နိုင်ငံ၏ ဖိတ်ခေါ်မှုအရ အာဏာသိမ်းပြီး လေးနှစ်ကြာမှ ပထမဦးဆုံးအကြိမ် ပြည်ပခရီးစဉ်အဖြစ် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ နိုဝင်ဘာလ ၆ ရက်နှင့် ၇ ရက်တို့တွင် ပြုလုပ်ခဲ့သည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ ၁၀ ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေး (ACMECS)၊ ၁၁ ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-ဗီယက်နမ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး (CLMV) များသို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခဲ့သည်။
ထိုသို့ တရုတ်နိုင်ငံ၏ အကူအညီများကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်နှစ်သစ်ကူးနေ့ကို မြန်မာနိုင်ငံ၏ တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့သည်။
စစ်တက္ကသိုလ်ကျောင်းဆင်းများမှ ပထမဆုံး ကာကွယ်ရေးဦးစီးချုပ်ဖြစ်သည့် မင်းအောင်လှိုင် လက်ထက် စစ်ရှုံးမှုများနှင့်အတူ ၂၀၂၄ ခုနှစ်အတွင်း စစ်တိုင်းကြီး နှစ်တိုင်းအထိ လက်လွှတ်ဆုံးရှုံးခဲ့ရမှုများကို စစ်တပ်အသိုင်းအဝိုင်းနှင့် စစ်တပ်ထောက်ခံသူ စစ်တပ်လော်ဘီ၊ အစွန်းရောက် မဘသများကပါ ဝေဖန်မှုများ ပြလုပ်လာကြကာ အယုံအကြည် မရှိတော့ဘဲ လူစားလဲရန်အထိ တောင်းဆိုခြင်းများ ပြုလုပ်လာကြသည်။
ထို့အတူ ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) သို့ ICC ၏ ရှေ့နေချုပ် ကာရင်မ် ခန်းက တရားရုံးတွင် လျှောက်ထားခဲ့သည်။
သွားနှင့် ခံတွင်း ဆရာဝန်မှ မန္တလေး PDF တပ်မှူးတဖြစ်လဲ ဒေါက်တာ စိုးသူရဇော်

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY–PDF) သည် စစ်တပ်က အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း နိုင်ငံအနှံ့ ဖြစ်ပေါ်ခဲ့သည့် လူထုဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြသည့် လူငယ်တချို့ စစ်ကောင်စီ၏ မတရားဖိနှိပ်ချုပ်ချယ်မှုအပေါ် လက်မခံနိုင်ကြသည့်အဆုံး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်တွင် လက်နက်ကိုင်တော်လှန်ရေး စတင်ရန် ဆုံးဖြတ်ခဲ့ကြရာမှ နွေဦးတော်လှန်ရေး၏ သပိတ်အင်အားစုများမှ ပေါက်ဖွား ပေါ်ပေါက်လာခြင်းဖြစ်သည်။
လက်နက်ကိုင်တော်လှန်ရေး စတင်ရန် ဆုံးဖြတ်ခဲ့ကြရာမှ ပေါ်ပေါက်လာသည့် မန္တလေး PDF သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် တည်ရှိပြီး ပလောင် (တအာင်း) TNLA ၏ ထိန်းချုပ်နယ်မြေဖြစ်သော နောင်ချိုမြို့နယ်တွင် စတင် အခြေတည်ကာ လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့ကြခြင်းဖြစ်သည်။
လက်နက်ကိုင်တော်လှန်ရေး စတင်ရန် ဆုံးဖြတ်ခဲ့ကြရာမှ ပေါ်ပေါက်လာသည့် မန္တလေး PDF သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် တည်ရှိပြီး ပလောင် (တအာင်း) TNLA ၏ ထိန်းချုပ်နယ်မြေဖြစ်သော နောင်ချိုမြို့နယ်တွင် စတင် အခြေတည်ကာ လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့ကြခြင်းဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၌ MNDAA၊ TNLA, AA ညီနောင်မဟာမိတ် သုံးဖွဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်တွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးတွင်လည်း မန္တလေး PDF ပါဝင်ခဲ့သည်။
ထို့နောက် ယခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနှင့်အတူ မန္တလေး PDF ဦးဆောင်၍ ရှမ်း/မန်း စစ်ဆင်ရေးကိုပါ ဖော်ဆောင်ခဲ့ရာ စဉ့်ကူးမြို့နယ်သည် စစ်ကောင်စီ ကင်းစင်သော မြို့နယ်တခုဖြစ်လာပြီး စဉ့်ကူးမြို့သည်လည်း မန္တလေး PDF က မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူသော မြို့အဖြစ် သမိုင်းမှတ်တမ်းတင်နိုင်ခဲ့သည်။
မန္တလေး PDF နှင့် TNLA ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၄ ရက်နေ့တွင် မိုးကုတ်မြို့အား အပြီးသတ် သိမ်းယူနိုင်ခဲ့ကာ မန္တလေး PDF ဆင်နွှဲနေသော စစ်ဆင်ရေးများတွင် တတိယမြောက် သိမ်းယူနိုင်ခဲ့သော မြို့ဖြစ်သလို ဇူလိုင်လ ၃၁ ရက်နေ့က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ မိုးမိတ်သည်လည်း စတုတ္ထမြောက် သိမ်းယူနိုင်ခဲ့သော မြို့ဖြစ်သည်။
လက်ရှိအချိန်တွင် သပိတ်ကျင်းမြို့နယ်၌ တခုတည်းသာ ကျန်ရှိတော့သည့် အမှတ် (၁၃) တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက) ကို မန္တလေး PDF, TNLA နှင့် မဟာမိတ်ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်လျက်ရှိသည်။
အလားတူ မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ ၁၀၁၄ လေကြောင်းရန် ကာကွယ်ရေးတပ် (အင်ကြင်းမြိုင်)၊ ဆည်တော်ကြီးတပ်စခန်းနှင့် တရုတ်ဖက်စပ်လုပ်ကိုင်နေသည့် အယ်လ်ဖာ ဘိလပ်မြေစက်ရုံ၊ ဖယောင်းတောင် ရွှေလုပ်ကွက်များ အပါအဝင် စစ်ကောင်စီ၏ တပ်စခန်း ၃၅ ခုအထိ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိအချိန်အထိ ထိန်းချုပ်ထားနိုင်ဆဲဟု သိရသည်။
မန္တလေး PDF အတွက် ထိုသို့သော အောင်မြင်မှုများ ရရှိနိုင်ရေး စစ်ဦးစီးအဖွဲ့ဝင်၊ စစ်ရုံးချုပ် (NUG/MOD)၊ လက်ရုံးတပ် တပ်မှူးတာဝန်များယူထားသော သွားနှင့် ခံတွင်း ဆရာဝန်တဦးဖြစ်သည့် ဒေါက်တာ စိုးသူရဇော်ကို ချန်လှပ်ထား၍ မရပေ။
“အာဏာမသိမ်းခင်အချိန်က သွားနှင့်ခံတွင်း ဆရာဝန်လုပ်တယ်၊ မာစတာတန်းတက်တယ်၊ အချိန်တန်ရင်တော့ အထူးကုဆရာဝန်ကြီး လုပ်မယ်ပေါ့၊ နိုင်ငံရေးကိုတော့ လုပ်ဖို့ရာအတွက် စိတ်ကူးကို မရှိဘူးပေါ့။ အာဏာသိမ်းလိုက်တော့ ထုံးစံအတိုင်းပဲ အာဏာသိမ်းတဲ့နေ့ကစပြီး ဝန်ထမ်းအိမ်ရာကနေ ထွက်ခဲ့တာပဲ။ အဲဒီတုန်းကတော့ CDM (အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု) ရယ် ဘာရယ်တော့ မရှိဘူး။ စိတ်ထဲမှာ တွေးတာတော့ ရိုးရိုးရှင်းရှင်းပဲ၊ ဒီကောင်တွေအောက်မှာတော့ အလုပ်မလုပ်နိုင်ဘူး၊ အဲဒီတော့ မာနပေါ့ဗျာ။ ဘာလဲဆိုတော့ ဒီလိုမျိုး နိုင်ငံအာဏာကို မတရားရယူလိုက်တဲ့ အခြေအနေက ကိုယ်ပေးလိုက်တဲ့ (ရွေးကောက်ပွဲ) မဲကို စော်ကားသလို ခံစားရတယ်။ ဒါ ကျနော်တို့ တိုက်ရိုက် စော်ကားသလို ခံစားရတယ်”ဟု ဒေါက်တာ စိုးသူရဇော်က ပြောသည်။
ဒေါက်တာ စိုးသူရဇော်သည် မိုးကုတ်ဇာတိဖြစ်ပြီ စစ်တပ် အာဏာမသိမ်းခင်က သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (မန္တလေး) တွင် ပြည်သူ့ဝန်ထမ်း သွားဆရာဝန်တဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
စစ်တပ်က အာဏာသိမ်းမှုကြောင့် CDM ပြုလုပ်ခဲ့သလို အခြားသူများလည်း CDM တွင် ပါဝင်ရန် စည်းရုံးခြင်းများလည်း လုပ်ဆောင်ခဲ့ကာ ကျန်းမာရေးမိသားစု (မန္တလေး) သပိတ်စစ်ကြောင်းတွင်လည်း သပိတ်ခေါင်းဆောင်အဖြစ် ရှေ့တန်းမှ ဦးဆောင် ပါဝင်ခဲ့သည်။
ထို့နောက် လက်နက်ကိုင်တော်လှန်ရေး လုပ်ဆောင်နိုင်ရန်အတွက် အခြေခံစစ်ပညာသင်တန်းကို KIA နယ်မြေတွင် တက်ရောက်ခဲ့ပြီး လက်ရှိတွင် မန္တလေး PDF ၌ စစ်ဦးစီးတာဝန်များကို ထမ်းဆောင်ကာ မန္တလေး PDF ၏ ထင်ရှားသည့် အောင်မြင်တိုးတက်မှုများအဖြစ် မန္တလေးတိုင်းအတွင်း၌ စစ်တပ်ကင်းစင်နယ်မြေများ ရရှိလာရေးအတွက် ဦးဆောင်ကြိုးပမ်းခဲ့သည်။
ယခုအခါ မန္တလေးတိုင်းအတွင်းမှ လွတ်မြောက်နယ်မြေများ၊ စိုးမိုးထိန်းချုပ်နယ်မြေများဖြစ်သည့် စဉ့်ကူး၊ မိုးကုတ်၊ သပိတ်ကျင်း၊ မတ္တရာဒေသများ၏ ကြားကာလအုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် မန္တလေး PDF နှင့်အတူ တော်လှန်ရေးအင်အားစုများက လုံခြုံရေး၊ ကာကွယ်ရေးတာဝန်များကို ပူးတွဲဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။
ဒေါက်တာ စိုးသူရဇော်သည် ဇီးပင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ်တွင် လူမျိုးရေး၊ ဘာသာရေး အစွန်းရောက် ဝါဒမှိုင်းများ သင်ကြားပို့ချနေကြောင်းကို ၂၀၁၈ ခုနှစ်အတွင်းက “ဇီးပင်ကြီး စစ်တမ်း” အမည်ဖြင့် ဖေ့စ်ဘုတ် လူမှုကွန်ရက်စာမျက်နှာထက်တွင် ဖွင့်ချရေးသားခဲ့သူလည်း ဖြစ်သည်။
နွေဦးတော်လှန်ရေးကို မြေတောင်မြှောက်ပေးခဲ့သူ KIA ဗိုလ်ချုပ်ကြီး ဒူကဘာခေါင်လွမ်း

တိုင်းပြည်အာဏာကို အဓမ္မရယူထားသည့် စစ်တပ်ကို စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ အရှက်တကွဲ ရှုံးနိမ့်စေခဲ့သော ထိုးနှက်ချက်များထဲတွင် ယခုနှစ်၌ တပြိုင်နက် ထိုးစစ်စတင်လိုက်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပင်မအမြစ်ဖြတ် စစ်ဆင်ရေးသည်လည်း တခုအပါအဝင် ဖြစ်သည်။
၂၀၂၄ ခုနှစ် တနှစ်တာအတွင်း ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ အချိန်ကိုက် ပေါ်ထွက်လာခဲ့သည့် ကချင်ပြည်နယ်ထဲမှ KIA ၏ ထိုးစစ် ၁၀ လတာအတွင်း စစ်တပ်စခန်း ကြီး၊ ငယ် စုစုပေါင်း ၃၀၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့သလို ပြည်နယ်ထဲက အရေးပါသော တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး အားလုံးနှင့် မြို့အချို့ကိုလည်း KIA က သိမ်းပိုက်ခဲ့သည်။
ရှမ်းပြည်မြောက်ပိုင်းတွင် စတင်သည့် ၁၀၂၇ စစ်ဆင်ရေး ကာလကတည်းက ရှမ်းမြောက်ဒေသတချို့တွင် စစ်ဆင်ရေးလုပ်ဆောင်နေသည့် KIA သည် ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့၌ ကြီးမားသောထိုးစစ်ကို တပြိုင်နက် စတင်ခဲ့ပြီး ဌာနချုပ် လိုင်ဇာကို ခြိမ်းခြောက်နေသည့် စစ်တပ်ဗျူဟာစခန်းကုန်းကြီးများနှင့် ဗန်းမော်- မြစ်ကြီးနား လမ်းတလျှောက်ရှိ စစ်တပ်စခန်းများကို အင်အားထောင်ချီ အသုံးပြု တပြိုင်နက် ထိုးစစ်ဆင်ခဲ့သည်။
KIA အတွက် သမိုင်းဝင်လောက်သည့် ထိုးစစ်ကြီးကို ထိုစဉ်က စစ်ဦးစီးချုပ်တာဝန်ယူထားသူ ဒုတိယ ဗိုလ်ချုပ်ကြီး ဒူကဘာခေါင်လွမ်းက ဦးဆောင်ခဲ့ခြင်းဖြစ်သည်။ သူနှင့် ခင်မင်းရင်းနှီးသည့် မိတ်ဆွေများက “ဗိုလ်ချုပ် ဂွတို” ဟုလည်း ချစ်စနိုး ခေါ်ဆိုကြသည်။
ဒု ဗိုလ်ချုပ်ကြီး ဒူကဘာခေါင်လွမ်းသည် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းဒေသများ ပါဝင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမှတ် ၁ စစ်ဒေသ၏ စစ်ဒေသမှူးအဖြစ်လည်း တာဝန်ယူ ဦးဆောင်ခဲ့သူဖြစ်သည်။ KIA ၏ ထိုးစစ်အစ သိမ်းပိုက်ရရှိခဲ့သော ရှေ့တန်းစစ်စခန်းများကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့်အတူ မြေပြင်ဆင်း စစ်ဆေးနေသည့် ပုံရိပ်များ ရေပန်းစားခဲ့သည်။
ဒု ဗိုလ်ချုပ်ကြီး ဒူကဘာခေါင်လွမ်းသည် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းဒေသများ ပါဝင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမှတ် ၁ စစ်ဒေသ၏ စစ်ဒေသမှူးအဖြစ်လည်း တာဝန်ယူ ဦးဆောင်ခဲ့သူဖြစ်သည်။ KIA ၏ ထိုးစစ်အစ သိမ်းပိုက်ရရှိခဲ့သော ရှေ့တန်းစစ်စခန်းများကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့်အတူ မြေပြင်ဆင်း စစ်ဆေးနေသည့် ပုံရိပ်များ ရေပန်းစားခဲ့သည်။
စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ရေးအတွက် အသက်ထက် စစ်ရေးကို ဦးစားပေးခဲ့သူ ဒု ဗိုလ်ချုပ်ကြီး ဒူကဘာခေါင်လွမ်းသည် ၂၀၂၄ ခုနှစ်၊ မေလ ၁၃ ရက်နေ့တွင် အသည်းရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။
ဒူကဘာခေါင်လွမ်း ကွယ်လွန်ခဲ့ခြင်းသည် ကချင်အမျိုးသားထုအတွက်သာမက မိမိတို့တိုင်းပြည်နှင့် လူထုတရပ်လုံးအတွက် ပြန်လည်အစားထိုးခြင်းငှာ မစွမ်းသာသော ဆုံးရှုံးမှုကြီးဖြစ်သည်ဟု NUG က ဝမ်းနည်းကြောင်း ထုတ်ပြန်သည်။
သူ၏ ဦးဆောင်မှုနှင့် ကြီးမားသော ထိုးစစ်ဆင်နွှဲနေသည့် KIA သည် လစ်လပ်သွားသော စစ်ဦးစီးချုပ်နေရာကို ဒုတိယ ဗိုလ်ချုပ်ကြီး ဝမ်းခန့်အောင်ဆိုင်းလာနှင့် အစားထိုးခဲ့ပြီး ထိုးစစ်များကို အရှိန်အဟုန်ဖြင့် ဆက်လက် ချီတက်ခဲ့ကာ အခုဆိုလျှင် ပြည်နယ်၏ ဒုတိယမြို့တော် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အခြေစိုက်ရာ ဗန်မော် မြို့သိမ်းစစ်ဆင်ရေးကို အပြင်းအထန် ဆင်နွှဲနေသည်။
KIA သည် ကချင်ပြည်နယ်၏ အဓိက နယ်စပ်ကုန်သွယ်ရေးဂိတ်များဖြစ်သည့် လွယ်ဂျယ်၊ ကန်ပိုက်တီ (ကံပိုင်တည်)၊ ပန်ဝါ စသည့် တရုတ်-မြန်မာနယ်စပ်တခုလုံးကို သိမ်းပိုက်ထားပြီး အပြီးအပိုင် သိမ်းပိုက်ထားသည့် မြို့များအနေဖြင့် ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ မိုးမောက်၊ လွယ်ဂျယ် တို့ကို သိမ်းပိုက်ထားပြီဖြစ်သည်။
မြို့သိမ်းတိုက်ပွဲဆင်နွှဲခြင်း မရှိသေးသည့် မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ ရွှေကူစသည့် မြို့နယ်များတွင်လည်း KIA ဦးဆောင်သော မဟာမိတ်တပ်များက စိုးမိုးထိန်းချုပ်နယ်မြေ တဖြည်းဖြည်း ပိုမိုကျယ်ပြန့်လာနေပါသည်။
ထို့ပြင် နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံချီ ရနိုင်သည့် သဘာဝသယံဇာတများဖြစ်သော မြေရှားသတ္တုထွက်ရှိရာ မိုးမောက်နှင့် ချီဖွေ၊ ဆော့လော်၊ ပန်ဝါဒေသ၊ ကျောက်စိမ်းနှင့် ရွှေထွက်ရှိရာ ဖားကန့်ဒေသ၊ ပယင်းနှင့် ရွှေတွင်းများရှိရာ တနိုင်းအနောက်ဘက်ခြမ်း ဒေသများကိုလည်း စိုးမိုးသိမ်းပိုက်ထားသည်။
လူထုထောက်ခံမှုနှင့်အတူ ဒေသတွင်း စစ်ရေးအောင်မြင်မှုများရနေသည့် KIA သည် ထိုးစစ်များရပ်တန့်ရန် တရုတ်၏ ဖိအားပေးမှုများကို အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ပြီး တရုတ်၏ နယ်စပ်ဂိတ်များအားလုံး ပိတ်ပစ်ကာ ဆေးဝါး၊ ရိက္ခာ၊ လောင်စာမှအစ ပိတ်ဆို့ဖြတ်တောက်မှုများကို ကြံ့ကြံ့ခံခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက်နေ့တွင် KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်အစိုးရ၏ ဖိတ်ကြားမှုဖြင့် ကူမင်းမြို့သို့ တပတ်ကြာ သွားရောက်ခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ဗဟိုအဖွဲ့ဝင် မစ္စတာ ဝူကန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့သည်။
KIA နှင့် တရုတ်ကြား နှစ်ဖက်ဆွေးနွေးစဉ်တွင်ပင် တရုတ်ဘက်က ပိတ်ပစ်ခဲ့သည့် နယ်စပ်ဂိတ်များကို တရုတ်ရော KIA ပါ နှစ်ဖက်လုံးက ပြန်ဖွင့်နိုင်ခဲ့ပြီး မြေရှားသတ္တု၊ ကျောက်မျက်တူးဖော်ရေးမှစ တစ်သျှူးငှက်ပျောနှင့် ပြောင်းအထိ နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှု ကိစ္စရပ်များကို ဒေသတွင်းအုပ်စိုးသူသစ် ဖြစ်လာသည့် KIA နှင့် ညှိနှိုင်းစကားပြောရတော့မည်ဖြစ်သည်။
လူထုတော်လှန်ရေး စကတည်းက ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို စစ်ပညာ လေ့ကျင့်သင်ကြားပေးရင်း စစ်အာဏာရှင် အမြစ်ပြတ်ရေးကို ဦးဆောင်တိုက်ပွဲဝင်နေ့သည့် KIA ၏ ပင်မအမြစ်ဖြတ် စစ်ဆင်ရေးကြီးသည် ကချင်ပြည်နယ်မှသည် စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်၊ ကသာ၊ ထီးချိုင့်စသည့် ဗမာအများစုနေထိုင်ရာ ဒေသများအထိ ဩဇာသက်ရောက်သည်။
စစ်ကောင်စီကို အရေးယူပိတ်ဆို့ရေး နှိုးဆော်နေသော CTUM အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်

နွေဦးတော်လှန်ရေး၏ ခုခံတော်လှန်မှုများထဲတွင် ယနေ့အချိန်အထိ အလုပ်သမားများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများက အရေးပါသည့်နေရာတွင် ရှိနေပြီး အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင်နေဆဲဖြစ်သည်။ ယခုလို ဆန့်ကျင်နေသည့်အထဲတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) အမှုဆောင် ကော်မတီဝင်များ၏ လှုပ်ရှားမှုများကလည်း နိုင်ငံတကာ စာမျက်နှာတွင် ထင်ရှားနေဆဲဖြစ်သည်။
၂၀၂၄ ခုနှစ် အောက်တိုဘာလ နောက်ဆုံးပတ်မှ နိုဝင်ဘာလဆန်းအထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ၏ ၃၂၅ ကြိမ်မြောက် အုပ်ချုပ်ရေးကော်မတီ အစည်းဝေးတွင် အလုပ်သမား၊ အလုပ်ရှင်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အဓမ္မ စစ်မှုထမ်းခိုင်းခြင်းကို ကျူးလွန်နေသည့် စစ်ကောင်စီအား ILO ၏ ပုဒ်မ ၃၃ ဖြင့် အရေးယူရန် အုပ်ချုပ်ရေးကော်မတီက ဆုံးဖြတ်လိုက်သည်။
ယခုကဲ့သို့ ပုဒ်မ ၃၃ အရ အလုံးစုံ စီးပွားရေးပိတ်ဆို့မှုနှင့် အရေးယူရေး အတည်ပြုရန် CTUM က နှိုးဆော်ခဲ့ခြင်းဖြစ်ပြီးဖြစ်ပြီး လာမည့် ၂၀၂၅ ခုနှစ်၊ ဇွန်လတွင်လုပ်မည့် ILO ညီလာခံတွင် အပြီးသတ် ဆုံးဖြတ်ချက်ချမည် ဖြစ်သည်။ ဤသည်မှာ အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားများအပေါ် လူ့အခွင့်အရေးတွေ ချိုးဖောက်နေသည့် စစ်ကောင်စီအား ဒုတိယအကြိမ် အရေးယူမှုလည်း ဖြစ်သည်။ ပြီးခဲ့သည့် အာဏာရှင်ဟောင်း ဦးသန်းရွှေ လက်ထက်က ပထမအကြိမ် အရေးယူမှုများ ပြုလုပ်ခဲ့သေးသည်။
စစ်တပ် အာဏာသိမ်းပြီးနောက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်မှ CTUM နုတ်ထွက်ခဲ့ပြီး CTUM ၏ အဖွဲ့ဝင်များနှင့် ခေါင်းဆောင်များ လမ်းမပေါ်ထွက် ဆန္ဒပြပွဲများတွင် ပြည်သူနှင့်အတူ ပါဝင်ခဲ့သလို ဤအဖွဲ့၏ ဗဟိုကော်မတီဝင် အားလုံးကိုလည်း စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခြင်း၊ ဖမ်းဆီးထောင်ချခြင်းများကို ဆက်တိုက် လုပ်ဆောင်နေသည်။
စစ်တပ် အာဏာသိမ်းပြီးနောက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်မှ CTUM နုတ်ထွက်ခဲ့ပြီး CTUM ၏ အဖွဲ့ဝင်များနှင့် ခေါင်းဆောင်များ လမ်းမပေါ်ထွက် ဆန္ဒပြပွဲများတွင် ပြည်သူနှင့်အတူ ပါဝင်ခဲ့သလို ဤအဖွဲ့၏ ဗဟိုကော်မတီဝင် အားလုံးကိုလည်း စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခြင်း၊ ဖမ်းဆီးထောင်ချခြင်းများကို ဆက်တိုက် လုပ်ဆောင်နေသည်။
CTUM ၏ အဖွဲ့ဝင်လည်းဖြစ်ပြီး မြန်မာ့အလုပ်သမားအရေးနှင့် ဒီမိုကရေစီအရေးတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားနေသည့် မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ဥက္ကဋ္ဌ မခိုင်ဇာအောင်သည် ပြီးခဲ့သည့် ဇွန်လအတွင်း နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ကျင်းပသည့် အလုပ်သမားလွတ်လပ်မှုအတွက် ကာကွယ်သူများကို ပေးအပ်သည့် ကျော်ကြားသောဆုတခုဖြစ်သော အာသာ ဆဗန်ဆွန် အလုပ်သမားသမဂ္ဂ အခွင့်အရေးများအတွက် နိုင်ငံတကာဆု (International Prize for Trade Union Rights) ချီးမြှင့်ခြင်း ခံခဲ့ရသည်။
CTUM မှ မဖြိုးစန္ဒာစိုးလည်း ILO အုပ်ချုပ်ရေးအဖွဲ့ အလုပ်သမားကိုယ်စားလှယ်အဖြစ် အရွေးခံရသည်။
အဝေးရောက်အစိုးရ မဖြစ်စေလိုသည့် NUG သမ္မတ ဒူဝါလရှီးလ

“အင်အားဆိုတာက ပြည်တွင်းမှာ အခြေစိုက်ရပါတယ်။ NUG အစိုးရက အဝေးရောက်အစိုးရ ဖြစ်လို့မရပါဘူး” ဟု သတိပေးပြောဆိုရင်း ပြည်ပရောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ပြည်တွင်းသို့ ပြန်လာရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ဖိတ်ခေါ်လိုက်သည်။
ကချင်နိုင်ငံရေးသမားနှင့် ရှေ့နေအဖြစ်မှ ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ယာယီသမ္မတ ဖြစ်လာသူ အသက် ၇၄ နှစ်ခန့်အရွယ် ဒူဝါလရှီးလသည် ဝန်ကြီးဌာန ၁၇ ခုဖြင့် ဖွဲ့စည်းထားသည့် NUG တွင် အဆင့်မြင့်ဆုံး ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်က ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးအစိုးရတရပ်ဖြစ်သော NUG ယာယီသမ္မတ၏ အစိုးရအဖွဲ့ဝင်များ ပြည်တွင်းပြန်လာရန် ဖိတ်ခေါ်ချက်သည် NUG အစိုးရအနေဖြင့် ပြည်တွင်းပြည်ပ၌ စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံခြားရေး စသည့် ဖိအားမျိုးစုံနှင့် ကြုံတွေ့နေရချိန် ယာယီသမ္မတက ထိုသို့ ဖိတ်ခေါ်လိုက်ခြင်းလည်း ဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၆ ရက်တွင် ဖွဲ့စည်းပေးခဲ့သော NUG အစိုးရသည် သက်တမ်းအားဖြင့် လေးနှစ်နီးပါး ရှိလာပြီဖြစ်သည်။
ထိုကာလတလျှောက်လုံး ယာယီသမ္မတနှင့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့သည် ပြည်တွင်း၌ နေထိုင်ကာ တော်လှန်ရေးနယ်မြေများသို့ လှည့်လည်သွားလာပြီး မြေပြင်နှင့် ထိတွေ့ဆက်ဆံသည်ကို လူထုက လေးစားတန်ဖိုးထားသည်။
NUG သည် PDF များ လက်နက် တပ်ဆင်ရေး၊ လက်နက်ခဲယမ်း ရရှိရေး၊ ဒေါ်လာသန်းချီ လိုအပ်နေသည့် ကာကွယ်ရေးအသုံးစရိတ်များအတွက် ခေါင်းခဲနေရသည်။ တိုင်းရင်းသား တော်လှန်ရေးခေါင်းဆောင်များနှင့် စစ်ရေးညှိနှိုင်းဆွေးနွေးသည်။
NUG သည် PDF များ လက်နက် တပ်ဆင်ရေး၊ လက်နက်ခဲယမ်း ရရှိရေး၊ ဒေါ်လာသန်းချီ လိုအပ်နေသည့် ကာကွယ်ရေးအသုံးစရိတ်များအတွက် ခေါင်းခဲနေရသည်။ တိုင်းရင်းသား တော်လှန်ရေးခေါင်းဆောင်များနှင့် စစ်ရေးညှိနှိုင်းဆွေးနွေးသည်။
ဝေဖန်သူများက NUG တွင် ဝန်ကြီးဌာနများ ဖောင်းပွနေသောကြောင့် တော်လှန်ရေးနှင့် ကိုက်ညီပြီး ထိရောက်မည့် ဝန်ကြီးဌာနများသာ ထားရန် အကြံပြုကြသည်။ ပွင့်လင်းမြင်သာပြီး တာဝန်ခံမှု ရှိကြစေလိုသည်။ မဟာမိတ်များနှင့် ခိုင်မာသည့် အနာဂတ် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး နိုင်ငံရေးသဘောတူညီချက်များ တည်ဆောက်စေလိုကြသည်။
လက်ရှိတွင် တိုင်းရင်းသားမဟာမိတ်များနှင့် တော်လှန်ရေးအင်အားစုများက မြန်မာနိုင်ငံ၏ နယ်မြေ ၆၀ ရာခိုင်နှုန်းကို စိုးမိုးထားနိုင်ပြီဖြစ်ကြောင်း NUG က ထုတ်ဖော်ပြောဆိုထားသည်။
သို့သော် တော်လှန်ရေးတပ်ဖွဲ့များ နယ်မြေစိုးမိုးမှု တဖြည်းဖြည်း အားကောင်းလာသည့် တိုင်းရင်းသားဒေသ မဟုတ်သော စစ်ကိုင်းတိုင်းအတွင်း NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) များ၏ အာဏာတည်ဆောက်မှု၊ အခြား တော်လှန်ရေးတပ်ဖွဲ့များနှင့် ပွတ်တိုက်မှုများအပေါ် လူထုက ဝေဖန်မေးခွန်းထုတ်နေကြသည်။ ဒေသတွင်း NUG လက်အောက်ခံအဖွဲ့များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းနိုင်မှု အားနည်းသည့်အပေါ် ဝေဖန်ကြသည်။
ဖက်ဒရယ်ဒီမိုကရေစီကို အောက်ခြေက စတည်ဆောက်နေသည့် IEC

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားဒေသများအနက် ကရင်နီ (ကယား) ပြည်သည် ဗဟိုချုပ်ကိုင်မှု မရှိသော ကိုယ်ပိုင် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ကို စတင်ဖွဲ့စည်းနိုင်သည့် ပထမဆုံးသော ပြည်နယ်တခု ဖြစ်သည်။
IEC ကို ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ၏ နိုင်ငံရေး ဦးဆောင်မှုနှင့် မူဝါဒ လမ်းညွှန်ချက်များအတိုင်း ဖွဲ့စည်းခဲ့ပြီး စုပေါင်းခေါင်းဆောင်မှုဖြင့် ကြားကာလ ပြည်နယ်အစိုးရတရပ်အနေဖြင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကဏ္ဍများကို အပြန်အလှန် ထိန်းညှိကာ ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေး ဖော်ဆောင်ရန်နှင့် ပြည်နယ်အတွင်းရှိ အင်အားစုအသီးသီးကြား လက်တွေ့ကျစွာ ပူးပေါင်းဆောင်ရွက်သွားရန် ရည်ရွယ်ဖွဲ့စည်းခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်တွင် ဖွဲ့စည်းခဲ့သော IEC သည် ယခုအခါ တနှစ်ခွဲသက်တမ်းရှိလာပြီ ဖြစ်သလို ကောင်စီ၏ လုပ်ဆောင်ချက်များမှာလည်း တဖြည်းဖြည်း ရုပ်လုံးပေါ်လာပြီဟု ဆိုရမည်ဖြစ်သည်။ ဥပမာအားဖြင့် ကရင်နီပြည်ရဲဌာန ဖွဲ့စည်းပြီး အင်အား ၅၀၀ ကျော်ဖြင့် တရားဥပဒေစိုးမိုးရေးများကို ပြည်ထဲရေးဌာနအောက်မှနေ၍ စနစ်တကျ လုပ်ဆောင်နေသလို တရားရေးဌာနသည်လည်း အကျဉ်းသား၊ အချုပ်သားများနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ကိုင်တွယ်လျက်ရှိသည်။
အုပ်ချုပ်ရေးပိုင်းတွင် အောက်မှ အထက်သို့သွားသည့်စနစ် ကျင့်သုံးကာ မြို့နယ် ရှစ်မြို့နယ်၌ ပါဝင်သင့်သော ပြည်သူ့ကိုယ်စားလှယ်များနှင့် အင်အားစုများဖြင့် ပြည်သူ့အခြေပြု အုပ်ချုပ်ရေးယန္တရားကို အကောင်အထည် ဖော်လျက်ရှိရာ အတန်အသင့် အောင်မြင်မှုရနေပြီ ဖြစ်သည်။
အုပ်ချုပ်ရေးပိုင်းတွင် အောက်မှ အထက်သို့သွားသည့်စနစ် ကျင့်သုံးကာ မြို့နယ် ရှစ်မြို့နယ်၌ ပါဝင်သင့်သော ပြည်သူ့ကိုယ်စားလှယ်များနှင့် အင်အားစုများဖြင့် ပြည်သူ့အခြေပြု အုပ်ချုပ်ရေးယန္တရားကို အကောင်အထည် ဖော်လျက်ရှိရာ အတန်အသင့် အောင်မြင်မှုရနေပြီ ဖြစ်သည်။
ကျန်းမာရေးအနေဖြင့်လည်း ပြည်သူ့ဆေးရုံအပါအဝင် ဆေးရုံဆေးခန်းများဖွင့်၍ မွေးကင်းစကလေးများကို ကာကွယ်ဆေး ထိုးပေးခြင်းများ အပါအဝင် နယ်လှည့် ကျန်းမာရေး ဝန်ဆောင်မှုများ ပေးလျက်ရှိသည်။
ကရင်နီပြည်သည် ပညာရေးကဏ္ဍတွင်လည်း အာဏာသိမ်းပြီးနောက် ပေါ်လာသော အခြား လွတ်မြောက်နယ်မြေများထက် ရှေ့ပိုရောက်ပြီး အားကောင်းကောင်း လျှောက်လှမ်းနေသော ပြည်နယ်တခု ဖြစ်သည်။
အခြေခံပညာရေးအတွက် ကိုယ်ထူကိုယ်ထကျောင်းများ၊ အလွတ်သင်တန်းကျောင်းများ အပါအဝင် အဆင်မြင့်ပညာ သင်ကြားရေးကဏ္ဍနှင့် ပတ်သက်၍ ယခုနှစ် နိုဝင်ဘာအတွင်း IEC အောက်တွင် ကရင်နီ ဆေးကောလိပ်တခုကို သက်ဆိုင်ရာပညာရှင်များ၏ စုပေါင်းဆောင်ရွက်မှုဖြင့် ဖွင့်လှစ်နိုင်ခဲ့ခြင်းမှာ အခြားသော လွတ်မြောက်နယ်မြေများအတွက် စံနမူကောင်းတရပ် ဖြစ်စေသည်။
အလားတူ ကြားကာလ လွှတ်တော်ကလည်း လိုအပ်သော ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ချမှတ်ဆောင်ရွက်လျက်ရှိသလို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် အခွန်ဌာနမှ ရရှိသော အခွန်ငွေများကို ကျန်းမာရေး၊ ပညာရေး၊ လူသားချင်းစာနာရေး၊ တရားရေး၊ တရားစီရင်ရေး၊ စည်ပင် စသော ကဏ္ဍအသီးသီးသို့ ခွဲဝေသုံးစွဲခဲ့ကြောင်း ၂၀၂၄ ခုနှစ် တတိယ သုံးလပတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
IEC ၏ ဥက္ကဋ္ဌအဖြစ် ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP) ၏ လက်ရှိဥက္ကဋ္ဌဖြစ်သော ခူဦးရယ်က တာဝန်ယူထားပြီး ဒုဥက္ကဋ္ဌ ခွန်းဘီထူး၊ အထွေထွေအတွင်းရေးမှူး ခူးပလုရယ်၊ အတွင်းရေးမှူး ၁ ဒေါ်ဇူးပဒုမ္မာ၊ အတွင်းရေးမှူး ၂ ဦးဗညားခွန်အောင်နှင့် ဘဏ္ဍာရေးမှူး ဒေါ်မော်ဖိုးမြာတို့နှင့် ကနဦး ဖွဲ့စည်းထားပြီး ပြည်နယ်ရေးရာဌာန အနည်းဆုံး ၁၂ ဌာနဖြင့် လည်ပတ်နေသည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်အပါအဝင် ဖက်ဒရယ် ဒီမိုကရေစီလမ်းကြောင်းအတိုင်း လျှောက်လှမ်းနေသော IEC သည် အရှိန်ရနေပြီဖြစ်သော်လည်း သက်တမ်းအားဖြင့် နုနယ်သေး၍ လူ့စွမ်းအားအရင်းအမြစ်နှင့် ပတ်သက်၍ စိန်ခေါ်မှုများလည်း ကြုံတွေ့နေရဆဲဖြစ်ကာ ပြည်သူ့ဝန်ဆောင်မှု ကဏ္ဍတချို့နှင့် ပတ်သက်၍ ဝေဖန်မှုများကိုလည်း ရင်ဆိုင်နေရသည်။
အုပ်ချုပ်ရေးနှင့် လူထုဝန်ဆောင်ရေး ထူထောင်လာသည့် TNLA

ပြီးခဲ့သည့် ၂၀၂၃ နှစ်နှောင်းပိုင်းတွင် ရှမ်းမြောက်ဒေသ၌ အရှိန်ကောင်းကောင်းဖြင့် ပေါ်ထွက်ခဲ့သော မြောက်ပိုင်း ညီနောင်မဟာတ်မိတ် သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးသည် တရုတ် ကြားဝင်စေ့စပ်ညှိနှိုင်းမှုကြောင့် ၂၀၂၄ နှစ်စပိုင်းမှာပင် ယာယီအပစ်ရပ်စဲခဲ့ရပြီး ထိုးစစ်များ ရပ်တန့်ခဲ့ရသည်။
တရုတ်၏ဖိအားကြောင့် ကူမင်းမြို့၌ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နှင့် ၁၁ ရက် နှစ်ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဟိုင်ဂင်သဘောတူညီချက်ဟု လူသိများသော အပစ်ရပ်သဘောတူညီချက်များ ရခဲ့သည်။
ထိုတွေ့ဆုံမှုသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်က စတင်ခဲ့သည့် ၂၀၂၇ စစ်ဆင်ရေးကာလအတွင်း တတိယအကြိမ် ဆွေးနွေးပွဲဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်မှစတင်၍ နှစ်ဖက်တပ်များ ချက်ချင်း အပစ်ရပ်စဲရေး၊ နှစ်ဖက်တပ်ဖွဲ့ဝင် အချင်းချင်းကြား ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှု မရှိစေရေး၊ အကယ်၍ အငြင်းပွားဖွယ်ရာများနှင့် လိုလားချက်များ (ပစ်ခတ်မှုများ) ဖြစ်ပေါ်လာခဲ့ပါက တွေ့ဆုံဆွေးနွေးမှုလမ်းစဉ်ဖြင့် ဖြေရှင်းရေး စသည့်အချက်တို့ ပါဝင်သည်။
သို့သော် ဟိုင်ဂင်သဘောတူညီမှု ကာလအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေး (TNLA) ထိန်းချုပ်၊ လှုပ်ရှားနယ်မြေများအတွင်း၌ စစ်ကောင်စီက စစ်ကြောင်းလှုပ်ရှားများ ပြုလုပ်ခဲ့သည့်အပြင် လေကြောင်းနှင့် လက်နက်လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုတို့ကြောင့် TNLA တပ်ဖွဲ့ဝင်များ ၊ တအာင်းပြည်သူများ ထိခိုက်သေဆုံးမှုများနှင့် ကြုံခဲ့ရသည်။
အပစ်ရပ်သဘောတူညီမှု အချိန် ငါးလကျော်တွင် ရှမ်းမြောက်၌ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်မှစ၍ ၂၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအဖြစ် TNLA နှင့် မဟာမိတ်ပူးပေါင်းတပ်များက ရှမ်းမြောက်ရှိ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ သီပေါနှင့် မန္တလေးတိုင်းရှိ မိုးကုတ်မြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းများနှင့် မြို့များကို ထိုးစစ်ဆင်ခဲ့သည်။
TNLA နှင့် မဟာမိတ်ပူးပေါင်းတပ်၏ ထိုးစစ်သည် သီတင်းပတ် နှစ်ပတ်ကြာ ဇူလိုင်လ ၁၀ ရက်တွင် နောင်ချိုမြို့ကို ထိန်းချုပ်နိုင်ခဲ့သည်။ စစ်ဆင်ရေး တလအကြာ ဇူလိုင်လ ၂၄ ရက်တွင် မိုးကုတ်တမြို့နယ်လုံးကို သိမ်းပိုက်နိုင်ခဲ့သည်။ ဇူလိုင်လ ၂၇ ရက်တွင် မိုးမိတ်တမြို့နယ်လုံးကို ထိန်းချုပ်နိုင်ခဲ့သည်။
ထို့နောက် TNLA နှင့် မဟာမိတ်တပ်များသည် ကျောက်မဲနှင့် သီပေါမြို့များကို သြဂုတ်လနှင့် အောက်တိုဘာလတို့အတွင်း ဆက်လက် သိမ်းပိုက်နိုင်ခဲ့သည်။
ရှမ်းမြောက်ဒေသတွင် အပစ်အခတ်ရပ်စဲရေး ကြားဝင်ကြိုးပမ်းခဲ့သော တရုတ်နိုင်ငံသည် ၁၀၂၇ ဒုတိယပိုင်းတွင် နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို သိသိသာသာ ဖိအားပေးလာပြီး နယ်စပ်ကုန်စည်စီးဆင်းမှုများ ဖြတ်တောက်၊ ပိတ်ဆို့မှုများ အပါအဝင် ပြင်းထန်သော ဖိအားပေးမှုများ ပြုလုပ်လာသည့်အပြင် TNLA ကို ခြိမ်းခြောက်စာ ပို့သည်။
ရှမ်းမြောက်ဒေသတွင် အပစ်အခတ်ရပ်စဲရေး ကြားဝင်ကြိုးပမ်းခဲ့သော တရုတ်နိုင်ငံသည် ၁၀၂၇ ဒုတိယပိုင်းတွင် နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို သိသိသာသာ ဖိအားပေးလာပြီး နယ်စပ်ကုန်စည်စီးဆင်းမှုများ ဖြတ်တောက်၊ ပိတ်ဆို့မှုများ အပါအဝင် ပြင်းထန်သော ဖိအားပေးမှုများ ပြုလုပ်လာသည့်အပြင် TNLA ကို ခြိမ်းခြောက်စာ ပို့သည်။
TNLA က လေကြောင်းစစ်ဆင်ရေး အပါအဝင် ပြင်းထန်တိုက်ပွဲများကြောင့် စစ်ဘေးဒဏ် ဆိုးရွားစွာခံစားနေရသည့် ဒေသခံများ၏ အကျိုးကို ငဲ့ညာထောက်ထား၍သော်လည်းကောင်း၊ နယ်စပ်တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေးအတွက် တရုတ်အစိုးရ၏ ကြားဝင်ကြိုးပမ်းမှုကို လေးစား အသိအမှတ်ပြု၍သော်လည်းကောင်း နှစ်ဖက်စစ်ရေးပဋိပက္ခများ အဆုံးသတ်နိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း သဘောထား ထုတ်ပြန်ခဲ့ရသည်။
ယခုအခါ နမ့်ဆန်၊ နမ့်ခမ်း၊ မိုင်းလုံ၊ မိုင်းငေါ့၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်၊ သီပေါမြို့များကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့သော TNLA သည် ၂၀၂၅ တွင် လူထုဆန္ဒအခြေခံသည့် အုပ်ချုပ်မှုအစိုးရ ပေါ်ပေါက်လာရန် ကြိုးပမ်းမည်ဟု ကြေညာသည်။
လက်ရှိတွင် အုပ်ချုပ်ရေးယန္တရားများ ဖော်ဆောင်နိုင်ရန် တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေး၊ ကာကွယ်ရေးနှင့် အခြားလုပ်ငန်းဌာနများတွင် တာဝန်ထမ်းဆောင်ရန် သင်တန်းများဖွင့်ခြင်း၊ လူထုတွေ့ဆုံ အသိပညာပေးမှုများဖြင့် ပြင်ဆင်မှုများ လုပ်ဆောင်နေသည်။
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF) ကို ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဌာနချုပ်နယ်မြေ မာနယ်ပလော၌ ဖွဲ့စည်းခဲ့ပြီး၂၀၀၉ ခုနှစ်တွင် TNLA ကို ထူထောင်ကာ KIA ထံတွင် စစ်ပညာ သွားရောက်သင်ကြားခဲ့သော တအာင်းလူငယ် ၄၂ ဦး၊ KIA ထံမှရရှိသော ရိုင်ဖယ် ၂၂ လက်တို့ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ဝင်ရောက်လှုပ်ရှားခဲ့သည်။
နှစ်ပေါင်း ၂၀ ကျော် ကြိုးစား ရုန်းကန်ခဲ့ရသော PSLF/TNLA သည် စစ်ရေးဘက်တွင် တပ်မဟာများကို စစ်ဒေသအလိုက် စနစ်တကျ ဖွဲ့စည်းထားနိုင်ပြီး စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများကို အောင်အောင်မြင်မြင် ဖော်ဆောင်နိုင်သည့်အပြင် နိုင်ငံရေးဘက်တွင်လည်း တအာင်းပြည်နယ်သစ်တခု တည်ထောင်ရန် တအာင်း နိုင်ငံရေးအတိုင်ပင်ခံကောင်စီ (TPCC)၊ တအာင်း နိုင်ငံရေးခေါင်းဆောင်များ၊ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ တအာင်းလွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် တအာင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများဖြင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကြမ်းကို ရေးဆွဲလျက်ရှိသည်။
တရုတ်ဖိအားကို ပြန်မပြော နားမထောင်သည့် ကိုးကန့် MNDAA

စစ်တပ်၏ မတရားစွပ်စွဲ ဝင်ရောက်စီးနှင်းမှုနှင့် တပ်ဖွဲ့အတွင်း သစ္စာဖောက်ခံရမှုများကြောင့် ကိုးကန့်ဒေသမှ ထွက်ပြေးရှောင်တိမ်းခဲ့ရသည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည် ၁၅ နှစ်နီးပါးအကြာ အိမ်ပြန်လမ်း အိပ်မက်ရှည်ခရီးတခုကို ၂၀၁၄ နှစ်စမှာပင် အပြည့်အဝ အကောင်အထည် ဖော်နိုင်ခဲ့သည်။
စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများဖြင့် အရှိန်အဟုန်ကောင်းခဲ့သော ညီနောင်မဟာမိတ် သုံးဖွဲ့၏ ရှမ်းမြောက်စစ်ဆင်ရေးသည် ၂၀၂၄ နှစ်စ၌ ကြီးမားသော စစ်ရေးအပြောင်းလဲကြီးတခုနှင့် ကြုံလိုက်ရသည်။
ထောင်ချီသောတပ်ဖွဲ့ဝင်များ ပါဝင်သည့် လောက်ကိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တခုလုံး အပါအဝင် ၎င်းပတ်ဝန်းကျင်အတွင်း ရှိသမျှသော တပ်ရင်းစခန်းအားလုံး လက်နက်ချအညံ့ခံခဲ့ကြပြီး ကိုးကန့် (လောက်ကိုင်) တခွင်လုံးသည် “စစ်ကောင်စီ ကင်းစင်သည့်နယ်မြေ’ ဖြစ်ပြီဟု MNDAA က ဇန်နဝါရီလ ၅ ရက်တွင် ကြေညာသည်။
လက်နက်ချ အညံ့ခံကြသောသူများထဲတွင် ဒကစ (လောက်ကိုင်) ကို စစ်ကူပေးရန် ရောက်ရှိလာကြသော မြန်မာနိုင်ငံအနှံ့ရှိ တပ်မ၊ တပ်ရင်းများ အစုံထဲမှ တယောက်မကျန် ပါဝင်ခဲ့ပြီး ဗိုလ်မှူးချုပ်အဆင့်ရှိသူ ခြောက်ဦး အပါအဝင် အရာရှိ ၂၂၈ ဦးနှင့် တပ်သားများ၊ မိသားစုဝင်များ စုစုပေါင်း ၄,၀၀၀ နီးပါး ရှိခဲ့သည်ဟု ဆိုသည်။
ထိုသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ထောင်ချီပြီး လက်နက်ချအညံ့ခံမှုနှင့်အတူ ကိုးကန့်ဒေသကို ပြန်လည်ရရှိခဲ့သော MNDAA တို့သည် နိုင်ငံပေါင်းစုံမှ လူကုန်ကူးခံရသူများ၏ ငရဲခန်းနှင့် ရာဇဝတ်ဂိုဏ်းများ၏ နိဗ္ဗာန်ဘုံအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားနေခဲ့သော ကိုးကန့်ဒေသကို အပြီးတိုင် ဆေးကြောနိုင်လိုက်သလို တချိန်က ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်အတွက် သွေးကြွေးများပါ ဆပ်နိုင်ခဲ့သည်။
လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်က ရှမ်းမြောက်၌ စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး) တာဝန်ယူခဲ့သူ လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် လက်နက်စက်ရုံ တည်ဆောက်မှု စွပ်စွဲချက်ဖြင့် ကိုးကန့်ဒေသကို ထိုးစစ်ဆင်ခဲ့ရာ ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်မိသားစု ထွက်ပြေးခဲ့ကြရသည်။
တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုများကြောင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်တွင် ရှမ်းမြောက်၌ ယာယီအပစ်ခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။
သို့သော်လည်း သဘောတူညီမှု ကာလအတွင်း စစ်ကောင်စီဘက်က လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများအပြင် စစ်ရေးလှုပ်ရှားမှုများပါ ပြုလုပ်ခဲ့သောကြောင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်တွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအဖြစ် ရှမ်းမြောက်ရှိ ကျန်မြို့များနှင့် မန္တလေးတိုင်းရှိ မြို့တချို့ကို MNDAA, တအာင်း TNLA နှင့် မဟာမိတ်တပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
MNDAA သည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ လားရှိုးမြို့ကို ဇူလိုင်လ ၃ ရက်တွင် ထိုးစစ်ဆင်ခဲ့သည်။ သြဂုတ်လ ၃ ရက်တွင် လားရှိုးမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။
MNDAA သည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ လားရှိုးမြို့ကို ဇူလိုင်လ ၃ ရက်တွင် ထိုးစစ်ဆင်ခဲ့သည်။ သြဂုတ်လ ၃ ရက်တွင် လားရှိုးမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။
သို့သော်လည်း လူမျိုးအရသော်လည်းကောင်း၊ နယ်မြေပထဝီအနေအထားအရသော်လည်းကောင်း အဓိက မှီခိုနေရသော တရုတ်နိုင်ငံ၏ ဖိအားပေးမှုများကို MNDAA တို့ အကြီးမားဆုံး ရင်ဆိုင်ကြရသည်။
အခြေခံစားသောက်ကုန်မှ ဆေးဝါးများနှင့် စက်သုံးဆီတို့အထိ တရုတ်နိုင်ငံကို အားထားနေရသော MNDAA သည် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တရုတ်နိုင်ငံက ကုန်စည်စီဆင်းမှုများကို ပိတ်ဆို့ ကန့်သတ်မှုများဖြင့် ဖိအားပေးခဲ့သလို စစ်ကောင်စီကလည်း ရှမ်းမြောက်ပိုင်း၌ လက်လွှတ်ထားရသည့် မြို့နယ်များကို ဖြတ်လေးဖြတ် ပြုလုပ်ထားရာ ဘေးကျပ်နံကျပ် အခြေအနေဖြစ်ခဲ့ရသည်။
တရုတ်၏ ဖိအားပေးမှုများ ပိုမိုပြင်းထန်လာခဲ့ပြီး စက်တင်ဘာလ ၄ ရက်တွင် MNDAA က NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းမည် မဟုတ်သလို မန္တလေးနှင့် တောင်ကြီးမြို့များကို ထိုးစစ်ဆင်မည် မဟုတ်ကြောင်း သဘောထား ထုတ်ပြန်ချက် ကြေညာခဲ့သည်။ ၎င်းတို့တပ်များ ရောက်ရာနေရာမှ ချက်ချင်း အပစ်ရပ်ပြီး စစ်ကောင်စီတပ်များကို အစပြု တိုက်ခိုက်မည်မဟုတ်သည့်အပြင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ် ကြိုးပမ်းဆောင်ရွက်မှုအောက်တွင် လားရှိုး အပါအဝင်သက်ဆိုင်ရာ ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးမည်ဟု ဒီဇင်ဘာလ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ရပြန်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း၌ တရုတ်နိုင်ငံတွင် သွားရောက်ဆေးကုသနေသော MNDAA ဥက္ကဋ္ဌ ဖုန်တာရွှင်အား တရုတ်နိုင်ငံက အကျယ်ချုပ် ဖမ်းချုပ်ထားသည့် သတင်းများပင် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။
ဒီဇင်ဘာလလယ်ပိုင်းတွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ စစ်ကောင်စီနှင့် MNDAA တို့ နှစ်ဖက်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ရာ စစ်ကောင်စီက တောင်းဆိုခဲ့သော လားရှိုးမြို့မှ ဆုတ်ခွာပေးရမည့်အချက်ကို MNDAA က လက်မခံခဲ့ပေ။
တောနက်ထဲက “လုကာ” တော်လှန်ရေးဆေးရုံ

ကရင်နီပြည်၏ ဝေးလံခေါင်သီလှသည့် တောတွင်းတနေရာတွင် လူ့အသက်ပေါင်းများစွာကို လျှို့ဝှက်ကယ်တင်နေသော ဆေးရုံတရုံရှိသည်ဆိုလျှင် မသိသူများအတွက် အံအားသင့်စရာ ဖြစ်နေနိုင်သည်။
သို့သော် ယင်းဆေးရုံမှာ ဒေသတွင်းမှ ပြည်သူများနှင့် တော်လှန်ရေးသမားများအတွက် အားကိုးရသည့် နေရာတခုဖြစ်သလို ရက်စက်ကြမ်းကြုတ်ပြီး ဆေးရုံများအား ဖျက်ဆီးလိုသော စစ်ကောင်စီ၏ ပစ်မှတ်ထား ရှာဖွေခံရသော နေရာတခုလည်း ဖြစ်သည်။
လုကာဆေးရုံ အမည်မတွင်ခင် ထင်းရှုးမြိုင်ဟု အမည်ပေးထားသောဆေးရုံသည် ပထမအကြိမ် ၂၀၂၂ နှစ်ဆန်းပိုင်း၌ လေကြောင်းဖြင့် ဗုံးကြဲခံရပြီးနောက် စစ်တပ်မှ ရှာမတွေ့နိုင်စေရန် နေရာစနစ်တကျ ရွေးချယ်ပြီး လုံခြုံရေးစည်း အထပ်ထပ်ချကာ အထူးလျှို့ဝှက် တည်ဆောက်ခဲ့ပြီးနောက် လုကာ တော်လှန်ရေးဆေးရုံဟု အမည်တွင်ခဲ့သည်။ စစ်ကောင်စီ၏ ဒရုန်းနှင့်လေယာဉ်များ ရှာဖွေနေသည့်ကြားမှ ဒေသခံများနှင့် လူနာများ၏ ပူးပေါင်းမှုဖြင့် ယခုအချိန်ထိတိုင် ဘေးကင်းလုံခြုံနေဆဲဖြစ်သည်။
လျှပ်စစ်မီးမရှိဘဲ သွားလာရ ခက်ခဲသောနေရာတွင် တည်ဆောက်ထားသော်လည်း အဆင့်မြင့် စက်ကရိယာများ အသုံးပြု၍ သန့်ရှင်းသပ်ရပ်သော ခွဲစိတ်ခန်း၊ ကျွမ်းကျင်ဝန်ထမ်းများ၏ စနစ်တကျစီမံမှု၊ ဒေသခံများ၏ ပူးပေါင်းပါဝင်မှုအောက်တွင် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သည်မှာ စိတ်ကူးယဉ်ဇာတ်လမ်း မဟုတ်ပေ။
လျှပ်စစ်မီးမရှိဘဲ သွားလာရ ခက်ခဲသောနေရာတွင် တည်ဆောက်ထားသော်လည်း အဆင့်မြင့် စက်ကရိယာများ အသုံးပြု၍ သန့်ရှင်းသပ်ရပ်သော ခွဲစိတ်ခန်း၊ ကျွမ်းကျင်ဝန်ထမ်းများ၏ စနစ်တကျစီမံမှု၊ ဒေသခံများ၏ ပူးပေါင်းပါဝင်မှုအောက်တွင် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သည်မှာ စိတ်ကူးယဉ်ဇာတ်လမ်း မဟုတ်ပေ။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကို လက်မခံနိုင်သော ကျန်းမာရေးကဏ္ဍမှ ပညာတတ်လူငယ် အများအပြားသည် အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု (CDM) ထဲတွင် ပါဝင်ခဲ့ကြပြီး စစ်ကောင်စီဘေးလွတ်ရာသို့ တိမ်းရှောင်ကာ တော်လှန်ရေးအတွက် ကျရာတာဝန်များကို ထမ်းဆောင်နေကြသည်။
အများစုမှာ တိုင်းရင်းသားဒေသများထဲမှ လွတ်မြောက်နယ်မြေများ၌ ဖြစ်သည်။ ထိုအထဲတွင် လုကာ တော်လှန်ရေးဆေးရုံကို စတင်တည်ထောင်၍ ဦးစီးလုပ်ကိုင်နေကြသော ဆရာ ကွီးဖောင်၊ ဆရာ ကမ်၊ ဆရာမ လင်းနှင့် ဆရာ မျိုးခန့်ကိုကိုတို့လည်း အပါအဝင် ဖြစ်သည်။
အာဏာသိမ်းပြီးနောက် ဆရာ ကွီးဖောင်နှင့် ဆေးကျောင်းသားလူငယ် ငါးဦးတို့သည် ရန်ကုန်ကို စွန့်ခွာ၍ ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် တကြိမ်တခါမှ ရောက်ဖူးခြင်းမရှိသော ကရင်နီပြည်သို့ ရောက်ခဲ့ကြပြီး လိုအပ်နေသော ကျန်းမာရေးစောင့်ရှောက်မှုများကို ဒေသခံများ လက်ခံလာရန် အခက်အခဲများကြားမှ ကြိုးစားလုပ်ဆောင်ခဲ့ကြသည်။
ထို့နောက် အခြားရောက်ရှိနေသော စိတ်တူကိုယ်တူဆရာဝန်များ၊ အင်ဂျင်နီယာ၊ ဆေးကျောင်းသားများ ပူးပေါင်းကာ လူငယ် ၁၀ ဦးသည် တိုက်ပွဲကြောင့် ဒဏ်ရာရသူများကို ကုသရန် ကျောင်းဆောင်တခု၌ စာသင်ခုံများဆက်၍ ဆေးခန်းလေးတခု စတင်ခဲ့ရာ ယင်းမှာ ဆေးရုံဖြစ်လာရန်အစဟု ဆိုနိုင်သည်။
အဆိုပါနေရာ ဗုံးကြဲခံရပြီး စစ်ကောင်စီ၏ ဆေးပစ္စည်းသယ်ယူခွင့် ဖြတ်တောက်မှု၊ ဒေသခံများ၏ ကြောက်ရွံ့မှုတို့ကြောင့် ဆေးရုံနေရာသစ်ရရှိရန် အခက်ခဲအမျိုးမျိုးကြားမှ ဒေသခံ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ရဲဘော်တဦး၏ ကူညီမှုဖြင့် မြေနေရာရရှိကာ မြက်ရှင်း မြေညှိ၍ ၂၀၂၂ ခုနှစ်၊ မတ်လတွင် ပြန်လည် တည်ဆောက်ခဲ့ကြသည်။
လုကာ တော်လှန်ရေးဆေးရုံသည် မြန်မာပြည်သူလူထုနှင့် ပြည်ပရောက် မြန်မာများ၏ လှူဒါန်းငွေများဖြင့် အဓိက ရပ်တည်ရသောကြောင့် အလှူငွေရရှိရန် ဆရာ ကွီးဖောင်တို့မှာ မနက်ခင်း၌ ဆေးရုံအလုပ်များလုပ်ကာ ညနေပိုင်းတွင် လိုင်းမိသော နေရာသို့ ဆေးရုံမှ တနာရီခန့် နေ့စဉ်သွားပြီး အွန်လိုင်းပေါ်မှတဆင့် အလှူငွေ ရှာဖွေခဲ့ရသည်။
ခွဲစိတ်ဆရာဝန်ဖြစ်သော ဒေါက်တာ မျိုးခန့်ကိုကိုသည် မကွေးဆေးတက္ကသိုလ်မှ ဆေးပညာဘွဲ့ရခဲ့ပြီး အာဏာမသိမ်းခင်လေးကမှ လွိုင်ကော်ဆေးရုံသို့ တာဝန်ကျ ပြောင်းရွှေ့လာခဲ့သည်။ ထို့နောက် အာဏာသိမ်းမှုကြောင့် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး လူထုသပိတ်များ၌ ရှေ့တန်းမှပါဝင်ကာ စစ်တပ်၏ အကြမ်းဖက်မှုကြောင့် ဒဏ်ရာရသူများကို ကုသပေးခဲ့သည်။
စစ်တပ်၏ အကြမ်းဖက်မှု ပြင်းထန်လာချိန် တောတွင်းသို့ ရွှေ့ပြောင်းကာ ရှေ့တန်း၌ ဒဏ်ရာရသူများကို ဆေးဝါး မလုံလောက်သည့်ကြားမှ ကုသပေးရင်း နောက်ပိုင်းတွင် ဆရာ ကွီးဖောင်တို့နှင့်အတူ လုကာ တော်လှန်ရေးဆေးရုံ၌ Clinical Director အဖြစ် လက်တွဲ လုပ်ဆောင်လျက်ရှိသည်။
ဆေးရုံစတင်ချိန်ကတည်းက ယခုအချိန်အထိ ဒေသခံနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်ပေါင်း အတွင်းလူနာ ၃ ထောင်ကျော်နှင့် ပြင်ပလူနာ ၁ သောင်းကျော်ကို ဆေးကုသမှု ပေးနိုင်ခဲ့သည်။ လုံခြုံရေးအရ ပြင်ပလူနာကိုမူ အကန့်အသတ်ဖြင့်သာ လက်ခံကုသပေးနိုင်ခဲ့သည်။
လုကာ တော်လှန်ရေးဆေးရုံသည် ဆေးရုံတက်ရသော တော်လှန်ရေးရဲဘော်များအတွက် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါးနှင့် အဟာရကျွေးမွေးခြင်းများကို ငွေကြေးအကုန်အကျခံ တာဝန်ယူထားပြီး တတ်နိုင်သူများအတွက်မူ စရိတ်မျှပေးစနစ်ကို အကောင်အထည်ဖော်ရန် ကြိုးစားလျက်ရှိသည်။
အသက်အန္တရာယ်ကြားက သတင်းသမားများ

၂၀၂၄ ခုနှစ်ထဲတွင် သတင်းသမား သုံးဦး သတ်ဖြတ်ခံခဲ့ရသည့်အတွက် အာဏာသိမ်းပြီးနောက်ပိုင်း သတ်ဖြတ်ခံရသည့် သတင်းသမားအရေအတွက်က ခုနစ်ဦးရှိလာပြီ ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်းက မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ထဲတွင် DVB သတင်းထောက် အသက် ၂၆ နှစ်အရွယ် ကိုဝင်းထွဋ်ဦးနှင့် The National Voice သို့ သတင်းရေးသားပေးပို့နေသည့် ၂၈ နှစ်အရွယ် ကိုထက်မြတ်သူတို့ကို စစ်တပ်က တော်လှန်ရေးသမားဟုဆိုကာ ပစ်သတ်ခဲ့သည်။ ပစ်သတ်ပြီးနောက် ရုပ်အလောင်းများကို ထိုနေရာတွင် မီးရှို့ခဲ့ကြောင်း နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က ပြောသည်။
၂၀၂၄ နှစ်ဆန်း ဇန်နဝါရီလအတွင်းကလည်း စစ်တွေမြို့ အခြေစိုက် Western News သတင်းဌာန၏ သတင်းထောက် ဖိုးသီဟ (ခေါ်) ကိုမြတ်သူထွန်းကိုလည်း စစ်တပ်က ပစ်သတ်ခဲ့ပါသေးသည်။ သတင်းထောက် ဖိုးသီဟကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ ၎င်း၏ နေအိမ်အတွင်း ဝင်ရောက် ဖမ်းဆီးခဲ့ပြီးနောက် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုပြီး မြောက်ဦးမြို့မရဲစခန်းတွင် ထိန်းသိမ်းခဲ့သည်။
မြောက်ဦး မြို့မရဲစခန်းကို အာရက္ခတပ်တော် (AA) က တိုက်ခိုက်သည့်အခါ အချုပ်သားများကို ၅၄၀ တပ်ရင်းထံ ခေါ်သွားခဲ့ပြီး ၅၄၀ တပ်ရင်းအပါအဝင် မြောက်ဦးရှိ ၃၇၇၊ ၃၇၈ တပ်ရင်းတို့ကို AA ဆက်လက် တိုက်ခိုက်ရာတွင် ၃၇၈ တပ်ရင်းထဲတွင်ပင် အကျဉ်းသားများကို ပစ်သတ်ပြီး မြေမြှုပ်ခဲ့သည်။ သတ်ဖြတ်ခံရသူများထဲတွင် သတင်းသမား ဖိုးသီဟလည်း ပါဝင်ခဲ့သည်။
သတ်ဖြတ်ခံရမှုများအပြင် အကြမ်းဖက်မှုပုဒ်မ အမျိုးမျိုးတပ်ပြီး ဖမ်းဆီးအကျဉ်းချခံထားရသည့် သတင်းသမားများလည်း ရှိနေသည်။
ထိုသို့ သတ်ဖြတ်ခံရမှုများအပြင် အကြမ်းဖက်မှုပုဒ်မ အမျိုးမျိုးတပ်ပြီး ဖမ်းဆီးအကျဉ်းချခံထားရသည့် သတင်းသမားများလည်း ရှိနေသည်။
RSF ၏ ၂၀၂၄ သတင်းလွတ်လပ်ခွင့်ညွှန်းကိန်း အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် နိုင်ငံ ၁၈၀ အနက် အဆင့် ၁၇၁ ၌ ရှိနေပြီး ကမ္ဘာတွင် သတင်းသမားများကို ထောင်အချဆုံးနိုင်ငံထဲ ပါဝင်နေသည်။ တရုတ်နိုင်ငံပြီးလျှင် သတင်းသမားများကို ဒုတိယမြောက် အကျဉ်းချဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ သတင်းသမား ၆၂ ယောက် အကျဉ်းကျနေဆဲ ဖြစ်သည်။
အာဏာသိမ်း စစ်ကောင်စီသည် သတင်းသမားတင်မကဘဲ မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူများကိုပါ ဖမ်းဆီး ထောင်ချသည်။ ထိုအထဲ ထင်ရှားသူ နှစ်ဦးမှာ ဒါရိုက်တာ ရှင်ဒေဝီနှင့် ဒါရိုက်တာ ဖေမောင်စိမ်းတို့ ဖြစ်သည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က ရန်ကုန်မြို့ အောင်မင်္ဂလာ အဝေးပြေးကားဝင်းတွင် အဖမ်းခံခဲ့ရသည့် မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ ဒါရိုက်တာ ရှင်ဒေဝီသည် စစ်ကြောရေးတွင် နှစ်ပတ်ကြာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည့်အပြင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်တွင် အကြမ်းဖက်မှု ပုဒ်မ နှစ်ခု တပ်ပြီး အင်းစိန်တရားရုံး၏ စစ်ခုံရုံးက ထောင်ဒဏ်တသက် ချမှတ်ခံခဲ့ရသည်။
အမေရိကန်အခြေစိုက် ဂရေစီဆုအဖွဲ့ကပေးသည့် ယခုနှစ်အတွက် အကောင်းဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရုပ်သံသတင်း တင်ဆက်မှုဆုကို ရှင်ဒေဝီ ရိုက်ကူးခဲ့သည့် “ကမ်းပါးပြိုခြင်းနှင့် လူမှုဘဝ ထိခိုက်မှုများ” ရုပ်သံဆောင်းပါးနှင့် ရရှိခဲ့သလို ဘီဘီစီက ထုတ်ပြန်သည့် ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာတဝန်းမှ အားကျစရာ လွှမ်းမိုးမှုအရှိဆုံး ထူးချွန်ထင်ရှား အမျိုးသမီးစာရင်း ၁၀၀ တွင်လည်း ပါဝင်ခဲ့သည်။
မြန်မာနိုင်ငံတွင် မှတ်တမ်းရုပ်ရှင် ဇာတ်လမ်းတိုများ လက်ရာမြောက် ရိုက်ကူးသူအဖြစ် လူသိများသည့် ဒါရိုက်တာ ဖေမောင်စိမ်းမှာ ထောင်ထဲက ရလာသည့်ရောဂါနှင့် ဆုံးခါနီး သုံးရက်အလိုမှ လွှတ်ပေးခဲ့ရခြင်း ဖြစ်သည်။
ကာတွန်းဆရာကြီး ဦးဖေသိန်း၏ သားဖြစ်သူ အသက် ၅၀ အရွယ် ဒါရိုက်တာ ဖေမောင်စိမ်းကို ၂၀၂၂ ခုနှစ်၊ မေလ ၂၈ ရက်တွင် ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့စစ်ကောင်စီ စစ်ဆေးရေးဂိတ်တခု၌ ဖမ်းဆီးခဲ့သည်။ ကရင်နီ တော်လှန်ရေးအဖွဲ့များနှင့် ဆက်သွယ်သည်ဟု စွပ်စွဲကာ မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇ (၁) နှင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့သည်။
သူ လွိုင်ကော် အကျဉ်းထောင်တွင် အကျဉ်းချခံနေရစဉ် စစ်ကြောရေး၌ ရခဲ့သည့် ဒဏ်ရာများနှင့် နံရိုး တချောင်း ကျိုးခဲ့ရသလို အဆုတ်အတွင်း ရေဝင်သည့်ဝေဒနာတွေများကြောင့် ကျန်းမာရေး ထိခိုက်ခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် ထောင်ထဲ၌ ဆေးကုသခွင့် လုံလောက်စွာမရခဲ့ဘဲ အရိုးတီဘီရောဂါဖြင့် အောက်ပိုင်း သေသွားခဲ့သည်။
ကျန်းမာရေး ဆိုးရွားလာသောကြောင့် လွိုင်ကော်ထောင်မှ အင်းစိန်ထောင်ဆေးရုံသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ဩဂုတ်လ ၁၆ ရက်တွင် စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သော်လည်း ဩဂုတ်လ ၁၉ ရက်တွင် ရန်ကုန်မြို့၊ ဆာကူရာဆေးရုံ၌ ကွယ်လွန်ခဲ့ရသည်။
ဒါရိုက်တာ ဖေမောင်စိမ်း ရိုက်ကူးခဲ့သည့် သာမဏေ၊ Like Father Like Son စသော မှတ်တမ်းရုပ်ရှင်များကို မြန်မာ့အရေးနှင့် သက်ဆိုင်သည့် မှတ်တမ်းရုပ်ရှင်ပြပွဲများတွင် ထည့်သွင်းပြသလေ့ရှိသည်။
စင်ပေါ်ပြန်တက်လာသော ပြည်ပရောက် ဂီတအနုပညာရှင် ကြယ်ပွင့်များ
စစ်ကောင်စီ၏ အာဏာသိမ်းမှုတွင် ဆန့်ကျင်ပါဝင်ခဲ့သောကြောင့် စစ်ကောင်စီ၏ ဖမ်းဝရမ်း ထုတ်ခံရသူများ၊ ဖမ်းဆီးခံရပြီး အကျဉ်းကျနေသော အနုပညာရှင်များလည်း များစွာရှိနေဆဲဖြစ်သည်။
စစ်တပ်ကို ဆန့်ကျင်သဖြင့် အနုပညာရှင်များကို ဖမ်းဆီးခြင်းအပြင် တိမ်းရှောင်နေရသော အနုပညာရှင်များ၏ ပိုင်ဆိုင်မှုများ သိမ်းဆည်းခံရခြင်း၊ နေအိမ်ချိပ်ပိတ်ခံရခြင်း ရှိသလို နိုင်ငံသားအဖြစ်ကပါ ရပ်စဲခြင်းများ ရှိခဲ့သည်။
နိုင်ငံရေး မလုပ်ဆောင်ပါဘူးဆိုသည့် ခံဝန်ချက်ဖြင့် စစ်ကောင်စီလက်အောက် ပြည်တွင်းတွင် အနုပညာအလုပ်များ ပြန်လုပ်နေသည့် အနုပညာရှင်များ ရှိသလို စစ်ကောင်စီလက်အောက်တွင် အနုပညာအလုပ်များ ရပ်တန့်ပြီး တော်လှန်ပုန်ကန်သည့် အနုပညာရှင်များလည်း ရှိပါသည်။
ပြည်ပရောက် အနုပညာရှင်များသည် မြန်မာနိုင်ငံအတွင်း တနေ့တခြား များပြားလာသော စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ရန်နှင့် နွေဦးတော်လှန်ရေးတွင် တတပ်တအား ၎င်းတို့ တတ်စွမ်းသည့်အနုပညာဖြင့် ပါဝင်နေကြခြင်း ဖြစ်သည်။
အာဏာရှင်လက်အောက်တွင် မရှင်သန်လိုသည့် အနုပညာရှင်များကမူ ပြည်ပနိုင်ငံများသို့ ထွက်ခွာလာခဲ့ကြသည်။ ပရိသတ်အများစုရှိရာ မိခင်မြန်မာနိုင်ငံနှင့် ဝေးရာတွင် စိတ်ဆင်းရဲစွာ နေထိုင်ရင်း ၂၀၂၄ ခုနှစ်ထဲ ပြည်ပရောက် အဆိုတော်များ ပရိသတ်ရှေ့ ပြန်ထွက်ပေါ်လာကြသည်။ စင်မြင့်ဖျော်ဖြေပွဲများ ပြုလုပ်လာပြီး စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုအတွက် ရန်ပုံငွေများ ရှာဖွေပေးနိုင်ကြသည်။
ပြည်ပရောက် အနုပညာရှင်များသည် မြန်မာနိုင်ငံအတွင်း တနေ့တခြား များပြားလာသော စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ရန်နှင့် နွေဦးတော်လှန်ရေးတွင် တတပ်တအား ၎င်းတို့ တတ်စွမ်းသည့်အနုပညာဖြင့် ပါဝင်နေကြခြင်း ဖြစ်သည်။
အဆိုတော် ဖြူဖြူကျော်သိန်း

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အာဏာရှင်လက်အောက် အနုပညာ ဆက်လက် မလုပ်ဆောင်ဘဲ အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း ပထမဆုံးဖျော်ဖြေပွဲကို ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တွင် အဆိုတော် ဖြူဖြူကျော်သိန်းက နိုဝင်ဘာလ ၂ ရက်နေ့၌ ကျင်းပခဲ့သည်။
အဆိုတော် ဖြူဖြူကျော်သိန်း၏ တကိုယ်တော် ရန်ပုံငွေဂီတ ဖျော်ဖြေပွဲမှ စတာလင်ပေါင် ၈ သောင်းကျော် ရရှိခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူကယ်ပြန်ဝန်ကြီးဌာနမှတဆင့် IDP စစ်ရှောင်စခန်းများ၊ NUG ဆေးကျောင်းကို ကူညီရန်နှင့် ခြေတုလက်တုအတွက်လည်း လှူဒါန်းရန် ဖြစ်သည်။
အဆိုတော် ဖြူဖြူကျော်သိန်းအနေဖြင့် အနုပညာကြေး လုံးဝမယူဘဲ ဖျော်ဖြေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဂီတဖျော်ဖြေပွဲအတွင်း နွေဦးတော်လှန်ရေးတွင် သေဆုံးသွားရသူများ၏ ပုံရိပ်များကို ပြသခဲ့သကဲ့သို့ ဒီမိုကရေစီအရေး၊ တော်လှန်ရေးအတွက် တေးသီချင်းများ သီဆိုခဲ့သည်။
အဆိုတော် ဖြူဖြူကျော်သိန်းသည် အာဏာသိမ်းပြီးနောက် ပထမဆုံးပြုလုပ်သည့် ဂီတဖျော်ဖြေပွဲလည်း ဖြစ်ပြီး လန်ဒန်ရောက် မြန်မာပရိသတ်များ ရုံပြည့်ရုံလျှံ အားပေးခဲ့ကြသလို လက်မှတ်အစောင်ရေ ၁,၁၀၀ ကျော် ရောင်းချနိုင်ခဲ့သည်။
အဆိုတော် ချမ်းချမ်း

စစ်ကောင်စီကို ဆန့်ကျင်တော်လှန်ရင်း နေအိမ်ချိပ်ပိတ်ကာ လိုက်လံဖမ်းဆီးခံရသဖြင့် အီတလီနိုင်ငံတွင် နေထိုင်လျက်ရှိသည့် အဆိုတော် ချမ်းချမ်းကလည်း မကြာခဏ တော်လှန်ရေးရန်ပုံငွေ ဖျော်ဖြေပွဲများ ပြုလုပ်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်းက ဂျပန်နိုင်ငံရှိ မြို့ကြီး ငါးမြို့တွင် ဖျော်ဖြေပွဲ ပြုလုပ်ခဲ့သည်။
စက်တင်ဘာလ ၁၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ တိုကျို၊ နာဂိုယာ၊ အိုဆာကာ၊ ဖုကုအိုက၊ ဟီရိုရှီးမား မြို့ကြီး ငါးမြို့တွင် သုံးပတ်ကြာ ကျင်းပခဲ့ခြင်းဖြစ်သည်။ ကျင်းပခဲ့သည့် ပွဲများမှ စုစုပေါင်း အသားတင် အမြတ်ငွေ ယန်း ၂၄,၂၈၁,၀၆၂ နှင့် အမေရိကန် ဒေါ်လာ ၈၀၀ (ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၆,၈၀၀ ခန့်) ရရှိခဲ့ပြီး ရရှိလာသော အကျိုးအမြတ်များမှ တဝက်တိတိအား NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန (MOPFI) မှတဆင့် လိုအပ်သောနေရာများသို့ ပေးပို့သည်။
ကျန်တဝက်ကို မြန်မာပြည်ရှိ စစ်ဘေးရှောင်၊ ဆေးရုံ ဆေးခန်း၊ ရေဘေးပြန်လည်ထူထောင်ရေးနှင့် အခြားလိုအပ်နေသော နေရာများသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း ပြောသည်။
အဆိုတော် အေးချမ်းမေ

ငယ်ရွယ်ပြီး အအောင်မြင်ဆုံးအချိန်တွင် တော်လှန်သည်ဆိုသော စွပ်စွဲချက်ဖြင့် အနုပညာအလုပ်ကို ရပ်တန့်ခိုင်းပြီး ခံဝန်ထိုးလျှင် ပြန်ခွင့်ပြုမည်ဆိုသည့် ညှိနှိုင်းချက်ကို လက်မခံဘဲ အနုပညာအလုပ်များကို စွန့်လွှတ်ကာ မြန်မာပြည်မှ ထွက်ခွာသွားခဲ့သည့် အဆိုတော် အေးချမ်းမေသည် နိုဝင်ဘာလ ၂ ရက်နေ့က သူမ၏ အသက် ၅၀ ပြည့် တော်လှန်ဖျော်ဖြေပွဲကို အမေရိကန် ပြည်ထောင်စု၊ မေရီလန်းပြည်နယ်တွင် ကျင်းပခဲ့သည်။
ဂီတရန်ပုံငွေပွဲတွင် ပန်းချီဆရာမ နုယဉ် ရေးဆွဲထားသော အဆိုတော် အေးချမ်းမေ ပုံတူပန်းချီကားကို အမြင့်ဆုံး လေလံကြေးအဖြစ် ဒေါ်လာ ၃,၅၀၀ ပေး၍ ဝယ်ယူခဲ့သည်။
ဂီတဖျော်ဖြေအတွက် လက်မှတ်တစောင်လျှင် ဒေါ်လာ ၁၀၀ နှင့် ၅၀ သတ်မှတ်ခဲ့ပြီး စုစုပေါင်း လက်မှတ် ၅၀၀ ကျော် ရောင်းချခဲ့ရကာ ရရှိငွေအားလုံးကို မြန်မာနိုင်ငံအတွက် ပြန်လည် လှူဒါန်းပေးသွားဖြစ်ကြောင်း ကြေညာခဲ့သည်။
အဆိုတော် လင်းလင်း

အဆိုတော် လင်းလင်း၏ အွန်လိုင်းမှတဆင့် ပြုလုပ်ခဲ့သည့် Authentic Live Concert 2024 ပွဲကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့က ပြုလုပ်ခဲ့သည်။ ပွဲလက်မှတ်ကို မြန်မာငွေ ၃ သောင်းကျပ်ဖြင့် ရောင်းချခဲ့သည်။
တော်လှန်ရေးတွင် ခန္ဓာကိုယ်အစိတ်အပိုင်း စွန့်ခဲ့ရသော ရဲဘော်များနှင့် CDM များကို ဖျော်ဖြေပေးခဲ့သည့် ပွဲဖြစ်ပြီး ဖျော်ဖြေပွဲကရရှိသော ငွေကြေးတွေကို အရေးပေါ်ခွဲစိတ်ရမည့် ကျန်းမာရေးလုပ်ငန်းများအတွက် အဓိက လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုတော် ကျားပေါက်

တော်လှန်အနုပညာရှင်ထဲတွင် တဦးအပါအဝင်ဖြစ်သည့် အဆိုတော် ကျားပေါက်ကလည်း သူရေးဆွဲထားသည့် ပန်းချီကားကို လေလံတင် ရောင်းချခဲ့ရာ ငွေကျပ် ၁၆၅ သိန်း ရရှိခဲ့ပြီး စစ်တောင်းမြစ်အရှေ့ကမ်းရှိ PDF စိုးမိုးနယ်မြေအတွင်းမှ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ကူညီပေးခဲ့သည်။
ရေဘေးအန္တရာယ်သင့်သည့် အိမ်ထောင်စု ၂၀၀ အတွက် တအိမ်ထောင် ၅ သောင်းကျပ်နှုန်း ပံ့ပိုးပေးခဲ့ပြီး ရေကြီးစဉ် အိမ်အလုံးလိုက် မျောပါ ပျောက်ဆုံးသွားသူများအတွက် ငွေကျပ် ၄ သိန်းနှုန်းဖြင့် ကူညီခဲ့သည်။
ဒီဇင်ဘာလ ၂၁ ရက်တွင်လည်း ကျားပေါက်နှင့် The EZ Going Band တို့ ပူးပေါင်းတင်ဆက်သည့် Live Session in Paris ကိုလည်း အွန်လိုင်းမှတဆင့် ကြည့်ရှုနိုင်ခဲ့ကြသည်။ ဤဖျော်ဖြေပွဲ လက်မှတ်အစောင် ၃၀ ကို မြေပြင် PDF တပ်ရင်းများမှ ဒဏ်ရာရ မသန်စွမ်း ရဲဘော်များအတွက် လက်ဆောင်ပေးထားကြောင်း သိရသည်။
ဒါရိုက်တာ ဏကြီးနှင့် သရုပ်ဆောင် ပိုင်ဖြိုးသု

တော်လှန်အနုပညာရှင်ဟုဆိုလျှင် သရုပ်ဆောင် ပိုင်ဖြိုးသုနှင့် ဒါရိုက်တာ ဏကြီးတို့ ဇနီးမောင်နှံတို့လည်း အပါအဝင်ဖြစ်သည်။ ပြည်ပကို ခိုလှုံရောက်လာကြသော ရုပ်ရှင်အနုပညာရှင်များ ရုပ်ရှင်ဆက်ရိုက်နိုင်ရေး စိတ်အား လူအား ဖေးမကူညီကြများ ဖြစ်ကြသည်။
ဒီလို သူတို့၏ဘဝကို နှစ်မြှုပ်ပြီး ရုပ်ရှင်အလုပ်ကို လုပ်သည့်အတွက် ယခုနှစ် ဂျာမနီနိုင်ငံတွင် ပြုလုပ်ခဲ့သော အိုလ်ဒင်ဘာ့ဂ် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်က Honorary Tribute Award ကို ပေးအပ်ခဲ့သည်။
အိုလ်ဒင်ဘာ့ဂ် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်သည် Independent Film Festival များထဲတွင် ထိပ်တန်းအဆင့်ရှိပြီး ၁၉၉၄ ခုနှစ်မှစတင်ကာ ရုပ်ရှင်နယ်ပယ်ရှိ ထူးချွန်ပြောင်မြောက်သည့် အနုပညာရှင်၊ အတတ်ပညာရှင်များကို နှစ်စဉ် ရွေးချယ်ချီးမြှင့်နေခြင်း ဖြစ်သည်။
ဒါရိုက်တာ ဏကြီး ရိုက်ကူးပြီး အိန္ဒြာကျော်ဇင်နှင့် ပိုင်ဖြိုးသုတို့ အဓိက ပါဝင်သရုပ်ဆောင်ထားသည့် What Happened to the Wolf? ရုပ်ရှင်ကို ပထမဆုံး ပြသခွင့်ပေးခဲ့သည့် ရုပ်ရှင်ပွဲတော်လည်း ဖြစ်သည်။
You may also like these stories:
စစ်ရေး ရှေ့ရောက်နေဦးမယ့် ၂၀၂၅ (ရုပ်/သံ)
၂၀၂၃ ခုနှစ် မြန်မာပြည်၏ အမှန်နှင့် အမှောင် အင်အားစုများ
People of the Year 2022 သို့မဟုတ် ၂၀၂၂ ခုနှစ်ထဲက ထင်ရှားသူများ
People of 2021 သို့မဟုတ် ၂၀၂၁ ခုနှစ်၏ ဇာတ်လိုက်များ
၂၀၂၀ ပြည့်နှစ်ထဲက ထင်ရှားသူများ














