၂၀၂၂ ခုနှစ်သည် ကိုဗစ်ကပ်ရောဂါပိုး အားနည်းသွားပြီး ကမ္ဘာ့နိုင်ငံအတော်များများတွင် ကပ်ရောဂါအလွန် စီးပွားရေး ပြန်လည်ဦးမော့စေရန် ကြိုးစားမှုခြေလှမ်းများ စတင်နေကြပြီ။ သို့သော် ယူကရိန်းကို ရုရှက ကျူးကျော်စစ်ကြောင့် ကမ္ဘာ့စီးပွားရေးစနစ် ပုံပျက်ကာ ငွေကြေးဖောင်းပွမှုကြောင့် လူသုံးကုန်ပစ္စည်း ဈေးနှုန်းများတက်ခြင်းက ခေါင်းခဲစရာ ဖြစ်ခဲ့သည့်အပြင် အာရှဒေသတွင်လည်း ထိုင်ဝမ်အရေး အမေရိကန်နှင့် တရုတ် စစ်ရေးအရပါ ဆက်ဆံရေး တင်းမာလာခဲ့သည်။ ထိုသို့ နိုင်ငံတကာနှင့် ဒေသတွင်း ပဋိပက္ခများကြား ကပ်ရောဂါအလွန်ကာလ နာလန်ထရေး တိုင်းပြည်တိုင်း၏ အစိုးရများက ကြိုးပမ်းနေသော်လည်း မြန်မာ အာဏာသိမ်း စစ်ကောင်စီကမူ တိုင်းပြည်နှင့် နိုင်ငံသားတို့ ဘဝကို တိုးတက်ဖွံ့ဖြိုးရေး ဦးတည်လုပ်ဆောင်ရမည့်အစား ဖြိုချဖျက်ဆီးရေးကိုသာ အားသန်နေသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဒီဇင်ဘာ ၉ ရက်အထိ အချက်အလက်များအရ အာဏာသိမ်းပြီးနောက် သတ်ဖြတ်ခံရသူ ၂၅၆၆ ဦးရှိပြီး အမျိုးသမီး ၃၀၀ ကျော် ပါဝင်သည်။ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၁၃၀၇၀ ဦးရှိကာ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံရသည့် ထိန်းသိမ်းခံနေရသူ စုစုပေါင်း ၉၇ ဦးလည်း ပါဝင်သည်။ ကိန်းဂဏန်းတခုချင်းစီနောက်တွင် လူ့အသက်တန်ဖိုးနှင့် ဘဝတခု ရှိနေကြသည်။
စစ်ကောင်စီကို လူထုက အိမ်ဖျက်အစိုးရဟု ခေါ်ကြသေးသည်။ စစ်ကောင်စီသည် စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကယား စသည့် ဒေသများရှိ ပြည်သူများ၏ နေအိမ်များကို အကြမ်းဖက် မီးရှို့ဖျက်ဆီးသည်သာမက ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများရှိ ရပ်ကွက်တချို့ကိုလည်း ကျူးကျော်ဟု ခေါင်းစဉ်တပ်ကာ ဖျက်ဆီးဖယ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သည်။ ဩဂုတ်လအတွင်း သတင်းအချက်အလက် စုဆောင်းကောက်ယူသော Data for Myanmar အဖွဲ့၏ ထုတ်ပြန်ချက်အရ အိမ်အလုံး ၂၈၀၀၀ ကျော်ကို စစ်တပ်က မီးတင်ရှို့ခဲ့ပြီးဖြစ်ရာ ယခုနှစ်ကုန်တွင် ပိုမိုများပြားမည်မှာ သေချာသည်။
စီးပွားရေးတခုလုံး အနေဖြင့်ကြည့်ပါက အခြေမခိုင်နေဆဲ ဖြစ်သည်။ မြန်မာကျပ်ငွေသည် စစ်အုပ်ချုပ်ရေးအောက်တွင် ဒေါ်လာနှင့်ယှဉ်လျှင် တန်ဖိုးထက်ဝက်မက ကျဆင်းသွားသည်။ ငွေကြေး ဖောင်းပွမှုနှင့် အလုပ်အလုပ်လက်မဲ့ဖြစ်ခြင်းသည် ပြည်သူများ၏ အသက်မွေးဝမ်းကြောင်းများကို ဖိအားပေးနေသည်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ကုန်ဆုံးသော ၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ၁၈ ရာခိုင်နှုန်း ကျုံ့သွားသော မြန်မာ့စီးပွားရေးသည် ၂၀၂၂ နောက်ပိုင်းတွင် တနှစ်လျှင် ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းကျော် တိုးတက်မည်ဟု နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) က ခန့်မှန်းထားသည်။ ထိုတိုးတက်မှုနှုန်းသည် ကပ်ရောဂါမတိုင်မီက တိုးတက်မှုနှုန်း ၆ မှ ၇ ရာခိုင်နှုန်း၏ ထက်ဝက်သာ ရှိသည်။
၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်နေသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက်ခံ အရပ်သားအစိုးရ အရာရှိကြီးများ ဆက်လက် ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။ ထိုရွေးကောက်ပွဲသည် စစ်ကောင်စီထိန်းချုပ်မှုတွင် ဒီမိုကရေစီ အတုအယောင်ပေးရန် အားထုတ်မှုဖြစ်သည်။ အတိုက်အခံပါတီများကို ဖယ်ထုတ်ပြုလုပ်မည့် ရွေးကောက်ပွဲဖြစ်သည်။ ထိုရွေးကောက်ပွဲသည် လွတ်လပ်မျှတမည် မဟုတ်ကြောင်း အမေရိကန် ပြည်ထောင်စုနှင့် အာဆီယံအသင်း၏ ၂၀၂၃ ခုနှစ် အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားတို့က ပြောဆိုထားသည်။
၂၀၂၂ ခုနှစ်သည် အာဆီယံအသင်း၏ အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ၏ ဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာပြည်သို့ တကိုယ်တော်ခရီးဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီအား စည်းရုံးသိမ်းသွင်းရန် ရည်ရွယ်ခဲ့သော်လည်း စစ်ကောင်စီသည် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့အား ကြိုးပေးကွပ်မျက်ခဲ့ခြင်း၊ စစ်ကိုင်းတိုင်း လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို လေကြောင်းစီးနင်းမှု လုပ်ပြီး ကလေးငယ်များအား သတ်ဖြတ်ဖမ်းဆီးခြင်း၊ ကချင်ပြည်နယ် အနန့်ပါကျေးရွာ ဂီတပွဲအား လေကြောင်းမှ ဗုံးကြဲခြင်းတို့အပြင် လတ်တလော ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကို သေဒဏ်ချမှတ်ခြင်းစသည့် အကြမ်းဖက်မှုများဖြင့်သာ တုန့်ပြန်ခဲ့၍ အာဆီယံအသင်းက ၎င်း၏ အစည်းအဝေးပွဲများမှ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်တို့အား ဖယ်ထုတ်ထားခဲ့ပြီး ကာကွယ်ရေးဝန်ကြီး မြထွန်းဦးကိုပါ အစည်းအဝေး မဖိတ်ကြားတော့ပေ။
ထိုသို့ မုန်တိုင်းထန်နေသော နိုင်ငံရေး ရာသီဥတုကြား လူမဆန်သူများ ပေါ်လာသလို လူ့ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးအတွက် ရုန်းကန်တိုက်ပွဲဝင်ကြသူ အများအပြားလည်း ရှိခဲ့သည်။ စိတ်ညစ်ညူးဖွယ် နှစ်ကာလအတွင်း လေးစားဂုဏ်ပြုစရာ သတ္တိ ဗျတ္တိရှင်များလည်း မြင်တွေ့ခဲ့ရသလို သရဲဘောကြောင်သူများလည်း မြင်တွေ့လာရသည်။ ၂၀၂၂ ခုနှစ်အတွင်း ပြောစမှတ်ပြုဖွယ် ဇာတ်ကောင်များကို ဧရာဝတီ အဖွဲ့သားများက ရွေးချယ်ဖော်ပြအပ်ပါသည်။
ကြိုးစင်ပေါ် အသက်ပေးခဲ့သူများ
ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်
၂၀၂၂ ခုနှစ်အတွင်းမှာ တကမ္ဘာလုံး အံ့ဩတုန်လှုပ်ချောက်ခြားလောက်စရာ ကိစ္စရပ်တခုကို စစ်ကောင်စီက စတင်ကျူးလွန်ခဲ့ပါတယ်။ အဲဒါကတော့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ သေဒဏ်တွေကို စတင်ပြီး လက်တွေ့ အကောင်အထည် ဖော်ကာ စစ်အာဏာရှင်စနစ်ရဲ့ ဆိုးယုတ်မှုပြသခဲ့တာပဲ ဖြစ်ပါတယ်။
ဟစ်ဟော့ဂီတအဖွဲ့ ACID ရဲ့ အဖွဲ့ဝင်လည်းဖြစ်၊ NLD ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးဖြိုးဇေယျာသော်၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကျော်မင်းယု (ခေါ်)ကိုဂျင်မီတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသား လေးဦးကို အာဆီယံအသင်းနဲ့ နိုင်ငံတကာအစိုးရတွေ၊ ကုလသမဂ္ဂတို့က ကန့်ကွက်နေတဲ့ကြားက ကြိုးပေးကွပ်မျက်ပစ်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့မှာတော့ သူတို့ ၄ ဦးကို သေဒဏ်စီရင်လိုက်ပြီဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ သတင်းစာတွေကတဆင့် ထုတ်ပြန်ခဲ့တာပါ။
ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော် တို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉(က)၊ အကြမ်းဖက်အဖွဲ့များကို ထောက်ပံ့တာတွေ၊ ဖောက်ခွဲဖျက်စီးမှု၊ တိုက်ခိုက်မှုတွေမှာ ပါဝင်ကူညီပြီး ကြံရာပါအနေနဲ့ ဆောင်ရွက်တာတွေကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ဈ)၊ အကြမ်းဖက်အဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့မှုတွေ ဆောင်ရွက်ခဲ့တာကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)တို့နဲ့ သေဒဏ်ချမှတ်ခဲ့တာလို့ စစ်ကောင်စီက ဆိုပါတယ်။
ကွပ်မျက်ခံရသူ ၄ ဦးထဲမှာ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော် တို့ကို လူသိများ ပေမယ့် ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော် တို့ကိုတော့ သိရှိသူ နည်းပါးပါတယ်။ ကွပ်မျက်ခံရချိန်မှာ အသက်၂၇ နှစ်ရှိပြီဖြစ်တဲ့ ကိုအောင်သူရဇော်ဟာ လှိုင်သာယာမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး ဇနီးဖြစ် သူနဲ့ ၉ လသားအရွယ် ကလေးငယ်လေး ကျန်ရစ်ခဲ့ပါတယ်။
ကိုလှမျိုးအောင် အနေနဲ့ သေဒဏ်ချမှတ်ခံရပြီး ဇနီးဖြစ်သူကတော့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ထောင် ၃ နှစ် ချမှတ်ခံရကာ လတ်တလော ကျိုက်မရောထောင်မှာ ချုပ်နှောင်ခံ နေရဆဲဖြစ်ပါတယ်။
ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ဟာ ပြီးခဲ့တဲ့နှစ် မတ်လအတွင်းမှာ လှိုင်သာယာမြို့နယ်က အမျိုးသမီးတဦးကို စစ်ကောင်စီ သတင်းပေး ဒလန်လို့ စွပ်စွဲ သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်မှာ ပါဝင်ခဲ့သူတွေလို့ အာဏာသိမ်း စစ်ကောင်စီ က စွပ်စွဲ ဖမ်းဆီကာ စစ်ခုံရုံးနဲ့ သေဒဏ်ချခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေအတွက် သေဒဏ်ကွပ်မျက်တာ ခံလိုက်ရတဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရ ဇော်နဲ့ ကိုလှမျိုးအောင်တို့ ၄ ဦးစလုံး တရားဥပဒေနဲ့အညီ ခုခံချေပခွင့် မရခဲ့ကြဘဲ စစ်ကောင်စီရဲ့ တဖက်သတ်စီရင် ကွပ်မျက်သတ်ဖြတ်ခြင်းကို ခံရတာ ဖြစ်ပြီး မိသားစုတွေအနေနဲ့လည်း နောက်ဆုံး ရုပ်အလောင်းတွေကိုတောင် မြင်ခွင့် မရခဲ့ကြပါဘူး။
အဲဒီလုပ်ရပ်ဟာဆိုရင် မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃၀ ကျော်ကြာတဲ့အထိ မကျင့်သုံးခဲ့တဲ့ သေဒဏ်ကို ပထမဆုံးအဖြစ် ပြန်လည်ကျင့်သုံးပြီး ကွပ်မျက်လိုက်တာလည်း ဖြစ်ပါတယ်။
ဒီသေဒဏ်ပေးတဲ့ ဖြစ်ရပ်တွေကြောင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်နေသူတွေကြား မှာ သွေးပျက် ခြောက်ခြားမသွားတဲ့အပြင် နားကြည်းခံပြင်းမှုတွေနဲ့ ဒေါသတွေ၊ အမုန်းတရားတွေသာ တိုးပွားလာပြီး တော်လှန်ရေးကို ပိုပြီးတွန်းအားပေးနိုင်ခဲ့ပါတယ်။
တော်လှန်ရေးအစိုးရခေါင်းဆောင်
ဒူဝါလရှီးလ
မြန်မာ့နွေဦးတော်လှန်ရေးမှာ နိုင်ငံရေးအရ ဦးဆောင်မှုမှာ အရေးပါတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ တာဝန်ကို မမျှော်လင့်ဘဲ ဒူဝါလရှီးလ ယူခဲ့ရတယ်။ သူဟာ သမ္မတအိမ်တော်မှာ မနေသလို သမ္မတရုံးမှာလည်း အလုပ်မလုပ်။ ကမ္ဘာမှာ နာမည်ဆိုးနဲ့ အကျော်ကြားဆုံး၊ အရက်စက်ဆုံး မြန်မာစစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ ကတိပြုထားတဲ့ တော်လှန်ရေး အစိုးရကို ဦးဆောင်နေရတယ်။
မကြာသေးမီက နိုင်ငံ့ခေါင်းဆောင်တွေ ပါဝင်ဟောပြောတဲ့ REUTERS Next Leadership Summit နဲ့ Global Broadcast မှာ ယာယီသမ္မတ ဒူဝါလရှီးလဟာ မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေကို ကမ္ဘာကသိအောင် ထုတ်ဖော်ပြောဆိုခဲ့သလို အကြမ်းဖက် စစ်အာဏာရှင်ကိုတိုက်ဖို့ လေယာဉ်ပစ်လက်နက် အပါအဝင် အကူအညီတွေပေးဖို့ နိုင်ငံတကာကို တောင်းဆိုခဲ့ပါသေးတယ်။
ဒီလို တောင်းဆိုမှုတွေသာမက သံတမန်ရေးနည်းလမ်းအရ နိုင်ငံတကာမှာ NUG ကို အသိအမှတ် ပြုလာဖို့ ကြိုးပမ်းနေသလို ပြည်တွင်းမှာလည်း NUG အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေကြား စုစည်းညီညွတ်စွာ လုပ်ကိုင်နိုင်ရေး ကြိုးစားနေတယ် ဆိုတာကိုလည်း သူ့ရဲ့မိန့်ခွန်းတွေက မီးမောင်းထိုးပြနေပါတယ်။
စစ်အာဏာရှင် အမြစ်ပြတ်ရေး အားလုံးပါဝင်ရေးမူကို စွဲကိုင်ပြီးတော့ နွေဦးတော်လှန်ရေးရဲ့ စစ်ရေးတပ်ပေါင်းစု မဟာမိတ်ဆက်ထုံးကို ခိုင်မြဲအောင် စုစုစည်းစည်း ညီညီညွတ်ညွတ် လုပ်ကြရမယ်လို့ ယူဆထားသူပါ။ ဒါကြောင့်လည်း သူက “မဟာမိတ်ဆက်ဆံရေးကို တည်ဆောက်တဲ့နေရာမှာ သဘောထားအမြင် ကျဉ်းမြောင်းစွာ ချည်းကပ်လုပ်ဆောင်ဖို့ မသင့်ပါဘူး။ ကျနော်တို့ရဲ့ တော်လှန်ရေး စိတ်ဆန္ဒတွေဟာ ဂိုဏ်းဂဏဝါဒကို ရှောင်ပြီးတော့ ပုဂ္ဂိုလ်ရေးအစွဲတွေကို ကျော်နိုင်ဖို့ လိုပါလိမ့်မယ်” လို့ တိုက်တွန်းထားပါတယ်။
ဒါ့ပြင် ကချင်တိုင်းရင်းသားအသံဝဲဝဲနဲ့ မိန့်ခွန်းတွေ ပြောတတ်တဲ့ ယာယီသမ္မတကြီးဟာ သူ့ရဲ့ NUG အစိုးရ အဖွဲ့ဝင်တွေကိုလည်း ပြည်သူတွေကို မျှော်လင့်ချက်အမှားတွေ မပေးဖို့၊ ဝန်ကြီးတွေ အနေနဲ့ အောက်ခြေနဲ့ ထိတွေ့ပြီး လူထုအမြင်ကို အလေးထားဖို့၊ ပကတိမြေပြင် အခြေအနေတွေနဲ့ မကင်းကွာဖို့လည်း မကြာခဏ သတိပေးလေ့ ရှိပါတယ်။ အဲဒီလို သတိပေးလေ့ရှိတဲ့ ယာယီသမ္မတဟာ သူကိုယ်တိုင်လည်း ရှေ့တန်းစခန်းထိသွားပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်သည်ရဲဘော်တွေကို စိတ်ဓာတ်ခွန်အားတွေ ပေးတတ်ပါသေးတယ်။
ယာယီသမ္မတ ဒူဝါလရှီးလက ကချင်တိုင်းရင်းသား ခရစ်ယာန်တဦး ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းစီးကျေးရွာ ဇာတိပါ။ ရန်ကုန်တက္ကသိုလ်မှာ ဥပဒေပညာ သင်ယူခဲ့ပြီး ရှေ့နေနဲ့ ဥပဒေအရာရှိအဖြစ် ၁၈ နှစ်ခန့် လုပ်ကိုင်ခဲ့ပါတယ်။ ကချင်ပြည်နယ်မှာ ဩဇာအကြီးမားဆုံးလို့ ဆိုနိုင်တဲ့ ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ (WMR) မှာ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် ကချင်အရေးကို ဆောင်ရွက်ရန် ပြည်တွင်းပြည်ပ ကချင်အသင်းအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ကချင်နိုင်ငံရေးဆိုင်ရာ ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (KPICT) မှာလည်း ဥက္ကဋ္ဌတာဝန် ယူခဲ့ပါတယ်။
စစ်အာဏာသိမ်းမှုကို ၃ ကြိမ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အသက် ၇၂ နှစ်အရွယ် ဒူဝါလရှီးလဟာ အာဏာရှင်စနစ်ဆိုးကို အမြစ်ဖြတ်ဖို့ သမိုင်းပေးတာဝန် ပေးအပ်လာချိန်မှာလည်း ခေါင်းမရှောင်ဘဲ လက်ခံခဲ့သူပါ။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပေါ်ပေါက်လာချိန်မှာ သမ္မတကြီး ဦးဝင်းမြင့် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အတွက် ဒူဝါလရှီးလဟာ ယာယီသမ္မတ ဖြစ်လာပါတယ်။
သူ ယာယီသမ္မတ တာဝန်ယူပြီး ၆ လခန့် ၂၀၂၁ စက်တင်ဘာ ၇ ရက်နေ့မှာ သူဟာ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်ကို တနိုင်ငံလုံး “လှည်းနေလှေအောင်း မြင်းဇောင်းမကျန်” ပြည်သူ့ခုခံစစ် ဆင်နွှဲဖို့ တိုက်တွန်းနှိုးဆော်ခဲ့တာ အခု ၁ နှစ်ကျော်လာချိန်မှာတော့ စစ်အာဏာရှင် တော်လှန်ရေးခရီးဟာ အတိုင်းအတာတခုထိ ရောက်ရှိလာနေပြီလို့ ဆိုနိုင်ပါတယ်။
မျိုးဆက်သစ် နိုင်ငံရေးရဲ့ မျက်နှာစာ
ဒေါက်တာ တေဇာစန်း
စစ်အာဏာသိမ်းဆန့်ကျင်ရေး နွေဦးတော်လှန်ရေးထဲမှာ ရိုးရှင်းတဲ့ နိုင်ငံရေးအမြင်နဲ့ တက်ကြွလန်းဆန်းသူ လူငယ်များစွာ ပါဝင်လာခဲ့ကြသူတွေထဲ ဒေါက်တာ တေဇာစန်းက ရှေ့တန်းရောက်ပါတယ်။ သူ့ရဲ့ ရိုးသား ဖော်ရွေတဲ့ အပြုံးနဲ့ ခွန်အားတက်စေမယ့် ဟောပြောချက်တွေက လူအများကြား မှတ်မှတ်ထင်ထင် ဖြစ်စေပါတယ်။
စစ်အာဏာသိမ်းဆန့်ကျင်ရေး အစောဆုံး ဦးဆောင် ဆန္ဒပြခဲ့တဲ့ မန္တလေးမြို့ရဲ့ သပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာစန်းကို ဖမ်းဆီးနိုင်ဖို့ ဆုငွေ ကျပ်သိန်း ၁၀၀ အထိ ထုတ်ပြီး ဖမ်းဝရမ်းထုတ်ခံရတဲ့အထိ အာဏာရှင်တွေ ထိတ်လန့်ခဲရတဲ့သူပဲ ဖြစ်ပါတယ်။
လူငယ်ဆရာဝန်တဦး ဖြစ်တဲ့ ဒေါက်တာ တေဇာစန်းက သူတတ်မြောက်ထားတဲ့ ပညာနဲ့ မန္တလေးမြို့ရဲ့ နှလုံးလှ ပရဟိတ ဆေးခန်းမှာ ဆေးကုသမှု ပေးနေသလို စာဖတ်တဲ့ အလေ့အထကို လူငယ်တွေ လက်ဆင့်ကမ်း အမွေပေးဖို့အတွက် ယုံကြည်ရာဆိုတဲ့ စာကြည့်တိုက်လည်း မိတ်ဆွေတွေနဲ့ တည်ထောင် လုပ်ကိုင်နေရင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က ပြည်သူတွေ ရွေးချယ်တင်မြောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး တိုင်းပြည်အာဏာ သိမ်းလိုက်တာက သူ့ကို လမ်းပေါ်ထွက် သပိတ်မှောက်ဖို့ တွန်းအားပေးလိုက်တာပဲ ဖြစ်ပါတယ်။
လူအများက ‘အရိုး’ လို့ ချစ်စနိုးအမည်ပေးထားတဲ့ ဒေါက်တာ တေဇာစန်းကို ၁၉၈၈ ခုနှစ်၊ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မှာ မွေးဖွားခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ဆေးကျောင်းတက်ဖို့ မန္တလေးမြို့ကို ပြောင်းရွှေ့လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂနဲ့ မန္တလေးတိုင်း ဥက္ကဋ္ဌတဦးအဖြစ်လည်း တာဝန်ယူခဲ့ပါတယ်။
ဒေါက်တာတေဇာစန်းကို စစ်ကောင်စီက ဇာတိရွာအထိပါ လိုက်လံရှာဖွေဖမ်းဆီးတာမို့ ရှောင်တိမ်းပုန်းအောင်းရပါတယ်။ စစ်တပ်လက်လှမ်းမမီဘဲ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ကြီးစိုးထိန်းချုပ်ရာတွေကို လှည့်လည်နေထိုင်နေရပါတယ်။
ဒေါက်တာ တေဇာစန်းက “ဒီပွဲက ကျနော်တို့ ဓမ္မဘက်က မုချနိုင်မယ့်ပွဲ ဖြစ်တယ်။ ဒါပေမယ့် အောင်ပွဲဆိုတာ ပေါ့ပေါ့တန်တန်နဲ့တော့ မရနိုင်။ အရင်းအနှီးတွေ ကြီးလိမ့်မယ်။ ကျနော်တို့တွေ အထိအခိုက် အတိမ်းအစောင်းများတဲ့ မုန်တိုင်းကာလတခုကို ကျော်ဖြတ်နေရဦးမှာ ဖြစ်တယ်။ ကျနော် အသက်နဲ့ ခန္ဓာအပါအဝင် ဘာကိုပဲ ရင်းရပါစေ၊ အဲ့ဒါ ထိုက်တန်တယ်လို့ ယုံကြည်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီအောင်ပွဲကနေ ကျနော်တို့ ပြန်လည်ရရှိမှာက ခေတ်သစ်၊ စနစ်သစ်၊ နိုင်ငံတော်အသစ်ကြီးတရပ်ပဲ ဖြစ်ပါတယ်” လို့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးထားပါသေးတယ်။
ဒေါက်တာ တေဇာစန်းဟာ အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို မူဝါဒ လမ်းညွှန်ချက်များ ပေးရေး ဖွဲ့စည်းထားတဲ့ NUCC မှာ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၂ ခုနှစ်၊ ဇွန်လမှာတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ၁၆ ကြိမ်မြောက် Park Jong Cheol လူ့အခွင့်ရေးအထူးဆု ရွေးချယ် ချီးမြှင့်ခံခဲ့ရပါတယ်။
နွေဦးတော်လှန်ရေးရဲ့သံတမန်
ဒေါ်ဇင်မာအောင်
စစ်ခေါင်းဆောင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ မြန်မာ ပြည်သူတွေရဲ့ ခံစားချက်၊ ဒုက္ခတွေကို ကမ္ဘာကြီးကသိအောင် အခွင့်သာတိုင်း ကျယ်လောင်စွာ ထုတ်ဖော်ပြောဆိုနေသူတွေထဲက တစ်ဦးကတော့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပဲ ဖြစ်ပါတယ်။
နိုင်ငံခြားရေး ဝန်ကြီးတာဝန် ယူထားတဲ့ သူ့အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အစိုးရတွေကြား NUG ကို မြန်မာပြည်သူ လူထုကိုယ်စားပြု အစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုရေး တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်နေသလို ပြည်သူတွေ ရဲ့ဆန္ဒကို လျစ်လျူမရှုဖို့၊ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် လက်နက်က စလို့ ဖြစ်နိုင်သမျှ နည်းလမ်းတွေနဲ့ ကူညီဖို့ အမြဲတိုက်တွန်း တောင်းဆိုလေ့ ရှိပါတယ်။
ဒါ့ပြင် မိန့်ခွန်းတွေ၊ အင်တာဗျူးတွေကို လိုတိုရှင်း ထိထိမိမိနဲ့ ပြောဆိုတတ်တဲ့ သူဟာ နိုင်ငံတကာက ခေါင်းဆောင်တွေကိုလည်း အာဏာသိမ်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်ကျူးလွန်မှုတွေကို ပြတ်ပြတ်သားသား အရေးယူဖို့ အမြဲသတင်းစကားပါး တိုက်တွန်းတတ်သလို စစ်ကောင်စီရဲ့ လှည့်ကွက်တွေထဲ မဝင်မိစေဖို့လည်း မကြာခဏ သတိပေးတတ်ပါတယ်။
NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် သူထမ်းဆောင်နေတဲ့ ၁ နှစ်ကျော်ကာလအတွင်း နိုင်ငံတကာ အစိုးရတွေ၊ တာဝန်ရှိသူ တွေနဲ့ အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးမှုတွေကနေ ပြင်ပမှာပါ တရားဝင်တွေ့ဆုံမှုတွေအထိ သံတမန်ရေးရာ တိုးတက်မှုတွေ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
အခုဆိုရင် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော် အပါအဝင် ချက်၊ ကိုရီးယား၊ သြစတြေးလျ၊ နော်ဝေ၊ ဂျပန်၊ အင်္ဂလန်၊ ပြစ်သစ် စတဲ့ နိုင်ငံတွေမှာ NUG ကိုယ်စားလှယ်ရုံးတွေ ဖွင့်လှစ်ထားနိုင်ပြီလည်း ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ဖေဖော်ဝါရီ ၅ ရက်မှာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်အ များစုနဲ့ ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားပြု ရန်ကင်းမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဒေါ်ဇင်မာအောင်ဟာ အဖွဲ့ဝင်တဦး ဖြစ်ပါတယ်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတုန်းကလည်း ရန်ကင်းမြို့နယ် NLD ကိုယ်စားပြု ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသူ ဖြစ်ပါတယ်။
၁၉၇၆ ခုနှစ်ဖွား ဒေါ်ဇင်မာအောင်ဟာ ၁၉၈၈ မှာ မြောက်ဥက္ကလာပ အခြေခံပညာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် အဖြစ် ပါဝင်ခဲ့ပြီး ၁၉၉၈ မှာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပါတယ်။ အင်းစိန်ထောင်နဲ့ မန္တလေးဗဟိုအကျဉ်းထောင်တွေမှာ ၁၁ နှစ်ကြာ အကျဉ်းကျခံခဲ့ရပြီးနောက် ၂၀၀၉ စက်တင်ဘာ ၁၈ ရက်မှာ ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။
ဒေါ်ဇင်မာအောင် အနေနဲ့ ၂၀၁၂ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုက ချီးမြှင့်တဲ့ International Women of Courage Award ကိုလည်း လက်ခံ ရရှိခဲ့ပါတယ်။
မတူညီသော ကရင့် စစ်သူရဲကောင်းများ
ဗိုလ်ချုပ် စောနယ်ဒါးမြနဲ့ ဗိုလ်ဒါဘော
စစ်အာဏာသိမ်းအပြီး ကရင်ပြည်နယ် စစ်မျက်နှာ အထူးသဖြင့် မြဝတီမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ရာမှာ လက်သံပြောင်တဲ့ ကရင်တပ်မှူး ၂ ယောက်ကို လူအများ စိတ်ဝင်စားခဲ့ကြတယ်။ တယောက်က ဗိုလ်ချုပ် စောနယ်ဒါးမြနဲ့ ဖြစ်ပြီး နောက်တဦးက ဗိုလ်ဒါဘောတို့ပဲ ဖြစ်ပါတယ်။
ကရင်လက်နက်ကိုင် တော်လှန်ရေးထဲ ဝါရင့်တပ်မှူးတဦးဖြစ်တဲ့ ဗိုလ်ချုပ် စောနယ်ဒါးမြဟာ ကရင်အမျိုးသား အစည်းအရုံး (KNU) ကနေ ခွဲထွက်ပြီး ကော်သူးလေတပ်မတော် (Kaw Thoo Lei Army – KTLA) ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၆ ရက်နေ့မှာ ဖွဲ့စည်းတည်ထောင်ကြောင်း ကြေညာခဲ့ပါတယ်။
သူဟာ KNU ရဲ့ ဩဇာကြီးမားတဲ့ ခေါင်းဆောင်တွေထဲက ကွယ်လွန်သူ ဗိုလ်ချုပ်ကြီး စောဘိုမြရဲ့ ဒုတိယမြောက်သားဖြစ်ပြီး ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (Karen National Defence Organization -KNDO) ရဲ့ စစ်ဦးစီးချုပ်အဖြစ် ကာလရှည် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီး နိုင်ငံတဝန်း ခုခံတော်လှန်မှုတွေ မြှင့်တက်နေချိန် ၂၀၂၁ ခုနှစ်၊ မေလ ၃၁ ရက်နေ့မှာ မြဝတီ-ဝေါလေလမ်းပေါ်က အူးဟူချောင်းတံတား ဆောက်လုပ်ရေးခွင်ထဲက လူ ၂၅ ဦးကို ဖမ်းဆီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ သတင်းပေးများအဖြစ် စွပ်စွဲ သတ်ဖြတ်မှုမှာ သူဟာ အဓိကတာဝန်ရှိသူလည်း ဖြစ်ပါတယ်။
ဒီအတွက်ပဲ KNU အနေနဲ့ ဗိုလ်ချုပ် စောနယ်ဒါးမြကို တပ်ဖွဲ့က ထုတ်ပယ်ခဲ့တာဖြစ်ပေမယ့် သူ့အနေနဲ့ KNU ဗဟိုရဲ့ ဆုံးဖြတ်ချက်ကို လက်ခံနိုင်ခြင်းမရှိဘဲ ကော်သူးလေတပ်မတော်ကို ဖွဲ့စည်းတည်ထောင်ကာ စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူထားပြီး လက်ရှိအချိန်ထိ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေပါတယ်။
ဗိုလ်ချုပ် စောနယ်ဒါးမြဟာ စစ်ကောင်စီနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးမှုကို မထောက်ခံသူဖြစ်သလို သူတည်ထောင်တဲ့ ကော်သူးလေ တပ်မတော်ဟာလည်း NCA လွှမ်းမိုးမှုမရှိတဲ့ တပ်ဖွဲ့ဖြစ်လာပြီး အကြမ်းဖက်စစ်ကောင်စီကို အမြန်ဆုံး တိုက်ထုတ်ချေမှုန်းမှာ အဓိကရည်ရွယ်ချက် ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
လက်ရှိ သူတည်ထောင်ခဲ့တဲ့ ကော်သူးလေတပ်မတော်အောက်မှာ ဗိုလ်စလုံး၊ ဗိုလ်အယ်စေးဝါး၊ ဗိုလ်မှူးစောဝင်းမြင့် စတဲ့ တပ်မှူးတွေ ဦးဆောင်တဲ့ စစ်ကြောင်းတွေဟာ KNU တပ်မဟာ ၆ နယ်မြေအတွင်းက စစ်ကောင်စီရဲ့ ခြေကုပ်ကုန်းသိမ်း တိုက်ပွဲများစွာကို ဆင်နွှဲလျှက်ရှိပါတယ်။
နွေဦးတော်လှန်ရေးနဲ့အတူ ပေါ်ထွက်လာခဲ့တဲ့ ကရင်ပြည်နယ် တိုက်ပွဲတွေထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ရဲ့ တပ်ရင်း ၂၇ လက်အောက်ခံ၊ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောဟာ အထင်ရှားဆုံး တပ်မှူးတဦး ဖြစ်ပါတယ်။
ပြည်မမှ တော်လှန်သူလူငယ်များပါဝင်ပြီး သူဦးဆောင်တဲ့ ကော်ဘရာစစ်ကြောင်းဟာ တိုက်ခိုက်စွမ်းရည်နဲ့ အင်အားကောင်းသလို KNU တပ်မဟာ ၆ နယ်မြေထဲက စစ်ကောင်စီရဲ့ စခန်းသိမ်းတိုက်ပွဲများစွာ ဆင်နွှဲထားပြီး အဓိကအနေနဲ့ နှစ်ပေါင်းများစွာ စစ်ကောင်စီရဲ့ သိမ်းပိုက်ခြင်းခံထားရတဲ့ နာမည်ကျော် သေဘောဘိုးစစ်စခန်းကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့တဲ့တိုက်ပွဲဟာ နာမည်ကြီးပါတယ်။
ဗိုလ်ဒါဘောရဲ့ ငယ်ရွယ်တက်ကြွမှုနဲ့ ဦးဆောင်တိုက်ပွဲဝင်မှုကြောင့် လူသိများထင်ရှားလာသလို တိုက်ပွဲအတွင်း ဖမ်းမိတဲ့ စစ်ကောင်စီတပ်သား သုံ့ပန်းတွေအပေါ် ပြောဆိုဆက်ဆံပုံတွေကလည်း လူမှုကွန်ရက် စာမျက်နှာတွေမှာ ရေပန်းစားပါတယ်။
ဒါပေမယ့်သူဟာ ဗိုလ်ချုပ် စောနယ်ဒါးမြရဲ့ ကော်သူးလေတပ်မတော် (KTLA) ခွဲထွက်တည်ထောင်တာကို မထောက်ခံသူတဦး ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်လို့ သူက “စစ်သားတယောက်ဟာ စစ်ရဲ့ ဥပဒေ၊ စစ်ရဲ့ကျင့်ဝတ်ကို နားလည်ရမယ်။ စစ်သားတယောက်က စစ်ရာဇဝတ်မှု ကျူးလွန်တာရှိရင် စစ်ကပေးတဲ့ ပြစ်ဒဏ်ကိုခံရမယ်။ စစ်ကပေးတဲ့ အပြစ်ဒဏ်ကို မခံဘဲနဲ့ ဒါကို သီးခြားပုဂ္ဂိုလ်ရေးအရ ဖွဲ့စည်းပြီး ပုတ်ခတ်တာတွေကိုတော့ လုံးဝမဖြစ်သင့်ဘူး” လို့ မှတ်ချက်ပြုပါတယ်။
လက်ရှိမှာတော့ ဗိုလ်ချုပ် စောနယ်ဒါးမြနဲ့ ဗိုလ်ဒါဘောတို့ဟာ ကရင့်လက်နက်ကိုင် တော်လှန်တော်ရေးထဲ ခြားနားတဲ့ ကိုယ်စားပြုမှုကိုယ်စီနဲ့ ရပ်တည်နေပေမယ့် အာဏာသိမ်း စစ်ကောင်စီဆန့်ကျင်ရေး ကရင်ပြည်နယ်မှာ တိုက်ပွဲဝင်နေကြတာချင်းကတော့ အတူတူပဲ ဖြစ်ပါတယ်။
မဖောက်ပြန်တဲ့ ဓမ္မဘက်တော်သား
မြဝတီမင်းကြီးဆရာတော်
မြန်မာ့နိုင်ငံရေးမှာ အမှန်တရား ဓမ္မဘက်က ပြတ်ပြတ်သားသား ရပ်တည်ခဲ့ပြီး ရပ်တည်တဲ့အတိုင်း ပြောဆို ရှေ့ဆောင် လုပ်ကိုင်ဝံ့သူ သံဃာတော်များအနက် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့မှာ ပျံလွန်တော်မူတဲ့ မြဝတီမင်းကြီးဆရာတော်ကိုလည်း နိုင်ငံရေး၊ တော်လှန်ရေး ခရီးကြမ်းသမိုင်းမှာ ကမ္ဗည်းထိုးထားရမှာ ဖြစ်ပါတယ်။
မန္တလေးမြို့မှာ သီတင်းသုံးပြီး ဩဇာကြီးမား ထင်ရှားကာ မြဝတီမင်းကြီးဆရာတော်လို့ လူသိများတဲ့ ဘဒ္ဒန္တ အရှင် အရိယဝံသာဘိဝံသ (သ.စ.အ ဓမ္မာစရိယ၊ ဝဋံသကာ) ဟာ ဒီမိုကရေစီစနစ် ထွန်းကားရေး လိုလားသူ၊ ဘာသာပေါင်းစုံ ညီညွတ်ရေး ဆောင်ရွက်ခဲ့သူ၊ ပြည်သူနဲ့ တသားတည်း ရပ်တည်ပြီး စစ်အာဏာသိမ်းမှုကို ဦးဆောင်ဆန့်ကျင်ခဲ့သူ ဖြစ်ပါတယ်။
စစ်တပ်နဲ့ ပလူးပလဲလုပ်ပြီး အမုန်းတရားတွေ ဟောပြောကာ ငွေကြေးနဲ့ ဩဇာ ရှာကြတဲ့ နာမည်ကြီး ဘုန်းကြီးများနဲ့မတူ မြဝတီမင်းကြီးဆရာတော်ဟာ လူငယ်တွေကို ဒီမိုကရေစီစနစ်အကြောင်းနဲ့ ကိုယ်ကျင့်တရားကောင်းမွန်ရေး ဟောပြောဆုံးမသူ၊ ဘာသာမရွေး တန်းတူဆက်ဆံသူလည်း ဖြစ်ပြီး NLD အစိုးရ လက်ထက်မှာ ဓမ္မနှင့်ငြိမ်းချမ်းရေး အဖွဲ့အစည်းကို ဦးဆောင်ဖွဲ့စည်းပေးခဲ့ပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေး အကြမ်းမဖက် လှုပ်ရှားမှုများမှာလည်း တွန့်ဆုတ်မနေဘဲ ဦးဆောင်ပါဝင်တော်မူခဲ့ပါတယ်။
ကျောင်းဆရာ ဘဝကနေ သာသနာ့ဘောင်ရောက်ပြီးနောက် မဟာဂန္ဓာရုံဆရာတော်ကြီး အရှင် ဇနကာဘိဝံသနဲ့ သာသနာပိုင်ဆရာတော်ကြီး မြောင်းမြ ဆရာတော်တို့ကို ဥပဇ္ဈယ်ပြု ဆည်းကပ်ခွင့်ရခဲ့တဲ့ အရှင် အရိယဝံသာဘိဝံသဟာ ၈၈ အရေးအခင်းကတည်းက နိုင်ငံရေးမှာ ပါဝင်တော်မူခဲ့ပြီး စစ်အာဏာရှင်ကို သပိတ်မှောက်တဲ့ ပတ္တနိက္ကုဇ္ဇနကံဆောင်တာကြောင့် နှစ်နှစ်ကြာ တိမ်းရှောင်ခဲ့ရပါတယ်။
အဲဒီနောက် သီရိလင်္ကာနိုင်ငံမှာ ဒီပလိုမာနဲ့ မဟာဝိဇ္ဇာဘွဲ့ (M.A) တက်ရောက်ခဲ့ပြီး မန္တလေးကို ပြန်ကြွကာ မြဝတီမင်းကြီးကျောင်းတိုက်မှာ ကျောင်းထိုင်ခဲ့ပါတယ်။ ကျောင်းမှာ ABSDF ကျောင်းသားများ တွေ့ဆုံပွဲ၊ ရွှေဝါရောင် နှစ်ပတ်လည်ပွဲတွေ ကျင်းပခွင့်ပြုခဲ့ပြီး AIDS ဝေဒနာရှင်ကလေးငယ်တွေကို စောင့်ရှောက်တဲ့ သုခရိပ်မြုံလူငယ်ဂေဟာကိုလည်း တည်ထောင် ဖွင့်လှစ်ခွင့်ပေးခဲ့ပါတယ်။
ဘာသာရေးကို ခုတုံးလုပ်မှု၊ မဘသကို စစ်တပ်က ငွေကြေးထောက်ပံ့မှုနဲ့ မြေယာသိမ်းကိစ္စတွေမှာ စစ်တပ်ပြုမူပုံကို ဝေဖန်မှုတွေကြောင့် ၂၀၁၉ ခုနှစ်မှာ စစ်တပ်ကနေ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၀၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) တို့နဲ့ တရားစွဲဆိုခဲ့ပါတယ်။
ကျပ်သိန်း ၅၀၀ အာမခံနဲ့ အမှုရင်ဆိုင်နေဆဲ စစ်တပ်အာဏာသိမ်းတဲ့ နေ့မှာပဲ ဆရာတော်ကို ဖမ်းကာ ထောင်ဒဏ် ၆ လချမှတ်ခဲ့ပြီး ၂၀၂၁ သြဂုတ်လမှာ မန္တလေးအိုးဘိုထောင်မှ လွတ်ရက်စေ့နဲ့ ပြန်လွတ်ခဲ့ပါတယ်။ KNU တပ်မဟာ ၆ နယ်မြေမှတဆင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို ပြောင်းရွေ့သီတင်းသုံးစဉ် အောက်တိုဘာ ၂၇ ရက် ညပိုင်းက သက်တော် ၇၁ နှစ်၊ ဝါတော် ၅၁ ဝါအရမဲဆောက်မြို့ဆေးရုံမှာ နှလုံးသွေးကြောပိတ်ရောဂါနဲ့ ပျံလွန်တော်မူခဲ့ပါတယ်။
“မသောက်မိသော မိုးခါးရေ” ဖန်တီးရှင်
ဒါရိုက်တာ ကိုပေါက်
စစ်အာဏာရှင်ကို ဆန့်ကျင်ရင်း တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်ရာနယ်မြေသို့ ရောက်ရှိနေတဲ့ ဒါရိုက်တာ ကိုပေါက်ဟာ အနုပညာအလုပ်တွေကို ရပ်နားခဲ့တာ ၁ နှစ်ခွဲကျော်အထိ ရှိလာခဲ့ပါတယ်။
ဒီလို အနုပညာအလုပ် မလုပ်ဖြစ်တဲ့ ၁ နှစ်ခွဲကျော်အကြာမှာတော့ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ တိုက်တွန်းမှုတွေကြောင့် ရုပ်ရှင်ပြန်ရိုက်ဖို့အတွက် စိတ်ကူးမိခဲ့တယ်။ လက်ရှိ အခြေအနေတွေအရလည်း ပျော်စရာ၊ ငိုစရာဇာတ်လမ်းများကို မရိုက်လိုတဲ့အတွက် သူရောက်ရှိတဲ့ နေရာမှာရှိတဲ့ လွတ်မြောက်နယ်မြေရောက် လူငယ်တွေ၊ CDM စစ်သားတွေ၊ ရဲတွေနဲ့ ဆုံတွေ့ပြီး “မသောက်မိသောမိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်းတိုကို ဖန်တီးခဲ့ပါတယ်။
အချိန်အားဖြင့် ၄၅ မိနစ်ခန့်သာကြာတဲ့ “မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်းမှာ ပါဝင် သရုပ်ဆောင်ထားကြသူတွေကတော့ နာမည်ကြီးသရုပ်ဆောင်များ မဟုတ်ကြဘဲ တောထဲရောက် PDF လူငယ်များနဲ့ CDM စစ်သားများ ဖြစ်ပါတယ်။
ဒါရိုက်တာ ကိုပေါက်ရဲ့ “မသောက်မိသောမိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်းတိုကို ကမ္ဘာတဝန်းရှိ မြို့ပေါင်း ၃၀ ကျော်မှာ ပွဲပေါင်း ၅၀ ကျော် ပြသပြီးဖြစ်ပြီး ရရှိတဲ့ငွေကြေးများကိုတော့ တော်လှန်ရေးအတွက် လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းလျက် ရှိပါတယ်။
ကိုပေါက်ဟာ ၁၉၉၅ ခုနှစ်မှာ အနုပညာလောကကို စတင် ရောက်ရှိခဲ့သူဖြစ်ပြီး ဇာတ်ညွှန်းရေးဆရာအဖြစ် စတင်ခဲ့ပေမယ့် ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားပေါင်း ၄၀၀ နီးပါးမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဒါရိုက်တာအဖြစ် ဗီဒီယိုကားပေါင်း ၂၀၀ ကျော်နဲ့ ရုပ်ရှင်ကားကြီးပေါင်း ၂၀ ကျော်ကိုလည်း ရိုက်ကူးခဲ့ပါတယ်။
လက်ဝှေ့ထိုးဖို့ မွေးဖွားလာသူ
ဘရော်နီကာ
ဘရော်နီကာဟာ မြန်မာနိုင်ငံက အားကစားသမားတွေထဲ အအောင်မြင်ဆုံး အမျိုးသမီး လက်ဝှေ့သမား တဦးဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ အိမ်နီးချင်း ထိုင်းနိုင်ငံကို ရောက်လာပြီး ထိုင်းလက်ဝှေ့ မွေထိုင်းကို စတင်ယှဉ်ပြိုင်ခဲ့ပြီး ကမ္ဘာ့မွေထိုင်းအဖွဲ့ရဲ့ အဆိုအရ ကမ္ဘာ့အမျိုးသမီး ဘန်တမ်ဝိတ်တန်း Bantamweight နံပတ် ၁ နေရာမှာ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။။
အသက် ၂၆ နှစ်အရွယ် ကယန်းတိုင်းရင်းသူ ဘရော်နီကာဟာ မြန်မာ့ရိုးရာလက်ဝှေ့လောကရဲ့ ပထမဆုံး အမျိုးသမီး ရွှေခါးပတ်ချန်ပီယံတဦးလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က Thai Fight မှာ အာဂျင်တီးနားသူကို အနိုင်ယူခဲ့ပြီး ၇ ပွဲဆက်တိုက် အနိုင်ရရှိလာခဲ့ကာ ဒီပွဲအနိုင်ကြောင့် ဒီဇင်ဘာလမှာ ကျင်းပတဲ့ Thai Fight ဗိုလ်လုပွဲစဉ်ကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဘရော်နီကာဟာ အောက်တိုဘာလက ဘန်ကောက်မှာ ယှဉ်ပြိုင်ထိုးသတ်တဲ့ Thai Fight မှာ နိုင်ပွဲပေါင်း ၂၅ ပွဲ အနိုင်ရရှိထားတဲ့ ဘရာဇီးနိုင်ငံသူကို အနိုင်ယူနိုင်ခဲ့ပါတယ်။
နှစ်ပေါင်းများစွာ တိုင်းရင်းသားများအပေါ် ဖိနှိပ်ထားတဲ့ အာဏာရှင်ကို လက်မခံနိုင်တဲ့သူ တယောက်အနေနဲ့ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာပြည်တွင်းမှာ နေထိုင်ဖို့ မလုံခြုံတော့တဲ့အတွက် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို လက်ဝှေ့ဆက်ထိုးဖို့ ထွက်လာခဲ့ရတာပါ။
“မိသားစုကတော့ တောင်ပေါ်ကို ပြေးပြီးစစ်ရှောင်လိုက်၊ အခြေအနေနည်းနည်းငြိမ်ရင် ပြန်လာလိုက် စစ်ရှောင်လိုက်နဲ့ အဲဒီလိုပဲ” လို့ မြန်မာပြည် ရှမ်း-ကယားနယ်စပ် မိုးဗြဲနယ်မှာ ကျန်နေရစ်တဲ့မိသားစုတွေအကြောင်း ဘရော်နီကာက ဧရာဝတီကို ပြောပြခဲ့တယ်။
“ဒီအားကစားကလွဲပြီး ကျန်တာ ဘာမှစိတ်မဝင်စားဘူး။ ကျနော့်ဘဝမှာ ချန်ပီယံဖြစ်ဖို့ တဘဝလုံးကို ပုံအပ်နိုင်တယ်။ အားကစားနဲ့ပတ်သက်ရင် မိသားစုနဲ့လည်း ခွဲခွာနိုင်တယ်။ ကျနော်ချစ်ရတဲ့သူတွေနဲ့လည်း ခွဲခွာနိုင်တယ်။ ဘဝမှာ ဒီအားကစားကိုပဲ ပိုပြီးတော့ ဝါသနာကြီးလို့ မရှိမဖြစ်ဘူး” လို့လည်း ဧရာဝတီရဲ့ အင်တာဗျူးမှာ သူ့ဆုံးဖြတ်ချက်ကို ပြောပြခဲ့ပါတယ်။
ကလေးပါမကျန် ဗုံးကြဲသတ်ဖြတ်မှု တရားခံ
ဗိုလ်ချုပ်ကြီးထွန်းအောင်
အညာနဲ့ တိုင်းရင်းသားဒေသတွေမှာ သိမ်းကြုံး ဗုံးကြဲတိုက်ခိုက်တဲ့ လေကြောင်း တိုက် ခိုက်မှုတွေအတွက် အဓိကတာဝန်ရှိသူကတော့ လေတပ်အကြီးအကဲအဖြစ် ဗိုလ်ချုပ်ကြီး ထွန်းအောင်ပဲ ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ တနိုင်ငံလုံးအနှံ ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင် ခုခံ တော်လှန်သော ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို တိုက်ခိုက်ရာမှာ မြေပြင်စစ်ကြောင်းများ အထိနာလာတဲ့ နောက်ပိုင်းမှာ လေကြောင်းစစ်ဆင်ရေးကို အဓိက အသုံးပြုလာနေခဲ့ရပါတယ်။
အဲဒီမှာ စစ်တပ်ထဲမှာ “Yes Man”လို့ အခေါ်ခံရတဲ့ စစ်တက္ကသိုလ် အပတ်စဉ် ၂၉ တက်ရောက်ခဲ့သူ ဗိုလ်ချုပ်ကြီး ထွန်း အောင်ရဲ့ အခန်းကဏ္ဏက အရေးပါလာတယ်။ အမိန့်နာခံပြီး ဆင်ခြေသိပ် မပေးတတ်တဲ့ ဗိုလ်ချုပ်ကြီး ထွန်းအောင်ရဲ့ အမိန့်ပေးမှုအောက်မှာ မြန်မာ လေတပ်ရဲ့ စွမ်း ဆောင်ရည်ကတော့ ကိုယ့်ပြည်သူတွေကို ရက်ရက်စက်စက် ဗုံးကြဲ သတ်ဖြတ်နေတာပါ။
ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် အဂတိ လိုက်စားတဲ့ ကိစ္စတွေကြောင့် မဖုံးနိုင်မဖိနိုင် ပေါ်ပေါက်လာတဲ့အခါ စစ်တပ်က နေ မဖြစ်မနေ အနားပေးရမယ့်အချိန်မှာ စစ်ဦးစီးအရာရှိချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီးထွန်းအောင်က ဗိုလ်ချုပ်ကြီးရာထူး တိုးမြှင့်ခံရပြီး လေတပ်ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာသူလည်း ဖြစ်ပါတယ်။
စစ်ကောင်စီက လေကြောင်းစစ်ဆင်ရေးတွေကို တရုတ်နဲ့ ရုရှားလုပ် တိုက်လေယာဉ်၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲ တိုက်ခိုက်ရုံသာမက ဒုံးကျည်၊ လက်နက်ကြီး၊ စက်သေနတ်တွေနဲ့ မနားတမ်းပစ်ခတ်တိုက်ခိုက်တာ၊ သယ်ယူ ပို့ ဆောင်ရေး ရဟတ်ယာဉ်ပေါ်ကနေ စစ်သားတွေ ဆင်းလာပြီး ရုတ်တရက် စီးနင်းတိုက်ခိုက်တဲ့ ပုံစံတွေနဲ့ ကျင့်သုံးလာ နေခဲ့တာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ နေ့စဉ်နဲ့ ဆိုသလို တိုက်ခိုက်နေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်းမှာ စစ်ဘက်ဆိုင်ရာ အခြေစိုက် စခန်းတွေသာမက စာသင်ကျောင်း၊ မြို့၊ ရွာ အစရှိတဲ့ အရပ်ဖက်နေရာတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်တဲ့အတွက် အရပ်သားတွေ အစုလိုက် အပြုံလိုက် သေဆုံး၊ ဒဏ်ရာရစေတဲ့ ဆိုးရွားတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်မှု အဆိုးဝါးဆုံးသော နောက်ထပ် ဖြစ်စဉ်က တော့ စက်တင်ဘာ ၁၆ ရက်နေ့တွင် တိုက်ခိုက်ခံရတဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်း ကျေးရွာက စာသင်ကျောင်းပဲ ဖြစ်ပါတယ်။
အဲဒီ အရပ်သားတွေ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ကလေးငယ် ၇ ဦးနဲ့ ကျေးရွာနေ ဒေသခံ အနည်းဆုံး အရပ်သား ၆ ဦး သေဆုံးခဲ့ရပြီး စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေနဲ့ ကလေးငယ် စုစုပေါင်း ၁၂ ဦးကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့ပါတယ်။
အာဏာသိမ်းပြီးကာလ ၂ နှစ်နီးပါးအတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့အရပ်သားတွေအပေါ် ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုပေါင်း ၁၆ ဒါဇင်ခန့် ပြုလုပ်ခဲ့တယ်လို့ ယူကေအခြေစိုက် Amnesty International က နိုဝင်ဘာလအတွင်းက အစီအရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုတွေအတွင်း ကလေးငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် ရာနှင့်ချီတဲ့ အရပ်သားတွေ သေဆုံးတာနဲ့ ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြပါတယ်။ အဲဒီလိုမျိုး အရပ်သားတွေ အပေါ် ပစ်မှတ်ထားတိုက်ခိုက်တာဟာ လူသားမျိုးနွယ်စုနဲ့ လူမျိုးစုတွေ အပေါ် ကျူးလွန်မှုနဲ့ စစ်ရာဇဝတ်မှု မြောက်တယ် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ဆိုထားကြပါတယ်။
စစ်ကောင်စီ ငရဲခန်းများရဲ့ တာဝန်ခံ
ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး
စစ်ထောက်လှမ်းရေးလို့ ပြောရင် ခေတ်အဆက်ဆက် ဘယ်စစ်ထောက်လှမ်းရေးမှာ မြန်မာပြည်အတွက် အကျိုး မရှိခဲ့ပါဘူး။ ဗိုလ်ချုပ်ကြီး ခင်ညွှန့် အနားယူသွားပြီးတဲ့နောက်မှာ ပေါ်လာတဲ့ စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ်ရုံးဟာလည်း အခု စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ တရားဝင် လူသတ်လိုင်စင်ရတဲ့ အဖွဲ့တခု ဖြစ်လာနေပါတယ်။
စစ်ကောင်စီ၏ ဖမ်းဆီးမှု ခံရချိန်အတွင်း အထူးသဖြင့် စရဖရဲလက်အောက်က စစ်ကြောရေးမှာ သေဆုံးခဲ့ရသူ အပါအဝင် အာဏာသိမ်းပြီးနောက် သေဆုံးခဲ့သူ ၇၀၇ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောပါတယ်။
ဒီလူ ၇၀၀ ကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီရဲ့ငရဲခန်းတွေရဲ့တာဝန်ခံကတော့ လက်ရှိ စစ်ခေါင်း ဆောင် မင်းအောင်လှိုင်ရဲ့ လူယုံလည်း ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးပဲ ဖြစ်ပါတယ်။
စစ်ကြောရေး ငရဲခန်းတွေကို ကြီးကြပ်ရသူ စစ်ဘက်ရေးရာ လုံခြုံရေး အကြီးအကဲ၊ စစ်ကောင်စီ ငရဲခန်းတွေရဲ့အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးဟာ ဗိုလ်သင်တန်း (OTS) အပတ်စဉ် ၇၇ မှဆင်းခဲ့သူတဦးလည်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က ရန်ကုန်တိုင်း စစ်ဌာနချုပ်မှာ စစ်ဦးစီးမှူး ပထမတန်းအဖြစ် ခန့်အပ်ခံရစဉ်ကတည်းက မင်း အောင်လှိုင်တို့ မိသားစုနဲ့ ရင်းနှီးသူ ဖြစ်တယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ရဲဝင်းဦးဟာ တော်လှန်ရေး လှုပ်ရှားမှု သတင်းတွေကို စစ်ကြောရေး ငရဲခန်းတွေကနေ ရယူ ပေးနိုင်တဲ့အတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ယုံကြည်မှုကို ပိုရရှိလာပါတယ်။ သူဟာ စစ်ကောင်စီ၏ တွဲဘက်အတွင်းရေးမှူးလည်း ဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လက်ရုံး စစ် ကောင်စီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးထက်ပင် ပိုမိုယုံကြည်ခံရသူ ဖြစ်တာကြောင့် မင်းအောင်လှိုင် ဆီကို တံခါးမရှိ၊ ဓါးမရှိ ဝင်ထွက်ခွင့်ရရှိနေသူတဦးလည်း ဖြစ်ပါတယ်။
ရဲဝင်းဦး ဦးဆောင်နေတဲ့ စရဖဟာ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ဖမ်းဆီးထားစဉ်အတွင်းမှာ သတင်းရယူရန်အတွက် လူသားမဆန်သော ညှဉ်းပန်းနှိပ်စက်သည့်နည်းတွေ အသုံးပြုနေကြသလို စစ်ကြောရေး ပြုလုပ်နေစဉ် အကျဉ်းသား သေဆုံးသည်ကိုပင် ဂရုမစိုက်ဘဲ စစ်မေးနေကြတာပါ။
စရဖရဲ့ ညှဉ်းပန်းနှိပ်စက်နည်းတွေထဲမှာ ဆူပွက်နေသောအရည် သို့မဟုတ် ဓာတုဆေးရည်တွေကို စစ်မေးခံရသူရဲ့ ပါး စပ်မှ ဝမ်းဗိုက်အတွင်းသို့ လောင်းထည့်တာ၊ စစ်တပ်ကို ဆန့်ကျင်သူ မည်သူကိုမဆို ခြိမ်းခြောက်ရန် ပုံစံပျက်ယွင်းနေသော အလောင်းတွေကို မိသားစုဆီကို ပြန်ပို့တာတွေလည်း ပါဝင်ပါတယ်။
တခြားနည်းလမ်းတွေထဲမှာဆိုရင် ယောကျ်ားချင်း မုဒိန်းကျင့်တဲ့အထိ ပါဝင်တယ်လို့ စရဖရဲ့ စစ်ကြောမှုကို ကိုယ်တိုင် ကြုံတွေ့ခဲ့ပြီး ပြန်လည်လွတ်မြောက်လာတဲ့ သူတချို့က ထုတ်ဖော်ပြောဆိုထားကြပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သွေးသောက်ညီအကို
ဟွန်ဆန်
အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ မြန်မာစစ်အာဏာသိမ်းမှုအပြီး ဒေသတွင်းသာမက နိုင်ငံတကာ မီဒီယာများကပါ မြန်မာ့အရေး ကိုင်တွယ်မှုနဲ့ ပတ်သက်ပြီး ကျွဲကူးရေပါအထူး အာရုံစိုက်ရသူတဦး ဖြစ်ပါတယ်။
ဝန်ကြီးချုပ် မစ္စတာ ဟွန်ဆန်ဟာ အာဆီယံအသင်းကို မတိုင်ပင်ဘဲ မြန်မာနိုင်ငံကို ဇန်နဝါရီလ ၇ ရက်နှင့် ၈ ရက်နေ့တွေမှာ နှစ်ရက်ကြာ သွားရောက်ခဲ့တဲ့အတွက် တကိုယ်တော် အစွမ်းပြချင်တဲ့ သူ့ခရီးစဉ်ကို “ကောင်းဘွိုင်ဒစ်ပလိုမေစီ”လို့ အဝေဖန်ခံရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့တဲ့ စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားဝင်မှု ရရှိစေမယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ခဲ့ကြပါတယ်။ ဝန်ကြီးချုပ် မစ္စတာ ဟွန်ဆန်ကိုယ်တိုင်ကလည်း သူ့နိုင်ငံ ကမ္ဘောဒီးယားမှာ ပြည်သူကို ဖိနှိပ်သူ၊ လူ့အခွင့်အရေး ချိုးဖောက်သူအဖြစ် စွပ်စွဲခံနေရသူ ဖြစ်ပါတယ်။
ခရီးစဉ်အတွင်း မြန်မာစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က သူ့ကို “သွေးသောက်ညီအကို”အဖြစ် သဘောထားဖို့ ဟွန်ဆန်ကို ပြောခဲ့ပါသေးတယ်။
ဟွန်ဆန်ဟာ ကနဦးက မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံဖို့မူကို စွဲကိုင်ထားခဲ့သူ ဖြစ်ပေမယ့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်နဲ့ အခြား နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၄ ဦးကို ကြိုးမပေးဖို့ သူ တောင်းဆိုခဲ့တာကို မြန်မာစစ်ခေါင်းဆောင်တွေက ဂရုမစိုက်ဘဲ သတ်ဖြတ်ပစ်ခဲ့တဲ့အချိန်မှာတော့ အကြီးအကျယ် စိတ်ပျက်သွားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ‘ပိုမိုဆိုးရွား’ လာကြောင်းနဲ့ ကွပ်မျက်တဲ့အတွက် ‘အလွန်စိတ်ပျက်မိ’ ကြောင်း ဟွန်ဆန်က ထုတ်ပြန်ခဲ့ပါတယ်။
ဂျာကာတာ ဘုံသဘောတူညီချက်တွေကို မြန်မာစစ်ကောင်စီက ပစ်ပယ်ထားတာကြောင့် ဖနွမ်းပင်မှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးပွဲတွေမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ သူ့နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်တို့ကို ပထုတ်ထားခဲ့တဲ့အပြင် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို မြန်မာဘက်က တက်ရောက်ဖို့ မဖိတ်ကြားခဲ့ပါဘူး။
၂၀၂၃ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်မယ့် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကတော့ မြန်မာ့အရေး ကိုင်တွယ်ရာမှာ ဟွန်ဆန်ထက် ပိုပြီး စည်းကမ်းစနစ်တကျနဲ့ ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်မယ်လို့ မျှော်လင့်ချက်တွေ ရှိနေပါတယ်။
နွေဦးတော်လှန်ရေးရဲ့ မိတ်ဆွေကောင်း
ဆိုင်ဖူဒင် အဗ္ဗဒူလာ
မြန်မာစစ်တပ်က အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ ASEAN ထဲမှာ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ စင်ကာပူတို့ဟာ သဘောထား တင်းမာကြတဲ့ နိုင်ငံတွေဖြစ်ပေမယ့် ဘယ်သူမှ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆိုင်ဖူဒင် အဗ္ဗဒူလာလောက် ရှေ့ထွက်မရပ်တည်ရဲကြပါဘူး။
မေလအတွင်း အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မှာ ကျင်းပတဲ့ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးပွဲမှာ သူဟာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို ကိုယ်တိုင်ကိုယ်ကျ ထွက်တွေ့ခဲ့ပြီး အာဆီယံအသင်းဟာ NUG နဲ့ ထိတွေ့ဆက်ဆံသင့်ကြောင်း တလျှောက်လုံး ပြောဆိုတိုက်တွန်းနေခဲ့ပါတယ်။
ကိုဂျင်မီနဲ့ ကိုဇေယျာသော် အပါအဝင် နိုင်ငံရေးအကျဉ်းသား လေးဦးကို ကွပ်မျက်လိုက်တာနဲ့ ပတ်သက်လို့ “ASEAN ဘုံသဘောတူညီချက် အစီအစဉ်ကို လှောင်ပြောင် ပြက်ရယ်ပြုနေခြင်း ဖြစ်သည်” လို့ ဆိုင်ဖူဒင်က ဇူလိုင်လ အတွင်းမှာ သတင်းစာဆောင်းပါး တစောင်ကနေ ဝေဖန်ရေးသားခဲ့ပါတယ်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်ဟာ မလေးရှားအစိုးရအနေနဲ့ မြန်မာစစ်ကောင်စီက ကျင်းပဖို့ စီစဉ်နေတဲ့ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲကို မထောက်ခံကြောင်းလည်း ပြောခဲ့ပါတယ်။
ဆိုင်ဖူဒင် အဗ္ဗဒူလာ မလေးရှား နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူစဉ် မြန်မာ့စစ်အာဏာသိမ်းမှု အကျပ်အတည်းနဲ့ ပတ်သက်လို့ ဖြေရှင်းရေး မလေးရှားအစိုးရရဲ့ မူဝါဒကို ဦးဆောင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲအများစု နိုင်ပြီး အစိုးရဦးဆောင်ဖွဲ့တဲ့ အန်ဝါအီဘရာဟင်ပါတီနဲ့ မဟာမိတ်မဖြစ်ဘဲ အတိုက်အခံသာဖြစ်သွားတဲ့အတွက် သူ နိုင်ငံခြားရေးဝန်ကြီး ရာထူးမှာ မရှိတော့ပါဘူး။
မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနဟာ မြန်မာနဲ့ ပတ်သက်တဲ့ လက်ရှိမူဝါဒ တစိတ်တပိုင်းကို ဆက်လက် ထိန်းသိမ်းထားနိုင်ပေမယ့် နောက်တက်တဲ့ နိုင်ငံခြားရေးဝန်ကြီးက မြန်မာ့အကျပ်အတည်းကို ဦးစားပေးအဆင့် သတ်မှတ်နိုင်ဖို့နဲ့ ဆိုင်ဖူဒင်လို အဖွဲ့ဝင်နိုင်ငံတွေကို မဝေဖန်ရဆိုတဲ့ အစွဲကို ချိုးဖောက်ဖို့ စိတ်အားထက်သန်ခြင်း ရှိ၊ မရှိ မသေချာလှဘူး။
You may also like these stories:
People of 2021 သို့မဟုတ် ၂၀၂၁ ခုနှစ်၏ ဇာတ်လိုက်များ
၂၀၂၀ ပြည့်နှစ်ထဲက ထင်ရှားသူများ
၂၀၁၉ ခုနှစ်နှင့် သူ၏ ဇာတ်လိုက်များ
၂၀၁၈ ခုနှစ်နှင့် သူ၏ ဇာတ်လိုက်များ