၂၀၁၈ ခုနှစ်သည် မြန်မာပြည် ဒီမိုကရေစီရေး အကူးအပြောင်းတွင် ကျားကုတ်ကျားခဲ ရုန်းကန်နေရဆဲ နှစ်တနှစ်ဖြစ်ခဲ့သည်။ ရခိုင်မြောက်ပိုင်း ပြဿနာက နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် ပိုပြီး အရိပ်မိုးလာခဲ့သည်။ နိုင်ငံတကာ မျက်နှာစာတွင် နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံမှ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များ ပြန်အသိမ်းခံခဲ့ရသလို စစ်ဘက်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း နိုင်ငံတကာ တရားခုံရုံးတွင် တရားစွဲခံရမည့် အလားအလာများလည်း ပေါ်ပေါက်ခဲ့သည်။ ရခိုင်မြောက်ပိုင်း အရေးကြောင့်သာမက စီမံခန့်ခွဲမှု မပီပြင်မှုကြောင့် ပြုပြင်ပြောင်းလဲရေးက နှေးကွေး လေးလံနေသည်။ ထို့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ နောက်ပြန်လန်လာပြီး တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းလည်း တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။ သို့သော် ထိုသို့ အုံ့မှိုင်းနေသော ရာသီဥတုအတွင်း လင်းလက်လှပသော တိမ်တောက်ချိန်များလည်း ရှိခဲ့သည်။ စိတ်ဓာတ်ကျချင်စရာ နှစ်ကာလအတွင်း မျှော်လင့် အားတင်းစရာ သတ္တိ ဗျတ္တိရှင်များလည်း မြင်တွေ့ခဲ့ရသည်။ ၂၀၁၈ ခုနှစ်အတွင်း ပြောစမှတ်ပြုဖွယ် ဇာတ်ကောင်များကို ဧရာဝတီ အဖွဲ့သားများက ရွေးချယ် ဂုဏ်ပြုဖော်ပြအပ်ပါသည်။
ဒေါက်တာ ရဲလွင်
မန္တလေး မြို့တော်ဝန်
၂၀၁၈ အောက်တိုဘာလ အာဆီယံနိုင်ငံများအတွင်း smart city စမတ်စီးတီး ၁၀ မြို့ စာရင်းမှာ မန္တလေးမြို့ ထည့်သွင်းသတ်မှတ်ခံရတဲ့အခါ မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီကို ဦးဆောင်သူ မြို့တော်ဝန် ဒေါက်တာရဲလွင်ကို လူအများက အမှတ်ပေးဖို့ ဖြစ်လာပါတယ်။ မျက်စိအထူးကု ဆရာဝန်ကြီးတဦးဖြစ်တဲ့ ဒေါက်တာရဲလွင်ဟာ အန်အယ်လ်ဒီ အစိုးရလက်ထက် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဌအဖြစ် တင်မြှောက်ခံရပြီး မြို့တော်ဝန် တာဝန်ကို ၂၀၁၆ ဧပြီလ ၅ ရက်နေ့မှာ စတင်တာဝန်ယူခဲ့ပါတယ်။
အသပြာဆရာဝန်၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးဇော်မြင့်မောင် ငယ်သူငယ်ချင်းမို့ မြို့တော်ဝန် ဖြစ်လာတာ၊ မြို့တော်ဝန် ဖြစ်ပြီးပြီးချင်း သူ့ ဆေးခန်းရှေ့ လမ်းကို စခင်းတော့တာပဲ စသဖြင့် ဝေဖန်သံတွေ ကြားမှာ ဦးရဲလွင်ဟာ စည်ပင်သာယာရေးကော်မတီကို ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ရှေ့နေတွေ၊ စာရေးဆရာတွေ၊ သတင်းသမားသမားတွေနဲ့ အိုင်တီကျွမ်းကျင်သူတွေ ထည့်သွင်းပြီး မြို့ကို ခေတ်မီ သန့်ရှင်းစေဖို့ စီမံခန့်ခွဲရေး အပြောင်းအလဲတွေ လုပ်ပါတယ်။
မီဒီယာရှေ့ထွက်တာ မလုပ်ပေမယ့် ဆိုရှယ်မီဒီယာမှာ မြို့တော်စည်ပင်သာယာရေး ဆောင်ရွက်တာတွေကို ရေးသားတတ်တဲ့ မြို့တော်ဝန်ဟာ အလုပ်ကြိုးစားပြီး အင်တာနက်နဲ့ ကွန်ပြူတာ အခြေခံ နည်းပညာတွေကို အလေးထား အသုံးပြုတတ်သူမို့ လုပ်ဖော်ကိုင်ဘက်တွေက လေးစားကြသလို နောက်မျိုးဆက်တွေကလည်း အားကျ အထင်ကြီးလာကြပါတယ်။
စမတ်စီးတီး အိပ်မက်ကို ၂၀၁၇ ခုနှစ် ဦးရဲလွင် ကိုရီးယားနိုင်ငံ မြို့တော်ဝန်များ အစည်းအဝေး တက်ရောက်ခဲ့စဉ် စတင်ခဲ့ပါတယ်။ စတုရန်းကီလိုမီတာ ၉၀၀ ကျော်ကျယ်ဝန်းပြီး လူဦးရေ တသန်းကျော် နေထိုင်နေတဲ့ မြို့တော်မှာ ဒီအိပ်မက်ကို အကောင်အထည်ဖော်ဖို့ ဝန်ထမ်း ၆၀၀၀ ခန့်ကို ကြီးကြပ်ရတဲ့ စည်ပင်ကော်မတီဝင်တွေကို စည်းရုံးရပါတယ်။ စမတ်စီးတီးဆိုတဲ့ အမြင်နဲ့ အလုပ်တွေ သိနားလည်အောင် စည်ပင်ကော်မတီဝင်တွေ စင်ကာပူကို ကိုယ့်စရိတ်နဲ့ ကိုယ် သွားလေ့လာခိုင်းပါတယ်။ စမတ်စီးတီး တည်ဆောက်ဖို့ အကြံဉာဏ်သစ်များစွာ ရရှိလာသလို စင်ကာပူမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံက ကျွမ်းကျင်သူတွေနဲ့လည်း ချိတ်ဆက်လာနိုင်ပါတယ်။
အခုတော့ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်ဓါတ်အားပေးစက်ရုံ၊ ရေပေးဝေရေးနဲ့ အမှိုက် စီမံခန့်ခွဲမှု၊ ရဲတပ်ဖွဲ့၊ ကျောင်းနဲ့ စာကြည့်တိုက်တွေ ဆေးရုံနဲ့ အခြားဝန်ဆောင်မှုတွေကို စီမံဖို့ ဗီဒီယိုကင်မရာတွေနဲ့ အာရုံခံကိရိယာတွေကို သုံးစွဲလာနိုင်ခဲ့တယ်။ ဝန်ထမ်းတွေကြားမှာလည်း ဆိုရှယ်မီဒီယာကို ကြားခံပြီး သတင်းတွေ ဖလှယ် ဆက်သွယ်လာခဲ့တယ်။ ဒါ့အပြင် မြို့တော်စည်ပင်သာယာရေးကော်မတီဟာ သန့်ရှင်းမှု၊ တကိုယ်ရည်ကျန်းမာရေးနဲ့ ရောင်းနေတဲ့ အစားအသောက်တွေမှာ ဓါတုပစ္စည်းကင်းစင်ရေးတွေအတွက်လည်း စင်ကာပူရဲ့ ကုန်စိမ်းဈေးတွေ စီမံတဲ့စနစ်ကို မန္တလေးနဲ့ ကိုက်ညီအောင် ကျင့်သုံးတယ်။
ကြီးထွားလာနေတဲ့ မြို့တော်အတွက် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့နဲ့ ၂၀၄၀ ခုနှစ်အထိ မျှော်မှန်းထားတဲ့ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကို ပူးပေါင်းလုပ်ဆောင်တယ်။
ဒီအပြောင်းအလဲတွေကို လုပ်ဆောင်လာတဲ့ မန္တလေးမြို့တော်စည်ပင်ဟာ ကျွမ်းကျင်ဝန်ထမ်း မလုံလောက်တာ၊ ဌာနတွင်း အပြောင်းအလဲကို တွန့်ဆုတ်တာ ဒါမှမဟုတ် ကလန်ကဆန်လုပ်တာတွေကို ရင်ဆိုင်ခဲ့ရတယ်။ အဆင့်မြင့်အရာရှိတွေအပါအဝင် ဝန်ထမ်း ၂၀ ဦးကို အလုပ်က ထုတ်ပယ်ပစ်ခဲ့တယ်။
လုပ်စရာ တပုံတပင် ကျန်သေးပြီး မကျေမနပ် ဝေဖန်သံတွေ ရှိနေပေမယ့် မန္တလေးသူ မန္တလေးသားတွေက ဒေါက်တာရဲလွင်နဲ့ မြို့တော်စည်ပင်ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ချီးကျူးဂုဏ်ယူကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၆၀ ကျော်က မြန်မာနိုင်ငံရဲ့ နောက်ဆုံး ဘုရင် နန်းစိုက်ရာ မန္တလေးမြို့ဟောင်းဟာ အခုဆို အချိန်တိုအတွင်းမှာပဲ ရန်ကုန်ကို ကျော်ပြီး အရှေ့တောင်အာရှရဲ့ စမတ်စီးတီးဖြစ်လာတဲ့အထိ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီ မဟုတ်ပါလား။
ကိုဝလုံးနှင့် ကိုကျော်စိုးဦး
ဖမ်းဆီးခံ သတင်းထောက်များ
ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အမှန်တရားကို ဖော်ထုတ်ရေးသားတဲ့အတွက် နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ မတရား ဖမ်းဆီးချုပ်နှောင်ခံနေရသူ ရိုက်တာ သတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ရဲ့ သတ္တိနဲ့ စုံစမ်းထောက်လှမ်းမှု သတင်းစာပညာဟာ အမှန်တကယ် လေးစား ချီးကျူးထိုက်ပါတယ်။
ရခိုင်မြောက်ပိုင်းက အင်းဒင်ရွာအနီးမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ နယ်မြေခံ အရပ်သားတွေက မွတ်ဆလင် ရွာသား ၁၀ ဦးကို တရားလက်မဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့တာကို ဖော်ထုတ်ခဲ့တာအတွက် အာဏာပိုင်တွေဟာ သူတို့ကို ဖမ်းဆီးတရားစွဲဆိုခဲ့သည့်တိုင် အစုအပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း မဖြစ်မနေ ဝန်ခံခဲ့ကြရပါတယ်။ လူသတ်မှုမှာ ပါဝင်သူ တပ်မတော် အရာရှိ၊ စစ်သည် ၇ ဦးတို့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀နှစ် ချမှတ်လိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီ ၁၁ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့တယ်။
သူတို့ အဖမ်းခံရအပြီး ဘယ်နေရာမှာ ရှိကြောင်း သူတို့ မိသားစုတွေ၊ ရှေ့နေတွေက သိရှိဖို့ ၂ ပတ်ကြာမြင့်ခဲ့တယ်။ ဒီ ၂ ပတ်အတွင်း ခြိမ်းခြောက် နှိပ်စက်တာတွေ ကြုံခဲ့ရပြီး သားတကွဲ မယားတကွဲ ဖြစ်အောင် ထောင်သွင်း အကျဉ်းချခံရမယ့် အခြေအနေမှာတောင် ဒီအမှန်တရားကို ဖော်ထုတ်ဖို့ သူတို့ သဘောတူခဲ့တယ်။ ဒီလူသတ်မှု သတင်းကို စုံစမ်းဖော်ထုတ် ရေးသားတာဟာ တရားဥပဒေ စိုးမိုးရေးအတွက်လို့ သူတို့က တရားရုံးမှာ ထွက်ဆိုခဲ့တယ်။
ဥပဒေရှုထောင့်က ကြည့်ရင် သတင်းထောက်များ အမှားအယွင်း တစုံတရာ ပြုလုပ်ခဲ့ကြောင်း တရားခွင်မှာ ကြားနာစစ်ဆေးခဲ့တဲ့ တလျှောက်လုံး ယုံကြည် လက်ခံနိုင်လောက်တဲ့ သက်သေ အထောက်အထား မပြသနိုင်ခဲ့သလို တရားလိုပြ သက်သေတဦး ဖြစ်တဲ့ ဒုရဲမှူး(ဟောင်း) မိုးရန်နိုင်က သတင်းထောက်တွေကို ရဲတပ်ဖွဲ့က ထောင်ချောက်ဆင် ဖမ်းခဲ့တာလို့ အံ့အားသင့်ဖွယ် တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။
ကိုဝလုံးနဲ့ ကိုကျော်စိုးဦးကို ဖမ်းဆီးထားတာဟာ မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲမှာ အရေးကြီးတဲ့ သတင်းစာ လွတ်လပ်ခွင့် အခြေအနေ ဆိုးရွားနေတယ်ဆိုတာ သက်သေပြနေပါတယ်။ လွတ်လပ် တက်ကြွတဲ့ သတင်းစာပညာကို ကိုင်စွဲထားတဲ့ မြန်မာ သတင်းထောက်များ အားလုံး အန္တရာယ်ရှိနေတယ်ဆိုတဲ့ အတွေးကို ဖန်တီးပေးထားလို့ပါ။ တကယ်လို့ အာဏာရှိသူ တစုံတယောက် ဒါမှမဟုတ် လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ကျူးလွန်တဲ့ တရားလက်မဲ့ လုပ်ဆောင်မှု တစုံတရာကို ဖော်ထုတ်ဖို့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့လို ကြိုးစားခဲ့ရင် နှစ်ရှည် ထောင်ဒဏ် ကျခံရနိုင်တယ်ဆိုတာ သတင်းကောင်း မဟုတ်ပါ။
ဒါပေမယ့် သူတို့ရဲ့ အမှန်တရားကို မြတ်နိုးတဲ့ စိတ်နဲ့ ယုံကြည်ချက်အတွက် ဒူးမထောက်တဲ့ သတ္တိအတွက် ပြည်တွင်းပြည်ပက သွေးစည်းညီညွတ်မှုတွေ ရှိနေကြပါတယ်။ သူတို့ လွတ်မြောက်ရေး လှုပ်ရှားမှုတွေ အသံက တိတ်သွားမှာ မဟုတ်ပါဘူး။ ကျန်ရစ်တဲ့ မိသားစုဝင်တွေ အပါအဝင် အမှန်တရား မြတ်နိုးသူ သတင်းစာဆရာတွေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ယုံကြည်ကြသူတွေ အပြင် အမေရိကန် ကွန်ဂရက်ကအထိ သူတို့ကို လွှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။ နိုင်ငံတကာ သတင်းစာပညာ အသင်းအဖွဲ့တွေကလည်း ဆုတွေ ချီးမြှင့်ကြပြီး တိုင်းမ် မဂ္ဂဇင်းကလည်း ၂၀၁၈ ရဲ့ တနှစ်တာ မျက်နှာဖုံးရှင်တွေထဲမှာ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ထည့်သွင်း ဂုဏ်ပြုခဲ့ပါတယ်။
ဦးမိုးရန်နိုင်
ဖမ်းဆီးခံ ဒုရဲမှူးဟောင်း
နှစ်ပေါင်းများစွာ စီမံခန့်ခွဲမှု လွဲခဲ့တဲ့၊ ပြည်သူနဲ့ ယုံကြည်မှု ပျက်ပြားနေတဲ့ ရဲတပ်ဖွဲ့ထဲမှာ ကိုယ်ကျင့်တရား မပျက်ယွင်းဘဲ အမှန်တရားကို တရားရုံးမှာ ထွက်ဆိုရဲခဲ့တဲ့ ဒုရဲမှူးဟောင်း မိုးရန်နိုင်ဟာ ရှားရှားပါးပါး သူရဲကောင်း တဦးပါပဲ။
ဦးမိုးရန်နိုင်ဟာ ၂၀၁၇ ခုနှစ် ၎င်းတို့ကိုယ်၎င်းတို့ ရိုဟင်ဂျာလို့ ခေါ်ပြီး အာဏာပိုင်တွေက ဘင်္ဂါလီလို့ ခေါ်တဲ့ မွတ်စလင်လက်နက်ကိုင်တွေ အစိုးရကင်းစခန်းတွေကို စီးနင်းဝင်တိုက်ခဲ့ချိန် မောင်တောမှာ တာဝန်ကျနေခဲ့ပါတယ်။ မောင်တောတာဝန်အပြီး ရန်ကုန်ပြန်အရောက် အင်းဒင်ရွာ လူသတ်မှုကို လိုက်လံစုံစမ်းခဲ့တဲ့ ကိုဝလုံးက ချဉ်းကပ် မေးမြန်းလာတာကို လက်ခံ ဖြေကြားခဲ့တယ်။
တရားရုံးမှတ်တမ်းအရ ကိုဝလုံးက မည့်သည့်လျှို့ဝှက်စာတမ်းကိုမှ မတောင်းခံခဲ့သလို၊ သူကလည်း ကိုဝလုံးကို မည့်သည့်စာရွက်စာတမ်းမှ မပေးခဲ့ပါ။
ဒါပေမယ့် တရားရုံးမှာ ရိုက်တာ သတင်းထောက် ၂ ဦးကို “လျှို့ဝှက် စာရွက်စာတမ်းများ” ပေးပြီး ထောင်ချောက်ဆင် ဖမ်းဆီးဖို့ ရဲမှူးချုပ် တင်ကိုကိုက ဦးစီး ဆောင်ရွက်ခဲ့တာလို့ ထွက်ဆိုခဲ့တာကြောင့် ဒုရဲမှူး မိုးရန်နိုင်ကို သတင်းထောက် ၂ ဦးနှင့် တရားမဝင် ဆက်သွယ်တယ်ဆိုပြီး ရဲစည်းကမ်း ဖောက်ဖျက်မှု ဥပဒေ ပုဒ်မ ၁၆(ခ)နဲ့ ဖမ်းဆီး ထိန်းသိမ်းခဲ့တယ်။ လပေါင်းများစွာ ကြာအောင် မိသားစုနဲ့ တွေ့ဆုံခွင့် မပေးခဲ့ဘူး။
နောက် ဦးမိုးရန်နိုင်ကို ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်ပါတယ်။ အဲဒီ ထောင် ၁ နှစ်ထဲမှာ ဦးမိုးရန်နိုင်ကို ချုပ်ထားတဲ့ အချုပ် ရက်ပေါင်း ၁၂၀ ကို ထုတ်နုတ် ခံစားခွင့် ပေးခဲ့ပါဘူး။ ဦးမိုးရန်နိုင် ဖမ်းဆီး ထိန်းသိမ်းခံနေရတဲ့ အချိန်မှာပဲ မိသားစု နေထိုင်တဲ့ နေပြည်တော် ရဲလိုင်းခန်းကနေ ဖယ်ရှားခြင်း ခံခဲ့ရပြီး မိသားစုဝင်တွေ နေစရာ နေရာပျောက်၊ သားသမီးတွေ ပညာရေးအတွက် အခက်အခဲ ကြုံခဲ့ရပါတယ်။
ဦးမိုးရန်နိုင်ရဲ့ ဇာတိက စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ခင်ဦး ဇာတိဖြစ်ပြီး မူလတန်းကျောင်းဆရာ၊ ကျူရှင်ဆရာ ဘဝကနေ ဒုရဲအုပ်သင်တန်း ဝင်လျှောက်ခဲ့ပြီး ရဲအရာရှိ တဦး ဖြစ်လာခဲ့သူပါ။ အလုပ်သင် ရဲအရာရှိ အဖြစ် ကရင်ပြည်နယ်မှာ ၅ နှစ်၊ စစ်ကိုင်းတိုင်းမှာ ၅ နှစ်၊ ကယား ပြည်နယ်မှာ ၂ နှစ်ကျော် နေထိုင်ခဲ့ရပြီး နောက် ရာထူးတိုးနဲ့ ရခိုင်ပြည်နယ်မှာ ၄ လခန့် ပြောင်းရွေ့ တာဝန် ထမ်းဆောင်ခဲ့ရပါတယ်။ ရခိုင်၊ မောင်တော အင်းဒင် နယ်မြေမှာ တာဝန်ထမ်းဆောင်ရာကနေ သူ့ဘဝ အပြောင်းအလဲ ကြုံခဲ့ရတာ ဖြစ်ပါတယ်။
ဦးမိုးရန်နိုင်ရဲ့ “အမှန်တရား ဖွင့်ပြောရတဲ့ အကြောင်းအရင်းက ရဲတပ်ဖွဲ့ဝင်မှာလည်း ဘယ်အဆင့်အတန်း မဆို သူ့ဂုဏ်သိက္ခာ သူရှိပါတယ်” လို့ ပြောခဲ့တဲ့ စကားကတော့ ရဲတပ်ဖွဲ့ သမိုင်းမှာ မော်ကွန်းထိုးခဲ့ပြီး ဖြစ်ပါတယ်။
ဦးအောင်ကြည်
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်
မြန်မာနိုင်ငံမှာ ထုံးတမ်း ယဉ်ကျေးမှုတခုလို အရိုးစွဲလာနေပြီဖြစ်တဲ့ အဂတိ လိုက်စားမှုကို တိုက်ဖျက်ဖို့ ဆိုတာ လွယ်ကူတဲ့ကိစ္စ ဘယ်တုန်းကမှ မဟုတ်ခဲ့ပါ။ NLD အစိုးရလက်ထက် အဂတိ တိုက်ဖျက်ရေးကို အားထုတ်လာခဲ့ရာမှာ ယခင် စစ်အစိုးရလက်ထက်နဲ့ အရပ်သားတပိုင်း ဦးသိန်းစိန် အစိုးရလက်ထက် ဝန်ကြီးအဆင့်တာဝန်တွေ ထမ်းဆောင်ခဲ့ဖူးသူ အငြိမ်းစား ဗိုလ်ချုပ် ဦးအောင်ကြည်ကို ဦးစီး လုပ်ဆောင်လာစေခဲ့တယ်။
၂၀၁၈ ခုနှစ် ဧပြီလမှာ FDA ညွှန်ချုပ်၊ ဇူလိုင်မှာ အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ၃ ဦးအပါအဝင် အရာရှိ ၁၂ ဦး၊ စက်တင်ဘာမှာ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းနဲ့ ခရိုင်အဆင့် ဥပဒေအရာရှိတွေ၊ ခရိုင်တရားသူကြီးနဲ့ ရဲစခန်းမှူးတွေကို ဖမ်းဆီး ရုံးတင်နိုင်တာဟာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အလုပ်လုပ်ကြောင်း သက်သေတွေပါ။ ဦးအောင်ကြည် အဂတိလိုက်စားမှု ကော်မရှင် ဥက္ကဌ အဖြစ် တာဝန်ယူတဲ့အခါ သမ္မတသစ် ဦးဝင်းမြင့်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး အရှိန်မြှင့်လိုချိန်နဲ့ တိုက်ဆိုင်နေတာမို့လည်း ဒီလို ခေါင်းကြီးပိုင်း သတင်းတွေ ပေါ်ထွက်လာနိုင်ပုံပါ။
ကော်မရှင် ဆောင်ရွက်ချက်တွေကြောင့် အရင်က ထင်တိုင်းသောင်းကျန်းခဲ့သူတွေ လက်တွန့်သွားခဲ့ကြပေမယ့် ဝေဖန်သံတွေ ရှိနေပါတယ်။ အဂတိ လိုက်စားမှု စာရင်းမှာ ကမ္ဘာ့နိုင်ငံ ၁၉၀ မှာ မြန်မာက ၁၃၀ အဆင့်မှာပဲ ရှိနေဆဲ ဖြစ်သလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်ကို ကော်မရှင်က အရေးယူပိုင်ခွင့် မရှိပါဘူး။ ဒီလိုပဲ ကော်မရှင်ဟာ အစိုးရ ဝန်ထမ်းတွေကိုပဲ ပစ်မှတ်ထားပြီး အာဏာရ ပါတီက တာဝန်ယူနေသူတွေကျ အရေးမယူဘူးလို့ တာဝန်က နုတ်ထွက်သွားတဲ့ စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်း ဦးကျော်ဝင်းကို ထောက်ပြ ဝေဖန်ကြပါတယ်။
ဦးအောင်ကြည် အသက်အန္တရာယ် ခြိမ်းခြောက်ခံရတယ်လို့ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပေမယ့် ကိုယ်တိုင် တစုံတရာ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ဘဲ အလုပ်ကိုသာ ဇောက်ချလုပ်ပါတယ်။ ပညာပေး လုပ်ငန်းတွေ အခြေခံပညာရေး ကျောင်းတွေအထိ ရောက်လာဖို့ ကြိုးပမ်းပါတယ်။
ဦးအောင်ကြည်ဟာ တပ်မတော်မှာ တာဝန်ယူစဉ်ကတည်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင်က သဘောကျတာမို့ အလုပ်သမား ဝန်ကြီး၊ ဆက်ဆံရေး ဝန်ကြီး တာဝန်များ ပေးအပ်ခံရပြီး ဦးသိန်းစိန် အစိုးရအဖွဲ့မှာလည်း ပြန်ကြားရေးဝန်ကြီးဖြစ်ခဲ့ပါတယ်။ နာမည်ပျက် မရှိတဲ့အပြင် ခေတ်မီပြီး ပညာတတ်တာမို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရလက်ထက်မှာလည်း အခုလို အရေးကြီးတဲ့ တာဝန်ကို ပေးအပ်ခံရတာ ဖြစ်ပါတယ်။
နေပြည်တော် သတင်းရပ်ကွက်ရဲ့ အဆိုအရ FDA ညွှန်ချုပ် ဒေါက်တာသန်းထွဋ်ဟာ တပ်မတော် အရာရှိဟောင်းတဦး ဖြစ်ပြီး ဦးအောင်ကြည် တပ်မတော် အရာရှိ ဘဝက အသက်ကို ကယ်တင်ခဲ့ဖူးသူလို့ သိရပါတယ်။ ဦးအောင်ကြည် ကားနဲ့အတူ ချောက်ထဲကျတုန်းက ဆွဲတင်ပေးခဲ့သူလို့ ဆိုပါတယ်။ အခု အဂတိမှုနဲ့ အသက်ကယ်ခဲ့သူ ကျေးဇူးရှင်ကို အရေးယူရတဲ့အခါ စိတ်မကောင်းဖြစ်ရပေမယ့် လက်မတွန့်ခဲ့ဘူးလို့ သိရပါတယ်။
အကိုကြီး ညီလေး အပေါ် အောက် ဆက်ဆံရေး၊ ကျေးဇူးခံ ကျေးဇူးစား ဆက်ဆံရေးတွေကြားမှာ အဂတိလိုက်စားမှုကို ပြည်သူလူထုရဲ့ ဘုံရန်သူအဖြစ် သတ်မှတ် ကြေညာရဲပြီး အလုပ်လုပ်ပြသူ ဦးအောင်ကြည်ဟာ နွံထဲက ကြာပါပဲ။
ဦးဝင်းမြင့်
နိုင်ငံတော် သမ္မတ
လူရိုးလူအေးကြီး စာပေပညာရှင် ဦးထင်ကျော် လက်ထက်က ပွဲတက် ရုပ်ပြသက်သက်ပဲလို့ သတ်မှတ်ခဲ့ကြတဲ့ အဆောင်အယောင် သမ္မတ ရာထူးဟာ ဦးဝင်းမြင့်လက်ထက်မှာ အနည်းဆုံး နိုင်ငံရေးအရ အလုပ်လုပ်တယ်လို့ အများက ပြောဆို မှတ်ချက်ပြုလာကြပါတယ်။
လွှတ်တော် ဥက္ကဋ္ဌကတည်းက သူမှန်ရာကို ဘောင်အတွင်းက မာမာထန်ထန် ရပ်တည်ကိုင်တွယ်သူ ဧရာဝတီတိုင်းသား ဦးဝင်းမြင့်ဟာ နိုင်ငံတော် သမ္မတဖြစ်လာတဲ့အခါ သက်ဆိုင်ရာ အာဏာပိုင်တွေကို ပြတ်ပြတ်ပဲ ပြောဆိုဆက်ဆံသူပါ။ သူ့ဇာတိ ဧရာဝတီတိုင်း အပါအဝင် အခြား တိုင်းနဲ့ ပြည်နယ် ခရီးစဉ်တွေမှာ အုပ်ချုပ်ရေး အာဏာပိုင်တွေကို ခပ်မာမာ ပြောဆိုကိုင်တွယ်သူပါ။
သမ္မတအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ရှိနေမှန်း လက်ခံလိုက်နာပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအရ တရားဝင်ရထားတဲ့ လုပ်ပိုင်ခွင့် အာဏာဘောင်ထဲက သမ္မတသစ် ဦးဝင်းမြင့်ဟာ အလုပ်ဖြစ်အောင် လုပ်လိုသူပါ။
သမ္မတဖြစ်ပြီး မကြာမီ အရေးကြီးသော အင်စတီကျူးရှင်းများ ဖြစ်တဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ တရားသူကြီးချုပ်နှင့်အဖွဲ့ များကို ခေါ်ယူတွေ့ ဆုံ ဆွေးနွေးမှုတွေ လုပ်ပါတယ်။ စာရင်း စစ်၊ ဥပဒေရေးရာ အထောက်အကူပြု အဖွဲ့တွေ အကုန်ခေါ်တွေ့ပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ခေါ်ပြီး အာဏာ၊ အရှိန်အဝါ ရှိသူတွေ ဘယ်သူ့ စွက်ဖက်မှုကိုမှ မခံဖို့ တိုက်တွန်းတယ်။ ကော်မရှင်ကို ဦးဆောင်သူ ဦးအောင်ကြည်ကလည်း ဦးဝင်းမြင့်ရဲ့ နိုင်ငံရေးအရ အားပေးတာကို အလေးထားပြီး အလုပ်ဖြစ်အောင် လုပ်တယ်။
ဦးဝင်းမြင့်ဟာ မူးယစ်ဆေး မှောင်ခိုရောင်းဝယ်မှုကို နှိမ်နင်းချင်တဲ့ သဘောထားရှိပုံ ပေါ်ပါတယ်။ မူးယစ်ဆေးဝါး အထူးသတင်းပေး တိုင်ကြားရေး ဌာန တခုကို ဖွင့်လှစ်ပြီး ဆောင်ရွက်ရာမှာ အောင်မြင်မှု တချို့ ရှိပေမယ့် အမှုကြီးတွေမှာ တကယ့် လက်သည် တရားခံတွေကို ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိသေးတာဟာ သူ့ခိုင်းစေချက်ကို အကောင်အထည် ဖော်ရမယ့် ပြည်ထဲရေးဝန်ကြီးဋ္ဌာနရဲ့ လိုက်နာပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်တာတွေနဲ့ ကြုံတွေ့နေရကြောင်း ဦးဝင်းမြင့် မိန့်ခွန်းတွေအရ သိနိုင်ပါတယ်။
အာဏာရ NLD ပါတီမှာလည်း ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ပြီးရင် ပါတီ ဒုတိယ ဥက္ကဌ ၁ ဖြစ်တာမို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ဒေါ်အောင်ဆန်းစုကြည်ပြီးရင် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နဲ့ ဦးဝင်းမြင့်ဟာ ဩဇာ အကြီးဆုံးလို့ ဆိုရပါမယ်။ အဂတိကင်းတယ်၊ သမီး မင်္ဂလာဆောင်မှာ လက်ဖွဲ့ မယူဘူး၊ တခမ်းတနား မလုပ်ဘူး၊ လူပု စိတ်တိုလို့ နောက်ကွယ်တွင် ပြောဆိုခံရလေ့ရှိသူ ဦးဝင်းမြင့်ဟာ ပါတီမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်မှု အခံရဆုံး လူတဦးပါ။
ဒေါ်အောင်ဆန်းစုကြည်က တပ်မတော် ဗိုလ်ချုပ်ကြီးတွေနဲ့ တွေ့တဲ့အခါ ပျူငှာခင်မင်ကြောင်း လောကွတ်ကောင်းတတ်ပေမယ့် ဦးဝင်းမြင့်က သူ့ဟန်နဲ့သူ ခပ်တည်တည်ပါပဲ။ ဒါပေမယ့် သတင်းစာဆရာတွေအပေါ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ထက် အလေးအနက် ပိုထားတတ်ပုံပါ။ ရန်ကုန်တိုင်းဝန်ကြီးချုပ်က အလဲဗင်းမီဒီယာက သတင်းစာဆရာတွေကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆို ဖမ်းဆီးတာကို ကြားဝင်ခဲ့လို့ သတင်းသမားတွေ လွတ်မြောက်လာခဲ့ပါတယ်။
ဒါ့အပြင် သူတက်လာလာချင်း သမ္မတလုပ်ပိုင်ခွင့်ထဲက နိုင်ငံရေး ယုံကြည်ချက်ကြောင့် အဖမ်းခံရသူတွေကို လွှတ်ပေးခဲ့ဖူးတာကြောင့် မတရား ချုပ်နှောင်ခံထားရတဲ့ ရိုက်တာ သတင်းထောက်တွေနဲ့ ဒုရဲမှူးဟောင်း မိုးရန်နိုင် ပြန်လွှတ်ပေးဖို့လည်း သမ္မတ ဦးဝင်းမြင့်ကို မျှော်လင့်နေကြပါတယ်။
မြန်မာ့နှစ်သစ်ကူး မိန့်ခွန်းမှာ နိုင်ငံ ပြုပြင်ပြောင်းလဲရေး “တည်ငြိမ်မှုကိုလည်း မထိခိုက်စေ၊ အပြောင်းအလဲတွေလည်း ဖြစ်ပေါ်စေ” ဆိုတဲ့ နည်းလမ်းကို ကျင့်သုံးလိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်
၂၀၁၉ ခုနှစ်ကို ကူးပြောင်းခါနီး အချိန်မှာ မြန်မာနိုင်ငံရဲ့ သြဇာ အကြီးဆုံးလူ ၂ ယောက်အကြား တူညီတဲ့ အချက်တခုကတော့ သူတို့ကို အကျပ်အတည်း တွေ့စေခဲ့တဲ့ ၂၀၁၈ ခုနှစ်ကို ပြန်မျှော်ကြည့်မိနေကြမှာပဲ ဖြစ်ပါတယ်။
ဒီမိုကရေစီ မီးရှူးတန်ဆောင်လို့ ကျော်ကြားခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အနောက်နိုင်ငံတွေမှာ သူ့ကျော်ကြားမှုတွေ မှိန်ဖျော့ပျောက်ကွယ်သွားခဲ့ရတယ်။ တချိန်က ဒေါ်အောင်ဆန်းစုကြည်အပေါ် မိုးရွာသလို ရွာချ ပေးအပ်ခဲ့တဲ့ ဂုဏ်ထူးဆောင် ဆုတွေကို ပြန်လည်ရုပ်သိမ်းကြပြီး တက္ကသိုလ်တွေကလည်း သူတို့ ခန်းမတွေထဲက ဒေါ်အောင်ဆန်းစုကြည် ပုံတွေကို ဖြုတ်ချပစ်ခဲ့ကြတယ်။
ရခိုင်မြောက်ပိုင်းအရေးအပါအဝင် မြန်မာပြည်တဝန်း ဆက်လက်ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ရေငုံနှုတ်ပိတ်ပြီး အမှု လက်သည် စစ်တပ်ကို တရားဝင် လူအများရှေ့ ကန့်ကွက် ဆန့်ကျင်ပြောကြားခြင်း မရှိတာကြောင့် လို့ အကြောင်းပြကြတယ်။ ယခင် အတိုက်အခံ ဘဝတုန်းက တန်ဖိုးထားခဲ့တဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ စံတန်ဖိုးတွေကို ဒေါ်အောင်ဆန်းစုကြည် မစွန့်လွှတ်ရင်တောင် ရှေ့တန်းမတင်တော့ဘူးလို့ နိုင်ငံရေး ယုံကြည်မှု ဆိုင်ရာ တက်ကြွလှုပ်ရှားသူ လူငယ်မျိုးဆက်တွေကလည်း ဝေဖန်ကြတယ်။
ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာလည်း ဒေါ်အောင်ဆန်းစုကြည် ကတိပေးခဲ့တဲ့ အပြောင်းအလဲတွေဟာ ပဋိပက္ခ ဒေသတွင်းက ပြည်သူလူထုရဲ့ နေ့စဉ်ဘဝအပေါ် သက်ရောက်မှု သိပ်မရှိလှသေးပါ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိရေးကလည်း ခက်ခဲနေပါသေးတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကလည်း ခေါင်းစိုက်ဆင်းသွားပြီး နိုင်ငံ့စီးပွားရေးက အခြေအနေ သိပ်မကောင်းပါ။
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ကြုံတွေ့နေရတဲ့ အခက်အခဲကို ဘယ်သူမှ သူ့ထက် ပိုကောင်းအောင် ကိုင်တွယ်နိုင်သူ မရှိဘူးလို့ ယုံကြည်ကြတာကြောင့် မဲဆန္ဒရှင် ပြည်သူအများစုက သူ့ကို ဆက်လက် ထောက်ခံနေကြပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် ၅ နှစ် အချိန်ထပ်ပေးဖို့ သေချာသလောက်ပါပဲ။
၂၀၂၀ မှာ တာဝန်က အငြိမ်းစားယူဖွယ် ရှိနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက်လည်း ၂၀၁၈ ခုနှစ်ဟာ အဆိုးအကောင်း ရောထွေးနေပါတယ်။ ရခိုင်မြောက်ပိုင်းအရေးကြောင့် ပေါ်ထွက်လာတဲ့ ရှက်စရာ အရေးယူပိတ်ဆို့မှုတွေက သူ့ရဲ့ စံချိန်မီ ခေတ်မီတပ်မတော် တည်ထောင်ရေး အိပ်မက်ကို ချေမွဖျက်ဆီးပစ်လိုက်ပြီး သူ့ကိုလည်း နိုင်ငံတကာ တရားရုံး ပို့ဖို့ တောင်းဆိုလာကြတဲ့အထိ အရှက်ခွဲခံရပါတယ်။ ဖေ့ဘွတ် ဆိုရှယ်မီဒီယာမှာလည်း အမုန်းစကား ဖြန့်ချိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် အခြားနာမည်နဲ့ အကောင့်ပေါင်း မြောက်မြားစွာ အပိတ်ခံခဲ့ရပါတယ်။
ပြည်တွင်းနိုင်ငံရေးမှာတော့ သူ အနားယူနိုင်ချေ ရှိတဲ့ ၂၀၂၀ မှာ ပြည်တွင်းငြိမ်းချမ်းရေး ရအောင်လုပ်ပြီး တပ်မတော်ကို ပြည်သူ့လက်ထဲ ပြန်ထည့်မယ်လို့ ပြောပေမယ့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ အရေးပါတဲ့ တခုတည်းသော တပ်မတော် ဖွဲ့စည်းရေးကြောင့် ဆွေးနွေး ပြောဆို လုပ်ကိုင်စရာ များစွာရှိပြီး အချိန်ယူရနိုင်ဖွယ် ရှိပါတယ်။ ဒါ့ကြောင့် တပ်မတော်ဟာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်မှုကို အပြည့်အဝ မထူထောင်ရသေးတာကြောင့် နိုင်ငံရေးမှာ ဆက်ရှိနေမယ်လို့ ပြောလာပါတယ်။
ဒါပေမယ့် နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းက လက်နက်ကိုင်အဖွဲ့တခုစီနဲ့ ဆွေးနွေးနိုင်ဖို့ လေးလကြာ တဖက်သတ် အပစ်အခတ် ရပ်စဲရေး ကြေညာပါတယ်။ ဒီလို အပစ်ရပ်ကြေညာတာကို သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အရပ်ဘက် လူမှုအသိုင်းအဝိုင်းက အပြုသဘောဆောင် ကြိုဆိုကြပါတယ်။
ဦးစိုးဝင်းနှင့် ဦးဆက်အောင်
စီမံ/ဘဏ္ဍာ ဝန်ကြီးများ
ရက် ၁၀၀ စီမံချက်၊ ဂျက်အင်ဂျင်နဲ့ ပျံတက်မယ့် မြန်မာ့စီးပွားရေး စသဖြင့် အပြောကောင်းသူ ဦးကျော်ဝင်းကို အစားထိုးဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အသက် ၈၀ အရွယ် ဦးစိုးဝင်းကို ရွေးချယ်ခဲ့ရတယ်။ ရခိုင်မြောက်ပိုင်းအရေးကြောင့် အနောက်နိုင်ငံများက လက်ရှောင်ကြချိန်၊ မြန်မာအခက် တရုတ်အချက်ဖြစ်မှာ စိုးရိမ်ပူပန်နေချိန် နှစ်ပေါင်းများစွာ ပျက်ယွင်းနေခဲ့တဲ့ နိုင်ငံ့ စီးပွားရေးကို စီမံကိုင်တွယ်ရာမှာ “သမားဆို အိုမှ” ဆိုသလို ဦးစိုးဝင်းနဲ့ ကိုက်ညီပါတယ်။
မြန်မာနိုင်ငံရဲ့ အခွန်၊ ရင်းနှီးမြှပ်နှံမှုဥပဒေတွေ၊ ဘဏ်လုပ်ငန်းကဏ္ဍတို့မှာ အကြံပေးလာတာ ပြည်တွင်းပြည်ပ ကျွမ်းကျင်အဆင့် နှစ်ပေါင်း ၄၆ နှစ်အတွေ့အကြုံရှိပြီး နိုင်ငံခြားကုန်သွယ်မှုမှာ နိုင်ငံတကာ ဘဏ်လုပ်ငန်း အတွေ့အကြုံ နှစ် ၃၀၊ စာရင်းစစ်၊ ဥပဒေနှင့် အခွန်အကြံပေးဝန်ဆောင်မှုတို့ကို PricewaterhouseCoopers နဲ့ တွဲလုပ်ခဲ့တာမို့ စီးပွားရေးအသိုင်းအဝိုင်းက ကြိုဆိုကြပါတယ်။
သူ့ကို ကူညီနေတဲ့ ဒုဝန်ကြီးကလည်း တကယ် အလုပ်လုပ်နိုင်သူပါ။ အရင် ဦးသိန်းစိန်အစိုးရမှာလည်း တာဝန်ထမ်းခဲ့တဲ့ ဦးဆက်အောင်ကြောင့်လည်း မြန်မာနိုင်ငံ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း Myanmar Sustainable Development Plan ကို အစိုးရက စက်တင်ဘာလမှာ ထုတ်ပြန်ကြေညာနိုင်ပြီး မြန်မာ့စီးပွားဖွံ့ဖြိုးရေး အနာဂတ်လမ်းညွှန်သဖွယ် ဖြစ်လာပါတယ်။
သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ လည်းဖြစ်သူ ဦးဆက်အောင်ဟာ အခုနှစ် အစောပိုင်းက စပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌလည်း ဖြစ်လာပါတယ်။ တရုတ်နဲ့ ခက်ခဲတဲ့ ညှိနှိုင်းမှုတွေကို ပြုလုပ်ခဲ့ပြီး အကြွေးနွံ မနစ်ဖို့ စီမံကိန်းကို မူလစီမံကိန်းရဲ့ ငါးပုံ တပုံ အထိ လျှော့ချနိုင်ခဲ့ပါတယ်။
ရခိုင်မြောက်ပိုင်းအရေးကြောင့် ဥရောပသမဂ္ဂက အခွန်ကင်းလွတ်ခွင့် ရုပ်သိမ်းဖို့ စဉ်းစားပြင်ဆင်နေသလို (အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ အဆို) နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုမှာ လွန်ခဲ့တဲ့နှစ် ဒေါ်လာ ၄.၁ ဘီလီယံက ဒီနှစ် စက်တင်ဘာလကုန်အထိ ခြောက်လအတွင်း ၁.၈ ဘီလီယံထိ ထက်ဝက် ကျဆင်းသွားခဲ့တဲ့ အခြေအနေမှာ ကျောက်ဖြူသာမက တရုတ်နယ်စပ်က မန္တလေး၊ နောက် ရန်ကုန် မြို့သစ်ထိ ချဲ့ထွင်လာနေတဲ့ တရုတ်စီမံကိန်းတွေကြား သူတို့ ၂ ဦးရဲ့ အတွဲအစပ်က စိတ်ဝင်တစား စောင့်ကြည့် လေ့လာစရာပါ။
တရုတ်နဲ့ နိုင်ငံခြား ကြွေးနွံထဲ မနစ်ရေးအပြင် သူတို့ကို အဓိက စိန်ခေါ်နေတာက အခွန်မပေးတဲ့ ပြည်တွင်း စီးပွားရေး ယဉ်ကျေးမှုပါ။ ရေးဆွဲထားတဲ့ အစီအစဉ်တွေကို ရှေ့မှာ အောင်မြင်စေဖို့ အခွန်ဝင်ငွေ တိုးရမှသာ ဖွံ့ဖြိုးရေး စီမံကိန်းတွေမှာ ပိုသုံးနိုင်မှာမို့ ပြည်တွင်း စီးပွားရေး လုပ်ငန်းတွေ အခွန်ဆောင်လာအောင် ဘယ်လိုလုပ်မလဲ။ “စိန်ခေါ်မှုတွေကတော့ အများကြီးပေါ့နော်။ ဒီစိန်ခေါ်မှုတွေကို လျှော့တွက်လို့တော့ မရဘူး။ ကျနော်တို့ အဖွဲ့တွေ လေးလေးနက်နက် တိုင်ပင်ပြီးတော့ လုပ်သွားမှာပါ” လို့ ဦးစိုးဝင်းက ဧရာဝတီကို ပြောခဲ့ဖူးပါတယ်။
ဦးသိမ်းဝေ
စီးပွားရေးလုပ်ငန်းရှင်
ရခိုင်မြောက်ပိုင်း အကျပ်အတည်းကြောင့် မြန်မာပြည်မှာ ရင်းနှီး မြှုပ်နှံသူတွေ စိတ်ဝင်စားမှု ကျဆင်းနေပြီး တရုတ်နိုင်ငံ ကျောထောက် နောက်ခံပြု စီမံကိန်းကြီးတွေ ဝင်လာတော့မှာကို စိုးရိမ်ပူပန်နေကြပေမယ့် မြန်မာ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်တဦးဖြစ်သူ ဦးသိမ်းဝေ ခေါ် မစ္စတာ ဆာ့ချ်ပန်းက တရုတ်နိုင်ငံက တည်ဆောက်မယ့် ဒေါ်လာ ၁.၅ ဘီလျံတန် ရန်ကုန် စက်မှုဇုန်သစ်ကို ထောက်ခံ ကြိုဆိုလိုက်ပါတယ်။
စင်ကာပူ စတော့ အိတ်ချိန်း စာရင်းဝင် Yoma Strategic Holdings နဲ့ Memories Group တိုရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဦးသိမ်းဝေဟာ လစာမဲ့ ဥက္ကဋ္ဌ အဖြစ် မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် ရန်ကုန်မြို့သစ် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီမှာလည်း အမှုဆောင်အရာရှိချုပ် တာဝန်ကို ယူထားပါတယ်။
စီမံကိန်းမှာ စက်မှုဇုန်အတွက် တံတားတွေ လမ်းတွေနဲ့ တခြား အခြေခံအဆောက်အအုံတွေကို ရန်ကုန်မြစ် အနောက်ဖက်ကမ်းမှာ တည်ဆောက်ဖို့ တရုတ်ပြည်မှာ ကုန်ကျစရိတ် မြင့်မားတာနဲ့ အမေရိကန်-တရုတ် ကုန်သွယ်ရေး စစ်ပွဲကို ရှောင်ချင်တဲ့ တရုတ်နဲ့ တခြားကုမ္ပဏီတွေကို ဆွဲဆောင်နိုင်မယ်လို့ သူက ယုံကြည်ပါတယ်။
ရန်ကုန်မြို့သစ်အပေါ် သူ့ ပုံအောမှုကို နိုင်ငံရေးအရ ကျားကန် ထောက်ကူမှုကလည်း ရန်ကုန်တိုင်း ဝန်ကြီးချုပ်တင်မက အခုဆို ရန်ကုန်မြို့သစ် စီမံကိန်းဟာ တရုတ်နိုင်ငံရဲ့ မြန်မာပြည်အတွင်း ပတ်လမ်းတခု ရပ်ဝန်းတခုဆိုင်ရာ စီမံကိန်းတွေထဲ ပါလာခဲ့ပြီမို့ ပြည်ထောင်စုအဆင့် အာဏာပိုင်တွေထိ အားကြီးလာခဲ့ပါတယ်။
မြန်မာဈေးကွက်မှာ ရင်းနှီးမြှုပ်နှံရတာဟာ ကမ္ဘာ့ ဈေးကွက် ဝယ်လိုအား ကျဆင်းခြင်းနဲ့ ရခိုင်အကျပ်အတည်းကြောင့် နှစ်ဆ အန္တရာယ်များတယ်လို့ ဦးသိမ်းဝေက Financial Times သတင်းစာကို ပြောပါတယ်။ ဒါပေမယ့် “အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကို ကြည့်တဲ့ မှန်ဘီလူးက အရှေ့နိုင်ငံတွေက မြန်မာကို ကြည့်တဲ့ မှန်ဘီလူးနဲ့ မတူဘူး” လို့ ပြောပါတယ်။
တရုတ်နွယ်ဖွား မန်ဒရင်း စကားပြော အသက် ၆၅ နှစ်အရွယ် ဦးသိမ်းဝေဟာ စီးပွားရေးတွင်သာမက နိုင်ငံရေးမှာလည်း ကမောက်ကမတွေကို ကြုံခဲ့ဖူးသူပါ။ ဦးနေဝင်းရဲ့ ဆိုရှယ်လစ်အစိုးရ အာဏာသိမ်းပြီးနောက် သူဟာ မိသားစုနဲ့အတူ မြန်မာနိုင်ငံက တရုတ်နိုင်ငံဆီ ထွက်လာခဲ့ရပါတယ်။ တရုတ် ယဉ်ကျေးမှု တော်လှန်ရေးနဲ့ ကြုံရပြီး ပညာပေးစခန်းမှာ နေခဲ့ရတယ်။ ၁၉၇၃ ခုနှစ်မှာ ဟောင်ကောင်ကို ထွက်လာခဲ့ပါတယ်။
၁၉၉၁ ခုနှစ်မှာ မြန်မာပြည် ပြန်လာပြီး စီးပွားရေး စလုပ်တာ အခုဆို အိမ်ခြံမြေ၊ ခရီးသွား၊ လက်လီအရောင်းလုပ်ငန်း၊ ဘဏ္ဍာရေး ဝန်ဆောင်မှုနဲ့ မော်တော်ယာဉ် လုပ်ငန်းတွေ ပါဝင်နေပါပြီ။ သူနဲ့ဆိုင်တဲ့ ကုန်အမှတ်တံဆိပ်တွေထဲ Volkswagen လို၊ KFC လို ပါပါတယ်။ ပြည်တွင်း ကုမ္ပဏီတွေကတော့ အိမ်ခြံမြေနဲ့ ကျန်းမာရေး ဝန်ဆောင်မှုမှာ First Myanmar Investments ၊ ဘဏ်မှာဆို ရိုးမ တို့ဖြစ်တယ်။ ရန်ကုန်မြို့လည်ခေါင် အရင် မြန်မာ့မီးရထားရုံးချုပ်နေရာမှာ အထပ်မြင့် တာဝါတွေနဲ့ ဈေးဝယ်စင်တာ ပါမယ့် နိုင်ငံတကာ အဆင့်မီ အဆောက်အဦးကလည်း ဆောက်လုပ်နေပြီဖြစ်ပါတယ်။ ဘူတာကြီး ဘက်စုံစီမံကိန်းကို လေလံဝင်ဆွဲပေမယ့် မရပါ။
အဂတိ လိုက်စားမှု ပေါတဲ့ မြန်မာနိုင်ငံမှာ ဦးသိမ်းဝေဟာ အစွန်းအထင်း မခံအောင် နေတတ်သူပါ။ ကောင်းမွန်တဲ့ စီးပွားရေး ကျင့်ဝတ်တွေကို အားပေးတဲ့ Myanmar Centre for Responsible Business (MCRB) က FMI နဲ့ သူ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း Serge Pun & Associates ကို ပွင့်လင်းမြင်သာမှု အဆင့် ၁ နဲ့ ၃ မှာ သတ်မှတ်ခဲ့ပါတယ်။ မြန်မာပြည်မှာ စစ်တပ်က အာဏာပြန်သိမ်းမှာ၊ အာဏာရှင်စနစ် ပြန်သွားမယ့် အန္တရာယ် နည်းနည်းပဲ ရှိတယ်လို့ ဦးသိမ်းဝေက မြန်မာတိုင်းမ် သတင်းစာကို ပြောခဲ့ပါတယ်။
စွန့်ဦးတီထွင် အောင်မြင်နေသော မျက်နှာသစ် လုပ်ငန်းရှင်များ
နိုင်ငံ့စီးပွား အခြေအနေ ထိုင်းမှိုင်း လေးလံနေပေမယ့် ၂၀၁၈ ခုနှစ်ဟာ လုပ်ရဲကိုင်ရဲရှိတဲ့ ဖန်တီး တီထွင် ဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်းတွေနဲ့အတူ မြန်မာနိုင်ငံက နုပျို ထက်မြက်တဲ့ မျက်နှာသစ် လူငယ် စီးပွားရေးလုပ်ငန်းရှင်တွေအတွက်တော့ အပေါင်းလက္ခဏာ ဆောင်တဲ့ နှစ်တနှစ် ဖြစ်ခဲ့တယ်။
Genius ရှမ်းကော်ဖီရဲ့ ကြိုးကိုင် ဦးငွေထွန်းက ဒီနှစ်အတွင်း ရပ်ရွာအသိုင်းအဝိုင်းနဲ့ သဟဇာတဖြစ်တဲ့ မြန်မာ ကော်ဖီကို ကမ္ဘာတလွှား နိုင်ငံ ၁၂ နိုင်ငံကို တင်ပို့နိုင်ခဲ့တယ်။ သူ့ ကုမ္ပဏီဟာ ၂၀၁၈ ခုနှစ် အာဆီယံ စီးပွားရေး ဆုပေးပွဲ (ASEAN Business Awards 2018) မှာ Sustainable Social Enterprise ဆုကို ရခဲ့တယ်။
Virya Couture ကို တည်ထောင်သူ ဒေါ်ပြုံးသက်သက်ကျော်က လူနည်းစု တိုင်းရင်းသား အမျိုးသမီးတွေအတွက် အခွင့်အလမ်းတွေကို ဖန်တီးပေးရင်း လှပတဲ့ အဝတ်အထည်တွေကို မမောမပန်းနိုင် ဆက်လက် ထုတ်နေခဲ့တယ်။ ယခုနှစ် အတွင်း TEDx Yangon 2018 မှာ စိတ်ဝင်စားစရာ အကောင်းဆုံး မိန့်ခွန်းတခုကိုလည်း ပြောခဲ့တယ်။
Rangoon Tea House နဲ့ RTH Group တို့ရဲ့ နောက်ကွယ်က ဦးထက်မြက်ဦးနဲ့ Isabella Sway-Tin တို့က ယခုနှစ်အတွင်း ရန်ကုန်မှာ တီထွင်ဆန်းသစ်တဲ့ Pinlon Hawker Center အပါအဝင် ဆိုင်သစ် ၄ ခုထက်မနည်း ဖွင့်လှစ်ခဲ့တယ်။ ၂၀၁၉ ခုနှစ်မှာ ဒုတိယမြောက် Rangoon Tea House ကို ဖွင့်လှစ်ဖို့ ပြောထားတာမို့ သူတို့ရဲ့ စားသောက်ဆိုင်လုပ်ငန်း ခြေလှမ်းတွေက စောင့်ကြည့်နေကြရဦးမှာပါ။
၂၀၁၈ မှာ ရွှေတောင်ညိုကြီးရဲ့ အော်ဂဲနစ်ကြက်နဲ့ သဘာဝကြက်ဥတွေ အမြောက်အမြား ရောင်းရတယ်။ လုပ်ငန်း နောက်ကွယ်က လူငယ် ဖခင် ၂ ဦးဖြစ်တဲ့ ဦးဇော်ရဲနောင်နဲ့ ဦးမာန်သူရှိန် တို့မှာ Myanmar Organic Agriculture Group အသိအမှတ်ပြု မွေးမြူရေးခြံ ရှိနေပါပြီ။ သူတို့ရဲ့ ပျိုရွယ်တဲ့ စီးပွားရေးလုပ်ငန်းက ဓာတုကင်းစင် အစားအစာတွေ ဂရုတစိုက် ရွေးချယ်စားတတ်တဲ့ ကျန်းမာရေး သတိရှိသူ စားသုံးသူတွေ မြန်မာပြည်မှာ ဝယ်လိုအား တိုးပွားနေတဲ့ သင်္ကေတတခုလည်း ဖြစ်ပါတယ်။။
Amara Khit အဝတ်အထည် အမှတ်တံဆိပ်ရဲ့ နောက်ကွယ်က အမျိုးသမီး စွန့်ဦးတီထွင် လုပ်ငန်းရှင်နဲ့ အနုပညာရှင် ဒေါ်ရွှေသီရိခေတ်ဟာ ခေတ်သစ် စတိုင်နဲ့ ပြည်တွင်းဖြစ် လက်ယက်ထည်တွေကို ပေါင်းစပ်ခြင်းအားဖြင့် ၂၀၁၈ ခုနှစ်မှာ ပိုမို အောင်မြင်လာခဲ့ပါတယ်။ ပြည်တွင်းထွက် ချည်ထည်တွေရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးခြင်းနဲ့အတူ ဖက်ရှင်လုပ်ငန်းအတွင်းက အခြားသူတွေအတွက်လည်း လမ်းဖွင့်ပေးခဲ့တယ်။
၂၀၁၈ ခုနှစ်မှာ လတ်ဆတ်တဲ့ စိတ်ကူးတွေနဲ့ နိုင်ငံကို ခေတ်သစ်တခုအတွင်း ရောက်ရှိဖို့ အားထုတ်မှုတွေအတွက် အထူးရည်ညွှန်းဖို့ ထိုက်တန်တဲ့ စွန့်ဦးတီထွင်သူတွေ စာရင်းမှာ Khaya Tea က ဒေါ်စန္ဒြာမင်းနဲ့ ဦးဉာဏ်သာမော်လင်း၊ Kreate Food က ဒေါ်မေသင်းကြူ ၊ နည်းပညာ ကုမ္ပဏီသစ် New Day က Connor Smith နဲ့ ဦးစိုပြေဦးတိုး တို့ကို ထည့်သွင်း ဖော်ပြအပ်ပါတယ်။
ဒေါက်တာ စင်သီယာမောင်
လူထုကျန်းမာရေးလုပ်သား
အစိုးရအဆက်ဆက် ပြောင်းလာခဲ့ပေမယ့် လူထုကျန်းမာရေး အထူးသဖြင့် ကိုယ်ဝန်ဆောင် မိခင်နဲ့ ငှက်ဖျား လူနာတွေကို ထိုင်း-မြန်မာနယ်စပ်မှာ အခမဲ့ဆေးကုသနေတဲ့ ဆရာမကြီး ဒေါက်တာ စင်သီယာမောင်ရဲ့ စေတနာနဲ့ အလုပ်တွေက ဘာမှ ပြောင်းလဲမသွားခဲ့ပါဘူး။
ဆရာမကြီး ဒေါက်တာ စင်သီယာမောင်ဟာ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ပေါ်က ရွှေ့ပြောင်းမြန်မာ လုပ်သားတွေရဲ့ ကျန်းမာရေးနဲ့ မြန်မာအလုပ်သမား သားသမီး တွေရဲ့ ပညာရေးအတွက် အားကိုးအားထားရာ မီးရှုးတန်ဆောင်ဖြစ်ပါတယ်။
ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ပေါ် က “ကျောင်းသားဆေးခန်း” လို့ လူသိများတဲ့ ဒေါက်တာ စင်သီယာမောင်ရဲ့ မယ်တော် ဆေးခန်းဟာ ဒီနေ့အချိန်အထိ ကျောမွဲလူတန်းစားတွေ အတွက် အထွေထွေ ကျန်းမာရေးပြဿနာတွေကို အခမဲ့ ကုသပေးသလို သူတို့ရဲ့ ကလေးတွေဆိုလည်း ဆရာမကြီး ဖွင့်လှစ်ပေးထားတဲ့ ကျောင်းမှာ ပညာသင်ခွင့် ရကြ ပါတယ်။
ဒါတင်မကသေးဘဲ ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံ အတွင်း ဒေသအသီးသီးက ငွေကြေး ချို့တဲ့သူတွေဟာ နယ်စပ်တံတားကို ဖြတ်ကျော်ပြီး ကျောင်းသားဆေးခန်းမှာ လာရောက် ကုသကြပါတယ်။ ဒီအထဲမှာ ခြေပြတ်၊ လက်ပြတ် တပ်မတော်သားဟောင်းတွေလည်း တွေ့ရပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံက ပေါက်ဖွားလာတဲ့ ကျောင်းသားဆေးခန်းမှာ တရက်ကို လူနာ ၃၀၀ ဝန်းကျင်လောက် ကုသ ပေးနေရပါတယ်။ ဒီလူနာတွေအထဲမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်ထဲမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ အလုပ်သမားက ၅၀ ရာခိုင်နှုန်း ပါဝင်သလို မြန်မာနိုင်ငံ ဒေသအသီးသီးက လာရောက်ကုသသူကလည်း ၅၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။
ကျောင်းသားဆေးခန်းဟာ ဒီလူတွေတင် ကုသပေးနေတာမဟုတ်ဘဲ အစိုးရ ဆေးရုံ၊ ဆေးပေးခန်းတွေ လက်လှမ်း မမီနိုင်တဲ့ မြန်မာနိုင်ငံအတွင်း စစ်ပဋိပက္ခဖြစ်ပွားရာ တိုင်းရင်းသား ဒေသတွေက ပြည်သူတွေဆီကိုလည်း ဖျားနာ ကိုက်ခဲတာ၊ သားဖွားတာကအစ လက်နက်ကြီး ထိမှန်တာအဆုံး ကွင်းဆင်းကုသမှုတွေ ပေးပါတယ်။
ဒီလိုလူထုကျန်းမာရေး မြှင့်တင်ရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်ပြည်နယ် Seattle မြို့မှာရှိတဲ့ Washington တက္ကသိုလ်ကနေ ၂၀၁၈ ခုနှစ်အတွက် Roux Prize ဆုကို ဒေါက်တာ စင်သီယာမောင် ရရှိခဲ့ပါတယ်။
ဒေါက်တာ စင်သီယာမောင် ဟာ အရင်ကလည်း လူသားချင်းစာနာမှု သူရဲကောင်းဆု၊ လူ့အခွင့်အရေးဆု စတဲ့ဆုတွေဟာ နှစ်တိုင်းဆက်တိုက်နီးပါး ရရှိခဲ့ပြီး အခုဆိုရင် စုစုပေါင်း ၁၈ ခုအထိရှိသွားပြီ ဖြစ်ပါတယ်။
ထိုင်းမြေပေါ်မှာ အရင်က မြန်မာနိုင်ငံအရေး လှုပ်ရှားသူတွေ၊ NGO တွေ၊ သတင်းမီဒီယာ အဖွဲ့အစည်းတွေလည်း ရှိခဲ့ကြပေမယ့် နိုင်ငံရေး အလှည့်အပြောင်း ဖြစ်လာခဲ့တဲ့ ၂၀၁၁ နောက်ပိုင်းကစပြီး အဖွဲ့အစည်း အသီးသီး ပြည်တွင်းကို ရွှေ့ပြောင်းသွားခဲ့ကြပါတယ်။
ဒါပေမယ့် ဆရာမကြီး ဒေါက်တာစင်သီယာမောင်ရဲ့ ကျောင်းသား ဆေးခန်းလေးကတော့ ထိုင်းမြေပေါ်မှာ ဆက်ရှိနေပါတယ်။ ဘယ်ချိန်ထိရှိမယ် မပြောနိုင်ပေမယ့် စစ်ပြေးဒုက္ခသည်တွေ၊ ရွှေ့ပြောင်းလုပ်သားတွေနဲ့ သူတို့ သားသမီးတွေ၊ ပြည်တွင်းက ဆေးလာကုတဲ့ ကျောမွဲတွေ ရှိနေသမျှ ဒေါက်တာစင်သီယာမောင် ရှိနေမှာ သေချာသလောက်ပါ။
ဒေါ်နန်ပူ
တက်ကြွလှုပ်ရှားသူ
မြန်မာနိုင်ငံတဝန်းက အရပ်ဘက်အဖွဲ့အစည်းဝင်တွေဟာ လူမှု တရားမျှတရေးနဲ့ ဥပဒေစိုးမိုးရေး ရှေ့တန်းက ထုတ်ဖော်တောင်းဆိုနေကြပါတယ်။ အမျိုးသမီးတွေကို အားပေးပြီး သူတို့အခွင့်အရေး သူတို့ ကာကွယ်ဖို့ မြှင့်တင်ပေးခြင်း၊ ဒုက္ခသည်တွေအပါအဝင် အားနည်းသူတွေကို ကူညီခြင်းနဲ့ လူ့အခွင့်အရေးကို ကာကွယ်ခြင်းလို အဓိက ကျတဲ့ အပိုင်းတွေမှာ ပါဝင်နေကြပါတယ်။
ကချင်ပြည်နယ်မှာ Htoi Gender and Development Foundation ဒါရိုက်တာ ဖြစ်တဲ့ ဒေါ်နန်ပူက ထင်ရှားသူတဦးပါ။ လွန်ခဲ့သော ၈ လ မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ကြား တိုက်ပွဲတွေမှာ ပိတ်မိနေတဲ့ တနိုင်းမြို့နယ်က ကျေးလက်နေပြည်သူတွေ ကယ်ထုတ်ရေး ဦးဆောင် ဆန္ဒပြခဲ့တာကြောင့် အခြားသူ တက်ကြွလှုပ်ရှားသူ အမျိုးသား ၂ ဦးနဲ့ အတူ ဒီဇင်ဘာလအတွင်းက မြစ်ကြီးနား အကျဉ်းထောင်မှာ ထောင်ဒဏ် ၆ လ ချခံခဲ့ရပါတယ်။
ယခုနှစ်ထဲ တိုင်းပြည်မြောက်ပိုင်း တိုက်ပွဲတွေ အဆုံးသတ်ရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေက ရန်ကုန်နဲ့ အခြားနေရာတွေကိုလည်း ပျံ့နှံ့သွားခဲ့ပါတယ်။ ဒါပေမယ့် တိုက်ပွဲတွေ ဆက်ရှိနေခဲ့ပြီး ပြည်တွင်း စစ်ရှောင်ဒုက္ခသည်များ (IDPs) တွေလည်း သူတို့ နေအိမ်တွေဆီ မပြန်ကြရသေးပါဘူး။ ကချင် စစ်ပြေးဒုက္ခသည်တွေ ဒုက္ခကို မြင်တွေ့နေရပြီး တိုင်းရင်းသားတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတယ်လို့ ခံစားရတာကြောင့် သူတို့ကို တတ်နိုင်သမျှ ကူညီဖို့နဲ့ လူမှုတရားမျှတမှုကို မြှင့်တင်နိုင်ဖို့ ဒေါ်နန်ပူ သူ့ဘဝသူ မြှုပ်နှံခဲ့ပါတယ်။
ပဋိပက္ခ ဧရိယာ အတွင်းက အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှုတွေ ပို ကြုံတွေ့ရတတ်သလို ပြစ်မှု ကျူးလွန်သူ အများစုက ကင်းလွတ်ခွင့် ရရှိခံစားနေချိန်မှာ အမျိုးသမီးတွေ လူကုန်ကူး သားကောင်အဖြစ်လည်း ကျရောက်နေကြရတာကြောင့် ဒုက္ခသည် စခန်းတွေမှာ အမျိုးသမီးတွေ လုံခြုံရေးကို အချိန်တိုင်း ဒေါ်နန်ပူ တောင်းဆိုခဲ့တယ်။ IDPs တွေကြား လူ့အခွင့်အရေးနဲ့ ကျား/မ တန်းတူညီမျှမှု အသိအမြင်တွေ မြှင့်တင်ပေးဖို့ မမောနိုင်မပန်းနိုင် အလုပ်လုပ်နေခဲ့တယ်။
ဒေါ်နန်ပူက “ကချင်တိုင်းရင်းသားတွေကို အာဏာရှင်အစိုးရက ခွဲခြားဖိနှိပ်နေတယ်ဆိုတာတွေက ပိုပိုပြီးတော့ မြင်ရတယ်။ တခုမှ တရားမျှတမှု မရတာတွေ ကျမလေ့လာမှုတွေလုပ်ရင်း တွေ့လာရတယ်။ အဲဒါနဲ့ ကချင်အမျိုးသားရေးနဲ့ အမျိုးသမီး အခွင့်အရေးနဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင် မခံချင်စိတ်တွေနဲ့ ပေါင်းပြီးတော့ လုပ်ဖြစ်လာတယ်”လို့ ပြောခဲ့ပါတယ်။
#My_Story_Matters
အမျိုးသမီး အခွင့်အရေး အွန်လိုင်းလှုပ်ရှားမှု
အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ ထိပါးမှု ဖြစ်တာကို ဆိုရှယ်မီဒီယာမှာ ထုတ်ဖော်ပြောဆိုကြတဲ့ နိုင်ငံတကာ လှုပ်ရှားမှု #MeToo ဟာ မြန်မာပြည် ရောက်လာပါတယ်။ နှုတ်ဆိတ်နေတဲ့ ယဉ်ကျေးမှုကို အဆုံးသတ်ဖို့ အားထုတ်တဲ့အနေနဲ့ ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်း အမျိုးသမီး အများအပြား အဖွဲ့တခုဖွဲ့ပြီး သူတို့ ကြုံတွေ့ခဲ့ရတဲ့ လိင်ပိုင်းဆိုင်ရာထိပါးမှု အတွေ့အကြုံတွေကို ထုတ်ဖော်ရေးသားကြပါတယ်။
ဇူလိုင်လ ၁၂ ရက်နေ့တွင် အမျိုးသမီးတဦးက သူနဲ့ အမျိုးသမီး လုပ်ဖေါ်ကိုင်ဖက်တွေ ယခင်အလုပ်တွေမှာ ကြုံတွေ့ ခံစားရတဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရတာကို #My_Story_Matters ဆိုပြီး ဖေ့ဘွတ် အကောင့်ကို ဖွင့်ပြီး စတင် မျှဝေခဲ့ရာက စပါတယ်။
သူ အရင်လုပ်ခဲ့တဲ့ အဖွဲ့က အမှုဆောင်အရာရှိချုပ်ရဲ့ လိင်ပိုင်းထိပါးမှု ခံရတယ်လို့ စရေးတယ်။ ပထမ တယောက်က သူ့ ဇာတ်လမ်းကို မျှဝေခဲ့ပြီး နောက်တယောက်ကလည်း သူကြုံရတာကို ဝင်ရေးခဲ့ပါတယ်။ အဓမ္မပြုကျင့်ဖို့ ခံရတဲ့ နောက်တယောက်အကြောင်း သူက ထပ်ရေးပါတယ်။
ဒီလှုပ်ရှားမှုကြောင့် စွပ်စွဲခံရသူကို လုပ်ငန်းတွင်း စုံစမ်းစစ်ဆေးမှု ဖြစ်စေခဲ့တယ်။ လုပ်ငန်းခွင်တွင်းမှာ အမျိုးသမီးတွေ ကာလရှည်ကြာစွာ ခံစားနေရတဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးမှူတွေကို မီးမောင်းထိုးပြစေတယ်။ ထိပါးခဲ့သူဟာ နိုင်ငံတကာ အလှူရှင်အသိုင်းအဝန်းက အမည်ပျက် စာရင်းသွင်း ခံရပါတယ်။
အမျိုးသမီးတွေ ဘတ်စ်ကားတွေပေါ်၊ လုပ်ငန်းခွင်တွေနဲ့ အများပြည်သူဆိုင်ရာ နေရာတွေမှာ ကိုယ်ထိလက်ရောက်ရော စကားနဲ့ပါ လိင်ပိုင်းဆိုင်ရာ ထိပါးမှုတွေ နေ့စဉ် ကြုံတွေ့နေရပေမယ့် ဒီလို ယခင်က ထုတ်ဖေါ်ပြောဆိုဖို့ ဒါမှမဟုတ် အများပြည်သူ သိနိုင်စေဖို့ ခက်ခဲခဲ့ပါတယ်။ အခုတော့ ဆိုရှယ်မီဒီယာရဲ့ အကူအညီနဲ့ သူတို့အသံတွေ ကျယ်လောင်လာခဲ့ပါပြီ။
“ကျမတို့နှုတ်ဆိတ်နေရင် အခြားအမျိုးသမီးတွေလည်း ကျမတို့ရင်ဆိုင်ရတဲ့ ကံကြမ္မာမျိုးကို ရင်ဆိုင်ရမယ်။ ကျူးလွန်သူကိုလည်း အရေးယူမှာမဟုတ်ဘဲ နောက်အမျိုးသမီးတွေ၊ မိန်းကလေးတွေကို အလားတူ လုပ်ခွင့်ပြုရာ ရောက်တယ်” လို့ လိင်ပိုင်းဆိုင်ရာ ထိပါးမှုတွေ ထုတ်ဖေါ်ပြောဆိုဖို့ ထိပါးခံရသူတွေကို အားပေးတဲ့အနေနဲ့ သူ့ ဇာတ်လမ်းကို ဖေ့ဘွတ်မှာ မျှဝေတဲ့ အမျိုးသမီးတဦးက ဧရာဝတီကို ပြောပါတယ်။
ကိုဇင်ဇေ
တက်ကြွလှုပ်ရှားသူ
၂၀၁၁ ခုနှစ်က စပြီး မြန်မာပြည် ဈေးကွက် အခြေပြု စီးပွားရေးစနစ်ဆီ အပြောင်းအလဲလုပ်ရာမှာ ပြည်တွင်းပြည်ပ ကုမ္ပဏီတွေဟာ ကုန်ပစ္စည်း အမျိုးမျိုးကို သူ့ထက်ငါအပြိုင် ရောင်းဝယ်ဖောက်ကား လာကြပါတယ်။ မားကတ်တင်း အရောင်းမြှင့်တင်ရေးဆိုတာလည်း ခေတ်စားလာပါတယ်။ ဒီထဲမှာ စီးပွားရေးကျင့်ဝတ်တွေနဲ့ မလျော်ညီတဲ့ ဆင့်ပွား ဈေးကွက် ဖြန့်ချိရေး လုပ်ငန်း (Multi Level Marketing -MLM) တွေ ရပ်တန့်သွားအောင် လှုပ်ရှားခဲ့သူ ကိုဇင်ဇေ ကတော့ ထင်ရှားပါတယ်။
ကိုဇင်ဇေဟာ ၂၀၁၁ ခု ဝန်းကျင်လောက်မှာ MLM ကို ကိုယ်တိုင်လုပ်ခဲ့မိပြီးနောက် MLM စနစ်ဟာ မမှန်ကန်ကြောင်း နားလည် သဘောပေါက်လာချိန်မှာ ရပ်ဆိုင်းခဲ့ပါတယ်။ ၂၀၁၄ လောက်ကစလို့ MLM လုပ်ငန်းနဲ့ပတ်သက်တဲ့ စာတွေ အွန်လိုင်းမှာ ရေးသားခဲ့သလို ၂၀၁၆ လောက်မှာတော့ စိတ်တူ ကိုယ်တူတွေ စုမိပြီး Anti MLM ကို ဖွဲ့ကာ MLM လုပ်ငန်းနဲ့ ပတ်သက်တဲ့ အသိပညာ ပေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ တချိန်တည်းမှာ MLM လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လွှတ်တော်နဲ့ အစိုးရတို့ သိရှိ အရေးယူနိုင်ဖို့လည်း လော်ဘီလုပ် ဆောင်ရွက်ခဲ့ကြပါတယ်။
အစိုးရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြည်သူလူထု ထိခိုက်နစ်နာမှုတွေ ရှိနေတဲ့ ဆင့်ပွား ဈေးကွက် ဖြန့်ချိရေးလုပ်ငန်း (MLM) လုပ်ကိုင်ဆောင်ရွက်နေမှုတွေကို ဒီနှစ် စက်တင်ဘာ ၁၈ ရက်နေ့က တရားဝင် အမိန့်ကြေညာစာထုတ်ပြီး တားမြစ်လိုက်တာဟာ သူတို့ရဲ့ အောင်မြင်မှုပါပဲ။
တားမြစ်ထားတဲ့ ဆင့်ပွားဈေးကွက်ဖြန့်ချိရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေတာကို စုံစမ်းတွေ့ရှိရင် အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမယ်လို့ အစိုးရက ပြတ်ပြတ်သားသား ကြေညာပါတယ်။
MLM လုပ်ငန်းတွေကို ဆက်မလုပ်ဖို့ အစိုးရက တရားဝင် ထုတ်ပြန်ကြေညာလိုက်ပြီးတဲ့ နောက်မှာတော့ ကိုဇင်ဇေ သတင်းမီဒီယာ စာမျက်နှာတွေပေါ်မှာ ပိုမို ထင်ရှားလာခဲ့ပါတယ်။ အားပေးမှုလည်း ပိုမိုရရှိလာပါတယ်။ လက်ရှိအချိန်မှာလည်း မလျော်မကန် လှည့်ဖြားခံရတာက ကင်းအောင် MLM လုပ်ငန်းတွေကို အဆက်မပြတ် စောင့်ကြည့်နေသူ တဦးလည်း ဖြစ်ပါတယ်။
ခီမောင်နှံ
ရုပ်ရှင်ပညာသည်များ
“ပေါကားများ ရပ်” ဆိုတဲ့ အသံတွေ တိုးသွားအပြီး “မြို့ကား”နဲ့ “တောကား” ဆိုပြီး ရုပ်ရှင်လောကနဲ့ ရုပ်ရှင်ချစ်သူတွေကြားမှာ ငြင်းခုံ လာခဲ့ကြတာ ခီမောင်နှံလို့ ခေါ်တဲ့ ရုပ်ရှင်သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ကြောင့်လို့ဆိုရင် မမှားပါဘူး။ သူတို့ရဲ့ “မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်နဲ့ “ဥပါယ်တံမျဉ်” ရုပ်ရှင် ၂ ကားလုံးဟာ မြန်မာရုပ်ရှင်ကို မကြည့်ဘူးဆိုတဲ့ မြန်မာပရိသတ်တွေကို ရုပ်ရှင်ရုံဆီ ပြန်ခေါ်ဆောင်လာနိုင်စေခဲ့တယ်။ ရန်ကုန်မှာ ရုံ ၂ ခါ ပြန်တင်ရတဲ့အထိ အားပေးခံရသလို နယ်တွေမှာလည်း ရုံပြည့်တယ်။
“မုဒြာရဲ့ ခေါ်သံ” ရုပ်ရှင်ဟာ ၂၀၁၇ ခုနှစ်က အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ မက္ကစီကို၊ မလေးရှား၊ စကော့တလန် စတဲ့ နိုင်ငံ ၇ နိုင်ငံက နိုင်ငံတကာ ရုပ်ရှင်ပြပွဲတွေမှာ ပြသဖို့ ရွေးချယ် ခံခဲ့ရပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ ISENMA ရုပ်ရှင်ပွဲတော်မှာ International Feature Film ရဲ့ အမြင့်ဆုံးဆု ဖြစ်တဲ့ Platinum Award ၊ မက္ကစီကို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာလည်း Silver Palm Award ဆုကို ရပါတယ်။
ဒီလိုအောင်မြင်မှုကို အတိုက်အခံတွေ အခက်အခဲတွေကြားမှာ ခီမောင်နှံ ရုန်းကန်လာခဲ့ရတယ်။ အမေရိကန်မှာ ရုပ်ရှင်ပညာကို သင်ဖို့ စားသောက်ဆိုင်မှာ အလုပ်လုပ်ခဲ့ကြရတယ်။ အဆင့်မီတဲ့ မြန်မာရုပ်ရှင်တွေ မွေးရပ်မြေမှာ ပြန်ရိုက်ဖို့ ၂၀၀၈ ခုနှစ်ကတည်းက မြန်မာနိုင်ငံကို ပြန်လာ အခြေချပြီး ရန်ကုန်မြို့မှာ Central Base Production ကို တည်ထောင်ခဲ့တယ်။ ရုပ်ရှင်လောကထဲမှာ အားပေးကူညီသူ မရှိသလောက် ရုန်းကန်ခဲ့ရပေမယ့် အလုပ်ကို စနစ်တကျ လုပ်တတ်သူ ခီမောင်နှံဟာ ဒီနေ့မှာတော့ အောင်မြင်မှု ရရှိနေတဲ့ ရုပ်ရှင်မျိုးဆက်သစ်တွေထဲ ထိပ်တန်းနေရာကို ရယူထားနိုင်ကြပါပြီ။
၂၀၁၈ အစောပိုင်းမှာ ကျင်းပခဲ့တဲ့ အကယ်ဒမီ ဆုပေးပွဲကို နွေးထွေးပျူငှာသူမဲ့စွာ တက်ရောက်ခဲ့ရတဲ့ ခီမောင်နှံရဲ့ ၂ ကားလုံး အကယ်ဒမီ စကာတင် စာရင်းဝင်တာကြောင့် ၂၀၁၉ အကယ်ဒမီပွဲမှာတော့ အောင်မြင်သူတွေ အနေနဲ့ ပြုံးပျော်စွာ တက်ရောက်နိုင်ကြဖို့ သူတို့ကို ချစ်တဲ့ ပရိသတ်တွေက မျှော်လင့်စောင့်စားနေကြပါတယ်။
နေခြည်ဦး
Beauty Blogger
ဆိုရှယ်မီဒီယာခေတ်မှာ လူသိများ အောင်မြင်လာသူတွေထဲ ဘလော့ဂါ နေခြည်ဦးက ဒီနှစ်မှာ ထိပ်ဆုံးက ဖြစ်မယ်။ အလှအပနဲ့ ပတ်သက်ပြီး မိတ်ကပ် ပြင်ဆင်ခြယ်သမှုများသာမက Lifestyle နဲ့ ပတ်သက်တဲ့ အကြောင်းအရာများကိုလည်း ရိုးသားစွာ သုံးသပ် ပေးတဲ့အတွက် နေခြည်ဦး ညွှန်းဆိုတဲ့ပစ္စည်းများဟာ အရောင်းရဆုံးများ ဖြစ်ခဲ့တဲ့ထိ အချိန်တိုအတွင်း လူသိများလာတယ်။
Loreal Paris ရဲ့ဖိတ်ကြားမှုနဲ့ Paris Fashion Week မှာ ဝတ်မှုံရွှေရည်နဲ့အတူ ဖက်ရှင်များကို နာမည်ကျော် အမှတ်တံဆိပ်များနဲ့ အပြိုင်ကြဲ ဝတ်ပြနိုင်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။ ရုပ်ရှင်တွေမှာလည်း သရုပ်ဆောင် ဝင်လုပ်လာခဲ့ပါတယ်။
အပြိုင်အဆိုင်များတတ်တဲ့သရုပ်ဆောင် ဖက်ရှင် ဒီဇိုင်းနဲ့ အလှအပလောကမှာ နေခြည်ဦးအတွက် အတိုက်အခံလည်း မနည်းလှပါဘူး။ ဂယက်တခုအနေနဲ့ ကိုရီးယားနိုင်ငံသို့ သွားရောက်ကာ နှာခေါင်းနဲ့ မျက်ရစ်ကို ခွဲစိတ်ခဲ့တဲ့အတွက် သူ့ရဲ့မျက်နှာက အစစ်အမှန် မဟုတ်ဘူးဆိုတဲ့ ဝေဖန်မှုများကို ကြုံတွေ့ခဲ့ရပါတယ်။
မိဘများက ချမ်းသာတဲ့အတွက် လုပ်ချင်တဲ့အလုပ်ကို လုပ်နိုင်ပြီး အောင်မြင်မှုများ ရရှိနေတာ ဖြစ်တယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။ နေခြည်ဦးရဲ့ မိဘများကတော့ “စိမ်းလဲ့တင်” အပန်းဖြေစခန်းကို ပိုင်ဆိုင်ထားပြီး သားသမီးများထဲ အကြီးဆုံး နေခြည်ဦး အသက် ၃၀ အရွယ် ရောက်တဲ့အခါ လုပ်ငန်း လွှဲပေးမယ်လို့လည်း မိခင်ဖြစ်သူက မီဒီယာတခုကို ဖြေကြားထားပါတယ်။