ဂျိုးဆက် စတာလင် (၁၈၇၉ – ၁၉၅၃)
JOSEPH STALIN (1879 – 1953)
ဆိုဗီယက် အစိုးရက ဇန်နဝါရီလ ၁၉၅၃ မှာ ဆိုဗီယက် အရာရှိကြီးတွေကို သေကြောင်းကြံတယ် ဆိုပြီး ဆရာဝန်တွေကို အစုလိုက် တပြုံကြီး ဖမ်းလိုက်တယ်။
စတာလင်ဟာ နောက်တကြိမ် အကြီးအကျယ် ဖြုတ်ထုတ်သတ် လုပ်လိမ့်ဦးမယ်လို့ ကြောက်ကြတယ်။
ဒါပေမယ့် ၅ မတ် ၁၉၅၃ မှာ အသက် ၇၃ နှစ်ရှိတဲ့ အာဏာရှင်ကြီးဟာ မော်စကို ကရင်မလင် (Kremlin) မှာ ကွယ်လွန် သွားပါတယ်။
သူ့ရုပ်အလောင်းကို မပုပ်မသိုးအောင် ဆေးစီရင်ပြီး ပြည်သူတွေ လာရောက် ဂုဏ်ပြုနိုင်ဖို့ ရင်ပြင်နီ သင်္ချိုင်းတော်မှာ လီနင် အလောင်းနဲ့ ယှဉ်ပြီး ပြင်ဆင်ထားပါတယ်။
စတာလင်ကို ကြည်ညိုသူ ချက်ချင်း သိသိသာသာ ကျဆင်း နည်းပါးသွားတဲ့ အတွက် သူ့ကို မင်းဆိုးမင်းညစ်လို့ သူစိုးစံ သမျှ ဒေသအားလုံးက လူတွေက ရွံရှာ မုန်းတီးသွားပါတယ်။
စတာလင်ရဲ့ အိမ်ထောင်ရေးလည်း မသာယာပါ။
၁၉၀၄ က လက်ထပ်ပြီး ဇနီးက သုံးနှစ်ကြာတော့ အဆုတ်နာနဲ့ ကွယ်လွန်ပါတယ်။
သူတို့ရဲ့တဦးတည်းသား ဂျက်ကော့ (Jacob) ကို ဒုတိယ ကမာ္ဘစစ် အတွင်း ဂျာမနီက ဖမ်းရသွားတယ်။ နောက် အကျဉ်းသားချင်း လဲမယ်လို့ ဂျာမနီက ပြောတော့ စတာလင်က မလဲတဲ့ အတွက် ဂျက်ကော့ဟာ ဂျာမန် အကျဉ်းထောင် စခန်းမှာ ကွယ်လွန်သွားပါတယ်။
စတာလင် ၁၉၁၉ မှာ ဒုတိယ အိမ်ထောင်ပြုပါတယ်။ ဒုတိယ မယားဟာ ၁၉၃၂ မှာ သူ့ဘာသာသူ သေကြောင်းကြံပြီး သေဆုံး သွားတယ်လို့ ပြောပေမယ့် စတာလင် ကိုယ်တိုင် သတ်ပစ်တယ်လို့ ထင်ကြပါတယ်။
ဒုတိယ မယားနဲ့ ကလေး နှစ်ယောက် ရတယ်။
သားက ဆိုဗီယက် လေတပ်မှာ အမှုထမ်းတယ်။ အရက် အလွန်အကျွံ သောက်တယ်။ ၁၉၆၂ မှာ သေဆုံးတယ်။
သမီး စဗက်လာနာ (Svetlana) က ဆိုဗီယက် ယူနီယံမှ ထွက်ပြေးသွားပြီး ၁၉၆၇ မှာ အမေရိကန် ပြည်ထောင်စုကို ရောက်သွားတယ်။
စတာလင်မှာ မှတ်မှတ်ရရ ပြောစရာ မှတ်စရာ အချက်က မညှာမတာ ရက်စက်တာပဲ ဖြစ်ပါတယ်။

လုပ်စရာရှိရင် ထောက်ထားစိတ်၊ စွဲလမ်းစိတ် လုံးဝမရှိပါ။ အဲဒီ အပေါ်မှာ မသင်္ကာစိတ် ပြင်းထန်တယ်။ ဘဝင်မြင့်ပြီး ရူး (Paranoia) တယ်။ ဒါပေမယ့် သိပ်အစွမ်းကောင်းတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။
လုံ့လ ဝီရိယ ကြီးတယ်။ စိတ်ဇွဲ ကြီးတယ်။ ပါးနပ်တယ်။ ထက်မြက်တယ်။ သူ့မယှဉ်သာအောင် စိတ်တန်ခိုး ကြီးတယ်။
ဆိုဗီယက် ယူနီယံမှာ အနှစ် အစိတ်လောက် အာဏာရှင် ဖြစ်ခဲ့ရလို့ အသက်ပေါင်း များစွာအပေါ်မှာ အကြီးအကျယ် သြဇာ လွှမ်းမိုးခဲ့သူ ဖြစ်ပါတယ်။
အာဏာရှင် တယောက်ရဲ့ သူ့ဘဝ သက်တမ်း အတွင်းမှာ ဘယ်လောက် သြဇာရှိသလဲ ဆိုတာ သိချင်ရင် သူအုပ်စီးထားတဲ့ နယ်မြေထဲမှာ လူဦးရေ ဘယ်လောက်ရှိတယ် ဆိုတာနဲ့ တိုင်းတာရမှာ ဖြစ်ပါတယ်။
ဒီလို လွှမ်းမိုးရာမှာလည်း သူက ဘယ်အဆင့် အထိ ချုပ်ချယ်သလဲ ဆိုတာလည်း ကြည့်ရပါမယ်။ သူသြဇာ ရှိနေတဲ့ အချိန် ကာလကို ထည့်စဉ်းစားလိုက်ရင် စတာလင်ဟာ သမိုင်းတလျှောက်မှာ ထိပ်ဆုံးက ဖော်ပြရမယ့် အာဏာရှင် ဖြစ်တယ်လို့ ယူဆရမှာပါ။
သူ့တသက်မှာ လူတွေ သန်းနဲ့ချီပြီး သတ်ပစ်ပါတယ်။ လူတွေကို အတင်း နှိပ်စက်ခိုင်းစေတဲ့ အလုပ်စခန်းတွေကို ပို့ပစ်တယ်။ လူတွေ အများကြီး ငတ်သေအောင် လုပ်တယ်။
ဒီလိုလုပ်လို့ အမှန်တကယ် သေတဲ့လူ စာရင်းကို ကောက်ယူဖို့ ခက်ပါတယ်။ ဒါပေမယ့် အမျိုးမျိုး သတ်ခဲ့လို့ ၃၀၀၀၀၀၀၀ (သုံးကုဋေ) ဝန်းကျင် ရှိမယ် ထင်ပါတယ်။
စတာလင်ရဲ့ အုပ်စိုးသက် တိုတိုမှာပဲ သူ့အန္တရာယ်က သိပ်ကြီးမားတယ်လို့ ပြောနိုင်တယ်။
သူနဲ့ ခေတ်ပြိုင်ဖြစ်တဲ့ အဒေါ့ဖ် ဟစ်တလာ နဲ့ သူ့ကို နှိုင်းယှဉ် ပြိုင်ဆိုင် ကြည့်တတ်ကြတဲ့ အတိုင်း ယှဉ်ကြည့်ပေမယ့် သူ့တန်ခိုး သြဇာဟာ ဘယ်လောက် ကြာရှည်ခံမလဲ ဆိုတာ ဖော်ထုတ် မရနိုင်ပါ။
စတာလင် ရဲ့ ဘဝသက်တမ်း အတွင်းမှာ ဆိုဗီယက် ယူနီယံရဲ့ ပိုင်နက်ဟာ ကျယ်လာတယ်။ အရှေ့ ဥရောပမှာ မှီခိုနယ်တွေ ပေါ်လာပြီး ဆိုဗီယက် ယူနီယံကို တန်ခိုးကြီး နိုင်ငံ ဖြစ်စေတယ်။
တကမ္ဘာလုံးကို သူ့သြဇာ အရှိန်အဝါ ပျံ့နှံ့နိုင်ခဲ့တယ်။
ဒါပေမယ့် အခု နှစ်အနည်းငယ် အတွင်းမှာပဲ အရှေ့ ဥရောပ ပိုင်နက်ကြီး ပြိုကျသွားပါပြီ။ ဆိုဗီယက် ယူနီယံလည်း တဆယ့်ငါး နိုင်ငံ အထိ ကွဲထွက်သွားပြီ။
စတာလင် ရဲ့ စီးပွားရေး လမ်းစဉ်ဟာ မာ့က်စ် နဲ့ လီနင်တို့ စိတ်ကူးကို ဖော်ထုတ်တာပဲ ဖြစ်ပါတယ်။

မာ့က်စ် လက်ထက်က ပေါ်လစီ (Policies) သက်သက်၊ လီနင်က နည်းနည်းစပြီး အကောင်အထည် ဖော်ပါတယ်။
စတာလင် ကျမှ ဆိုဗီယက် ယူနီယံ (USSR) မှာ လူတဦးချင်း စိတ်ကြိုက် လယ်ယာ စိုက်ပျိုးခြင်းနဲ့ ပုဂ္ဂလိက စီးပွားရေး အများကြီး ပျောက်ကွယ် သွားအောင် လုပ်နိုင်ခဲ့ပါတယ်။
တကယ် လုပ်ကြည့်တဲ့အခါ အဲဒီ ပေါ်လစီတွေက ရေရှည်မကောင်းလို့ အခုအခါ ဒါမျိုး မလုပ်မိအောင် တတ်နိုင်သလောက် ပစ်ပယ် ထားလိုက်ကြပါပြီ။
ဒါတောင် စတာလင်ရဲ့ သြဇာကို အများကြီး လျှော့တွက်မိတယ်လို့ စိတ်ထဲမှာ စွဲမှတ်နေမိပါတယ်။
ဂျိုးဆက် စတာလင်ဟာ သိပ်ကြီးမား ကျယ်ပြန့်တဲ့ တိုင်းနိုင်ငံကို အနှစ် နှစ်ဆယ့်ငါးနှစ် အုပ်စီးနိုင်တဲ့ အတွက် သူဟာ အာဏာ ငမ်းတဲ့ အာဏာရှင် သက်သက် မဟုတ်ဘူးလို့ ဆိုရမယ်။
စစ်အေးကို ပေါ်ပေါက်စေနိုင်တဲ့ အတွက် သူကွယ်လွန်ပြီး နှစ်ပေါင်းများစွာ ကြာအောင် ကမာ္ဘ့သမိုင်းကို လွှမ်းမိုး ချုပ်ကိုင် သွားနိုင်ခဲ့ပါတယ်။
သမိုင်းမှာ စစ်အေးလို တကမာ္ဘလုံး ထိခိုက်အောင် ဒုတိယ ကမ္ဘာစစ် အပါအဝင် ဘယ်စစ်မှ ဒီလိုထိခိုက်အောင် မလုပ်နိုင်ပါ။
အမေရိကန်နဲ့ ဆိုဗီယက်တွေဟာ သံတမန်ရေးရာရော စီးပွားရေးမှာပါ ထိခိုက်အောင် လုပ်နိုင်တာ မဟုတ်။ တချို့ ဒေသတွေမှာ လက်နက် စွဲပြီး သတ်ဖြတ်ကြတာလည်း ရှိပါတယ်။
ကမ္ဘာပေါ်က တနိုင်ငံ မလွတ် ထိခိုက်ပြီး တချို့နေရာတွေမှာ သံတမန်နည်း ပြောဆိုငြင်းခုံ ပြိုင်ဆိုင်ရုံသာမက လက်နက် စွဲပြီး ပစ်ခတ်တဲ့ အထိ အမှုအခင်းတွေ ဖြစ်ပွားခဲ့ပါတယ်။
အထူး တန်ခိုးကြီး နိုင်ငံနှစ်ခု ပြိုင်ဆိုင် ကြတာဟာလည်း သမိုင်းမှာ အရင်က ဒါမျိုး မရှိဘူးတဲ့ အပြင် ငွေအကုန်ဆုံး ဖြစ်ပါတယ်။
မီလီယံ ဒေါ်လာက ဘီလီယံ ဒေါ်လာ၊ အဲဒီက တြီလီယံ ဒေါ်လာ အထိ စရိတ် ကုန်ကျကြရပါတယ်။
အဆိုးဝါဆုံးက ခုနေများ နျူကလီးယား စစ်ကြီး ဖြစ်ခဲ့ရင် ငါတို့ ယဉ်ကျေးမှုကြီး တခုလုံး ပျက်စီးရချေရဲ့လို့ နှစ်ပေါင်းများစွာ အင်မတန် ထိတ်လန့်ခဲ့ရပါတယ်။
စစ်အေးကို နေရာတိုင်းက ရွံတယ်။ ဒါကြီး မြန်မြန်ပြီးပါစေလို့ လိုလားတောင့်တသူ များတယ်။ ဆယ်စုနှစ်ပေါင်း အကြာကြီး လူသေ၊ လူယုတ် စတာလင်ရဲ့ စီမံချက်ဒဏ်ဟာ တကမ္ဘာလုံး ခံစားကြရတယ်။
ဘယ်နိုင်ငံရေးသမားမှ သူ့လောက် ကြာကြာ လူတွေကို ချောက်ချားအောင် အန္တရာယ် ပေးမသွားနိုင်ပါ။

သမိုင်းထဲက တခြားလူတွေထက် သူက “မကောင်းတာ လုပ်မိရင် သံသရာ အဆက်ဆက် ခံပေတော့” ဆိုတဲ့ စကားဟာ သိပ်မှန်ပါ ကလားလို့ တွေ့ကြရမှာ ဖြစ်ပါတယ်။
စစ်အေး (Cold War) အခု မရှိတော့ပါ။
စတာလင် (Stalin) ရဲ့ ယုတ်မာတဲ့ စီမံကိန်း ဒဏ်တွေလည်း အဆုံးသတ်သလောက် ရှိပါပြီ။
စတာလင်ကိုသာ အမည်တပ်ပေမယ့် တချို့က လီနင် (Lenin) က စတာ ဆိုပြီး ဆိုးသွမ်းသူက တဦး တယောက်တည်း မဟုတ် ပါလားလို့ ပြောရင်လည်း ရမှာပါ။
ဘာပြောပြော သမိုင်းမှာ စတာလင်က မင်းဆိုးမင်းယုတ်၊ မကောင်းကျိုးပေးဖို့ ပါရမီ ပါသူ၊ တော်တော်နဲ့ သူ့ကို ရွံမုန်းတဲ့စိတ် ပျောက်သွားမယ် မထင်ပါ။ ။
17, July, 2001.
(သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်း မြန်မာပြန် ရေးသားသည့် ဤဆောင်းပါးကို စိတ်ကူးချိုချို စာအုပ်တိုက် က ၂၀၁၀ ပြည့်နှစ် မတ်လတွင် ထုတ်ဝေသော “ကျော်စွာ ၁၀၀” ဒုတိယအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ မူရင်းမှာ The 100 A Ranking of the Most Influential Person in History by MICHAEL H. HART စာအုပ်ဟု သိရပါသည်။ ဆရာကြီး မြန်မာပြန်ထားသည့် ဆောင်းပါးများထဲက ယခု တပုဒ်ကို ထုတ်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီး ဒေါက်တာ သန်းထွန်းသည် ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် အသက် ၈၂ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ ပါသည်။)