ဟားခါးမြို့ဟာ မြန်မာနိုင်ငံ ချင်းပြည်နယ် မြောက်ပိုင်းမှာ ရှိပြီး ချင်းပြည်နယ် ရဲ့ မြို့တော် ဖြစ်ပါတယ်။
ဖလမ်းမြို့ နဲ့ မတူပီမြို့ ကြားမှာ တည်ရှိရာ ဖလမ်းမှ ၄၃ မိုင် ဝေးပြီး မတူပီမှ ၁၀၈ မိုင် ဝေးကွာကြောင်း သိရပါတယ်။
ဟားခါးဟာ ပင်လယ် ရေမျက်နှာပြင် အထက် ပေ ၆၀၀ဝ ကျော် (၁၈၃ဝ မီတာ) အမြင့်မှာရှိပြီး မြန်မာနိုင်ငံရဲ့ အမြင့်ဆုံး အရပ်ဒေသမှာ တည်ရှိတဲ့ မြို့တော်လည်း ဖြစ်ပါတယ်။
ဟားခါးမှာ မြို့ပေါ် ရပ်ကွက်ကြီး ၆ ရပ်ကွက်ရှိပြီး ၂၀၁၄ ခုနှစ် သန်းခေါင် စာရင်း အရ လူဦးရေပေါင်း ၂၄,၉၂၆ ဦး ရှိကြောင်း သိရပါတယ်။
ဟားခါး မြို့တွင်းရှိ နေအိမ်များဟာ တောင်ပတ်လမ်းများကို ကပ်ပြီး တည်ဆောက် ထားကြပါတယ်။ တချို့ နေအိမ် များက တိုက်အိမ် ဖြစ်ကြပြီး အများစုမှာ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ကာ အိမ်များ ဖြစ်ကြပါတယ်။
တောင်ပတ်လမ်းများကို နေအိမ်များ ကပ်ကာ တည်ဆောက်ထားလို့ အဝေးက ကြည့်ရင် အစီအရီ အထပ်ထပ် နဲ့ တွေ့ရပါတယ်။
ချင်း တိုင်းရင်းသားတို့ဟာ သူတို့ အိမ်အနီးဝန်းကျင်နဲ့ ရှေ့မျက်နှာစာတွေမှာ ဖြူနီဝါပြာ ပန်းအလှပင်များနဲ့ ဟင်းသီး ဟင်းရွက်ပင်များလည်း စိုက်ပျိုး ထားတတ်ကြပါတယ်။
ချင်းပြည်နယ်ရဲ့ သင်္ကေတ တခု ဖြစ်တဲ့ တောင်ဇလပ်ပန်းပင် နဲ့ ချယ်ရီပင်တွေလည်း သဘာဝ အလျောက် ပေါက်ရောက် ကြပါတယ်။
ဟားခါးမြို့ဟာ ခရစ်နှစ် ၁၄ဝဝ ခန့်က စတင် တည်ထောင်ခဲ့တဲ့ ရွာလေးတရွာ ကနေ မြို့အဖြစ် တိုးတက်လာတာလို့ ဆိုပါတယ်။
အဲဒီ အချိန်တုန်းက အခု ဖလမ်းမြို့နယ် ခွါရို လို့ခေါ်တဲ့ ရွာအနီးမှာ ဇိုတလန်း အမည်တွင်တဲ့ ရွာကြီးတရွာ ရှိပါတယ်။
အဲဒီရွာကြီးက ခင်လောက် နဲ့ ဇာထန် ဆွေမျိုးစုတို့ဟာ အပေါင်းအပါ အခြွေအရံတွေနဲ့ တောင်ဘက်ကို ဆင်းလာကြပြီး အခု ဟားခါး-ဖလမ်း ကားလမ်း အောက်ဘက် ဟားခါးမြို့ကနေ ၃ မိုင်ခန့် အကွာမှာ ရွာတရွာကို တည်ထောင်ခဲ့ကြရာ ခိုင်လင်းဇောလ်ရွာ လို့ အမည်တွင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီကနေ ရွှေ့ပြောင်းကြပြန်ပြီး မွာလ်ဇုန် ခေါ် ရွာကို တည်ထောင်ကြ ပြန်ကြောင်း သိရပါတယ်။
အဲဒီမှာလည်း ကြာရှည် မနေကြဘဲ အခု ဟားခါးမြို့ တည်ရာအရပ်ကို ရွှေ့ကြပြန်ပြီး နှစ်ပေါင်း အတန်ကြာ နေထိုင်ကြရာ လူဦးရေလည်း တိုးပွားလာတယ်လို့ ဆိုပါတယ်။
လူဦးရေ တိုးပွားလာလို့ တချို့လူစုတွေက အခြား ရေကြည်ရာ မြက်နုရာဒေသများမှာ ရွာတည်ကြ ပြန်တယ်။
ဒါပေမယ့် ဟားခါးရွာကို တည်ထောင်တဲ့ ဆွေမျိုးစုက ဩဇာအာဏာ ကြီးမားသူတွေ ဖြစ်ကြလို့ ဟားခါးက ခွဲထွက်ပြီး သီးခြား ရွာတည်ကြသူတွေဟာ ဟားခါးရွာ တည်သူ ဆွေစဉ်မျိုးဆက်တို့ကို အခွန်ပဏာ ပေးကြရတယ်လို့ ဆိုပါတယ်။
ဟားခါးရွာ တည်ခဲ့သူတွေဟာ သက်ညှာ ထောက်ထားခြင်းမရှိဘဲ အခွန်အကောက်တွေကို တောင်းခံခဲ့ကြတယ် လို့လည်း ဆိုပါတယ်။
ဒါကြောင့် အတောင်းအခံ ရက်စက်ခြင်း ဆိုတဲ့ အဓိပ္ပာယ်ရတဲ့ အမည်နဲ့ ခေါ်ဝေါ်ခဲ့ကြတဲ့ အတွက် ဟားခါး အမည် တွင်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
သူတို့ လူမျိုးတွေရဲ့ ဘာသာစကားနဲ့ ဟား (လ်) ဆိုတာ တောင်းခံတဲ့ အဓိပ္ပာယ်ရပြီး ခါး ဆိုတာ မြန်မာစကား အဓိပ္ပာယ်လို ချိုသာခြင်းကင်းပြီး ရက်စက်ခြင်း အဓိပ္ပာယ် ရှိတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဟား (လ်) ခါး ခေါ်တွင်ရာမှ နောင်အခါ ဟားခါး ဆိုပြီး ပြောင်းလာခြင်း ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။
ဟားခါးရွာ တည် ဆွေမျိုးစု ဩဇာအာဏာ အရှိန်အဝါဟာ ချင်းတောင်ဒေသမှာ အလွန် ကျယ်ပြန့်စွာ ပျံ့နှံ့ခဲ့ပါတယ်။
ခရစ်နှစ် ၁၈၈၉-၉ဝ ပြည့်နှစ်၊ ဗြိတိသျှတို့က ချင်းတောင်တန်း ဒေသကို သိမ်းပိုက်ချိန်အထိ အဲဒီဆွေမျိုးစုရဲ့ ဩဇာဟာ အရှေ့ဘက် ယောနယ်၊ အနောက်ဘက်မှာ တောင်တန်းပြာလို့ ခေါ်တဲ့ အခု အိန္ဒိယနိုင်ငံ လူရှေ (လူရိုင်း) တောင်တန်း ဒေသ၊ တောင်ဘက် ရခိုင် တောင်တန်းဒေသ အထိ အရှိန်အဝါ ရှိနေခဲ့သေးကြောင်း သိရပါတယ်။
ဗိုလ်ချုပ် ဆိုင်မွန် ဆိုသူ ခေါင်းဆောင်တဲ့ ဗြိတိသျှ ဝန်ထမ်းတပ်ဟာ ယောနယ်၊ ကံရွာ ကနေ ဟားခါးကို ချီတက်လာပြီး ၁၈၉ဝ ပြည့်နှစ် ဇန်နဝါရီလ ၁၉ ရက်နေ့မှာ မြို့ကို သိမ်းပိုက်လိုက်ပါတယ်။
ချီတက်လာရင်း ၇၇ ရက်အတွင်း အဲဒီ ဝန်ထမ်းတပ်က ၆၄ မိုင် ရှည်တဲ့ မြည်း ဝန်တင်လမ်းကို ဖောက်လုပ် ခဲ့ကြတယ် လို့ ဆိုပါတယ်။
ဟားခါးမြို့ကို သိမ်းပိုက်ပြီးနောက် ဂေါ်ရခါးတပ်ရင်း တရင်းက တပ်ဖွဲ့တဖွဲ့ကို မြို့စောင့်ထားတယ်။
အဲဒီ ဝန်ထမ်းတပ်က အုပ်ချုပ်ရေးဆိုင်ရာ အဆောက်အအုံတွေ၊ ဆေးရုံ နဲ့ တခြား အစိုးရ အဆောက်အအုံတွေကို ဆောက်လုပ်ပြီး ဒေသတဝိုက် အုပ်ချုပ်ရေး ယန္တရားကို တဖြည်းဖြည်း တပ်ဆင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီလို တည်ဆောက်ခဲ့လို့ ဗြိတိသျှ ခေတ်က ဟားခါးမြို့မှာ နယ်ပိုင် ဝန်ထောက်ရုံး၊ စစ်တန်းလျား၊ စစ်ဆေးရုံ၊ ငွေတိုက်ခွဲ နဲ့ စာတိုက် စတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
အခုခေတ်မှာတော့ ချင်းပြည်နယ် မြို့တော်နဲ့ အညီ အစိုးရဌာန ပေါင်းစုံမှ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှူးရုံး အစရှိတဲ့ ပြည်နယ် အဆင့်၊ မြို့နယ်အဆင့် ဦးစီးဌာနရုံးတွေ၊ ကော်ပိုရေးရှင်းတွေကို လည်းကောင်း ဖွင့်လှစ်ထားပြီး အစိုးရ တန်းမြင့်ကျောင်းလည်း ရှိနေပြီ ဖြစ်ပါတယ်။
လမ်းပန်း ဆက်သွယ်ရေး အနေနဲ့ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ကို လေကြောင်းနဲ့ လည်းကောင်း၊ ကားလမ်းနဲ့ လည်းကောင်း၊ ရထားလမ်းနဲ့ လည်းကောင်း လာရောက်နိုင်ပြီး ကလေးမြို့ကနေ ကားလမ်းနဲ့ ဖလမ်းမြို့၊ အဲဒီက တဆင့် ဟားခါးမြို့ကို သွားရောက်နိုင်ပါတယ်။

မကွေးတိုင်း ဂန့်ဂေါမြို့ကိုလည်း လေကြောင်းလမ်း၊ ကားလမ်း၊ ရထားလမ်း တို့နဲ့ လာရောက်နိုင်ပြီး ဂန့်ဂေါမြို့က တဆင့် ဟားခါးကို ကားလမ်းနဲ့ သွားရောက်နိုင်ပါတယ်။
ဟားခါး မြို့ဟာ ချင်းပြည်နယ်ရဲ့ အချက်အချာကျတဲ့ နေရာမှာ တည်ရှိပြီး ချင်းပြည်နယ် မြောက်ပိုင်းရှိ ဖလမ်း၊ တီးတိန်၊ တွန်းဇံ မြို့များကို လည်းကောင်း၊ တောင်ပိုင်းရှိ မတူပီ၊ ပလက်ဝ မြို့များကို လည်းကောင်း၊ အနောက်ပိုင်းရှိ ထန်တလန်၊ ရိခေါ်ဒါရ် မြို့များကို လည်းကောင်း ကားလမ်းများနဲ့ ဆက်သွယ်ထားပါတယ်။
ချင်းပြည်နယ် အတွင်း ၁၉၈၈ ခုနှစ် မတိုင်ခင်က စာတိုက်လုပ်ငန်း ၂၈ ခု၊ ကြေးနန်း ၁၁ ခု၊ တယ်လီဖုန်း အိတ်ချိန်း တပ်ဆင်သူ ဦးရေ ၂၄၂ ခုသာ ရှိခဲ့ပြီး နောက်ပိုင်းမှာ စာတိုက်လုပ်ငန်း ၅၁ ခုထိ၊ ကြေးနန်း ၂၄ ခု၊ တယ်လီဖုန်း အိတ်ချိန်း တပ်ဆင်သူ ဦးရေ ၄၄၃၆ ဦးအထိ ရှိလာကြောင်း သိရပါတယ်။
ဒါ့အပြင် မိုက်ခရိုဝေ့ဗ် ဆက်ကြောင်း စခန်း ၆ ခု၊ GSM စခန်း တခု၊ CDMA စခန်း ၃ ခုတို့ကို တည်ဆောက်ထားနိုင်ပြီး၊ GSM ဖုန်း ၁၀၆၃ လုံးနှင့် CDMA ဖုန်း ၃၄၆ လုံး တပ်ဆင် အသုံးပြုနေကြပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
အင်တာနက် အသုံးပြုသူများလည်း ရှိလာရာ မြို့ပေါ်မှာ အင်တာနက်ဆိုင် ၁၀ ဆိုင်ထက် မနည်း ရှိကြောင်းလည်း သိရပါတယ်။
ကိုးကွယ်ယုံကြည်မှု အနေနဲ့ကတော့ ဟားခါးမြို့ရှိ ချင်းလူမျိုး အများစုက ခရစ်ယာန် ဘာသာ ကိုးကွယ်ကြပါတယ်။
ဒါကြောင့် တနင်္ဂနွေနေ့ကို အားလပ်ရက်ထားပြီး ဝတ်ကောင်းစားလှများ ဝတ်ဆင်ကာ ဘုရားကျောင်း တက်လေ့ ရှိကြောင်း၊ ခရစ်ယာန် ဘုရားကျောင်း အများအပြားလည်း ရှိကြောင်း သိရပါတယ်။
စီးပွားရေးအနေနဲ့ စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ပြီး လက်ဖက် အဓိက စိုက်ပျိုးကာ ဟားခါးမြို့ အနီးဝန်းကျင်မှာ လှေကားထစ် စိုက်ခင်းတွေနဲ့ စပါးစိုက်ပျိုးကြပါတယ်။
အားလူး၊ ကြက်သွန် နဲ့ ဟင်းသီးဟင်းရွက်တွေလည်း ထွက်ရှိပြီး ဒေသဝမ်းစာ ဖူလုံရေးအတွက် ကလေးမြို့ကနေ ဆန်များ တင်ယူရတာ ရှိတယ် လို့လည်း ဆိုပါတယ်။
၂၀၀၉-၂၀၁၀ ကစပြီး လှေကားထစ် စိုက်ခင်းတွေမှာ အထက်နှုန်းကောင်း စပါးမျိုးများ ပြောင်းလဲ စိုက်ပျိုးကြကြောင်း သိရပါတယ်။
ရာဘာကိုလည်း စိုက်ပျိုးကာ နှစ်ရှည်စားသုံး သီးနှံပင်တွေ အဖြစ် ပန်းသီး၊ သစ်တော်၊ လိမ္မော်၊ ထောပတ်၊ စပျစ်၊ သစ်အယ် နဲ့ ကော်ဖီ တို့ကိုလည်း စိုက်ပျိုးတယ်လို့ ဆိုပါတယ်။
အနောက်ဘက် အိန္ဒိယနိုင်ငံနဲ့လည်း ကုန်စည်ကူးသန်းမှု ရှိပါတယ်။ ဟားခါးမှာ ထင်းရှူးဆီထုတ် စက်ရုံ တည်ရှိပြီး ပုဂ္ဂလိက အသေးစား စက်မှုလုပ်ငန်း အနည်းငယ် ရှိကြောင်းလည်း သိရပါတယ်။
ဟားခါးမြို့ဟာ ဒေသထွက်ကုန် အနည်းငယ်သာ ရှိပြီး လူသုံးကုန်တွေကို ပြည်မဘက်က မှာယူရလို့ ပစ္စည်းဈေးနှုန်း မြင့်ပြီး စားသောက်စရိတ် ကြီးမှုလည်း ရှိတယ်လို့ ဆိုပါတယ်။
ချင်းတိုင်းရင်းသား အများစုဟာ နိုင်ငံရပ်ခြားကို သွားရောက် အလုပ် လုပ်ကိုင်ကြမှုလည်း ရှိကြရာ ဟားခါးရှိ မိသားစု တစုမှာ အနည်းဆုံး တဦး၊ နှစ်ဦးခန့် နိုင်ငံခြားမှာ ရှိကြကြောင်း သိရပါတယ်။
ပညာရေး ကဏ္ဍမှာ ဟားခါးမြို့အတွင်း အခြေခံပညာ အထက်တန်းကျောင်း ၄ ကျောင်း၊ အလယ်တန်းကျောင်း ၈ ကျောင်း နဲ့ မူလတန်းကျောင်း ၇၇ ကျောင်း ရှိပြီး အထက်တန်းကျောင်းခွဲ တကျောင်း နဲ့ အလယ်တန်း ကျောင်းခွဲ ၃ ကျောင်း ရှိတယ်လို့ ဆိုပါတယ်။
ဟားခါးမြို့ အဝင်မှာ အစိုးရ စက်မှုလက်မှု သိပ္ပံကျောင်းကိုလည်း ဖွင့်လှစ်ထားပြီး ချင်း ခရစ်ယာန် ကောလိပ် လည်း တည်ရှိကာ ဟားခါး တက္ကသိုလ်လည်း ရှိကြောင်း သိရပါတယ်။
ကျန်းမာရေး ကဏ္ဍ အနေနဲ့တော့ ဟားခါးမြို့ ခုတင်-၂၀၀ ဆံ့ ပြည်နယ် ပြည်သူ့ ဆေးရုံကြီး ပင်မဆောင်ကြီးကို ၂၀၀၄-၂၀၀၅ ဘဏ္ဍာ နှစ်က စတင်တည်ဆောက်ခဲ့ရာ ချင်းပြည်နယ်ရဲ့ အဓိက အားထားရတဲ့ ဆေးရုံကြီး ဖြစ်တယ် လို့ ဆိုပါတယ်။
ဟားခါးရဲ့ ထင်ရှားတဲ့ နေရာတွေကတော့ တောင်ရိုး တောင်တန်းများမှာ ရွန်း တောင်ထိပ် (ပေ ၇၄၉ဝ) နဲ့ ဟိုင်ထလန်း တောင်ထိပ် တို့ဖြစ်ကြပါတယ်။
ရွန်းတောင်ခြေမှာ ဟားခါးမြို့တည်ရှိလို့ တောင်ထိပ်ပေါ်က ကြည့်ရင် တောင်ခြေရှိ ဟားခါးမြို့ ရှုခင်းကိုသာမက အနီးဝန်းကျင်ရှိ ကျေးရွာများရဲ့ သဘာဝအလှကိုလည်း တွေ့မြင်ရပါတယ်။
ဒါ့အပြင် ဖလမ်းမြို့ရဲ့ ရီဝေမှိုင်းမှုန် ရှုမငြီးဖွယ်ရာ မြို့ခင်းမြို့ကွက်ကိုလည်း တစိတ်တဒေသ လှမ်းမျှော် တွေ့မြင် နိုင်ပါသေးတယ်။
ဟိုင်ထလန်း ခေါ် ဒေသဟာ ဟားခါးမြို့ အောက်ဘက်မှာ တည်ရှိပြီး သစ်သီးဝလံ ပေါများပါတယ်။ သစ်သီးဝလံတွေ သီးချိန် မြို့သူမြို့သား လူငယ်လူရွယ်တွေဟာ တပျော်တပါး သစ်သီးခူးထွက်ကြတဲ့ အစဉ်အလာမျိုးလည်း ရှိပါတယ်။
ပွဲတော်တွေ အနေနဲ့လည်း ဟားခါးမှာ ရှေးထုံးစဉ်လာ ကျင်းပမြဲဖြစ်တဲ့ ထော်ပွဲတော် နဲ့ လှုံ့လှာ ပွဲတော်တို့ ရှိကြောင်း သိရပါတယ်။
လှုံ့လှာ ပွဲတော်ကို မိုးမကျခင် မေလလောက်မှာ ကျင်းပပြီး ထော်ပွဲတော်ကတော့ ကောက်ပဲ သီးနှံတွေ ဖူဖူလုံလုံ ရရှိတာကို အကြောင်းပြုပြီး ဝမ်းမြောက်ဝမ်းသာ အထိမ်းအမှတ်နဲ့ ကျင်းပတဲ့ ပွဲတော်ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ ပွဲတော်ကို သီးနှံတွေ ရိတ်သိမ်းပြီးစ အချိန် နိုဝင်ဘာ၊ ဒီဇင်္ဘာ လတွေမှာ ကျင်းပလေ့ရှိရာ သုံးရက် တိုင်တိုင် ကျင်းပကာ ကွယ်လွန်ပြီးတဲ့ မိဘဆွေမျိုးတွေကို ပွဲတော်ရက် အတွင်းမှာ ပူဇော် ပသကြကြောင်းလည်း သိရပါတယ်။
အဲဒီလို ပွဲတော်တွေအပြင် လူကုံထံများက အခါမရွေး ကျင်းပလေ့ရှိတဲ့ ဘွေပွဲ နဲ့ ခေါင်ကျွဲပွဲ တို့လည်း ရှိပါသေးတယ်။
ပွဲကျင်းပသူတွေရဲ့ တတ်နိုင်တဲ့ အင်အားအလိုက် ကိုယ့်ရွာသူရွာသားတွေ အပြင် အခြား ရွာသူရွာသားတွေကိုပါ ဖိတ်ခေါ် ကျွေးမွေး ဧည့်ခံကာ ဂုဏ်ယူတဲ့ ပွဲများ ဖြစ်ကြကြောင်းလည်း သိရပါတယ်။ ။
ကိုးကား-
၁။ မြန်မာ့ စွယ်စုံကျမ်း အတွဲ- ၁၃၊ ၁၉၇၃ ခုနှစ်၊ ပထမ အကြိမ်၊ စာပေဗိမာန်။
၂။ Wikipedia