ဘယ်အချိန် ဘာဖြစ်မယ် တားလို့မရတဲ့ သဘာဝဘေးကြီး မန္တလေးမှာ ဖြစ်ပွားခဲ့ပါပြီ။ အခု မန္တလေးမှာ ကြုံလာရပါပြီ။ မြန်မာနိုင်ငံမှာ အန္တရာယ်အများဆုံးနဲ့ အကြီးဆုံး စစ်ကိုင်းပြတ်ရွေ့ကြောကြီးကြောင့် မန္တလေးမှာ ငလျင်ဘေးကြီးဖြစ်နိုင်တယ်လို့ ပညာရှင်တွေ ကြိုတင်ဟောကိန်းထုတ်ခဲ့တဲ့အတိုင်း ဖြစ်လာခဲ့ပါပြီ။
မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်ဝန်းကျင်မှာ လှုပ်ခတ်လိုက်တဲ့ ငလျင်ဟာ အားပြင်းတဲ့ ရစ်(ခ်)တာစကေး ၇.၇ အဆင့်နဲ့ နှစ်ပေါင်း ၇၉ နှစ် အတွင်း အပြင်းထန်ဆုံးအင်အား ဖြစ်ခဲ့ပါပြီ။ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော် တလျှောက်နဲ့ တောင်ကြီး၊ အင်းလေး၊ လားရှိုးရှမ်းပြည်တလျှောက် လှုပ်ခတ်ခဲ့တဲ့ မြို့ကြီးတွေမှာ အထိအနာဆုံး မြို့က မန္တလေးဖြစ်သွားပါပြီ။
ငလျင်လှုပ်ပြီး မိနစ်အတွင်းမှာကိုပဲ ပြိုကျသွားတဲ့ တိုက်တာနေအိမ်တွေ၊ အဲဒီနေအိမ်ထဲမှာ ပိတ်မိသွားသူတွေ၊ ငလျင်ကြောင့် မီးလောင်မှုတွေ မန္တလေးခရိုင်မှာရှိတဲ့ မြို့နယ်တိုင်းမှာ ကြုံခဲ့ကြရပါတယ်။ ကူရာကယ်ရာမဲ့ မန္တလေးသူ မန္တလေးသားတွေရဲ့ ဖြစ်ရပ်တွေကို ဆိုရှယ်မီဒီယာ ကနေတဆင့် တွေ့မြင်ကြရတယ်၊ မြို့ပျက်ကြီးတခုလို ပျက်စီးသွားတဲ့ မန္တလေးမြို့အခြေအနေကို တွေ့မြင်ရတယ်။

ပြိုကျနေတဲ့ အဆောက်အအုံများထဲမှာ ပိတ်မိနေသူတွေက ကယ်တင်ပေးဖို့ အော်ဟစ်အကူအညီ တောင်းသံတွေကြားရတာမို့ အသက်ရှင်နေသေးတယ် သိနေပေမယ့် ကယ်ဆယ်ရေးပစ္စည်းတွေ မရှိဘူး၊ ကယ်ဆယ်ရေးလူအင်အား ချက်ချင်းရောက်မလာနိုင်ဘူး၊ ကိုယ့်နီးစပ်ရာ ကိုယ့်အချင်းချင်း တတ်သလောက် ဝိုင်းပြီး ကယ်ထုတ်နေကြရတယ်။
လူမှုကွန်ယက်မှာ တက်လာတဲ့ ဗွီဒီယိုတခုဆိုရင် အဆောက်အအုံပိနေတဲ့အောက်မှာ လူလတ်ပိုင်းအရွယ် အမျိုးသားတဦး ပိတ်မိနေတယ်။ ပြိုကျနေတဲ့ အဆောက်အဦးတွေ ဖယ်ရှားဖို့ အင်အားမတတ်နိုင်တဲ့အခါ သူပိနေတဲ့ နေရာနားကနေပဲ “အားတင်းထားနော်၊ ငါတို့ရှိတယ်သိလား၊ အဲမှာ သောက်စရာ ရေရှိလား” ဆိုပြီး သူငယ်ချင်းတွေ အားပေးနေရတယ်၊ လာကယ်မယ့်သူကို မျှော်နေရတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ တွေ့မြင်ရတဲ့ နောက်ဗွီဒီယိုတခုကတော့ ညပိုင်းအချိန်မှာ ကယ်ထုတ်နိုင်ခဲ့တဲ့ မြင်ကွင်းပါ။ ငလျင်လှုပ်ပြီး ၉ နာရီကြာမှာ မန္တလေး ဈေးချိုနား ၈၄ လမ်းပေါ်က အဆောက်အဦ ပြိုအောက်ကနေ လသားအရွယ် ကလေးမိခင်တဦးကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။ မန်းသူမန်းသားတွေ ဝန်းရံပြီး ကယ်ဆယ်ရေးဝန်ထမ်း တချို့နဲ့ ကယ်ဆယ်ခဲ့ကြတာပါ။ ဒါဟာ ကယ်ထုတ်နိုင်တဲ့ဦးရေ အကန့်အသတ်ထဲက လွတ်မြောက်လာနိုင်ခဲ့တာပါ။
ကယ်ဆယ်လို့ရတဲ့ ဒဏ်ရာရ ပြည်သူတွေ ဆေးရုံဝင်းထဲမှာ အပြည့်၊ အသက်နဲ့နီးတဲ့ အရေးကြီးတဲ့လူနာတွေကိုသာ ဦးစားပေး ကုသနေရတဲ့အခြေအနေ၊ ကုသမှု မပေးနိုင်တော့လို့ ပြန်လွှတ်ခံရတဲ့ လူနာတွေ၊ မန္တလေးဆေးရုံတွေမှာ ကုသမှုမရလို့ နီးစပ်ရာမြို့တွေရှိရာ ဆေးရုံကို သွားရတာတွေ၊ ဒါတွေဟာ ငလျင်နောက်ဆက်တွဲ အနိဌာရုံ မြင်ကွင်းတွေပါပဲ။

ညမိုးချုပ်လေ ကယ်ဆယ်ရေးသမားတွေ အင်အားမလုံလောက်ဘူး ဆိုတဲ့အသံတွေ ပိုညံလာလေပါ။ ကယ်ဆယ်ရေးသမားတွေ နေ့မအား ညမနား ချက်ချင်း ဆောင်ရွက်ကြပေမယ့် အင်အားနည်းပါးတဲ့အခါ အချိန်တိုအတွင်း ကယ်ဆယ်ရေး မလုပ်ဆောင်နိုင်ပါဘူး။ အဆက်အသွယ်မရလို့ အဝေးက မိသားစုဝင်တွေရဲ့ ပူလောင်မှုတွေ၊ အိမ်ပြိုသွားလို့ ပိတ်မိနေတဲ့ မိသားစုဝင်တွေအတွက် ကယ်ဆယ်ရေးအကူအညီတောင်းသံတွေ ညံနေပါပြီ။ အဆိုးဝါးဆိုး ငလျင်ဖြစ်ပွားပြီးချိန် ၂၄ နာရီကြာသည်အထိ ထိရောက်တဲ့ အားရတဲ့ ကူညီကယ်ဆယ်ရေးတွေ မန်းသူမန်းသားတွေ မရရှိခဲ့ပါဘူး။
၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းခင်က မန္တလေးသမိုင်း ဆိုတာ ဘယ်တုန်းကမှ မရိုင်းခဲ့ဘူး။ ရေဘေး၊ မီးဘေး၊ ငလျင်ဘေး စတဲ့ သဘာဝဘေး တခုခုဖြစ်သံကြားတာနဲ့ စီကနဲ ရောက်အောက်လာပြီး ဝိုင်းကူနေခဲ့ကြပြီးသား။ ရေကြီးပြီတဲ့ဟေ့ ဆို ထမင်းထုတ်ဝေဖို့ အဆင်သင့်၊ ရေဘေးသင့်သူတွေကို ကယ်ဖို့ လှေတွေ အဆင်သင့်၊ ဖြစ်တဲ့နေရာ အရောက်သွားလို့ အချိန်မီကယ်ခဲ့ကြတဲ့ မန္တလေး မြို့သူမြို့သားတွေ။ မီးလောင်သံမကြားလိုက်နဲ့ မီးသတ်ကားနဲ့ အတူမီးလောင်ပြင်ကို အရောက်ကူပြီးသား။

မီးလောင်ပြင်မှာ ဆုံးရှုံးရတဲ့ မိသားစုတွေအတွက် နေ့မကူးဘူး ဝတ်ဖို့ စားဖို့ စေတနာတွေနဲ့ ဝိုင်းကူကြတာ၊ ရတနာပုံဈေးကြီး မီးလောင်ခဲ့တဲ့အချိန်တုန်းကဆို မီးသာလောင်နေတာ ငြှိမ်းသူက ငြှိမ်း၊ ဆိုင်ထဲက ကုန်စည်တွေ မီးဘေးလွတ်အောင် ကူသယ်သူကသယ်၊ ကားနဲ့အိမ်ကို တိုက်ပေးတဲ့သူက တိုက်ပေး၊ ကယ်ဆယ်ရေးလုပ်သူက လုပ်နေ၊ စားချိန်တန် စားဖို့ ထမင်း၊ ဓါတ်ဆား၊ ရေ အဆင်သင့်၊ ဘေးကနေလိုအပ်တာ အကုန်ကူပေး၊ ဘယ်သူမှ ပူဆွေးမနေရဘူး။
ဘေးအန္တရာယ် ပူးပေါင်းကာကွယ်ကြတာ၊ တက်ကြွနေကြတာ မန္တလေးသူ မန္တလေးသားတွေပါ။ ဧရာဝတီမြစ်ရေထိန်းနံရံ ပြိုမှာစိုးလို့ နေ့မအား ညမနား စောင့်ကြည့်လို့ ရေဘေးကို ကာကွယ်စီမံခဲ့ကြတာ၊ ကိုဗစ်ရောဂါပိုးတိုက်ဖျက်ရေး တယောက်တလက် ဝိုင်းတာဝန်ခွဲယူခဲ့ကြတာ၊ ဒီလိုဖြစ်ရပ်တွေက မဝေးသေးပါဘူး။

အခု မန္တလေးမှာ အကြီးမားဆုံး ခံရတဲ့ ငလျင်ဒဏ်မှာ ငလျင်ကြောင့် မိသားစုဝင် ဆုံးရှုံးလိုက်ရသူတွေ၊ နေအိမ်ပြိုလို့ ပိတ်မိနေတဲ့ မိသားစုဝင်တွေရဲ့ အကူအညီတောင်းခံသံတွေ၊ မီးလောင်မှုကြောင့် နေစရာအိမ်ပျောက်ခဲ့ရသူတွေ၊ ဒီလို ဖြစ်ရပ်မှာ ကူပေးရမယ့် ကယ်ပေးရမယ့်သူတွေ အများကြီးထဲမှာ ကယ်ပေးဖို့ လူအင်အား မလုံလောက်ဘူးလို့ ပရဟိတ သမားတွေရဲ့ မချိတင်ကဲအသံတွေ ကြားရတဲ့အခါ လူမျိုးမရွေး၊ ဘာသာမရွေး အကုန်ဝိုင်းကူကြတာ၊ မန္တလေးကို ဝိုင်းကာကွယ်ကြတာ၊ မန္တလေးကို ဝိုင်းချစ်ကြတာ၊ မန္တလေးသားကွလို့ ဂုဏ်ယူကြတာ၊ ငွေအား တတ်နိုင်ရင် ငွေအား၊ လုပ်အားတတ်နိုင်ရင် လုပ်အား ဘယ်တုန်းကမှ လက်မနှေးကြတဲ့ မန်းသူမန်းသားတွေလေ။ ယဉ်ကျေးမှုမြို့တော်က ပရဟိတ သမားတွေကို အသည်းထဲကနေ စူးနစ်အောင်ကို လွမ်းမိပါရဲ့။

သဘာဝဘေးကျတဲ့အခါ သေဆုံးသွားသူတွေ အတွက် မတားဆီးနိုင်ပေမယ့် ပိတ်မိနေသူတွေကို ကယ်ဆယ်ကုသရေးတော့ အချိန်မီ စီမံခန့်ခွဲလို့ရပါတယ်၊ ငလျင်ဘေး နောက်ဆက်တွဲ ဖြစ်ရပ်တွေမှာ ကယ်ဆယ်ရေး စီမံခန့်ခွဲမှုတွေ နှောင့်နှေးတဲ့အခါ ဆုံးရှုံးမှုတွေ ပိုများရတာပါ။
ဒီလိုအချိန်မှာ မန်းသူမန်းသားတွေအတွက် ကူညီပေးနေမယ့် ပရဟိတသမားတွေကို သတ်ခဲ့တာ၊ ထောင်သွင်းအကျဉ်းချထားတာ ဘယ်သူလဲ။ ကိုယ်ထိလက်ရောက် ကယ်လိုက်ချင်တာ ဆိုတဲ့ မန်းသူမန်းသားတွေကို အဝေးကနေ စိတ်နှလုံးကြေကွဲစေတာ ဘယ်သူလဲ။

ငလျင်ဒဏ်ကြောင့် ဒဏ်ရာရသူတွေကို ပရဟိတ ကုသပေးမယ့် ကျွမ်းကျင်သူတွေ ၊ စနစ်တကျ ဖွဲ့စည်းမှုရှိနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဆေးရုံပြင်ပရောက်ရှိစေတာ ဘယ်သူလဲ။ အားကြိုးမာန်တက် လုပ်ဆောင်ကြရမယ့်အခါ ကိုယ်ကျိုးစွန့် ကာကွယ်ကြမယ့်သူတွေ အားနည်းသွားအောင် ဖြိုခွဲခဲ့တာ ဘယ်သူလဲ။ မန္တလေးမြို့ကြီး ခေတ်နဲ့အညီ စည်းစည်းလုံးလုံး အုပ်ချုပ်ခဲ့သူတွေကို အုပ်ချုပ်ခွင့်မရအောင် လုပ်ခဲ့တာ ဘယ်သူလဲ။ မန္တလေးမြို့ကို ချစ်ရဲ့သားနဲ့ ကာကွယ်စောင့်ရှောက်ချင်ရဲ့သားနဲ့ ဒီအခွင့်အရေးတွေ ဆုံးရှုံးနေစေတာ ဘယ်သူလဲ။
You may also like these stories:
ငလျင်ဒဏ်သင့် မန္တလေး အခြေအနေ (ရုပ်/သံ)
မင်းအောင်လှိုင်လက်ထက် အဆိုးဆုံးငလျင် (ရုပ်/သံ)














