လက်ရှိ အကယ်ဒမီအခေါက်ရွှေဈေးက တကျပ်သား ကျပ်သိန်း ၈၀ကျော် ဖြစ်သွားရာ စစ်တပ် အာဏာမသိမ်းမီက ရွှေတကျပ်သား ၁၃ သိန်းကျော်ဈေးနှင့် နှိုင်းယှဉ်ပါက လေးနှစ်ကျော်အတွင်း တကျပ်သားကျပ်သိန်း ၆၀ ကျော် ၇၀ နီးပါး မြင့်တက်လာသည်ဟု ဆိုရမည်။
ပြည်တွင်းရွှေဈေး မှတ်တမ်းများအရ ၂၀၂၀ ခုနှစ်တွင် တကျပ်သား ကျပ် ၁၃ သိန်းကျော်၊ အာဏာသိမ်းပြီး ၂၀၂၁ ၌ ကျပ် ၁၈ သိန်းနီးပါး၊ ၂၀၂၂ တွင် ကျပ် ၂၈ သိန်းဝန်းကျင်၊ ၂၀၂၃ ၌ ကျပ် ၃၇ သိန်းကျော်၊ ၂၀၂၄ ခုနှစ်တွင် ကျပ်သိန်း ၆၀ ကျော်၊ လက်ရှိ ကျပ်သိန်း ၈၀ ကျော်ကို တွေ့နိုင်သည်။
ဤသို့ဖြစ်ရခြင်းက ကမ္ဘာ့ရွှေဈေးနှင့်လည်း သက်ဆိုင်သလို စစ်တပ်အာဏာ သိမ်းပြီးနောက် ငွေကြေးဖောင်းပွမှု အလွန် အကျွံဖြစ်လာခြင်းနှင့်လည်း ပတ်သက်နေပါသည်။
ကမ္ဘာ့ရွှေဈေးသည် ၂၀၂၁ ခုနှစ်က တအောင်စ အမေရိကန်ဒေါ်လာ ၁,၅၀၀ ကျော်၊ ယခု ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး အခြေအနေတို့ကြောင့် ကန်ဒေါ်လာ ၃,၄၀၀ ကျော်ထိ ထက်ဝက်ကျော်မက မြင့်လာသလို အိမ်နီးချင်း ထိုင်းနိုင်ငံမှာပင် ရွှေဈေးသည် ဖေဖော်ဝါရီလက ထိုင်းရွှေ ၁ Bath (၁၅ ဒသမ ၂၄၄ ဂရမ်)လျှင် ဘတ်ငွေ ၂၆,၀၀၀ နီးပါးရှိရာမှ ယခုအခါ ၅၃,၀၀၀ ဘတ်နီးပါးရှိသည်ကို တွေ့ရမည်။
ဈေးကွက်၏ သဘောအရ ကမ္ဘာရွှေဈေးကိုမှီနေရာ စစ်အာဏာသိမ်းလိုက်သည့်အခါ ပြည်တွင်းငွေတန်ဖိုး ကျသွားသဖြင့် ရွှေကို ပိုမိုရင်းနှီးမြုပ်နှံလာချိန် ဈေးကွက်အတွင်း အဝင်အထွက် အခြေအနေတို့က ဈေးမြင့်တက်စေသော အဓိက အကြောင်းတရားများဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များက ဆိုသည်။
စစ်ကောင်စီကမူ ရွှေဈေးမြင့်တက်ခြင်းက ဈေးကစားသူများကြောင့်ဟုဆိုသည်။ ထို့အတွက် နည်းဟောင်းကြီးအတိုင်း ရွှေလုပ်ငန်းရှင်များအား ဖမ်းဆီးခြင်း၊ ခေါ်ယူမေးမြန်းခြင်းများဖြင့် ဈေးကွက်ကို ထိန်းချုပ်သည်။
၎င်းတို့ လက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်းရုံး (YGEA)မှ ဈေးနှုန်းသတ်မှတ်ပြီး နေ့စဉ်ထုတ်ပြန်ပေးနေ သော်လည်း အလုပ်မ ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များက ထောက်ပြသည်။
ရန်ကုန်မြို့ရှိ ရွှေလုပ်ငန်းရှင်ကြီးတဦးက “သူတို့ သတ်မှတ်ဈေးက အလုပ်မဖြစ်တော့ ဖြစ်သလိုလုပ်ရတာပေါ့။ အခုဈေးတက် တော့ ဈေးကွက်မှာ ခေါ်ယူစစ်ဆေး၊ ဖမ်းဆီးတာတွေ ရှိနေတော့ အကုန်လုံး ရှောင်ပြေးနေကြရတယ်။ အဓိကတော့ ကမ္ဘာ့ရွှေဈေးတက်တာကြောင့်ပဲ” ဟု ဧရာဝတီကို ပြောသည်။
ဇွန် ၁၂ ရက်မှ၍ စစ်ကောင်စီမှ ရန်ကုန်၊ မန္တလေးရှိ ရွှေလုပ်ငန်းရှင် ၁၂ ဦးကို ခေါ်ယူစစ်ဆေးမှုပြုလုပ်ခဲ့ပြီး ဇွန် ၁၆ ရက်နေ့ ထိ ပြန်လွှတ်ပေးခြင်း မရှိသေးသောကြောင့် ဈေးကွက်အတွင်း အရောင်း၊ အဝယ်ကို သတိထားလုပ်ကိုင်နေရသည် ဟုလည်း ၎င်းက ဆိုသည်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်း(YGEA) ၏ သတ်မှတ်ဈေးမှာ ယခုဇွန်လဆန်းပိုင်းက တကျပ်သား ၅,၇၇၀,၀၀၀ ကျပ်၊ ဇွန် ၁၆ ရက်၌ တကျပ်သား ၅,၉၀၀,၀၀၀ ကျပ် ဖြစ်သွားရာ ရက်ပိုင်းအတွင်း ၁၃၀,၀၀၀ ကျပ် ဈေးမြင့်လာသည်ကို တွေ့ရသည်။
ယင်းဈေးကို သတ်မှတ်ရာတွင် ကမ္ဘာ့ရွှေတအောင်စ ပေါက်ဈေးအား စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်မှ ထုတ်ပြန် သည့် AD လိုင်စင်ရဘဏ်များ၏ ငွေလဲနှုန်းဖြင့်မြှောက်ကာ ၁ ဒသမ ၉၀၄၇ နှင့်စားပြီး ရရှိလာသောဈေးကို အမြတ် ၇ ရာခိုင်နှုန်းထည့်၍ တွက်ချက်ထုတ်ပြန်ခြင်းဖြစ်ကြောင်း YGEA ထံမှ သိရသည်။
YGEA အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က လေပတ်ကားများကြောင့် ရွှေဈေးကွက် နာမည်ပျက်နေပြီး ရွှေဈေးတင်သူများနှင့် အွန်လိုင်းလေပတ်ကား ရွှေရောင်းဝယ်သူများကို ခေါ်ယူစစ်ဆေးနေကြောင်း ရွှေဈေးနှုန်း၊ ရွှေဈေးကွက် တည်ငြိမ်စေရေးနှင့် မေလ လပတ်ငွေစာရင်း ရှင်းလင်းအတည်ပြုခြင်း ညှိနှိုင်းအစည်းအဝေးတွင် ပြောသည်။

စာရင်းထဲ ကျန်ရှိသူများကိုလည်း တရားရုံးတွင် အထောက်အထားနှင့် တင်ပြနိုင်ရန် စောင့်ကြည့်နေသလို ရွှေဆိုင်များကို ဝင်ရောက်စစ်ဆေးမည်ဟု ကြားနေရသဖြင့် အတုံးအခဲ ရွှေအရောင်းအဝယ်များ ပိတ်ထားသလို လက်ဝတ်ရတနာ ရွှေဆိုင် များ သတိထားလုပ်ကိုင်နေရကြောင်း ရွှေလုပ်ငန်းရှင်များက ဆိုသည်။
YGEA ဈေးနှင့် ပြင်ပပေါက်ဈေးနှိုင်းယှဉ်ပါက ၂၁ သိန်းကျော် ဈေးနှုန်း ကွာဟနေပြီး ဈေးကွက်တွင် YGEA ဈေးတမျိုး၊ ပြင်ပ ကြိုက်ရောင်း၊ ကြိုက်ဝယ်ဈေးတမျိုးဖြင့် နှစ်မျိုးဖြစ်နေပြီး ရွှေလုပ် ငန်းရှင်အများစုမှာ မှောင်ခိုဈေးဖြင့်သာ အရောင်းအဝယ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဈေးကွက်ကို စစ်ကောင်စီက ဈေးနှုန်းသတ်မှတ်ထိန်းချုပ်ခြင်း၊ ရွှေလုပ်ငန်းရှင်များကို ဖမ်းဆီးခြင်းတို့ ဆက်တိုက်ပြုလုပ်နေ သော်လည်း ယင်းနည်းလမ်းမှာ ရေတိုဖြေရှင်းမှုသာဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ ဈေးကွက်၌ ရောင်းသူဝယ်သူ သဘောတူနည်းဖြင့်သာ အရောင်းအဝယ်ပြန်လုပ်ကြကြောင်း ဧရာဝတီမှ စုံစမ်းသိရှိရသည်။
၂၀၂၄ ဇွန်လအတွင်းကလည်း နာမည်ကြီး အောင်သမာဓိရွှေဆိုင်မှ ဦးအောင်ဆန်းဝင်း၊ ဇွဲထက်ဆိုင်မှ ဦးဆန်းဝင်း၊ ဝိန့်စိန်ပိုင်ရှင် ဦးအောင်ကောင်းမြတ်နှင့် အကယ်ဒမီရွှေသန့်စင်လုပ်ငန်းပိုင်ရှင် ဦးမျိုးသူဝင်းတို့ အပါအဝင် ရွှေလုပ်ငန်းရှင် ၁၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးခဲ့သည်။
ထို့သို့ပြုလုပ်ပြီး ရက်အနည်းငယ်ကြာတွင် စစ်ကောင်စီ သတ်မှတ်ဈေးနှင့် ရန်ကုန်၊ မန္တလေးရှိ အတုံးအခဲရောင်း ဝယ်သည့် ဆိုင်တချို့က ရွှေအနည်းငယ် ထုတ်ရောင်းပေးသော်လည်း နောက်ပိုင်း ရောင်းချပေးခြင်းမရှိဘဲ မူလအတိုင်းသာ ပြင်ပ ဈေးနှင့် ကြိုက်ရောင်း၊ ကြိုက်ဝယ် ပြန်လည်လုပ်ကိုင်လာရာ ရေတိုဖြေရှင်းနည်းများက အောင်မြင်မှုမရှိကြောင်း ပြသ နေသည်။
အမည်မဖော်လိုသည့် ဝါရင့်ရွှေကုန်သည်တဦးက “အကယ်ဒမီရွှေဆိုင်က ရောင်းပေးတယ်ဆိုတာနည်းနည်းပါ။ ဈေးကွက် ဖြစ်လောက်အောင် မဟုတ်တော့ ပြီးတော့လည်း ဒီအတိုင်းရောင်းကြရတာပဲ။ အတုံးအခဲက မှောင်ခိုပဲရောင်းကြရတယ်။ အခုက အန္တရာယ်များတယ်။ လက်ဝတ်ရတနာမှာဆိုလည်း သူတို့ သတ်မှတ်ဈေးက မကိုက်တော့ အလျော့တွက်တို့၊ လက်ခ တို့မှာတင်ပြီး အဆင်ပြေသလို ရောင်းရတာပဲ” ဟု ပြောသည်။
ရွှေဈေးတက်ခြင်း၏ နောက်ဆက်တွဲက မြန်မာကျပ်ငွေတန်ဖိုးကျဆင်းကာ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းကို ဖြစ်စေသောကြောင့် အကျိုးဆက်အား ပြည်သူများခံစားရပြီး စစ်တပ်အာဏာသိမ်းထားသည့် လေးနှစ်ကျော်အတွင်း အခြေခံလူတန်းစားမှ သည် လူလတ်တန်းစားအထိ ဆင်းရဲကျပ်တည်းမှုများနှင့် ပိုရင်ဆိုင်နေရကြောင်း ကမ္ဘာ့ဘဏ်ကဲ့သို့သော ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။
ယခုဇွန်လက ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်အစီရင်ခံစာ၌ ပြည်တွင်းပဋိပက္ခ၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု၊ ကုန်သွယ် ရေးနှင့် နိုင်ငံခြားငွေလဲနှုန်း ကန့်သတ်ချက် စသည့် လတ်တလော စိန်ခေါ်မှုကြီးများ ဖြစ်ပေါ်နေစဉ် ငလျင်ဘေးနောက်ဆက် တွဲသက်ရောက်မှုများကြောင့် စီးပွားရေးဂယက်များ ဖြစ်ပေါ်လာသည်ဟု ဖော်ပြထားသည်။
စစ်တပ်အာဏာမသိမ်းခင်က ဗဟိုဘဏ်စာရင်းများအရ မြန်မာ့ငွေကြေးဖောင်းပွမှုမှာ ၂ ဒသမ ၆၁ ရာခိုင်နှုန်းသာ ရှိသော် လည်း လေးနှစ်ကျော်အကြာတွင် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၃၄ ရာခိုင်နှုန်းအထိရှိလာပြီး ပြည်သူများ ပိုမိုကျပ်တည်းလာ နေကြောင်း ဆိုထားသည်။
ငွေကြေးဖောင်းပွမှုဆိုသည်မှာ အချိန်ကာလတခုအတွင်း ကုန်စည်နှင့် ဝန်ဆောင်မှုကဏ္ဍများတွင် ဈေးနှုန်းမြင့်တက်လာခြင်း ဖြစ်ပြီး ကုန်ဈေးနှုန်းတက်၍ ငွေ၏ဝယ်လိုအား လျော့ပါးကာ ငွေတန်ဖိုးကျဆင်းလာခြင်း ဖြစ်သည်။
အမည်မဖော်လိုသည့် စီးပွားရေးပညာရှင်တဦးက “ငွေကြေးဖောင်းပွမှုက စစ်အာဏာသိမ်းပြီးတဲ့နောက် တောက်လျောက် ရှိလာခဲ့တာ။ ပြည်တွင်းမှာ ကုန်ဈေးနှုန်းက အတက်ဘက်ကို အမြဲသွားနေတယ်။ ဒါပေမယ့် ဝယ်လိုအားကျဆင်းတာ၊ ဆင်းရဲမွဲတေမှု မြင့်မားလာတာ၊ စားသုံးသူဝင်ငွေမတိုးတာ၊ ကုန်စည်စီးဆင်းမှု အားနည်းလာတာ၊ စီးပွားရေးနှေးကွေး တာတွေက နှစ်စဉ်ဆက်တိုက်ဖြစ်နေတဲ့အတွက် ရွှေဈေး၊ ငွေဈေး အပါအဝင် ဈေးနှုန်းတွေဟာ အရင်ကလို တဟုန်ထိုး တက်နိုင်ခြေ နည်းပါတယ်။ လက်ရှိမှာကို တော်တော်ကြီးမြင့်မားနေတာကြောင့်လည်း ဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေး အခြေအနေရဲ့ ရိုက်ခတ်မှုကြောင့် ဈေးတက်တာကတော့ ရှိလာမှာ” ဟု သုံးသပ်ပြောဆိုသည်။
တဖက်တွင်လည်း စစ်ကောင်စီ၏ စီမံခန့်ခွဲမှုအလွဲများက တိုင်းပြည်အတွက် အများကြီးနစ်နာနေရပြီး လတ်တလော သွင်းကုန်ကို ထိန်းချုပ်နေသည့်အတွက် စီးပွားရေးလည်ပတ်မှု၊ ကုန်ထုတ်လုပ်မှု စသည်တို့ ထိခိုက်မှုများရှိနေသလို စီးပွားရေး ကျ ဆင်းနေချိန် ကုန်သွယ်ရေးပိုငွေပြအောင် ကြိုးစားခြင်းမှာလည်း တိုင်းပြည်စီးပွားရေးကျုံ့သွားအောင် လုပ်နေခြင်း သာဖြစ် ကြောင်း ၎င်းက ထောက်ပြသည်။
ထို့ပြင် ကျွမ်းကျင်လုပ်သားများအပြင် လုပ်သားရှားပါးမှု အကျပ်အတည်းနှင့် ကြုံတွေ့နေခြင်းကလည်း တိုင်းပြည်၏ စီးပွားရေးကို ပိုမိုကြပ်တည်းစေသည်ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “စစ်အသုံးစရိတ်ကလည်း နူရာဝဲစွဲ လဲရာသူခိုးထောင်းဆိုသလို ဖြစ်နေတယ်။ နိုင်ငံတကာကြွေးမြီတွေ က ဝန်ထုပ်ဝန်ပိုးဖြစ်နေတဲ့အပြင် အသစ်ထပ်မရတော့ပါဘူး။ ဒါကြောင့် ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP)ဟာ လျော့ကျမှာသေချာပါတယ်။ Stagflation လို့ခေါ်တဲ့ ကျပ်တည်းမှုလမ်းကို လျှောက်နေပြီလို့ ယူဆရပါတယ်” ဟု ပြော သည်။
ထို့ပြင် ကမ္ဘာ့ဘဏ်၏ Myanmar Subnational Phone Survey စစ်တမ်းအရ ငလျင်မတိုင်ခင်က မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်း ပါးမှုနှုန်း ၃၁ ရာခိုင်နှုန်းရှိခဲ့ပြီး ငလျင်ကြောင့် ဆင်းရဲနွမ်းပါးမှုနှုန်း ၂ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာနိုင်ကြောင်း မှန်းဆထား ကာ ယခုလိုဆင့်ကဲဖြစ်ပေါ်နေသည့် အခက်အခဲ၊ အကျပ်အတည်းများကြောင့် မြန်မာအိမ်ထောင်စုများအတွက် ထွက်ပေါက် မဲ့ကာ ဆိုးရွားသော ဖိအားအောက် အရောက်တွန်းပို့သလို ဖြစ်နေသည်ဟု ဆိုထားသည်။
ရွှေနှင်အတူ ပြည်တွင်း အမေရိကန်ဒေါ်လာ ငွေကြေးဈေးကွက်တွင်လည်း ယခုဇွန်လ ဒုတိယပတ်အတွင်း တဒေါ်လာလျှင် ၄,၆၀၀ ကျပ်ထိ မြင့်တက်ခဲ့ရာမှ ဇွန် ၁၆ ရက်၌ ၄,၄၅၀ ကျပ်မှ ၄,၅၀၀ ဝန်းကျင်ထိ ဖြစ်ခဲ့သည်။
ယင်းသို့ဒေါ်လာဈေး တက်ရိပ်ပြလာချိန်တွင် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က တရားဝင်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေ ရောင်း၊ ဝယ်၊ လဲလှယ်ခြင်းကို ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ထိထိရောက်ရောက် အရေးယူနိုင်ရေး အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု ဇွန် ၁၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
ထို့ပြင် YGEA အသင်းရုံးကလည်း ရွှေလုပ်ငန်းရှင်များ၊ ရွှေဆိုင်များ၊ အွန်လိုင်းဖြင့် ရွှေရောင်းဝယ်သူများအားလုံး လိုင်စင် လျှောက်ထားရန်နှင့် ငွေစုစာအုပ်ဖြင့်ရောင်းချခြင်း၊ တာလီစနစ်ဖြင့်ရောင်းခြင်း၊ ကံစမ်းမဲဖောက်ရောင်းချခြင်း မပြုလုပ်ရန်၊ ရွှေဆိုင်များအနေဖြင့် နေ့စဉ်ဖွင့်လှစ်ပြီး သတ်မှတ်ဈေးအတိုင်းရောင်းရန် သတိပေးမှုများ ဆက်တိုက်ပြုလုပ်နေသည်။
သက်ဆိုင်ရာမှ လာရောက်စစ်ဆေးသည့်အခါ လိုက်နာခြင်းမရှိသည့် ရွှေလုပ်ငန်းရှင်များ၊ ရွှေဆိုင်များကိုလည်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု သတိပေးထားသည်။
လက်ရှိ ရွှေလုပ်ငန်းရှင်များနှင့် ငွေကြေးဈေးကွက်အတွင်းမှ တချို့ကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေသည် ဟု သတင်းထွက်ပေါ်နေသော်လည်း သတင်းထုတ်ပြန်လာခြင်း မရှိသေးပေ။
မြန်မာ့ရွှေဈေးကွက်နှင့် ငွေကြေးဈေးကွက်မှာမူ ဈေးတက်လိုက် စစ်ကောင်စီက ခေါ်ယူစစ်ဆေး၊ ဖမ်းဆီးချိန် ရက်အနည်း ငယ် သတ်မှတ်ဈေးရောင်းလိုက်၊ နောက်ပိုင်း၌ ကြိုက်ရောင်းကြိုက်ဝယ် ဈေးကွက်ပြန်ဖြစ်လိုက်နှင့် မုန့်လုံးစက္ကူကပ်သလို ဖြစ်နေလေသည်။ ။
You may also like these stories:
၂၀၂၅-၂၆ မြန်မာစီးပွားရေး ၂.၅ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း
ILO ဆုံးဖြတ်ချက်တွင် ဖောက်ထွက်ရမည့် စိန်ခေါ်မှုများရှိနေ
ငလျင်ကြောင့် ကာလရှည် စီးပွားရေးဒဏ်ရာ ရနိုင်သည်














