“အ တဲ့ န တဲ့ လူရိုးတွေက အကောင်း အဆိုး မခွဲတတ်ဘဲ ကြည်ညိုနေကြလို့ နိုင်ငံ လိမ်စားတဲ့ ခေါင်းဆောင် တွေရယ်၊ ခုလို ဓမ္မကထိကတွေရယ် ကောင်းစားနေတာပေါ့”
(စာရေးဆရာကြီး သိန်းဖေမြင့် ရေးသားတဲ့ တက်ဘုန်းကြီး စာအုပ် မှ)
ပြီးခဲ့တဲ့ ဇွန်လ အတွင်းက ထိုင်း ဗုဒ္ဓဘာသာ ဘုန်းကြီး လောကရဲ့ ငွေကြေးနဲ့ လိင် အရှုပ်တော်ပုံ အကြောင်း ထိုင်းနိုင်ငံ တဝန်း ဟိုးလေးတကျော် ပေါ်ထွက်လာခဲ့ပါတယ်။
အဲဒီလို ထိုင်းဘုန်းကြီးလောက အရှုပ်တော်ပုံ အကြောင်း ကြားသိရတော့ စာရေးဆရာကြီး သိန်းဖေမြင့် ရေးသားတဲ့ လွတ်လပ်ရေး အကြိုကာလ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းကြီးလောက ရဲ့ လူမှုရေး ဖောက်ပြန်မှု နဲ့ အဂတိ လိုက်စားမှု အကြောင်း “တက်ဘုန်းကြီး” ဝတ္ထုစာအုပ်ကို သတိရမိလိုက်ပါတယ်။
၁၉၃၇ ခုနှစ်က ထုတ်ဝေကာ မောင်သိန်းဖေ ကလောင်အမည်နဲ့ ရေးတဲ့ အဲဒီ ဝတ္ထုက ဓမ္မကထိက အဖြစ် ကျော်ကြား လိုတဲ့ ဘုန်းကြီး တပါးက ကျော်ကြားမှုနောက် လိုက်ပြီး မာတုဂါမတွေ၊ သီလရှင်တွေနဲ့ ဖောက်ပြားတဲ့ အကြောင်း၊ ငွေကြေး ချူယူတဲ့ အကြောင်းတွေ ရေးထားတာ ဖြစ်ပြီး မြန်မာစာပေ လောကသာမက ဘုန်းကြီးလောကကိုပါ ဂယက်ရိုက်သွားခဲ့တဲ့ စာအုပ်ပါ။
အခု ထိုင်း ဗုဒ္ဓဘာသာ ဘုန်းကြီးလောကရဲ့ အကျင့်ပျက် တက်ဘုန်းကြီးတွေအမှု ပေါ်ပေါက်လာတဲ့ အဓိကကတော့ ဗဟို စုံစမ်းရေး ဗြူရို (CIB) လက်ထောက် ရဲမင်းကြီး၊ ရဲဗိုလ်ချုပ် ဂျရွန်ကစ် ပန်ကျောက် ရဲ့ ကြိုးပမ်းမှုလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။
သူဟာ ထိုင်းနိုင်ငံ အနှံ့ရှိ ဘုန်းကြီး ကျောင်းများ၊ သာသနာ့ နယ်မြေများကို သွားရောက် စုံစမ်းကာ ပုန်းအောင်းနေတဲ့ အကျင့်ပျက်တယ်လို့ စွပ်စွဲခံထားရတဲ့ ဘုန်းတော်ကြီးများကို လူဝတ်လဲစေပြီး ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြောင်း ထိုင်း သတင်းများက ဖော်ပြကြပါတယ်။
အဲဒီမှာ Big Tao လို့လည်း နာမည်ပြောင်နဲ့ ထင်ရှားတဲ့ ရဲအရာရှိကြီး ဂျရွန်ကစ် ပန်ကျောက်ဟာ အများရဲ့ အာရုံစိုက်ခံရသူ ဖြစ်လာခဲ့ပါတော့တယ်။
အမှန်တကယ်လည်း ထိုင်းနိုင်ငံ အတွင်းရှိ အကျင့်ပျက်မှု၊ ငွေကြေး မသမာမှုများကို ဦးဆောင် စုံစမ်း ဖော်ထုတ်နေသူ ဖြစ်နေခဲ့ပါတယ်။

Big Tao ဟာ ၂၀၁၇ ခုနှစ်ကတည်းက စတင်ပြီး CIB ရဲ့ နိုင်ငံအနှံ့ အကျင့်ပျက် ဘုန်းကြီးများရဲ့ လိင်မသမာမှုမျာ၊ ငွေကြေး နဲ့ နိုင်ငံရေး မသမာမှု အရှုပ်အရှင်းများကို စုံစမ်း ဖော်ထုတ်ရာမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
အဲဒီ ကာလအတွင်း ရာဇဝတ်မှု နှိမ်နှင်းရေး ဌာနခွဲ (၄) မြောက်ပိုင်းဒေသ တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ပြီး ဘုန်းတော်ကြီး ၆ ပါးခန့်ကို စုံစမ်းဖော်ထုတ် လူဝတ်လဲခိုင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“ဘုန်းကြီး ဝိနည်းတွေကိုသာ ချိုးဖောက်ပြီး ဥပဒေကို ချိုးဖောက်မှုမရှိရင် လူဝတ်လဲခိုင်းရုံသာ လုပ်မှာ ဖြစ်ပါတယ်”လို့ Big Tao က ပြောပါတယ်။
“လူဝတ် လဲခိုင်းပြီး ဖမ်းဆီးခံရတဲ့ သူတွေထဲက အချို့ဆိုရင် ဆိုရှယ်မီဒီယာ အပေါ်မှာ မသင့်မလျော် ဓာတ်ပုံတွေကို တင်တာ၊ လိင်မှုကိစ္စ ကျူးလွန်တာတွေ ရှိခဲ့ပါတယ်” လို့လည်း Big Tao က ပြောဆိုခဲ့ဖူးပါတယ်။
အသက် ၅၆ နှစ် အရွယ်ရှိ ရဲဗိုလ်ချုပ် ဂျရွန်ကစ်ပန်ကျောက်ဟာ ငယ်စဉ်ကတည်းကပင် ဖခင်ဖြစ်သူ အကျဉ်းဦးစီးဌာန အရာရှိကြောင့် ရဲတပ်ဖွဲ့မှာ အလုပ်လုပ်ဖို့ စိတ်အားထက်သန်ခဲ့သူ ဖြစ်ပါတယ်။
လက်နက်ကိုင် တပ်ဖွဲ့များ အကြို လေ့ကျင့်ရေး အကယ်ဒမီ အမှတ်စဉ် ၂၉ နဲ့ တော်ဝင် ထိုင်းရဲဗိုလ် သင်တန်းကျောင်း အမှတ်စဉ် ၄၅ မှ ဘွဲ့ရခဲ့သူလည်း ဖြစ်ပါတယ်။
အဲဒီ လက်ထောက် ရဲမင်းကြီးဟာ နိုင်ငံတော် ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းရှိ ထင်ရှား ကျော်ကြားသူများကို စုံစမ်း စစ်ဆေးမှုများစွာ ဆောင်ရွက်ခဲ့ဖူးသူ ဖြစ်ကြောင်းလည်း သိရပါတယ်။
ဇွန်လ အတွင်းက ထွက်ပေါ်လာတဲ့ အမှုအခင်းကတော့ အာဏာပိုင်တွေက နာမည်ပြောင် “ဂေါက်သီး” လို့ အမည် ပေးထားတဲ့ ထိုင်းအမျိုးသမီး ဝီလာဝန် အမ်ဆာဝပ်တ် ရဲ့ ဘန်ကောက်မြို့စွန် နွန်သာဘူရီရှိ နေအိမ်ကို ဘုန်းကြီးကျောင်း ရန်ပုံငွေများ အလွဲသုံးစား လုပ်မှုနဲ့ ဝင်ရောက် စစ်ဆေးရာမှ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါတယ်။
အသက် ၃၀ ကျော် အရွယ် အဲဒီ အမျိုးသမီးရဲ့ နေအိမ်မှာ အလွဲသုံးစား လုပ်မှု သက်သေအစား နိုင်ငံအနှံ့ရှိ ဘုန်းကြီး ကျောင်းများက ထေရ်ကြီးဝါကြီး ရဟန်းများနဲ့ မသင့်မလျော် မဖွယ်မရာ ဗီဒီယိုများ၊ ဓာတ်ပုံ ထောင်ပေါင်း များစွာကို တွေ့ရှိခဲ့ရကြောင်း သိရပါတယ်။

သူ့ ဖုန်းတွေထဲက ဘုန်းကြီးများ ပါဝင်ပတ်သက်တဲ့ လိင်ကိစ္စ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ထောင်ပေါင်းများစွာကို စုံစမ်း စစ်ဆေး သူများက တွေ့ရှိရပြီး အဲဒီ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ၃ နှစ်တာ ကာလအတွင်း ငွေညှစ်ဖို့ အတွက် အသုံးပြု ခဲ့တယ် လို့လည်း ဆိုပါတယ်။
အဲဒီ ဝီလာဝန်ဟာ လွန်ခဲ့တဲ့ နှစ် အနည်းငယ် အတွင်း ဘတ် ၃၈၅ သန်းခန့် ငွေညှစ်ခဲ့တယ် လို့လည်း ထိုင်းရဲတပ်ဖွဲ့က ပြောဆိုထားပါတယ်။
သူဟာ ဘုန်းကြီးတွေကို ဖျားယောင်းပြီး ဘုန်းကြီးတွေနဲ့ အတူ နေခဲ့တာတွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို လျှို့ဝှက် ထားရေးအတွက် ငွေအမြောက်အမြား ခြိမ်းခြောက် တောင်းယူတယ် လို့လည်း ရဲက စွဲချက်တင်ထားကြောင်း သိရပါတယ်။
အဲဒီ အမျိုးသမီးကိုတော့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ငွေညှစ်ခြင်း၊ ငွေကြေး ခဝါချခြင်း၊ ခိုးရာပါပစ္စည်း လက်ခံမှုများနဲ့ စွဲချက် တင်ထားတယ်လို့လည်း ဆိုပါတယ်။
ဇူလိုင် ၁၈ ရက်အထိ အနည်းဆုံး ဘုန်းကြီး ၁၁ ပါး လူဝတ်လဲခံရပြီး အခြား ဘုန်းကြီးများကိုလည်း ဆက်လက် စုံစမ်း စစ်ဆေးဆဲ ဖြစ်ကြောင်း သိရပါတယ်။
ဇူလိုင် ၁၉ ရက်မှာလည်း ထိုင်းနိုင်ငံ နခွန်စဝမ်မြို့က နခွန်စဝမ် ဘုန်းတော်ကြီးကျောင်း ဆရာတော် သာသနာ့ဘောင်မှ နုတ်ထွက်မှု ပြုလုပ်ခဲ့ပါတယ်။
လက်ထောက် ရဲမင်းကြီး Big Tao ဟာ နခွန်ပသွန်မြို့ ရိုင်ခင်းဘုရားကျောင်း ငွေကြေး မသမာမှုကို ဦးဆောင် စစ်ဆေးခဲ့ သူလည်း ဖြစ်ပြီး ဘဏ်အကောင့် ၈၄ ခုမှာ သိုဝှက်ထားတဲ့ ထိုင်းဘတ်ငွေ ၂ ဘီလီယံကျော်ကို သိမ်းဆည်း ရမိခဲ့ကြောင်း လည်း သိရပါတယ်။
မကြာသေးခင်က ကျောင်းထိုင်ဘုန်းကြီး ယာအမ်အင်ခရန်ခေါင်က အွန်လိုင်း လောင်းကစား ပွဲစား အမျိုးသမီးတဦးကို ဘတ်ငွေ မီလီယံချီပြီး ကျောင်းရန်ပုံငွေထဲကနေ လွှဲပြောင်းပေးခဲ့မှုကိုလည်း စုံစမ်း ဖော်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ မှုခင်းတွေကြောင့် အစိုးရအနေနဲ့ သာသနာရေး အဖွဲ့အစည်းကို သန့်ရှင်း စင်ကြယ်စေရေး လုပ်ဆောင်ဖို့ ဖိအား တရပ် ဖြစ်လာခဲ့ရပါတယ်။

CIB ကလည်း အမှုနဲ့ စပ်လျဉ်းပြီး ဇူလိုင် ၁၄ ရက်မှာ “ဗုဒ္ဓဘာသာ စည်းကမ်း နဲ့ ကျင့်ဝတ်များ မြှင့်တင် ထိန်းသိမ်းရေး စင်တာ”ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့ပါတယ်။
အဲဒီ ဌာနဆီ အများပြည်သူက မသင်္ကာဖွယ် ဘုန်းကြီးတွေကို တိုင်ကြား နိုင်ကြောင်း သိရပါတယ်။
ဒီလို ထိုင်း တက်ဘုန်းကြီး လောကရဲ့ အကျင့်ပျက်မှုတွေ သိရတော့ မြန်မာ ဘုန်းကြီးလောကက တက်ဘုန်းကြီးတွေ ရဲ့ အကျင့်ပျက်မှုတွေ ဟာလည်း အလိုလို အတွေးထဲ ဝင်လာစေပါတယ်။
လက်ရှိ မြန်မာနိုင်ငံက ဘုန်းကြီးလောက အကျင့်ပျက်မှုတွေမှာတော့ လူမှုရေး၊ ငွေရေးကြေးရေး အရှုပ်အရှင်း တွေထက် ပိုဆိုးတယ်လို့ ယူဆရမယ့် အကျင့်ပျက်မှုတွေ ဖြစ်ပေါ်နေပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် လက်ရှိမှာ သီတဂူဆရာတော် ဦးဉာဏိဿရ၊ ဦးဆေကိန္ဒ၊ ဝစီပိတ် ဆရာတော် တို့ အပါအဝင် တခြားသော ဘုန်းကြီး တချို့ဟာ မြန်မာပြည်သူတွေကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်၊ မတရား အာဏာ လုယူထားတဲ့ ဗိုလ်မင်းအောင်လှိုင် စစ်အုပ်စုနဲ့ ပေါင်းပြီး နိုင်ငံရဲ့ ထိပ်တန်း ဘုန်းကြီးတွေ နေရာကို ရယူထားကြပါတယ်။
မြန်မာနိုင်ငံမှာ ဟိုအရင် မဆလ ခေတ် ၁၉၈ဝ ဝန်းကျင်ကတော့ ဆေးကုသတာ အပါအဝင် ဝိနည်းနဲ့ မညီတဲ့ ဘုန်းကြီးတွေကို လူဝတ် လဲစေကာ သာသနာတော် သန့်ရှင်းရေး ဆိုတာမျိုး အာဏာပိုင်တွေက လုပ်ခဲ့တာ ရှိပေမယ့် အခုအခါမှာတော့ အာဏာပိုင်နဲ့ ဘုန်းကြီး တကြိတ်တည်း တဉာဏ်တည်း ဖြစ်နေကြပါပြီ။

အဲဒီ ဘုန်းကြီးတွေဟာ ခရိုနီ သူဌေးကြီးတွေနဲ့ အပြိုင် မာစီဒီး၊ ဘန်တလေ၊ ရိုးရိုက်စ် စတဲ့ အဆမတန် တန်ဖိုးကြီးတဲ့ ကားတွေ စီးပြီး ချမ်းသာ ကြွယ်ဝနေတဲ့ သူဌေး ဘုန်းကြီးတွေ ဖြစ်နေကြပါတယ်။
အများပြည်သူတွေ ရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ဖေးကူ စောင့်ရှောက်ရမယ့် အစား စစ်ခေါင်းဆောင်တွေ အကျိုးအတွက် ဘုရားတည်၊ ကျောင်းဆောက်တာ၊ ယတြာချေတာတွေကိုသာ ဦးစားပေး လုပ်ကိုင်နေကြတဲ့ ဘုန်းကြီးတွေ ဖြစ်နေပါတယ်။
ဒါကြောင့် မြန်မာပြည် အတွက် ထိုင်းရဲအရာရှိကြီး Big Tao လိုမျိုး ပေါ်ပေါက်ဖို့ လိုအပ်နေပေမယ့်လည်း အာဏာသိမ်း စစ်ကောင်စီ လက်ထက်မှာတော့ မျှော်လင့်ချက် အခွင့်အလမ်းက ဝေးနေဆဲလို့ ဆိုရမှာ ဖြစ်ပါတယ်။ ။














