ဆရာကြီး ရွှေဥဒေါင်းကို စာရေးဆရာကြီး အဖြစ်နဲ့သာ ကျနော်တို့ တွေ့မြင်နေလေ့ ရှိကြပါတယ်။
တကယ်တော် ဆရာကြီးဟာ ထူးခြား ထက်မြက်တဲ့ သတင်းစာဆရာကြီး တဦးလည်း ဖြစ်တယ် ဆိုတာ အမှတ် မထားမိသလို ရှိတတ်ကြတယ်။
ဆရာကြီးဟာ ၁၉၁၆ ကုန်မှာ ရတနာပုံ ဝတ္ထု ရေးပြီး စာရေးဆရာ ဖြစ်လာခဲ့တယ်။
၁၉၁၇ ဆန်းမှာ သူရိယ သတင်းစာမှာ အယ်ဒီတာ ဖြစ်လာခဲ့တယ်။
ဆရာကြီးရဲ့ သတင်းစာဆရာ သက်တမ်းဟာ ၁၉၆၈ လုပ်သားပြည်သူ့ နေ့စဉ် သတင်းစာ အယ်ဒီတာချုပ် ဘဝက အငြိမ်းစား ယူတဲ့ အချိန်အထိ ကာလ တောင်တာ ရှည်ခဲ့တယ်။
“မည်သည့် ကိစ္စ မဆိုနှင့် ဖြစ်စေ၊ မည်သူ ကြိုက်ကြိုက် မကြိုက်ကြိုက် မှန်သည်ကိုသည ဝန်ခံ ရေးသားလို၏” ဆိုတာဟာ ဆရာကြီးရဲ့ သတင်းစာဆရာ ဘဝ မူဝါဒပဲ။
“မှားသည် ထင်လျှင် ဖုံးဖုံးဖိဖိ မလုပ်ချင်။ ကျွန်ုပ် လက်လှမ်းမီသလောက် ဖော်ထုတ် တင်ပြရမှ ကျေနပ်တတ်သည်။ ဤအတွက်ကြောင့် မိတ်ဆွေ နည်းလျှင်လည်း ကိစ္စမရှိ၊ သစ္စာ တရားကိုသာ မိတ်ဆွေ ဖွဲ့ချင်သည်။” ဆိုတာက ဆရာကြီးရဲ့ သတင်းစာဆရာ ဘဝ ယုံကြည်ချက် ကြေညာစာတမ်းပဲ။
ဒီမူဝါဒ ဒီယုံကြည်ချက်နဲ့ သတင်းစာဆရာ တာဝန်ကို ဆရာကြီး ရွှေဥဒေါင်း ရာစု တဝက်ကျော် ထမ်းသွားခဲ့တယ်။
ဒီလို နှစ်ပေါင်း ၅၀ ကျော် လုပ်ကိုင်လာခဲ့တဲ့ သတင်းစာဆရာ ဘဝ အပေါ် ဆရာကြီး ဘယ်လို ကောက်ချက်ချသလဲ၊ ထင်မြင်သလဲ၊ ခံစားသလဲ။
ဆရာကြီး သတင်းစာ လောကက အနားယူတော့မယ် ဆိုတော့ ဆရာကြီးရဲ့ သဘောထားကို ကျနော်တို့ လူငယ်တွေ အခွင့်အလှည့်သင့်တိုင်း မေးကြ မြန်းကြ လုပ်ကြတာပေါ့။
ဆရာကြီးက အင်းမလုပ် အဲမလုပ်ဘဲ ခပ်မဆိပ် နေခဲ့တယ်။
တနေ့တော့ ရန်ကုန်မြို့လယ် ယောက်လမ်းမှာနေတဲ့ ဆရာကြီး အိမ်ကို ကျနော် ရောက်သွားတယ်။
စကားစမြည် ပြောပြီး ပြန်ခါနီးတော့ ဆရာကြီးက-
“ရော့…ကိုဝင်းတင်” ဆိုပြီး စာရွက်လေး တရွက် လှမ်းပေးတယ်။
အင်္ဂလိပ်လို ရေးထားတဲ့ စာရွက်၊ စာတကြောင်းတည်းရယ်။ စာနယ်ဇင်း လုပ်ငန်းအပေါ်မှာ ဆရာကြီးရဲ့ ထင်မြင်ချက်လို့ ဆိုနိုင်တဲ့ စာတကြောင်းပဲ ဖြစ်ပါတယ်။
ဆရာကြီးရဲ့ စာကို ကျနော် ဖတ်ကြည့်တယ်။ သဘော မပေါက်ဘူး။ အဓိပ္ပာယ်က ရိုးရိုးစင်းစင်းပါ။ ရိုးစင်းလွန်းလို့ နားမလည်နိုင်သလို ဖြစ်ရတယ်။
လွယ်လွယ်လေးနဲ့ မရှင်းလင်းလို့ မြှုပ်ကွက် တခုခုတော့ ပါနေပြီ ဆိုတာ သဘောပေါက်လိုက်တယ်။
ဒါပေမယ့် ဆရာကြီးကို ပြန်မေးမနေတော့ဘူး။ မေးရင်လည်း ဆရာကြီးက ဖြေမှာမဟုတ်ဘူး။ ဆရာကြီးရဲ့ ဉာဉ်ကို ကျနော် သိတယ်။
ဆရာကြီးက သူလည်း စဉ်းစားတယ်။ သူတပါးကိုလည်း စဉ်းစားစေချင်တယ်။ သူက စဉ်းစားစေချင်လို့ ပြောတဲ့ စကား တခွန်းကို ဦးနှောက်ကြော တင်းအောင် မစဉ်းစားဘဲ ခွန်းတုံ့ပြန် မေးနေရင် မကြိုက်ဘူး။ ပြန်လည်း မဖြေဘူး။
နှစ်ပေါင်း ၂၀ က ဆရာကြီး ရေးပေးခဲ့တဲ့ စာရဲ့ အဓိပ္ပာယ်ကို ဒီကနေ့ထိ ကျနော် တနုံ့နုံ့ တွေးပြီး အဖြေရှာနေမိတုန်း ရှိပါသေးတယ်။
ဆရာကြီးရဲ့ စာက ဒီကနေ့ထိလည်း ပဟေဠိ ဆန်တုန်းပဲ ရှိသေးတာမို့ ဘယ်လို တွေးကြည့်ကြည့် သဘောမမိမြဲ မမိ ဆိုသလို ဖြစ်ရတုန်း ရှိပါသေးတယ်။
ဆရာကြီးရဲ့ တကြောင်း စာချွန်လေးက ရှင်းရှင်းလေးပါ။
“သတင်းစာ လုပ်ငန်း ဆိုတာ လက်စားချေခြင်းလား၊ ရန်တုံ့ပြန်ခြင်းလား”
အဲဒီလို အပေါ်ယံကြော အဓိပ္ပာယ် ဖွင့်လို့ရတဲ့ ဝါကျလေး ဖြစ်ပါတယ်။
(အင်္ဂလိပ်လို Is journalism vengeance? အစ်ဇ် ဂျာနယ်လစ်ဇင်မ် ဗင်းဂျင့်စ်)
သမ္မာကျမ်းစာ၊ ကမ္ဘာဦးကျမ်း၊ တရားဟောရာ ကျမ်း၊ ဆာလံကျမ်း၊ ရေယမိ အနာဂတ္တိ ကျမ်းတွေမှာ အဲဒီစကားလုံးကို အပြစ်ပေးခြင်း၊ ဒဏ်ပေးခြင်းလို့ တပြေးတည်း အနက်ပေးကြတယ်။
ရှိတ်ပီးယား ပြဇာတ်တွေမှာ ဥပဒ်ပေးခြင်း၊ အန္တရာယ် ပြုခြင်း၊ ကျိန်စာ တိုက်ခြင်း စတဲ့ သဘောတွေနဲ့ အဲဒီ စကားလုံးကို သုံးလေ့ ရှိတယ်။
“အကျွန်ုပ်အား ဥပဒ် မပေးပါလင့်၊ သင့်အား ကျိန်စာ သင့်စေသတည်း” စတဲ့ အဆို အပြောတွေကို ပြဇာတ်တွေမှာ တွေ့ရတတ်တယ်။
အင်္ဂလိပ် အဘိဓာန် အကျယ်တွေမှာတော့ ဒီဝေါဟာရကို မကောင်းဆိုးဝါး၊ အကုသိုလ်တရား၊ အနိဌာရုံ၊ ကံဆိုး မိုးမှောင်၊ အမနာပ၊ သွားပုပ်လေလွင့်၊ ချောပစ်ဂုံးပစ်၊ မမှောင့်ပယောဂ၊ ကဖျက်ယဖျက်၊ ဖရုဿ ဝါစာ၊ ခလောက်ဆန်ခြင်း၊ နှောင့်ယှက် မှောင့်အောင့်ခြင်း၊ အကျိုး နည်းစေခြင်း စတဲ့ အနက်မျိုးတွေ စုံနေအောင် ပေးပါတယ်။
အဘိဓာန်တွေက ပေးတဲ့ အနက်ကို ယူပြီး ဆရာကြီးရဲ့ တကြောင်း စာချွန်ကို အနှစ်ချုပ် အဓိပ္ပာယ် ဖွင့်ရင် နှစ်မျိုး ရနိုင်တယ်လို့ ကျနော်ထင်တယ်။
တမျိုးက “စာနယ်ဇင်း လုပ်ငန်းဆိုတာ အမှောင့်ပယောဂလား”
နောက်တမျိုးက “စာနယ်ဇင်း လုပ်ငန်းဆိုတာ ကျိန်စာလား”
ဒီအဓိပ္ပာယ် နှစ်မျိုးမှာ ဘယ်အဓိပ္ပာယ်နဲ့ ဆရာကြီး ရည်ညွှန်းခဲ့ပါလိမ့်။ ကျနော် အတပ်မပြောနိုင်ပါ။
ပြောနိုင်စရာ တခုသာ ရှိပါတယ်။ အဓိပ္ပာယ် နှစ်မျိုးလုံးမှာ ကြိုက်တဲ့သူ နှစ်မျိုး နှစ်စား ရှိနိုင်တယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။
စာနယ်ဇင်း လုပ်ငန်းကို လည်မျိုထဲ စူးနေတဲ့ အရိုးလို သဘောပေါက်သူတွေက ပထမ အဓိပ္ပာယ်ကို အကြိုက် တွေ့စရာ အကြောင်း ရှိပါတယ်။
စာနယ်ဇင်းမှာ ဘဝကို နှစ်မြှုပ်ပြီး လုပ်ကိုင်နေသူတွေ အဖို့ ဒုတိယ အဓိပ္ပာယ်ဟာ သူတို့ ကြုံတွေ့ ခံစားရလေ့ ရှိတဲ့ ဖြစ်စဉ် ဖြစ်ရပ်တွေနဲ့ တသားတည်း ကိုက်ညီရတယ်ရယ်လို့ ထင်မြင်စရာ အကြောင်း ရှိပါတယ်။
ဆရာကြီး အဲဒီ စာတိုကလေးကို ရေးသားခဲ့တဲ့ အချိန်လောက်တုန်းက ကမ္ဘာ့ စာနယ်ဇင်း လောကမှာ အကြောင်း အမျိုးမျိုး နဲ့ စာနယ်ဇင်းတွေ ဇီဝိန်ကြွေနေရတယ် မဟုတ်လား။
စာနယ်ဇင်းသမားတွေ ကလောင် ကျိုးနေရတယ် မဟုတ်လား။ စာနယ်ဇင်းသမားတွေ ကိုယ့်ကလောင် ပါးစပ်မြဲအောင် ကိုယ့်ဇက်ဆွဲနေရတယ် မဟုတ်လား။ ဒါတွေကို ဆရာကြီး ကြားသိခဲ့တာပေါ့။
အဲဒီအချိန်တုန်းက ပြည်သူပိုင် သတင်းစာ တစောင်ကတောင်မှ ကမ္ဘာ့စာနယ်ဇင်း လောကကို လှမ်းမျှော်ကြည့်ပြီး-
“သတင်းစာ ဆိုတာ ဘာလဲ” ဆိုတဲ့ ခေါင်းစဉ် နဲ့ ခေါင်းကြီးပိုင်း အာဘော် ရေးခဲ့ဖူးသေးတယ် မဟုတ်လား။ (ဟံသာဝတီ၊ ၉ နိုဝင်ဘာ ၁၉၇၄)
“သတင်းစာ ဆိုတာ ဝါဒဖြန့် စာရွက်လား၊ မှန်ပါ့ဘုရား သံတော်ဦးတင်လွှာလား၊ ဗောင်းတော်ညိတ် စိတ်တော်သိ ဘုန်းတော် ဘွဲ့လား၊ အားလုံး ကောင်းပါသည် ခင်ဗျား အစီရင်ခံစာလား၊ ခိုင်းရာရေး၊ ပေးရာ ထုတ်ပြန်သည့် ကြန်ကြားရေး စာစဉ်လား လက်ညှိုးညွှန်ရာ ရေဖြစ်ချင်သူတို့၏ ဖောင်တော်စီး လက်မှတ်လား။
အာဏာနှင့် ငွေကို ရေလိုသုံးကာ ကိုယကျိုးရှာသူ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဝါဒရေး ဖောက်ပြန်သူ၊ အာဏာနှင့် အခွင့်အရေး အလွဲသုံးသူတို့၏ အသိပျက်မှု၊ အကျင့်ပျက်မှု၊ တာဝန်ပျက်မှု၊ စည်းကမ်းပျက်မှု၊ ယုံကြည်ချက် ခံယူချက် ရပ်တည်ချက် ပျက်ပြားမှုများကို ဖုံးကွယ်ပေးသည့် စက္ကူကန့်လန့်ကာလား၊ အမှန်တရား၊ အရှိတရား၊ အဖြစ်တရား များကို ပိတ်ဟဲ့၊ ကာဟဲ့၊ တားဟဲ့၊ ဆီးဟဲ့၊ လျှို့ဟဲ့၊ ဝှက်ဟဲ့ နှင့် သတင်းထောက်က တကောက်ကောက်လိုက်ခြင်း၊ သတင်းစာက တစာစာရေးခြင်းကို မခံနိုင် မရပ်နိုင် ဖြစ်ကာ ပြည်သူတို့ကို နားမျက်စိ ပိတ်ပြီး အကြံတုံး၊ ဉာဏ်တုံး ဖြစ်အောင် ပြုလုပ်ရာ၌ အသုံးပြုသည့် စက္ကူ မျက်နှာဖုံးလားရယ်လို့ အမေး ရှိခဲ့ဖူးသေးတယ် မဟုတ်လား။”
ဆရာကြီး ကိုယ်တိုင်ကတော့ ဘယ်အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ဆိုလိုကြောင်း အပ်ချမတ်ချ အတည်ပြု မသွားပါဘူး။
အဲဒီစာတိုလေးကို ရေးပြီးတဲ့နောက် ၅ နှစ်ကျော် အကြာမှာ ဆရာကြီး ရွှေဥဒေါင်း ကွယ်လွန်သွားခဲ့ပါတယ်။
အဲဒီ ၅ နှစ်ကာလ တလျှောက်လုံး မပြတ်မလပ် ဆိုသလို ဆရာကြီး ထံပါးမှာ ကျနော် ဆည်းကပ် ထိတွေ့နေခဲ့ပါတယ်။
ဒါပေမယ့် စာရဲ့ အဓိပ္ပာယ်ကို ဆရာကြီး ဖွင့်ဆိုသွားသံ မကြားခဲ့ရတော့ပါဘူး။ ။
(သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ရေးသားသည့် ဤဆောင်းပါးကို ယောမင်းကြီး စာပေတိုက်က ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ဝေသော “ရေးသူ ဖတ်သူ (The Literator) စာဆောင် အမှတ် (၄)” မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီး ဦးဝင်းတင်သည် ၂၀၁၄ ခုနှစ် ဧပြီလ ၂၁ ရက် အသက် ၈၅ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ ပါသည်။)














