၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံကို ဗြိတိသျှ (လေဘာ) အစိုးရက လွတ်လပ်ရေး ကြေညာ ပေးအပ်သည်။
ထိုနှစ် မတ်လ ၂၈ ရက်နေ့တွင် ပြည်တွင်းစစ် စတင် ဖြစ်ပွားသည်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် “တို့ဗမာ သခင်များ” အား သူ၏ အိမ်သို့ ခေါ်ယူပြီး-
“တို့တိုင်းပြည်မှာ တို့တိုင်းရင်းသားချင်း အထူးသဖြင့် ဆရာတို့ တို့ဗမာ အစည်းအရုံးဝင် ဟောင်းများ ဖြစ်ကြတဲ့ သခင် အချင်းချင်း လက်နက်ကိုင် ပဋိပက္ခ (ပြည်တွင်းစစ်) ထိ မသင့်မတင့် ဖြစ်နေကြရတယ်။
ပြည်တွင်းစစ် ဖြစ်ရတာဟာ ပြည်သူ လူများစုကြီး အတွက်ပါလို့ ဆိုသော်လည်း လက်ငင်းအားဖြင့် အနည်းနှင့် အများ ဆိုသလို ထိခိုက် ပျက်စီးမှု ဖြစ်ကြရတယ်။
ဒါကြောင့် ပြည်သူ လူထု အများစုကြီးရဲ့ အကျိုးအခွင့်ကို ဖြည့်စွမ်းနိုင်မည့် သဘောလက္ခဏာ များနှင့် အညီ ပြည်တွင်းစစ် ငြိမ်းချမ်းရေး အတွက် ကြိုးပမ်း ဆောင်ရွက်နိုင်ရန် တို့ဗမာ အစည်းအရုံးကို အင်အား ကြီးမားအောင် စည်းရုံးကြပါ” ဟု မိန့်ကြားပါသည်။
မှတ်ချက်။ ။ အထက်ပါ စာပိုဒ်တွင် “တို့ဗမာ သခင်များ” ဟူသော စကားလုံးကို သုံးနှုန်း ဖော်ပြထားခြင်းမှာ ထိုအချိန်က သခင် သခင်မ များသည် အကြမ်းအားဖြင့် ၆ စု ကွဲလျက် ရှိသည်။
ယင်းတို့မှာ ဖဆပလ အဖွဲ့တွင် သခင်အောင်ဆန်း (ဗိုလ်ချုပ် အောင်ဆန်း) သခင်နု စသူတို့ တသီး ပုဂလ အနေဖြင့် ပါဝင်သွားကြသည်။
ပြည်သူ့ ရဲဘော် တပ်ဖွဲ့သို့ သခင် ဖိုးကွန်း၊ သခင် အုန်းတင် စသူတို့ ပါဝင်သွားကြသည်။
ဆိုရှယ်လစ် ပါတီသို့ သခင်မြ၊ သခင်တင်၊ သခင် အောင်သန်း (ဗိုလ် စကြာ) စသူတို့ ပါဝင်သွားကြသည်။
ကွန်မြူနစ် ပါတီသို့ သခင်စိုး၊ သခင် သန်းထွန်း၊ သခင် သိန်းဖေ (တက်ဘုန်းကြီး) စသူတို့ ပါဝင်သွားကြသည်။
ဗမာ့ တပ်မတော်တွင် သခင် လှဖေ (ဗိုလ် လကျာ်)၊ သခင် ရှုမောင် (ဗိုလ် နေဝင်း)၊ သခင် လှမြိုင် (ဗိုလ် ရန်အောင်) စသူတို့ တာဝန် ထမ်းဆောင်နေကြသည်။
တို့ဗမာ အစည်းအရုံးတွင် ဆက်လက် ကျန်ရှိနေသူတို့မှာ ဆရာကြီး သခင် ကိုယ်တော်မှိုင်း ကိုယ်တိုင်နှင့် သခင် ထိပ်တင် ကိုယ်တော်ကြီး၊ သခင် သိန်းမောင်၊ သခင် လေးမောင်၊ သခင် ထွန်းအုပ်၊ သခင် ဘစိန်၊ သခင်ညီ၊ သခင် ဗဦး စသူတို့ ဖြစ်ကြသည်။
ယင်းကဲ့သို့ ဆရာကြီးက ခေါ်ယူ မိန့်ကြားပြီးနောက် တို့ဗမာ အစည်းအရုံးကို ပိုမို အင်အား ရှိအောင် ကြိုးပမ်းလျက် ပြည်တွင်းစစ် ရပ်စဲ ငြိမ်းချမ်းရေး အတွက် စတင် ဆောင်ရွက်ကြသည်။
၁၉၄၈ ခုနှစ် စက်တင်ဘာလတွင် အဖွဲ့ပေါင်းစုံ ကိုယ်စားလှယ် အစည်းအဝေး ဖိတ်ခေါ်ပြီး ပြည်တွင်းစစ် ရပ်စဲ ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းကြရန် နိုင်ငံတော် အေးချမ်း သာယာရေး အဖွဲ့ကို ဖွဲ့စည်းကြသည်။
ထိုအဖွဲ့တွင် အဖွဲ့ပေါင်းစုံမှ သမားတော်ကြီး ဆရာကြွယ်၊ ပုသိမ် ဦးဘအုန်း၊ ဇေယျဓမ္မ ဦးတင် (ဗိုလ်ချုပ်ကြီး နေဝင်း ဦးလေး)၊ ဒေါက်တာ သောင်းရွှေ၊ ပေါင်းတည် ဦးမောင်မောင်၊ လွှတ်တော် ရှေ့နေကြီး ဦးတင်လှ၊ ဆရာဖေ၊ ဗိုလ်သိန်းဆွေ၊ ဦးလှအောင် (မြန်မာ သမားတော်ကြီး)၊ ဦးဘတင် (ဦးထွန်းရှိန် ညီ)၊ ဒေါ်ခင်ချစ်၊ ဒေါ်မမလေး (စမ်းချောင်း) စသူတို့ ပါဝင်ကြသည်။
တို့ဗမာ အစည်းအရုံးမှ ဆရာကြီး သခင် ကိုယ်တော်မှိုင်း၊ သခင် ထိပ်တင် ကိုယ်တော်ကြီး၊ သခင် ဘမောင် စသူတို့ကို တာဝန်ပေးကြသည်။
ဆရာကြီး သခင် ကိုယ်တော်မှိုင်းသည် ထိုအချိန်က အသက် ၇၄ နှစ် ရှိလေပြီ။
နိုင်ငံတော် အေးချမ်းသာယာရေး အဖွဲ့ကို ဖွဲ့စည်းပြီးနောက် ရန်ကုန်မြို့ပေါ်တွင် ရပ်ကွက် တရားပွဲပေါင်း ၃၀ ကျော်နှင့် ယခင်က ကင်တိုမင် ပန်းခြံ ခေါ်ခဲ့သော ဦးဥတ္တမ ပန်းခြံတွင် လူထု အစည်းအဝေးပွဲကြီးများ ကျင်းပရာ ပွဲတိုင်းပင် ဆရာကြီး ကိုယ်တိုင် ပါဝင် ဟောပြောခဲ့သည်။
ဟောပြောသည့် အချိန်မှာလည်း ၁ နာရီ အနည်းဆုံး ကြာလေသည်။

လူပုဂ္ဂိုလ်ဘက် ဆိုင်ရာ ရှင်းလင်း တင်ပြပွဲများ၊ လူထု စည်းဝေးပွဲများ ပြုလုပ်ပြီးနောက် ဆရာကြီးနှင့် အဖွဲ့ဝင်များသည် ရန်ကုန်မြို့ပေါ်ရှိ ကျောင်းတိုက်ပေါင်း ၁၀၀ ကျော်သို့ ရက်သတ္တ ၂ ပတ်မျှ လှည့်လည်ကာ နိုင်ငံတော် အေးချမ်း သာယာရေး အတွက် ကြိုးပမ်းတော်မူကြပါရန် လျှောက်ထားခြင်း၊ ရွှေတိဂုံ စေတီတော် ရာဟုထောင့် သံတန်ဆောင်း ကြီးတွင် နိုင်ငံတော် အေးချမ်း သာယာရေး အတွက် မြို့လုံးကျွတ် သံဃာထု အစည်းအဝေးပွဲကြီး ကျင်းပသည်ကို တာဝန်ယူ ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ကြသည်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် အဖွဲ့ဝင်များနှင့် အတူ မော်တော် ဘတ်စ်ကားကြီးဖြင့် တကျောင်းဝင် တကျောင်းထွက် သွားလာရာတွင် ကျောင်းတိုက်တိုင်းမှ ဆရာတော် သံဃာတော် ကြီးငယ်တိုင်းက ဆရာကြီးအား ဝမ်းသာ အားရ နှုတ်ဆက်ကြသည်။ ကျန်းမာရေး အခြေအနေနှင့် အကြောင်းကိစ္စများကို မေးမြန်းတော် မူကြသည်။
ငြိမ်းချမ်းရေး ကြိုးပမ်းတော်မူကြရန် အတွက် ဆရာကြီး လျှောက်ထား၊ ပန်ကြားသည်ကို ဂရုစိုက် နားထောင်တော်မူကြပြီး နှစ်ခြိုက် သဘောတူကြောင်း ဆန္ဒပေးတော်မူကြသည်။
ဆွမ်းစားချိန် ကြုံလျှင် ပွဲကြီးပွဲငယ် ပြင်၍ ထမင်းကျွေးပြီး အခြား အချိန် ဆိုလျှင် မုန့်ပဲ အချိုအချဉ်များ ကျွေးမွေးသည်။ ဆရာကြီး အတွက် ဆေးဝါးများ ခရီးစရိတ်များပင် ပေးတော်မူကြသည်။
ထိုအချိန်က ဆရာကြီး သခင်ကိုယ်တော်မှိုင်းထက် လေးငါးရှစ်နှစ်ခန့် ကြီးသော ပုဇွန်တောင် နော်မန်ကျောင်းကြီး ဆရာတော်၊ အလုံ ဇောတနာရာမ ဆရာတော် စသော ဆရာတော်ကြီးများ၊ ဆရာကြီးနှင့် အသက်တူမျှ ရှိမည့် ညောင်ကုန်း ဆရာတော်၊ တောင်ဘီလူး ဆရာတော် စသော ဆရာတော်ကြီးများ၊ ဆရာကြီးထက် လေးငါးရှစ်နှစ်ခန့် ငယ်သော ဝေဠုန်ဝန် ဆရာတော်၊ နှစ်ကျိပ်ရှစ်ဆူ ဆရာတော်၊ ပိဋကတ် တိုက်သစ် ဆရာတော်၊ ဘုရားကြီးတိုက် ဆရာတော် စသော ဆရာတော်ကြီးနှင့် တွေ့ဆုံသည့် အခါ-
“ဒီကနေ့ လက်နက်ကိုင် ပဋိပက္ခ ဖြစ်နေကြတယ် ဆိုတဲ့ သူများဟာ ဆရာကြီးရဲ့ တပည့် သားမြေးတွေပဲ မဟုတ်လား၊ ဒါကြောင့် ဆရာကြီးက သူတို့အားလုံးကို တော်ကြပါတော့၊ ရပ်ကြပါတော့လို့ ပြောလိုက်ရင် ပြီးနိုင်လိမ့်မယ်လို့ ထင်ပါတယ်” ဟု မိန့်ကြားတော်မူကြသည်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းက “မှန်လှပါ၊ အင်္ဂလိပ် နယ်ချဲ့ကောင်၊ ဂျပန် ဖက်ဆစ်ကောင်များကို ဆန့်ကျင် မောင်းထုတ်ဖို့ အရေးတွေတုန်းကတော့ အရှင်ဘုရားများ ထင်တော်မူတဲ့ အတိုင်း တပည့်တော် သူ့တို့အပေါ် အင်မတန် သြဇာ ရှိခဲ့ပါတယ်။ တပည့်တော် ပြောတဲ့ စကားကို နားလည်း ထောင်ကြပါတယ်။ တပည့်တော်ရဲ့ ထိန်းသိမ်း စောင့်ရှောက်မှုနှင့် သူတို့ရဲ့ စွမ်းရည် သတ္တိတွေ စုပေါင်း လုပ်ဆောင်ခဲ့ကြလို့လည်း တတိုင်းပြည်လုံး တမျိုးသားလုံးဟာ နယ်ချဲ့ ဖိနှိပ်မှုနှင့် ဖက်ဆစ် ညှဉ်းပန်း လုမယူမှု အန္တရာယ်တို့က လွတ်လပ်ခဲ့ကြတာပါပဲ။ ဒါပေမယ့် လွတ်လပ်ရေး ဆိုတာ ကြေညာပြီးတဲ့နောက် အာဏာကို တကယ်တမ်း လွှဲပြောင်း လက်ခံယူကြရတော့မယ်၊ အုပ်ချုပ်ရေး တာဝန်ကို ထမ်းဆောင်ကြရတော့မယ် ဆိုတဲ့ အခါကျတော့ ကိုယ့်အမြင် ကိုယ့်ဝါဒကလေးတွေ အရ ငြင်းကြ ခုံကြ ဝေဖန်ကြနှင့် နောက်ဆုံးတော့ ပါးစပ်က အစ လက်ပါ ဆိုတာလို တဖက်နှင့် တဖက် လက်နက်ကိုင် တိုက်ခိုက်တဲ့ ပြည်တွင်းစစ်ထိ ရောက်ခဲ့ကြတာပဲ။ အဲဒီအခါမှာ ပြောလို့ ဆိုလို့ မလွယ်အောင် ဖြစ်လာပြီး တပည့်တော် ကိုယ်တိုင် ဘာနဲ့ တူနေသလဲ ဆိုရင် သရဲမွေးမိတဲ့ မှော်ဆရာလို ဖြစ်နေရတော့တာပါပဲ ဘုရား” ဟု လျှောက်ထားသည်။
ဆရာတော်ကြီးများက စိတ်ပါဝင်စားစွာဖြင့် –
“ဘယ်လိုများ သရဲမွေးမိတဲ့ မှော်ဆရာနှင့် တူနေသလဲ ဆရာကြီးရဲ့” ဟု မေးမြန်းတော်မူကြသဖြင့်၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက –
“ဒီလိုဘုရား၊ ရှေးက ရွာတရွာမှာ မှော်ဆရာ တယောက်ဟာ သရဲကလေးတွေကို အမဲသား ငါး ကျွေးပြီး မွေးထားသတဲ့။ ပြီးတော့ ဒီသရဲကလေးတွေကို သူလိုရာ ခိုင်းတာပေါ့၊ သရဲကလေးတွေကလည်း အမဲသား စားရတယ် ဆိုတော့ သူခိုင်းသမျှ ဘယ်သူ့ ပူးလိုက်ဆို ပူး၊ ခွာလိုက်ဆို ခွာပေါ့၊ သရဲပါးကလည်း မဝကြသေးဘဲကို ဘုရား၊ အချိန်ကာလ အတော် ကြာလာတော့ သရဲကလေးတွေက သရဲကြီးတွေ ဖြစ်ပြီး အစွယ်ကြီးတွေက ရှည်လာ၊ သရဲပါးက ဝလာရော၊ မှော်ဆရာကြီး ကလည်း အသက်အရွယ်က ကြီးပြီး အိုမင်းမစွမ်း ဖြစ်လာလို့ အမဲသား ငါးလည်း သိပ်မကျွေးနိုင်တဲ့ အခါကျတော့ သူ့သရဲတွေကို သူခိုင်းချင်တိုင်း ခိုင်းလို့ မရတော့ဘူး။ ဘယ်သူ့ ပူးလိုက်စမ်း ဆိုလည်း သူတို့ ပူးချင်မှ ပူးတယ်။ ခွာလိုက် ဆိုလည်း ခွာချင်မှ ခွာတယ်။ သူတို့ ပူးချင်သူကို မှော်ဆရာ မခိုင်းဘဲ အတင်းပူးကြတယ်။ အဲဒီအခါ မှော်ဆရာကြီးက သူ့အမိန့် သူ့အာဏာနဲ့ အခွာခိုင်းလို့ မရတော့ ဆရာတော် သံဃာတော်များထံ အပူကပ်ပြီး ကမ္မဝါ ဖတ် အခွာခိုင်းရသတဲ့ ဘုရား” ဟု သူ့ပါးစပ်ကို သူ့လက်ဝါးနှင့် ကွယ်ကာ ရယ်မောရင်း လျှောက်ထားသဖြင့် ဆရာတော် ကြီးငယ်တို့မှာ အလွန်သဘောကျကာ တဟားဟား ရယ်မောတော် မူကြသည်။
ထို့နောက်မှ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ဆက်လက်ပြီး အခုအခါ တပည့်တော်တို့ တိုင်းပြည်မှာ စောစောက တပည့်တော် လျှောက်ထားခဲ့တဲ့ အတိုင်း အချင်းချင်း လက်နက်ကိုင် ပဋိပက္ခအထိ ဖြစ်နေကြရပါတယ်။
ဒီပဋိပက္ခမှာ အရှင်ဘုရားများ အမိန့် ရှိတဲ့အတိုင်း တို့ဗမာ အစည်းအရုံးမှာ ပါဝင်ခဲ့ကြတဲ့ တပည့်တော်ရဲ့ တပည့်များက ဗဟိုကစ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာများ အထိ ရှေ့ဆောင်ရှေ့ရွက် ဖြစ်နေကြပါတယ်။
ဒါပေမယ့် တပည့်တော်မှာလည်း အရှင်ဘုရားများ တွေ့မြင်တော်မူကြတဲ့ အတိုင်း အသက်အရွယ် ကြီးရင့်ပြီး အိုကြီးအိုမ ဖြစ်လာလို့ ဟိုးတုန်းကလို ရွာရိုးလျှောက်ပြီး ဟောရင်း ပြောရင်း သူတို့ကို တောင်းရမ်း ကျွေးမွေးဖို့လည်း မတတ်နိုင်၊ သူတို့ကလည်း အာဏာတွေ ပါဝါတွေ ရသူကရ ဖြစ်ကုန်ကြတော့ အကြောင်းကိစ္စကလေး ရှိလို့ သူတို့နှင့် တွေချင်တာတောင် ရွှေတိဂုံ ဘုရား ဖူးဖို့ထက် ခက်နေတာကလား ဘုရား။
ဒီတော့ ပြည်တွင်းစစ် ရပ်စဲ ငြိမ်းချမ်းအောင် ပြောဖို့ဟာ မလွယ်ကူအောင် ဖြစ်နေပါတယ်။
ဒါကြောင့်မို့ အရှင်ဘုရားများကို ဒီပြည်တွင်းစစ် အမြန် ရပ်စဲ ငြိမ်းချမ်းရေး အတွက် ကမ္မဝါ ဖတ်ပေးတော် မူကြဖို့ ရွာအမှု ဘုန်းကြီးကပ် ဆိုတာလို လာရောက် လျှောက်ထားရခြင်း ဖြစ်ပါတယ် ဘုရား ဟု လျှောက်ထားသော အခါ ဆရာတော် သံဃာတော် ကြီးငယ်တိုင်းကပင် အလွန် သဘောကျတော် မူကြသည်။
အတတ်နိုင်ဆုံး ကြိုးပမ်းကြမည် ဟူ၍ မိန့်ကြားတော် မူကြပါသည်။ ။
(သခင်ဘမောင် ရေးသားသည့် ဤဆောင်းပါးကို နှစ်ကာလများ စာပေက ၂၀၁၂ ခုနှစ် ဇွန်လတွင် ထုတ်ဝေသော “ဆရာကြီး သခင်ကိုယ်တော်မှိုင်း တင်စား ပြောကြားခဲ့သည့် ပုံပြင်များ တတိယ အကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)














