ကာလရှည်ကြာစွာပိတ်ဆို့ ထားခဲ့သော ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုပေးလိုက်သည့်အခါ လုပ်သားအင်အား ၃၃သန်းမျှရှိသည့် မြန်မာနိုင်ငံသည် လစာနည်း အလုပ်သမားထုကြောင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများဖြင့် ကမ္ဘာကို ယှဉ်နိုင်ရန် အခွင့်အလမ်းများရှိနေသည်။
သို့သော် ဧပြီလအတွင်းက အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အထည်ချုပ် စက်ရုံ အဆောက်အဦတခု ပြိုကျပြီး လူ ၁၁၀၀ ကျော် သေဆုံးခဲ့ရခြင်းက မြန်မာပြည်အတွက် သတိပေး ခေါင်းလောင်းထိုးလိုက်သလိုပင်။
ယင်းအတွက် လုပ်အားကို အဓိကထားသည့် အလုပ်အကိုင်အခွင့်အလမ်းများ အစုအပြုံလိုက်ရောက်လာသည့်အခါ တာဝန်ယူ စီမံခန့်ခွဲနိုင်ရန် ဥပဒေများ သတ်မှတ်ပြဌာန်းထားနိုင်ရေး အလုပ်သမားအခွင့်အရေးအဖွဲ့များက မြန်မာအစိုးရကို တိုက်တွန်းလျှက်ရှိသည်။
လွှတ်တော်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို ယခင်နှစ်က ပြဌာန်းခဲ့ပြီးဖြစ်သည်။ ထိုဥပဒေသည် နိုင်ငံပြင်ပမှ ရင်းနှီး မြှုပ်နှံသူများကို အထူးလမ်းဖွင့်ပေးထားသည်ဟု အများကရှုမြင်ကြသည်။
စီးပွားရေးလောကကလည်း သမ္မတ ဦးသိန်းစိန် ၏ ပြုပြင်ပြောင်းလဲရေးအစိုးရ၏ အခွင့်အလမ်းများယူဆောင်ပေးမှုကြောင့် လာမည့်နှစ်များတွင် ပုဂ္ဂလိက ကဏ္ဍအကြီး အကျယ်ဖွံ့ဖြိုးတိုးတက်လာလိမ့်မည်ဟု မျှော်လင့်နေကြသည်။
ထိုအချိန်တွင် လုပ်ခလစာနည်းသည့် ကုန်ထုတ်လုပ်ငန်းများဖြင့် နိုင်ငံတကာစီးပွားရေး အသိုင်းအဝိုင်းတွင် ရပ်တည်နေနိုင် ခဲ့သော ဘင်္ဂလားဒေ့ရ်ှနိုင်ငံတွင် အလုပ်သမားအတွက် လုံခြုံစိတ်ချရသော လုပ်ငန်းပတ်ဝန်းကျင်မျိုး ရရှိအောင် စွမ်းဆောင် မပေးနိုင်သည့် အစိုးရမျိုးလို မြန်မာပြည်တွင်ပါ ဖြစ်လာနေလေမလားဟု မေးခွန်းထုတ်လာနေသည်။
ဧပြီလ ၂၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒက္ကာ အပြင်ဖက်ရှိ အထည်ချုပ်စက်ရုံ အဆောက်အဦ ပြိုကျပြီး အလုပ်သမား ၁၁၂၉ ယောက် အသက်ဆုံးရှုံးခဲ့ရခြင်းက အလုပ်သမားတို့၏ စိုးရိမ်ပူပန်နေရမှုကို မီးမောင်းထိုးပြနေ သည်။
စက်ရုံပြိုကျသည့်နေ့က အဆောက်အဦတွင် အက်ကြောင်းကြီးများ ပေါ်နေသည်ကို မြင်ရသော်လည်း အလုပ်သမားများကို အတွင်းသို့ ဝင်ပြီး အလုပ်လုပ်ရန် စေခိုင်းခံခဲ့ရသည်။ ပြိုကျခဲ့ပြီးနောက်ပိုင်း စစ်ဆေးကြည့်သည့်အခါ ပိုင်ရှင်သည် အထပ်ငါးထပ်အတွက်သာ ဆောက်လုပ်နိုင်သည့် အခြေခံပေါ်တွင် နောက်ထပ်လေးထပ် တရားမဝင် တိုးပြီး တည်ဆောက်ခဲ့ကြောင်း တွေ့ရှိရသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ကမ္ဘာပေါ်တွင် လုပ်ခလစာနှုန်းထား အနည်းဆုံးနိုင်ငံများစာရင်းတွင် ပါဝင်နေသည့်အတွက် ကမ္ဘာအနှံ့အပြားမှ အဝတ်အထည်လုပ်ငန်းကုမ္ပဏီများသည် ဘင်္ဂလားဒေ့ရှ် စက်ရုံများနှင့် ကန်ထရိုတ်စာချုပ်များလည်း ချုပ်ဆိုထားကြသည်။
ယခု စက်ရုံပြိုကျမှုသည် ဘင်္ဂလားဒေ့ရှ် အစိုးရကိုသာမက လာရောက်ရင်းနှီးမြှုပ်နှံထားကြသည့် အနောက်နိုင်ငံများမှ ကုမ္ပဏီများအတွက်ပါ ဖိအားဖြစ်လာခဲ့သည်။ ကပ်စေးနည်းပြီး တွန့်တိုသော ဒေသခံစက်ရုံပိုင်ရှင်များကြောင့် ဖြစ်ပေါ်လာရသည့် အလုပ်သမားပြဿနာများတွင် အနောက်နိုင်ငံများမှကုမ္ပဏီများကို ကြံရာပါများ အဖြစ် ထင်မြင်ယူဆနေသည်။
အမေရိကန်အခြေစိုက် နိုင်ငံတကာ အလုပ်သမား အခွင့်အရေးဖိုရမ်မှ အမှုဆောင်ညွှန်ကြားရေးမှူး Judy Gearhart က ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ လက်ရှိအခြေအနေများသည် နိုင်ငံခြားကုမ္ပဏီများနှင့် ပြန်လည်လက်တွဲရန် ပြင်ဆင်နေသော မြန်မာ နိုင်ငံ၏ အထည်ချုပ်လုပ်ငန်းများအတွက် သတိထားရမည့် သင်ခန်းစာတခုဖြစ်သည်ဟု ဆိုသည်။
“သေချာတာတခုကတော့ ဘင်္ဂလားဒေ့ရှ် ရဲ့ ကံဆိုးမှုတွေကနေ သင်ခန်းစာ ယူနိုင်မယ်ဆိုရင် မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက် ဖို့ အတွက် အကောင်းဆုံး အနေအထားကို ရရှိသွားပါလိမ့်မယ်” ဟု Judy Gearhart က ဧရာဝတီသို့ ပြောသည်။ ကုမ္ပဏီများအနေဖြင့်မူ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ထွက်ခွာပြီး လုပ်သားအင်အား များများရပြီး သူတို့ဖက်က တာဝန်နည်းနည်းပဲ ယူရမည့်နိုင်ငံကို ရှာဖွေကြတော့မည် ဟု သူက ထပ်ပြောသည်။
အထည်ချုပ်လုပ်ငန်းသည် ကနဦး ရင်းနှီးမြှုပ်နှံမှု အနည်းငယ်သာရှိပြီး ကျွမ်းကျင်မှုနည်းပါးသည့် အလုပ်သမားများနှင့်လည်း သင့်လျော်သည့် အတွက် ဆင်းရဲနွမ်းပါးသောနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပထမအဆင့်နည်းလမ်း အနေဖြင့် အစဉ်အဆက် လက်ခံထားခဲ့ကြသည်။
“သူတို့တွေဘင်္ဂလားဒေ့ရှ်မှာ ကြုံခဲ့တာတွေကို မှတ်ထားရပါမယ်။ အခြေခံ အဆောက်အဦတွေမှာ ကောင်းကောင်း ရင်းနှီး မြှုပ်နှံရမယ်။ သင့်တင့်လျောက်ပတ်တဲ့ လစာ လည်း ပေးရမယ်” ဟု Judy Gearhart ကပြောသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) မှ မြန်မာနိုင်ငံဆက်ဆံရေး အရာရှိ Steve Marshall ကလည်း အလုပ်သမားအခွင့်အရေးအဖွဲ့များ၊ ပုဂ္ဂလိက ကဏ္ဍနှင့် အစိုးရတို့ အကြားတွင် ပူးပေါင်းဆောင်ရွက်ပေးနေသော ILO ၏ အနေအထားကို ရှင်း ပြသည်။
မြန်မာနိုင်ငံနှင့် ပတ်သက်၍ Steve Marshall က အကောင်းမြင်သဘောဖြင့် နောက်ထပ် လုံခြုံစိတ်ချမှုမရှိသည့် နေရာတခု (ဘင်္ဂလားဒေ့ရှ်ကဲ့သို့)ဖြစ်လာမည့် အရေးမှ မြန်မာနိုင်ငံ ရှောင်လွှဲနိုင်ပါလိမ့်မည်ဟု ပြောသည်။
“ဒီနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ မျှော်လင့်နေတဲ့ ကုမ္ပဏီတွေ အများကြီးရှိပါတယ်။ သူတို့တွေက သူတို့ကုမ္ပဏီရဲ့ အကျိုးစီးပွား သေချာမှု အတွက်ပဲ ကြည့်ကြတယ်။ ဒါပေမယ့် ကျနော်တို့ အဓိကထားပြီး တကယ်ချဉ်းကပ်သင့်တဲ့ လမ်းကြောင်းက သူတို့ ရဲ့အကျိုးအမြတ်ကို ကြည့်တဲ့နည်းတူ ရင်းနှီးမြှပ်နှံတဲ့နေရာမှာ လူ့အသိုင်းအဝိုင်းနဲ့ အလုပ်သမားဈေးကွက်ကိုပါ ထူထောင် မြှင့်တင်ပေးဖို့ပါ” ဟု Steve Marshall ကဆိုသည်။
၁၉၉၀ အစောပိုင်းနှစ်များက မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းမှ နိုင်ငံခြားတင်ပို့မှု အလွန်များပြားခဲ့သည်။ ၁၉၉၇ ခုနှစ် အထိ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဖိုး တင်ပို့နိုင်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ဒေါ်လာသန်း ၈၀၀ ကျော်အထိ မြင့်တက်သွားခဲ့ ပြီး နိုင်ငံ၏ နိုင်ငံခြားတင်ပို့မှုတွင် အများဆုံးဖြစ်လာသည်။ သို့သော်လည်း ၂၀၀၃ ခုနှစ်တွင် အမေရိကန် နှင့် အနောက်နိုင်ငံ များမှ စီပွားရေးပိတ်ဆို့မှုများကြောင့် နိုင်ငံခြားတင်ပို့မှုများ ကျဆင်းသွားခဲ့ရသည်။ ထိုအချိန်မှစ၍ အထည်ချုပ်လုပ်ငန်း သည် အနောက်နိုင်ငံများအစား ဂျပန်နှင့် အခြားအာရှဈေးကွက်များ ဖြင့် ကျားကန်ပြီး ပြန်လည်အရှိန်ယူခဲ့သော်လည်း တိုးတက်မှုက နှေးကွေးနေခဲ့သည်။
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA) ဥက္ကဌ ဦးမြင့်စိုးက ၂၀၁၂ အတွင်းတွင် နိုင်ငံခြားသို့ အထည် တင်ပို့မှုသည် အမေရိကန်ဒေါ်လာ သန်း ၈၆၀ အထိ ရှိခဲ့သည်ဟုပြောသည်။ ယခုနှစ် အတွင်းတွင် အနောက်နိုင်ငံများမှ စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းလိုက်သည့်အတွက် ဒေါ်လာ ၁ ဘီလီယံခန့် တင်ပို့နိုင်ရန် MGMA ကမျှော်မှန်းထားသည်။
အထည်ချုပ်လုပ်ငန်းအတွက် အခွင့်အလမ်းအချို့ ပွင့်လာပြီဖြစ်သော်လည်း နှစ်စဉ် အထည်ချုပ်လုပ်ငန်းမှ အမေရိကန် ဒေါ်လာ ၂၀ ဘီယီယံခန့် အထိနိုင်ငံခြားသို့ တင်ပို့နေနိုင်သော ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ဆယ်နှစ်ကြာ အိပ်ပျော်ခြင်း
မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဈေးကွက် အတွင်းမှ အပြောင်းအလဲများထဲတွင် ဧပြီလအတွင်း၌ ဥရောပသမဂ္ဂက လက်နက် ရောင်းဝယ်ခြင်းမှအပ အခြားသော ပိတ်ဆို့မှုများကို ဖယ်ရှားပေးလိုက်ခြင်းလည်း ပါဝင်သည်။ အမေရိကန်ပြည်ထောင်စု ကလည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး ပိတ်ဆို့တားဆီးမှုများကို ဆိုင်းငံ့ပေးခဲ့သည်။
အမေရိကန် အစိုးရက မြန်မာနိုင်ငံကို ကုန်သွယ်ရေး အထူးအခွင့်အရေးရနိုင်ငံ အဆင့်သတ်မှတ်ပေးရန် စဉ်းစားနေသည်။ ထိုအခွင့်အရေးရရှိပါက ကုန်ပစ္စည်းအမျိုးအစား ၅၀၀၀ ကျော်အတွက် တင်သွင်းခွန် ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။ ၎င်းကင်းလွတ်ခွင့်တွင် အထည်ချုပ်လုပ်ငန်းမှ ပို့ကုန်များလည်း ပါဝင်သည်။ ဥရောပသမဂ္ဂ မှ နိုင်ငံ ၂၇ ခုကလည်း ထိုအခွင့်အရေး ပြန်လည်ပေးထားပြီး ဖြစ်သည်။
အစိုးရဖက်ကလည်း လုပ်ခနည်းပါးမှုကို အကြောင်းပြုကာ ဝင်ရောက်လာကြမည့် နိုင်ငံခြားကုမ္ပဏီများကို မှတ်ပုံတင်နိုင် ရန် အမြန်ဆုံးဆောင်ရွက်ပေးနေသည်ဟု ဦးမြင့်စိုးကပြောပြသည်။ မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်လိုသော နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများအတွက် လုပ်ကိုင်ခွင့် လျှောက်ထားရာတွင် ဗျူရိုကရေစီ လုပ်ထုံးလုပ်နည်းများ နှင့် ဗဟိုချုပ်ကိုင်မှုများ ကို လျော့ချပေးခဲ့သည် ဟုသိရသည်။
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းကလည်း ဝင်ရောက်လာတော့မည့် နိုင်ငံခြားအထည်လုပ်ငန်းများတွင် ဝင် ရောက်လုပ်ကိုင်စေနိုင်ရန် ရည်ရွယ်၍ လေ့ကျင့်ရေးသင်တန်းများ ဖွင့်လှစ်ပေးနေသည်။ မြန်မာနိုင်ငံ၏ လက်ရှိအထည်ချုပ် လုပ်ငန်းများသည် ရန်ကုန်မြို့တွင်သာ အခြေစိုက်ကြသည့်အတွက် ပဲခူးတိုင်း နှင့် ဧရာဝတီတိုင်း များတွင်လည်း အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက် ရရှိလာစေရန် စီစဉ်နေကြောင်း ဦးမြင့်စိုးက ပြောသည်။
အထည်ချုပ်လုပ်ငန်းသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဥပဒေပြဌာန်းပေးခြင်းများအပြင် အခြားသော မက်လုံးများပေး ပြီး ဆွဲဆောင်နေခဲ့သော်လည်း အရာရာကို ဥပဒေအတိုင်း ဖြစ်စေရန် အစိုးရတာဝန်ရှိသူများဖက်က စွမ်းဆောင်ပေးရန် သေချာဖို့လည်း လိုအပ်ပါသည်။ ထိုတာဝန်ပျက်ကွက်ခဲ့သော ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် အကျပ်အတည်းများနှင့် ကြုံတွေ့ ခဲ့ရသည်။
“ပထမအဆင့် အနေနဲ့ ဥပဒေ ရှိရမယ်၊ ဒုတိယအနေနဲ့ အဲဒီ ဥပဒေကို အသုံးချရမယ်” ဟု Steve Marshall ကပြောသည်။ ထိုတာဝန်ကို အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားများ ခွဲဝေ ထမ်းဆောင်ကြရမည် ဟု သူက ရှင်းပြသည်။“ အစိုးရဖက်က ဥပဒေနဲ့ လုပ်ထုံးလုပ် နည်းတွေအတိုင်း ဆောင်ရွက်နိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် အားလုံးကို အပြည့်အ၀ အကောင် အထည် ဖေါ်ဆောင်ရွက်ရမယ့်သူတွေအတွက်ကတော့ အဲဒါဟာ ခက်ခဲပါလိမ့်မယ်” ဟု သူကဆက်ပြောသည်။
ထိုအကဲဖြတ်မှုက David Birnbaum ၏ လေ့လာတွေ့ ရှိချက်များနှင့်လည်း ကိုက်ညီနေသည်။ အမေရိကန် နိုင်ငံသား David Birnbaum သည် အာရှဒေသတွင် စက်ရုံမန်နေဂျာ အဖြစ် နှစ် ၄၀ ကျော်လုပ်ကိုင်ခဲ့ ပြီးမှ ကိုယ်ပိုင်စက်ရုံများ တည်ထောင်ခဲ့သူဖြစ်ပြီး မြန်မာနိုင်ငံရှိ စက်ရုံ ၇ ခုကို ဖေဖော်ဝါရီလအတွင်းက သွားရောက်လေ့လာခဲ့သည်။ ရောက် ရှိခဲ့သော စက်ရုံတရုံမှ နိုင်ငံတကာ အသိအမှတ်ပြု ကျန်းမာရေး နှင့် ဘေးအန္တရာယ်ကင်းရှင်းရေး စံချိန် စံနှုန်းများနှင့် ကိုက်ညီမှုမရှိဟု ဆိုသည်။
အဓိကအားထားရသည့် အနောက်တိုင်းဈေးကွက်နှင့် ကာလရှည်ကြာစွာ ကင်းလွတ်နေခဲ့သောကြောင့် မြန်မာစက်မှုလုပ် ငန်းများသည် အံ့အားသင့်ဖွယ် ကောင်းလောက်အောင် နိမ့်ကျသည့် အခြေအနေတွင ်ရှိနေကြသည်ဟု David Birnbaum က ဆို သည်။
“တခြားနိုင်ငံတွေက စက်မှုလုပ်ငန်းတွေ ဘယ်လိုရှိလဲဆိုတာvသူတို့ မသိကြဘူး၊ သူတို့ ဆယ်နှစ်လောက် အိပ်ပျော်နေခဲ့ ကြတယ်” ဟု အထည်ချုပ်လုပ်ငန်းဆိုင်ရာ ပြဌာန်းစာအုပ်များကို ရေးသားခဲ့ပြီး ကုလသမဂ္ဂ၊ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ နှင့် ကမ္ဘာ့ဘဏ်တို့တွင် အကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေသော David Birnbaum ကဆိုသည်။ “သူတို့ အလုပ်ရုံဆွေးနွေးပွဲ တွေ ဆက်တိုက်လုပ်ရမယ်။ ဒါမှ တခြားနိုင်ငံတွေမှာ ဘယ်လိုလုပ်နေတယ်ဆိုတာ သိကြမယ်” ဟုလည်းပြောသည်။
အလုပ်သမား အခွင့်အရေးအဖွဲ့တခုဖြစ်သည့် Clean Clothes Campaign (CCC) က နိုင်ငံတကာ လုပ်ငန်းရှင်များကို အလောတကြီး ဆွဲဆောင်နေမှုကြောင့် အရေးပါသည့် အလုပ်သမားအခွင့်အရေး ကာကွယ်မှုပိုင်းတွင် လစ်ဟင်းမှုများ ဖြစ်လာနိုင်သည်ဟု ထောက်ပြသည်။
“ဥရောပသမဂ္ဂ အနေနဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးနဲ့ စီးပွားရေးဆိုင်ရာ အခြေခံဥပဒေသတွေနဲ့ အညီ သတိထားပြီး ဆောင်ရွက်သင့်တယ်ဆိုတဲ့အချက်ကို ဘေးဖယ်ပြီး ခုလို မြန်မာကို မျက်နှာသာပေးလိုက်တာဟာ တကယ်စိတ်ပျက်ဖို့ ကောင်းပါတယ်” ဟု CCC ၏ အတွင်းရေးမှူး Dominique Muller က သတင်းစာရှင်းလင်းပွဲတခုတွင် မကြာသေးခင်က ဥရောပသမဂ္ဂ၏ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းခဲ့ခြင်းကို ရည်ညွှန်းပြောဆိုခဲ့သည်။
“ဥရောပသမဂ္ဂရဲ့ ဆုံးဖြတ်ချက်က လုံလောက်တဲ့ လုပ်ခလစာပေးဖို့ အတွက် ကုမ္ပဏီတွေကို တိုက်ရိုက်ဖိအားပေးဖို့ လိုအပ်တယ် ဆိုတာကို ပြသနေပါတယ်။ ဒါမှသာ မြန်မာ အစိုးရရဲ့ မူဝါဒသစ်ကနေ မြန်မာအလုပ်သမားတွေ အကောင်းဆုံး အကျိုးအမြတ် ရရှိနိုင်ပါမယ်” ဟု သူကထပ်ပြောသည်။
မြန်မာလွှတ်တော်က အနည်းဆုံးလုပ်ခ လစာဥပဒေကို အတည်ပြုပြီးဖြစ်သည်ဟု Steve Marshall က ပြောသည်။ သို့သော် ၎င်းဥပဒေကို ထောက်ကူပေးမည့် နည်းဥပဒေ အချို့ကတော့ ရေးဆွဲနေဆဲဟု သိရသည်။ ထိုဥပဒေ တွင် ပါဝင်သော အကြောင်းအရာများကို အများပြည်သူသိရှိအောင် မကြေညာရသေးခင် ထုတ်ဖော်ပြောဆိုရန် ILO ဆက်ဆံ ရေး အရာရှိက ငြင်းပယ်ခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံသည် ဒေသတွင်းလုပ်ခလစာ အနည်းဆုံးဆိုသည့်အချက်ဖြင့် နိုင်ငံတကာမှ ထုတ်လုပ်သူလုပ်ငန်းရှင်များကို ဆက်လက်ဆွဲဆောင်ဖွယ် ရှိနေသည်ဟု သူကဆိုသည်။
ကုန်ထုတ်လုပ်ငန်းများအတွက် ဧဒင်ဥယျာဉ်မဟုတ်
ရင်းနှီးမြှုပ်နှံမှုများကို အားတက်သရော ဖိတ်ခေါ်နေသည် မှန်သော်လည်း ရင်းနှီးမြှုပ်နှံမည့်သူများကို တုန့်ဆိုင်းသွားစေ သည့် အကြောင်းအရာများလည်းရှိနေသည်။
တချက်က အခြေခံအဆောက်အအုံများနှင့်ဆိုင်သည်။ လျှပ်စစ်ဓာတ်အားက မကြာခဏ ပြတ်တောက်နေသဖြင့် ကုန်ထုတ် လုပ်ငန်းရှင်များသည် ထုတ်လုပ်ရေးမကျဆင်းစေလိုပါက ငွေကြေးအမြောက်အများ အကုန်အကျခံကာ ဒီဇယ် လောင်စာသုံး ဓာတ်အားပေးစက်များ မောင်းနှင်၍ အလုပ်လုပ်ကြရသည်။
ပြီးခဲ့သော ၁၈ လတာကာလအတွင်း ဒီမိုကရေစီရေးပြောင်းလဲမှုများ နှင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပွင့်လင်းစွာ ဆက်ဆံခြင်းများ တိုးတက် လာသော်လည်း မြန်မာ့နိုင်ငံရေး အခြေအနေသည် သေချာမှုများနှင့် ဝေးကွာနေဆဲဖြစ်သည်။
မကြာသေးခင် ကာလများအတွင်းက ဗုဒ္ဓဘာသာဝင်များနှင့် လူနည်းစု မူဆလင်များကြားတွင် အကြမ်းဖက် ဆူပူ တိုက်ခိုက် မှုများ နိုင်ငံအနှံ့အပြား ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည့်အတွက် မြန်မာအစိုးရ၏ တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်စွမ်းက မေးခွန်းထုတ်စရာ ဖြစ်နေသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေးမှာလည်း ခိုင်ခိုင်မာမာ အကောင်အထည် မဖော်နိုင်သေးပါ။ မြန်မာနိုင်ငံ မြောက်ပိုင်းမှ ကချင်လက်နက်ကိုင်များနှင့်လည်း လွန်ခဲ့သည့် ၂ နှစ်က ပျက်စီးသွားခဲ့သော အပစ်အခတ် ရပ်စဲရေးကို ပြန်လည်တည်ဆောက်နေရသည်။
ထို့ပြင် မြန်မာအလုပ်သမား အင်အားစုနှင့် ပတ်သက်သည့် အချက်အလက်များ မရှိခြင်းကလည်း အဓိက ကွက်လပ် ဖြစ်နေသည်။
“ကံမကောင်းစွာနဲ့ပဲ ကျနော်တို့ဟာ အလုပ်သမားဈေးကွက်ရဲ့ ပုံသဏ္ဍန်၊ အရွယ်အစားနဲ့ သဘာ၀ စတဲ့ အချက်အလက်တွေ လုံးဝနီးပါး မရနိုင်တဲ့ အခြေအနေတခုမှာ အလုပ်လုပ်နေရပါတယ်” ဟု ILO ဆက်ဆံရေးအရာရှိက ပြောသည်။ ထိုပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ILO မှ အိမ်ထောင်စု စစ်တမ်းများ ကောက်ယူလျှက်ရှိရာ တဝက်ခန့် ပြီးစီးနေပြီဟု သိရသည်။
ILO အဖွဲ့သည် မြန်မာနိုင်ငံတွင် လုပ်ငန်းများ စတင်နေခဲ့သည်မှာ ဆယ်နှစ်ကျော်ပြီဖြစ်သော်လည်း အစောပိုင်း ကာလများက အဓမ္မလုပ်အားပေး ဖယ်ရှားနိုင်ရေး တခုထဲတွင် ပိတ်မိနေသလို ဖြစ်ခဲ့ရသည်။ ယခုအခါတွင်တော့ အခြားသော အရေးပါသည့် ကိစ္စများကိုလည်း ဝင်ရောက်ဆောင်ရွက်နေနိုင်ပြီဖြစ်သည်။
နေရာ အများအပြားတွင် ကျယ်ကျယ် ပြန့်ပြန့် လုပ်ကိုင်နေပြီး ဥပဒေနှင့်အညီ စနစ်တကျ သပိတ်တိုက်ပွဲဆင်နွဲနည်း အပါအဝင် အနာဂတ် မြန်မာလုပ်သား အင်အားစုအတွက် ပညာပေး လုပ်ငန်းများလည်း လုပ်နေသည်။
အထည်ချုပ်လုပ်ငန်းသည် ILO အဓိကအာရုံစိုက်၍ လုပ်ဆောင်မည့် စီးပွားရေးကဏ္ဍနှစ်ခုထဲက တခုဖြစ်ပြီး လက်တွေ့ ကျသည့် စံပြနမူနာပုံစံကောင်း တခုဖြစ်အောင် အားထုတ်သွားမည်ဟု Steve Marshall ကပြောသည်။
မြန်မာ အလုပ်သမားဈေးကွက်ကို နိုင်ငံတကာစံနှုန်းများနှင့် အညီဖြစ်အောင် ဆောင်ရွက်ရခြင်းသည် ကြီးမားသည့် အခက်အခဲတခု ဖြစ်ကြောင်းကိုလည်း သူက ထုတ်ဖော်ဝန်ခံခဲ့သည်။
“ဒါက လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ လက်ဖျောက်တချက်တီးလိုက်တာနဲ့ နောက်တနေ့ ဖြစ်လာတာမျိုးမဟုတ်ပါဘူး။ ဆင့်ကဲဖြစ်စဉ်သဘောမျိုးနဲ့ ပိုပြီးတူပါတယ်” ဟု ဆိုသည်။