မြန်မာနှင့် ကမ္ဘောဒီးယားတို့မှ လာမည့်နှစ် အစပိုင်းတွင် ဆန်တင်ပို့မှု အခွန်စည်းကြပ်ရေး ကိစ္စအပေါ် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ သုံးသပ်မှုမှာ အင်္ဂါနေ့ကအထိ မရေမရာ ဖြစ်နေဆဲရှိပြီး ဥရောပကော်မရှင်က နောက်ဆုံး ဆုံးဖြတ်ချက် ချမှတ်ရန် ချန်လှပ်ထားခဲ့ကြောင်း သိရသည်။
အီးယူနိုင်ငံအများစုက နောက် ၃ နှစ်စာ ကာကွယ်ရေး အစီအမံ ချမှတ်မှုကို ကျောထောက် နောက်ခံ ပြုပေးသော်လည်း ၎င်းအစီအမံများ အပေါ် ရှင်းရှင်းလင်းလင်း ဖြစ်ရေးအတွက် လိုအပ်သည့် ပုံစံတကျနှင့် စံချိန်မီ အများစု ဆုံးဖြတ်ချက် ချနိုင်မှု မရှိသေးပေ။
ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၈ နိုင်ငံအတွက် ကုန်သွယ်ရေးမူဝါဒ ချမှတ်ပေးရသော ဥရောပကော်မရှင်က ယင်း အစီအမံများကို အဆိုတင်သွင်းပြီးဖြစ်ကာ အဖွဲ့ဝင်နိုင်ငံများထံမှ ဆုံးဖြတ်ချက် ပေးနိုင်သည့် မဲပေးမှု မရှိသည့်အတွက် ယင်းအစီအမံများ ပြဌာန်းနိုင်ရန် လုပ်ဆောင်နေဆဲအဆင့်သာ ရှိနေသည်။
“ ကော်မရှင်ကနေ လုံခြုံစိတ်ချရတဲ့ အစီအမံတွေ အသုံးချတဲ့ ကိစ္စအတွက် ဆုံးဖြတ်ချက် ချပေးရမှာ ဖြစ်ပါတယ်” ဟု ကြေညာချက်တစောင်တွင် ကော်မရှင်က ဆိုထားသည်။
ကော်မရှင်၏ အဆိုပြုချက်မှာ ပထမတနှစ်တွင် ဆန်တတန်လျှင် ယူရိုငွေ ၁၇၅ (၁၉၈.၃၁ ဒေါ်လာ) ကောက်ခံရန် ဖြစ်ပြီး ဒုတိယနှစ်တွင် ယူရိုငွေ ၁၅၀ သို့ လျှော့ချကာ တတိယနှစ်အတွက် ယူရိုငွေ ၁၂၅ အထိ ထပ်မံ လျှော့ချရန်ဖြစ်ကြောင်း ယင်းအစီအစဉ်နှင့် နီးစပ်သူများ၏ အဆိုအရ သိရသည်။
လက်နက်မှအပ ကုန်စည်အားလုံး ခွင့်ပြုသည့် အီးယူ၏အစီအမံကို ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့က ခံစားခွင့် ရရှိပြီး ယင်းအစီအမံအရ ဖွံ့ဖြိုးမှုနည်းပါးသည့် နိုင်ငံများမှ အီးယူနိုင်ငံများထံသို့ အခွန် ကင်းလွတ်ခွင့်ဖြင့် ကုန်စည် တင်ပို့ရောင်းချနိုင်ရန် ခွင့်ပြုထားခြင်းဖြစ်သည်။
အဆိုပါ ပိတ်ဆို့နိုင်သည့် အလားအလာသည် ဆန်တင်ပို့မှု လုံခြုံစိတ်ချမှုအစီအမံမှ သီးခြား ဖြစ်သော်လည်း မြန်မာနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံစလုံးသည် ၎င်းတို့၏လူ့အခွင့်အရေး မှတ်တမ်းများကြောင့် ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးအုပ်စုထံသို့ အထူးချိတ်ဆက် ရောင်းဝယ်ခွင့် ဆုံးရှုံး ရမည့် ပုံပေါ်သည်။
အီတလီနိုင်ငံက စောဒကတက်မှုကြောင့် မတ်လက ဥရောပကော်မရှင်အနေဖြင့် ယင်းနှစ်နိုင်ငံထံမှ ဆန်တင်ပို့မှုကို စုံစမ်းစစ်ဆေးရေး ပြုလုပ်ခဲ့သည်။
၎င်းစုံစမ်းစစ်ဆေးမှုအရ တင်ပို့ကုန်များတွင် သိသာသော ဂယက်တခုမှာ ဥရောပ ဆန်စပါးကဏ္ဍကို စီးပွားရေး ထိခိုက်မှုဖြစ်စေကြောင်း တွေ့ရှိရသည်။ ဆန်စပါးကို ပေါ်တူဂီမှ ဘူလ်ဂေးရီးယားအထိ ဥရောပတောင်ပိုင်း ၈ နိုင်ငံတွင် စိုက်ပျိုးလျှက်ရှိသည်။
အီးယူ၏ လယ်ယာကဏ္ဍအုပ်စု Copa-Cogeca က ပြောကြားရာတွင် အဆိုပါနှစ်နိုင်ငံက ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့ကုန်ဖြစ်သည့် အင်ဒီကာ ဆန်လုံးရှည် အမျိုးအစားသည် ၂၀၁၂ ခုနှစ်တွင် တန်ချိန် ၉ ထောင်ရှိရာမှ ၂၀၁၇ ခုနှစ်တွင် တန်ချိန် ၃၆၀၀၀၀ အထိ တိုးတက်လာပြီး ရလဒ်မှာ ဆန်ဈေးနှုန်း ဖရိုဖရဲဖြစ်မှု ဖြစ်ကြောင်း ဆိုသည်။
ကိုးကား။ ။ Reuters