တရုတ်နိုင်ငံသို့ ပေးဆပ်ရမည့် မြင့်မားလှပြီး ဆက်လက် ကြီးထွားနေသော နိုင်ငံ၏ ကြွေးမြီများနှင့် ပတ်သက်၍ မြန်မာ လွှတ်တော် ကိုယ်စားလှယ်များက သတိပေးထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သော အစိုးရ အနေဖြင့် အချုပ်အခြာအာဏာကို ထိပါးသော အကြွေးထောင်ချောက်မှ ရှောင်ရှားနိုင်ရေး အကြွေးများကို အမြန်ဆုံး ပြန်လည်ပေးဆပ်ရန်လည်း ၎င်းတို့က တိုက်တွန်းသည်။
၂၀၁၈ ခုနှစ်တွင် နိုင်ငံခြားသုံး အရန်ငွေကြေး အမေရိကန်ဒေါ်လာ ၆.၃၅ ဘီလျံမျှသာ ရှိနေချိန်တွင် နိုင်ငံတော်၏ ကြွေးမြီမှာ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံရှိနေပြီး ထိုငွေများအနက် ဒေါ်လာ ၄ ဘီလျံမှာ တရုတ်နိုင်ငံသို့ ပေးဆပ်ရမည့် ကြွေးမြီများ ဖြစ်နေသောကြောင့် တရုတ်သို့ ဒေါ်လာပြန်ဆပ်မည့်အစား ဆန်များပေးပို့ရန် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးက မကြာသေးမီက အကြံပြုခဲ့သည်။
ထိုသို့သော အစီအစဉ်ကို တရုတ်နိုင်ငံက လက်ခံ မခံကိုမူ ဆက်လက် စောင့်ကြည့်ရဦးမည် ဖြစ်သည်။ တရုတ်ချေးငွေ အများစု၏ အတိုးနှုန်းမှာ မြင့်မားလှပြီး ၄.၅ ရာခိုင်နှုန်းရှိကာ မြန်မာနိုင်ငံက ချေးယူသည့် ပြည်ပအစိုးရများနှင့် ဘဏ္ဍာရေး အဖွဲ့အစည်းများတွင် အတိုးနှုန်း အမြင့်ဆုံးဖြစ်သည်ဟု ယုံကြည်ရသည်။
မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီအများစုကို ယခင်စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အနောက်နိုင်ငံများက ပိတ်ဆို့ အရေးယူသည့်ကာလ ၁၉၈၈ မှ ၂၀၁၁ ခုနှစ်အတွင်း ရယူခဲ့ခြင်းဖြစ်သည်။
ထိုစဉ်က တရုတ်နိုင်ငံသည် အပယ်ခံ စစ်အစိုးရကို ရက်ရက်ရောရော ငွေထုတ်ချေးသည့် တခုတည်းသော အဓိက နိုင်ငံဖြစ်သည်။ နိုင်ငံတကာ၏ အပြစ်ပေးခံရသော ဆယ်စုနှစ် နှစ်ခုကြာ ကာလတွင် မြန်မာနိုင်ငံသည် တရုတ် ဘဏ္ဍာရေး အဖွဲ့အစည်းများထံမှ အကြီးအကျယ် ချေးယူခဲ့သည်။
ထိုသို့သော ကြွေးမြီဝန်ထုပ်ဝန်ပိုးသည် အိန္ဒိယသမုဒ္ဒရာသို့ လမ်းဖွင့်ပေးသည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် တရုတ်နိုင်ငံတောင်ပိုင်း ကုန်းတွင်းပိတ် ဒေသကို ဆက်သွယ်သည့် မြန်နှုန်းမြင့် ရထားလမ်းအပါအဝင် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအတွက် မဟာသေနင်္ဂဗျူဟာ အစီအစဉ်ကို အဆင်ပြေ ချောမွေ့စေရန် ရည်ရွယ်သည်ဟု အနောက်တိုင်းနှင့် မြန်မာ စီးပွားရေး ပညာရှင်များက ပြောသည်။
အချုပ်အခြာအာဏာ ထိပါးစေနိုင်သည့် အကြွေးထောင်ချောက်နှင့် ပတ်သက်သော ပူပန်မှုများကို တရုတ် ကျောထောက်နောက်ခံပြု ဒေါ်လာ ၁၀ ဘီလျံတန် ကျောက်ဖြူဆိပ်ကမ်း စီမံကိန်းကို လွန်ခဲ့သော နှစ်က လွှတ်တော်တွင် ဆွေးနွေးစဉ် ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ထိုစီမံကိန်းကို အစိုးရက ပြန်လည် သုံးသပ်ခဲ့ပြီး စီမံကိန်း အရွယ်အစား လျှော့ချမည့် အလားအလာရှိသည်။
အဆိုပြုထားသည်မှာ ကာလကြာမြင့်ပြီဖြစ်သော တရုတ် – မြန်မာ စီးပွားရေး စြင်္ကန်၏ အစိတ်အပိုင်း ရထားလမ်း စီမံကိန်းသည်လည်း ဆွေးနွေးပွဲများတွင် ပြန်လည် ပါဝင်လာသည်။
စစ်အစိုးရက အနောက်နိုင်ငံများနှင့် ထိတွေ့ ဆက်ဆံရန် နိုင်ငံရေးကန့်သတ်မှုများကို စတင်ဖြေလျှော့သည့် ၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံတွင် ပြည်ပကြွေးမြီ ဒေါ်လာ ၆.၇ ဘီလျံရှိနေပြီး ထိုကြွေးမြီ၏ ၉၇ ရာခိုင်နှုန်းမှာ တရုတ်မှ ဖြစ်ကြောင်း အစိုးရ၏ နောက်ဆုံးထုတ်ပြန်သော ကြွေးမြီဆိုင်ရာ အစီရင်ခံစာကို ပြည်တွင်း သတင်းကိုးကားမှုများ အရ သိရသည်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဦးဆောင်သည့် အရပ်သားတပိုင်းအစိုးရ အာဏာရှိနေစဉ် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း နောက်ထပ်အကြွေး ဒေါ်လာ ၃.၁ ဘီလျံတင်ခဲ့သည်။
တရုတ်ချေးငွေ အများစုကို ရေအားလျှပ်စစ်ဆည်များ အပါအဝင် အခြေခံ အဆောက်အအုံများ အတွက် အများစုသော နိုင်ငံပိုင် တရုတ်ကုမ္ပဏီများနှင့် ဖက်စပ် သဘောတူညီချက်တွင် ရယူခြင်းဖြစ်သည်။ ထိုစီမံကိန်းများ အားလုံးသည် စီစဉ်သည့်အတိုင်း ဖြစ်သည်မဟုတ်ဘဲ တခါတရံ တရုတ်နိုင်ငံကို စိတ်ပျက်စေခဲ့သည်။
၂၀၁၁ ခုနှစ်က ဦးသိန်းစိန်သည် နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ရှိ ဒေါ်လာ ၃.၆ ဘီလျံတန် မြစ်ဆုံဆည် စီမံကိန်းကို ဆိုင်းငံ့ခဲ့သည်။ ထိုစီမံကိန်းတွင် မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီး ဧရာဝတီ အထက်ပိုင်း မူလအစကို ပိတ်ကာ လျှပ်စစ်ထုတ်ပြီး ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံ တောင်ပိုင်းသို့ တင်ပို့ရန် ဖြစ်သည်။ ဒေသခံအုပ်စုများက ထိုဆည်၏ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးများကြောင့် ထိုဆည်ကို ဆန့်ကျင်ခဲ့ကြသည်။
သို့တိုင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံပိုင် China Power Investment Corporation က စီမံကိန်းအတွက် သုံးစွဲပြီး ဖြစ်သည်ဟုဆိုသော ဒေါ်လာ သန်း ၈၀၀ ကို အတိုးဖြင့် ပေးနေရနိုင်သည်။ ယခုအခါ NLD အစိုးရသည် ထိုပမာဏကို လျှော်ပေးမည် သို့မဟုတ် စီမံကိန်းပြန်စရန် တရုတ်ဖိအားကို အရှုံးပေးမည်ကို စဉ်းစားနေရသည်။
တရုတ်နိုင်ငံသို့ ပေးရန်ရှိနေသော အခြား အမေရိကန် ဒေါ်လာ သန်း ၃၀၀ မှာ ၂၀၁၃ ခုနှစ်က လယ်ယာသုံး စက်ကိရိယာများ ဝယ်ယူရန် ဖြစ်သည်။ ထို အစိုးရချင်းချေးငွေ၏ နှောင်ကြိုးမှာ စက်ကိရိယာအားလုံးကို တရုတ်နိုင်ငံမှ ဝယ်ယူ တင်သွင်းရမည်ဟူသော အချက်ဖြစ်သည်။
သို့သော် တဒေါ်လာမျှပင် နယ်စပ်ဖြတ်ကျော်လာခြင်း မရှိဘဲ တင်ပို့လိုက်သော စက်ကိရိယာများမှာလည်း အရည်အသွေး ညံ့လွန်းခြင်းကြောင့် အသုံးမဝင် ဖြစ်သွားသည်ဟု ထိုကိစ္စကို အကျွမ်းတဝင်ရှိသည့် မြန်မာနိုင်ငံ အခြေစိုက် စီးပွားရေးပညာရှင်များက ပြောသည်။
၂၀၁၆ ခုနှစ်တွင် NLD အာဏာရလာပြီးနောက် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးရေး အကူအညီ ရင်းမြစ်များကို ခွဲထုတ်ရန် ကြိုးစားကာ တရုတ်နိုင်ငံအပေါ် မှီခိုမှုကို လျှော့ချသည်။ အထူးသဖြင့် မြန်မာနိုင်ငံသည် အတိုးနှုန်းနိမ့်ပြီး ပြန်လည် ပေးဆပ်ရေး စည်းကမ်းချက်များလည်း ပိုမို သက်သောင့်သက်သာ ရှိသော ဂျပန်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် ထံမှ အကူအညီယူရန် ကြိုးစားသည်။
ထိုကဲ့သို့ ချေးငွေရင်းမြစ် ဖြန့်ခွဲခြင်းသည် စီးပွားရေးကို ဆွဲတင်ရန်နှင့် ယခင်အကြွေးများ ပြန်ဆပ်နိုင်စွမ်း ပိုမိုကောင်းမွန်စေရန် လုံလောက်ခြင်း ရှိမရှိ စင်ကာပူမှ Institute of Southeast Asian Studies-Yusof Ishak Institute ၏ သုတေသီ နစ်ဖရီးမင်းက မေးခွန်းထုတ်ထားသည်။
“NLD အစိုးရသည် သိသိသာသာ ပုံပျက်နေသော စီပွားရေးတခုကို အမွေ ဆက်ခံလိုက်ရသည်။ မြန်မာ့စီးပွားရေး လုပ်ငန်းများ၏ ရုပ်ပုံလွှာသည် နှိုင်းယှဉ်ချက်အားဖြင့် အရေအတွက်နည်းပြီး စီးပွားရေး အခွင့်ထူးများခံစားရရန် စစ်ဖက် ခေါင်းဆောင်များနှင့် အဆက်အသွယ်ကို အသုံးချသည့် မိသားစုပိုင် လုပ်ငန်းစုကြီးများက လွှမ်းမိုးထားသည့် ပုံစံဖြစ်သည်” ဟု ၂၀၁၈ ခုနှစ်အတွင်း အစီရင်ခံစာ တစောင်တွင် ဖရီးမင်းက ရေးသားခဲ့သည်။
စစ်တပ်နှင့် အဆက်အသွယ်ရှိသော ခရိုနီအနည်းငယ်က ထိန်းချုပ်ထားသည့် ထိခိုက်လွယ်ပြီး ငွေဖော်ရန် ခက်ခဲသော၊ စွမ်းဆောင်ရည် ကင်းမဲ့သော ဘဏ်လုပ်ငန်းကဏ္ဍနှင့် တရုတ် ဘဏ္ဍာရေး လုပ်ငန်းများသို့ ပေးရန် အကြွေး များလွန်းခြင်း တို့သည် ထိုစီးပွားရေးပုံပျက်မှု၏ အဓိက လက္ခဏာများ ဖြစ်သည်။
ဒီမိုကရေစီ ပုံစံတမျိုးကို လက်ခံလိုက်ပြီး ပြင်ပကမ္ဘာသို့ အမည်ခံတံခါး ဖွင့်လိုက်ပြီးနောက် တိုင်းပြည်သို့ အလုံးအရင်းနှင့် ဝင်လာမည်ဟု မျှော်လင့်ထားသော နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုမှာ ယခုအချိန်အထိ စိတ်ပျက်စရာ အနေအထားသာ ရရှိသည်။ ဖရီးမင်း ထောက်ပြသည့်အတိုင်း ဆိုပါက “စီးပွားရေး ကိုယ်စားလှယ်အဖွဲ့များစွာ သွားကြ၊ ပြန်ကြရှိသော်လည်း ရင်းနှီးမြှုပ်နှံရန် ကတိပြုခြင်းနှင့် ငွေကြေး စိုက်ထုတ်ခြင်းမှာ အသင့်အတင့်သာ ရှိသည်။”
အဓိက အတားအဆီးမှာ တိုင်းပြည်ကို ၁၉၆၂ ခုနှစ်က စတင်အုပ်ချုပ်သည့် စစ်အုပ်ချုပ်ရေးသည် စီးပွားရေးကို ကြီးကြပ် လည်ပတ်စေမည့် မဏ္ဍိုင်အဖွဲ့အစည်း သို့မဟုတ် အင်စတီကျူးရှင်းများကို အင်အားချိနဲ့ စေခဲ့ခြင်းဖြစ်သည်။ ၁၉၈၈ ခုနှစ်အထိ မြန်မာနိုင်ငံသည် စစ်တပ်က အုပ်ချုပ်သည့် ဆိုရှယ်လစ်နိုင်ငံသာ ဖြစ်ပြီး တခုတည်းသော လွတ်လပ်သည့် ဈေးကွက်မှာ နေရာတကာတွင် တွေ့ရနိုင်သည့် မှောင်ခိုဈေးများသာ ဖြစ်သည်။
၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် လွတ်လပ်သော စီးပွားရေး လုပ်ငန်းများကို အကန့်အသတ်ဖြင့် ခွင့်ပြုခဲ့သော်လည်း စစ်တပ်သည် ပြည်တွင်း လုပ်ငန်းရှင်များဖြင့် ပူးပေါင်းပြီး စီးပွားရေးကို တင်းကျပ်စွာ ချုပ်ကိုင်ထားသည်။ စီးပွားရေး တံခါးဖွင့်ခြင်းကို ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့သော်လည်း စီးပွားရေးမှာ စစ်တပ်၏ မှားယွင်းစီမံခန့်ခွဲမှု ဆယ်စုနှစ်များမှ နာလန် မထသေးပေ။
စစ်တပ်၏ ပြင်းထန်သော ချေမှုန်းမှုကြောင့် မွတ်စလင် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရသည့် ရခိုင်ပြည်နယ်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အနောက်နိုင်ငံများက မြန်မာနိုင်ငံကို ပြန်လည် အရေးယူပိတ်ဆို့ခြင်းသည် တရုတ်နိုင်ငံက မြန်မာအပေါ် ဘဏ္ဍာရေးသြဇာ ကျင့်သုံးရန် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။
လွတ်တော် ကိုယ်စားလှယ်များက တရုတ်ကြွေးမြီများနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြောကြားစေကာမူ အနောက်တိုင်း အရေးယူ ပိတ်ဆို့မှု အသစ်များကြောင့် အစိုးရသစ်အနေဖြင့် ခေတ်နောက်ကျသော စီးပွားရေးကို တိုးတက်စေရန် လိုအပ်သော ချေးငွေနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် တရုတ်မှလွဲပြီး အခြား ရွေးစရာမရှိတော့ပေ။
အကြွေးကို ဆန်ဖြင့်ပေးဆပ်ခြင်းသည် မြန်မာလွှတ်တော်တွင် တီထွင်ဆန်းသစ်သော အတွေးအခေါ် ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း နိုင်ငံကို အကြွေးသံသရာမှ လွတ်မြောက်စေရေး စီးပွားရေးနည်းလမ်း မရှိဘဲ အကြွေး ထောင်ချောက်သို့ ကျမည့် အန္တရာယ်အတွက် အဖြေမဟုတ်ပေ။
တရုတ်နိုင်ငံသည် သီရိလင်္ကာအပါအဝင် အခြားနိုင်ငံများတွင် အချုပ်အခြာအာဏာကို ထိပါးသော အခွင့်အရေးများရယူပြီး အကြွေးများ လျှော်ပစ်နေသည်။ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံက သေနင်္ဂဗျူဟာ အကျိုးစီးပွားအတွက် ပိုမို ထိန်းချုပ် လိုသည်ဟု ဖော်ပြထားသော စီးပွားရေး နယ်ပယ် များစွာ ရှိနေသည်။
(Asia Times ပါ Bertil Lintner ၏ Poor and isolated, Myanmar backs into a China debt trap ကို ဘာသာပြန်ဆိုသည်။)