လာမည့် ၂၀၂၀ မှ ၂၀၂၅ ခုနှစ်အထိ အမျိုးသားပို့ကုန် မဟာဗျူဟာစီမံကိန်း အစီအစဉ်အရ မြန်မာ့ ပို့ကုန်များကို တောင် အမေရိကတိုက်ဘက်သို့ ဈေးကွက် တိုးချဲ့ထွင် တင်ပို့တော့မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံ အနေဖြင့် ပို့ကုန်ပစ္စည်းများကို အဓိကအားဖြင့် သမရိုးကျ ဈေးကွက်ဖြစ်သည့် အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံနိုင်ငံများသို့ တင်ပို့သော ဈေးကွက်နှင့် ဥရောပ ဈေးကွက် အစရှိသည်တို့သာ တင်ပို့လျက် ရှိသော်လည်း နောက်ပိုင်းတွင် အလယ်ပိုင်း အမေရိက၊ လက်တင် အမေရိက၊ အာဖရိက၊ သြစတေးလျ အစရှိသည့် နိုင်ငံများသို့ ဈေးကွက် ချဲ့ထွင်ရန် အတွက် မြန်မာ့ စီးပွားရေး သံမှူးများ စေလွှတ်ထားပြီ ဖြစ်ကြောင်း ၎င်းက ပြောသည်။
မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်လည်း ဖြစ်သူ ဦးအောင်စိုးက “ကျန်နေတဲ့ တချို့နိုင်ငံတွေကို လည်း ဆက်လွှတ်မယ်။ ဒီနေရာတွေက မြန်မာပို့ကုန် အရောက် နည်းသေးတယ်။ ဈေးကွက်ကို ကျယ်ကျယ်ပြန့်ပြန့် ချဲ့ပြီးတော့ ဆက်လုပ်သွားဖို့ ရှိပါတယ်။ ပို့ကုန်မြှင့်တင်ရေး မဟာဗျူ ဟာ ရေးဆွဲပြီး ဆောင်ရွက်နေပါတယ်” ဟု ရှင်းပြသည်။
ထို့ပြင် “အခု ၂၀၂၀ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ ၅ နှစ် စီမံကိန်း ဆွဲထားတယ်။ အဲဒီနေရာမှာ မြန်မာ နိုင်ငံရဲ့ သမရိုးကျ စိုက်ပျိုးရေး ပို့ကုန်တွေ အပြင် အခု အလားအလာ ကောင်းလာတာက သစ်သီးဝလံပေါ့။ လက်ရှိ အမေရိကန် ဒေါ်လာ သန်း ၄၀၀ ဖိုးလောက် အထိအောင် ပို့နိုင်လာပြီ အထူးသဖြင့်ကတော့ အိမ်နီးချင်း ဖြစ်တဲ့ တရုတ်တို့ ထိုင်းတို့ တင်ပို့နေတယ်”ဟု ဆက်လက် ရှင်းပြသည်။
အဆိုပါ ၅ နှစ်ပို့ကုန် မဟာဗျူဟာ စီမံကိန်းကို လက်ရှိတွင် မဟာဗျူဟာ အစီအစဉ်များ ရေးဆွဲနေပြီး မကြာခင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ၁၇ ရက်ကြာ ဆွေးနွေးပွဲများ ပြုလုပ်ရန် လျာထားကြောင်း၊ ထိုဆွေးနွေးပွဲများမှ တဆင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူများ၊ ပို့ကုန် ကဏ္ဍအသီးသီးမှ ကုန်သည်၊ လုပ်ငန်းရှင်များ နှင့် နိုင်ငံတကာ ကုန်သွယ်ရေးအဖွဲ့ ပညာရှင်များက မြန်မာ့အလားအလာ ရှိသော ပို့ကုန်သစ်များကို ဖော်ထုတ်သွားမည် ၎င်းက ရှင်းပြသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က “Action plan တွေက ဆွေးနွေးပြီးမှ သီးသန့် ကဏ္ဍ ၁ ခုပေါ်မှာ ဘယ်လောက်ထိ တင်ပို့နိုင်ဖို့ မျှော်မှန်းတယ်ဆိုတာ ထွက်မှာ ဖြစ်တယ်။ ၂၀၂၀ ခုနှစ်မှာ စမှာ ဖြစ်တဲ့အတွက် အခုမှ ဦးစားပေးကဏ္ဍကို ရွေးချယ်တဲ့ အနေအထားပဲ ရှိသေးတယ်။ ပြီးရင် အထောက်အကူ ပေးရမယ့် ကဏ္ဍက ဘာတွေ ဖြစ်မလဲ၊ ဘယ်လိုတွေ လုပ်မယ်ဆိုတာ အသေးစိတ် အစီအစဉ်တွေ ဆွေးနွေးပြီးမှ ထွက် မယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက “ရေထွက်လုပ်ငန်းဆိုရင် အများကြီး အလားအလာရှိတဲ့ ကဏ္ဍဖြစ်တယ်။ နိုင်ငံမှာလည်း မွေးမြူရေး လုပ်ငန်းနဲ့ ပတ်သက်ပြီး တော်တော်များများ အကောင်အထည် ဖော်နိုင်တဲ့ အနေ အထား ဖြစ်လာတယ်။ မွေးမြူရေးကဏ္ဍ တိုးတက်အောင်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနက လုပ်နေသလို ဒီဖက်ကလည်း ပို့ကုန်ဈေးကွက် ရအောင် လုပ်နေ တယ်။ နောက်ထပ် ဒီကဏ္ဍ တိုးတက်အောင် ဘာတွေလုပ်မလည်း ဆိုတာ ဆွေးနွေးမယ်။ ခရီးသွားကဏ္ဍ မှာလည်း ဒီလိုပဲ ဆောင်ရွက် ဆွေးနွေးမှာ ဖြစ်တယ်”ဟု ဆိုသည်။
ဒီဇင်ဘာလတွင် ပြီးဆုံးတော့မည့် ၂၀၁၅-၂၀၁၉ ခုနှစ် အမျိုးသားပို့ကုန် မဟာဗျူဟာစီမံကိန်းတွင် ဆန်စပါးကဏ္ဍ၌ နှစ် ပေါင်း ၇၀ အတွင်း ပြည်ပသို့ တန်ချိန် ၃ ဒသမ ၅၉ သန်းအထိ တင်ပို့နိုင်ခဲ့ခြင်း၊ ဈေးကွက်သစ်များ ရှာဖွေ ပေးနိုင် ခဲ့ခြင်းနှင့် ပေါင်းဆန်များ ထုတ်လုပ်တင်ပို့နိုင်ခြင်း စသည်တို့ကို ဆောင်ရွက်နိုင်ခဲ့ပြီး ခရီးသွားကဏ္ဍ အနေနှင့်လည်း ခရီးသွားလုပ် ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ အကူအညီနှင့် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
“ဒါပေမယ့် ပဲမျိုးစုံကဏ္ဍကတော့ စီးပွားကူးသန်းက ဦးစားပေး ဆောင်ရွက်သော်လည်း တဖက်က အဓိက ဝယ်လက်ဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ မူဝါဒ အပြောင်းအလဲကြောင့် အောင်မြင်မှု မရခဲ့ဘူး”ဟု ဦးခင်မောင်လွင်က ရှင်းပြသည်။
ယခုနှစ်တွင် ပြီးဆုံးမည့် ၂၀၁၅-၂၀၁၉ အမျိုးသားပို့ကုန် မဟာဗျူဟာ စီမံကိန်းတွင် စက်မှုနှင့် လျှပ်စစ်ပစ္စည်းကဏ္ဍ၊ အထည်လိပ်နှင့် အဝတ်အထည် ပစ္စည်းကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ လယ်ယာစက်ပစ္စည်း အခြေခံသည့် စားသုံး သူ ထုတ်လုပ်ရေးကဏ္ဍ၊ ရေထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ် ထုတ်ကုန်ပစ္စည်း ကဏ္ဍဟု ဆိုကာ ဦးစားပေးကဏ္ဍ ၆ ခု ထည့်သွင်း ဆောင်ရွက်ခဲ့သည်။
၂၀၂၀-၂၀၂၅ ခုနှစ် အမျိုးသားပို့ကုန် မဟာဗျူဟာ စီမံကိန်းတွင် ယခင်က ပါရှိသော ဦးစားပေး ပို့ကုန်ကဏ္ဍများအပြင် ထပ်မံ၍ လယ်ယာထွက်ကုန် အခြေခံသည့် စားသုံးသူ ထုတ်လုပ်ရေးကဏ္ဍတွင် သစ်သီးဝလံကဏ္ဍ၊ ရော်ဘာလုပ်ငန်းကဏ္ဍ နှင့် ခရီးသွားလုပ်ငန်းကဏ္ဍများကို ထပ်မံဖြည့်စွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမာန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများအသင်း အတွင်းရေးမှူး ဦးကျော်သူက “သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်က ဒီအစီအစဉ် စတဲ့အချိန်မှာ မပါဘူး။ စပါးတို့ ပဲမျိုးစုံတို့ပဲ ပါတာ။ အခုတော့ အမျိုးသား ပို့ကုန် မဟာဗျူဟာထဲကို ထည့်လိုက်တယ်။ အဲဒီအတွက် နောက်ပိုင်းမှာ နိုင်ငံခြားပို့ကုန် မဟာဗျူဟာထွက်လာမှာ ဖြစ် တယ်။ ကျနော်တို့ သီးနှံတခုချင်းကို ဆွဲဖို့ အကြံပြုထားတယ်။ လက်ရှိ Export တင်ပို့နေတာရယ်၊ ထပ်ပြီး Export Potential ရှိတဲ့ သီးနှံတွေကိုလုပ်ဖို့ပါ”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် ဖရဲ၊ သခွားမွှေး၊ သရက် တို့ကို ပြည်ပသို့ တင်ပို့နေပြီး ထပ်မံ၍ ပြည်ပ ပို့ကုန်အဖြစ် အလားအလာရှိသည့် လက်ဖက်၊ ဝဥ ကဲ့သို့သော သစ်သီးဝလံများကို Action Plan ထည့်သွင်းရေးဆွဲရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ တင်ပြထားပြီး ယင်းစီမံကိန်းများ ထွက်ပေါ်လာလျှင် နိုင်ငံတကာဈေးကွက်တွင် သစ်သီးဝလံနှင့် ဟင်းရွက် ကဏ္ဍသည် ပို၍ အဆင်ပြေလာမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“အခု ဂျာမနီကို လက်ဖက်နဲ့ သရက် စပို့တယ်။ သူက သရက်သီးဆိုရင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (Good Agriculture Practices) GAP သရက်သီးခြံဖြစ်ရမယ်။ ပြီးရင် သူတို့မှာတဲ့ အရည်အသွေးစစ်တဲ့ အမျိုးပေါင်း နှစ်ရာလောက်ကို စစ်ပေးနိုင်ရမယ်။ ဒီလိုလုပ်နိုင်တဲ့ လုပ်ငန်းရှင်ရှိမှဘဲ ကျနော်တို့ တင်ပို့နိုင်မယ်။ ဈေးကွက်ရှိပေမယ့် လက်မှတ်တို့ ဘာတို့ ညာတို့ တောင်းတဲ့အခါ ကျနော်တို့က လိုက်လုပ်နိုင်တဲ့ လုပ်ငန်းရှင် ရှိဖို့ လိုတယ်”ဟု ၎င်းက သုံးသပ်ပြောဆိုသည်။
လက်ရှိတွင် သစ်သီးဝလံများကို တရုတ်သို့ အများဆုံး တင်ပို့လျက်ရှိပြီး စင်ကာပူ၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှလည်း ဝယ်ယူရန် ကမ်းလှမ်းမှုများ ရှိနေသဖြင့် ထိုနိုင်ငံများအပေါ်တွင် နိုင်ငံအလိုက် သတ်မှတ်ထားသည့် အရည်အသွေး သတ်မှတ်ချက်များ၊ စံနှုန်းမှီအောင် လုပ်ဆောင်နိုင်မှသာ တင်ပို့နိုင်မည် ဖြစ်သည်ဟု သိရသည်။
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က “ရေထွက်ကုန်ကတော့ အလားအလာကောင်းတယ်လို့ အားလုံးက သုံးသပ်နေကြတယ်။ ဒါပေမယ့် ဘဏ်တွေနဲ့ ချိတ်ဆက်ဖို့အပိုင်းက နည်းနည်းလေး ခက်ခဲနေတယ်။ စီမံကိန်းကြီးတွေက လုပ်ငန်းရှင်တွေ ရှိနေတဲ့ ငွေရေးကြေးရေးနဲ့ မလောက်နိုင်ဘူး။ ဒါကြောင့် ဘဏ်နဲ့ ချိတ်ဆက်လုပ်နိုင်ဖို့ အတွက် ထောက်ခံချက်လေး သက်ဆိုင်ရာ ဌာနက ထုတ်ပေးဖို့ လိုတယ်။ စီမံကိန်းတွေကို အစိုးရကိုယ်တိုင်က ဒါတွေက နိုင်ငံတော်ဖွံ့ဖြိုးဖို့အတွက် စီမံကိန်းတွေ ဖြစ်တယ်ဆိုတာကို သူတို့အနေနဲ့ ထောက်ခံပေးဖို့ လိုတယ်”ဟု ပြောသည်။
ရေလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းမှာ ဘေးထွက်ဆိုးကျိုး များသောကြောင့် ဘဏ်များဘက်ကလည်း စဉ်းစားခြင်း ဖြစ်သဖြင့် ဘဏ်လုပ်ငန်းရှင်များ အနေနှင့် မွေးမြူရေး လုပ်ငန်းရှင်များကို ရဲရဲဝံ့ဝံ့ ချေးငွေများ ချထားပေးရန် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ထောက်ခံချက်များ လိုအပ်သည်ဟု ၎င်းက ပြောသည်။
ယင်းအပြင် ဒေါ်တိုးနန္ဒာတင်က “နိုင်ငံတော်ကတော့ ဈေးကွက်တွေကို ဖြန့်ပြီးတော့ နိုင်ငံတကာကို စီးပွားရေးသံမှူးတွေ လွှတ်ပြီးတော့ ကျမတို့ နိုင်ငံမှာ ဒါတွေရတယ်ဆိုပြီး တရားဝင် ချိတ်ဆက်ထားသင့်တယ်။ ဒါဆိုရင် ဘယ်နိုင်ငံသွားသွား အဆင်ပြေတယ်။ အခုက တရုတ်နဲ့တောင် မွေးမြူရေး ငါး၊ ပုဇွန် တင်ပို့မှုက တရားဝင် မရသေးဘူး။ လုပ်ရမှာ အများကြီး ကျန်ပါသေးတယ်”ဟု ထောက်ပြ ပြောဆိုသည်။
အမျိုးသားပို့ကုန် မဟာဗျူဟာစီမံကိန်းတွင် ခရီးသွားကဏ္ဍတခုလည်း ပါဝင်သောကြောင့် မြန်မာနိုင်ငံအနေဖြင့် တနင်္သာရီ တိုင်း မြိတ်ကျွန်းစုရှိ ကျွန်းများကို ခရီးစဉ် ဒေသအဖြစ် နိုင်ငံတကာ အကူအညီများ ရရှိပြီး ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက် အောင် လုပ်ဆောင်သင့်ကြောင်း MT & K Tourism ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသက်ခိုင်က ပြောသည်။
“အဲဒီမှာ သဘာ၀ အလှတရားတွေ အများကြီး ကျန်သေးတယ်။ နိုင်ငံခြားသားတွေ အကြိုက်ဖြစ်တယ်။ ဒါကို ဇောင်းပေးပြီး လုပ်စေချင်တယ်။ ပုဂံ၊ မန္တလေးက သိပြီးသား ဖြစ်တယ်။ တနင်္သာရီတိုင်း မြိတ်ကျွန်းစုကို လုပ်စေချင်တယ်။ ကမ္ဘာသိ အောင် လုပ်မယ်ဆိုရင် ဈေးနှုန်းလည်း အသင့်အတင့်ဖြစ်အောင် လုပ်ရမယ်။ ဈေးနှုန်းများရင် လူပေါင်းစုံ မလာနိုင်ဘူး” ၎င်းက ပြောသည်။
လက်ရှိမြန်မာနိုင်ငံ၏ ဧည့်လမ်းညွှန် ကုန်ကျစရိတ်မှာ တခြားအိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံသည် ၂၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းထိ မြင့်နေပြီး ယင်းအချက်မှာ ခရီးသွားကဏ္ဍအတွက် စိန်ခေါ်မှု တခုဖြစ်သည်ဟု ၎င်းက သုံးသပ်သည်။
“ခရီးသွားကဏ္ဍကို ထိထိရောက်ရောက်နဲ့ အစိုးရ၊ ပုဂ္ဂလိက ပေါင်းလုပ်မယ် ဆိုရင်တော့ အများကြီးတိုးတက်နိုင်တယ်။ တိုင်းပြည် ဝင်ငွေလည်း ဒီကဏ္ဍက အများကြီး ရှာပေးနိုင်တယ်။ သူများနိုင်ငံနဲ့ယှဉ်ရင် အခုက ကျနော်တို့နိုင်ငံက အစွန်း ထွက်လောက်ပဲ အခုက ခရီးသွားဝင်တယ်။ ကျနော်တို့ နိုင်ငံက အရှေ့တောင် အာရှနိုင်ငံတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ပြစရာ တွေ အများကြီး။ ပူတဲ့ အညာဒေသရှိသလို အေးတဲ့ ရေခဲတောင်ရှိတဲ့ ဒေသတွေထိရှိတယ်။ ဒါတွေက ခရီးသွားတွေ အကြိုက်ဖြစ်တယ်။ လုပ်စရာတွေ အများကြီး”ဟု ၎င်းက ဆိုသည်။