နိုင်ငံတကာ တရားရုံးသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ရင်ဆိုင်မည့် အပေါ် သုံးသပ်ချက်များ

ထက်နိုင်ဇော်
--
Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံသည် လူမျိုးတုန်း သတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ သဘောတူ စာချုပ် ဖောက်ဖျက်သည်ဟု အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ဝင် နိုင်ငံ (OIC) များ ကိုယ်စား ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာ တရားရုံး (ICJ) တွင် မြန်မာနိုင်ငံကို တရားစွဲဆိုထားသည်။

ထိုအမှုအတွက် ပထမ အကြိမ် ကြားနာမှုကို ဒီဇင်ဘာလတွင် ပြုလုပ်မည် ဖြစ်ပြီး ယင်းသို့ တရားစွဲဆိုထားမှုကို ဖြေရှင်း ရန်အတွက် နိုင်ငံခြားရေးဝန်ကြီး တာဝန်ဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦး ဆောင် သွားရောက် ဖြေရှင်းမည်ဟု အစိုးရက ထုတ်ပြန်ထားသည်။

တပ်မတော် ကလည်း အပြည့်အဝ ပူးပေါင်း ဆောင်ရွက်မည်ဟု ဆိုလာသည်။ ICJ ကိစ္စတွင် မြန်မာ အစိုးရက သေချာ စွာ တုံ့ပြန်နိုင်ပါက အခြား နိုင်ငံတကာ ရာဇဝတ် တရားရုံး (ICC) ၊ အာဂျင်တီးနားနှင့် အခြား နိုင်ငံတကာ ဖိအားများပါ လျော့ကျသွားနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသဖြင့် နိုင်ငံရေး အသိုင်းအဝိုင်း အပါအဝင် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ် များကို ဧရာဝတီ သတင်းဌာနမှ သတင်းထောက်များက ဆက်သွယ် မေးမြန်းထားပါသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း 

တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ

အခုကိစ္စမှာ အစိုးရနဲ့ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်လျက် ရှိပါတယ်။ လိုအပ်တဲ့ အချက်အလက်တွေ လိုအပ်တဲ့ ဟာတွေနဲ့ ပတ်သက်ပြီးတော့ အရင်တုန်းကလည်း ICOE (ရခိုင်ပြည်နယ် လွတ်လပ်သော စုံစမ်း စစ်ဆေးရေး ကော် မရှင်) ပေါ့။ လွတ်လပ်သော စုံစမ်း စစ်ဆေးရေး ကော်မရှင်တုန်းကလည်း အချက်အလက်တွေ ပေးအပ်ခဲ့တာ ရှိတယ်။ အခုလည်း ကျနော်တို့နဲ့ လိုအပ်တဲ့ အချက်အလက်တွေကိုလည်း ပူးပေါင်းရှာဖွေ ဆောင်ရွက်နေတာတွေ ရှိတယ်။ အဲဒီလို ပေးနိုင်ဖို့အတွက် ဆောင်ရွက်နေတာ ရှိပါတယ်။

တပ်မတော်ဘက်မှာလည်း စစ် ဥပဒေပိုင်းနဲ့ ပတ်သက်တာတွေလည်း တွေ့ဆုံ ညှိနှိုင်း ဆောင်ရွက်နေတာတွေ ရှိပါ တယ်။ အတိုင်ပင်ခံ ခရီးစဉ်မှာ တပ်မတော်ဘက်က ပါမပါ ဆိုတာ အစိုးရရဲ့ ညွှန်ကြားချက်အပေါ်မှာပဲ မူတည်ပါလိမ့် မယ်။ ကျနော် အဲဒါတော့ မသိသေးပါဘူး။

အခုလိုတွေ ဖြစ်လာတာ ၂ မျိုးပေါ့။ စိန်ခေါ်မှုလည်း ဖြစ်တယ်။ အခွင့်အလမ်းလည်း ဖြစ်တယ်။ သို့သော် ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက တင်ပြ ရေးသားနေတာတွေကို ကြည့်လိုက်ရင် ဒီဖြစ်စဉ်တွေ ၂၀၁၂ ရော၊ ၂၀၁၆ ရော ၂၀၁၇ ရော ကြည့်လိုက်တဲ့အတွက် အမှန်တကယ်ကတော့ အဲဒီဖြစ်စဉ်ကို စခဲ့တဲ့သူတွေက တိုင်းရင်းသားတွေလည်း မဟုတ်ဘူး။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ တပ်မတော် လုံခြုံရေး တပ်ဖွဲ့တွေလည်း မဟုတ်ဘူး။

အဲဒီမှာ နေထိုင်တဲ့ တိုင်းရင်းသား မဟုတ်တဲ့ သူတွေက စခဲ့တာပဲ။ ဒီဟာတွေကျတော့ မှေးမှိန်ပျောက်ကွယ်နေပြီး အ ခု နောက်ပိုင်းကျတော့ ဟိုဘက်ကို ထွက်ပြေးတာတွေကိုပဲ ပုံဖော်နေကြတာပေါ့။ ဒီလိုမျိုး ရှင်းလင်းခြင်းအားဖြင့်တော့ ယခင် ဖြစ်ခဲ့တဲ့ အဖြစ်မှန်တွေကို ကျနော်တို့ တရားဝင် နိုင်ငံတကာ ICJ မှာ ဖော်ထုတ်လို့ ရမယ့် အခွင့်အရေးလည်း ရရှိနိုင်မယ်လို့ ကျနော် အနေနဲ့ မြင်ပါတယ်။

ဦးရဲထွဋ် 

ပြန်ကြားရေး ဝန်ကြီးဟောင်း

နိုင်ငံရေး အရ အစိုးရရဲ့ အခိုင်အမာ ရပ်တည်မှုကို ပြသနိုင်ဖို့၊ လူထုအနေနဲ့ အစိုးရနဲ့ နိုင်ငံတော်ဘက်က စုစုစည်းစည်း ရပ်တည်နိုင်အောင် စည်းရုံးနိုင်ဖို့ အတွက်ပါ။ တရားစီရင်ရေးကတော့ နိုင်ငံတကာ တရားရုံး တရားသူကြီးတွေ အနေနဲ့ သက်သေ အထောက်အထားတွေ အပေါ်မှာပဲ စဉ်းစားမှာ ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခြင်း၊ ဦး မဆောင်ခြင်းက ဘာမှ အကျိုးသက်ရောက်မှု မရှိနိုင်ပါဘူး။

ပြီးတော့ ဒီအမှုက တပ်မတော် ခေါင်းဆောင် တဦးချင်းအပေါ် ဒါမှမဟုတ် တပ်မတော် တခုလုံး အပေါ်မှာ စွဲဆိုတာ မ ဟုတ်ပါဘူး။ နိုင်ငံတော်အပေါ် စွဲဆိုတဲ့ အမှု ဖြစ်ပါတယ်။ အဲဒါကြောင့် တပ်မတော်ကို ကာကွယ်ဖို့ ဆိုတဲ့ အကြောင်း ကြောင့် မဟုတ်ပါဘူး။ တပ်မတော်ကို စည်းရုံးတဲ့ သဘောအတွက်ဆိုရင် ICC ကိစ္စမှာ သူကိုယ်တိုင် ထွက်ပြောတာ၊ ရှင်းတာမျိုး လုပ်မှာပေါ့။

ဒေါက်တာ မျိုးညွန့် 

ပြောရေးဆိုခွင့်ရှိသူ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)

မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ အတွက်ကြောင့် တာဝန်ရှိတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံခြား ရေးဝန်ကြီး တာဝန်နဲ့ ဦးဆောင်ပြီးတော့ ဖြေရှင်းမယ် ဆိုတာကို တရားဝင် ထုတ်ပြန်ထားတာပါ။ ကျနော်တို့ နိုင်ငံနဲ့ ပတ်သက်ရင် ပြည်တွင်းမှာ သိတာနဲ့ နိုင်ငံတကာမှာ သိနေတဲ့ အသိတွေက တော်တော် ကွာပါတယ်။ နိုင်ငံတကာမှာ ပြည်တွင်းမှာ အမှန်တကယ် ဘာဖြစ်ပျက်နေတယ် ဆိုတာကို မသိကြပါဘူး။ အဲဒီတော့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ် ကိုယ်တိုင် အခုလို သွားရောက် ဖြေရှင်းမယ်ဆိုရင်တော့ အကောင်းဆုံး ဖြစ်ပါတယ်။

ကျနော်တို့ကတော့ ကိစ္စကြီးသည် ဖြစ်စေ၊ ငယ်သည် ဖြစ်စေ နိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်တဲ့ ကိစ္စဆိုရင် ထိထိရောက် ရောက် ဖြေရှင်းတာကို အားပေးပါတယ် ခင်ဗျ။ အခုလို ထိထိရောက်ရောက်နဲ့ နိုင်ငံတကာကို အဖြစ်မှန်တွေကို တင်ပြ နိုင်မယ့် အခွင့်အရေးလို့တော့ ကျနော်မြင်ပါတယ်။

ICJ က ဘယ်လောက် လုပ်ထုံးလုပ်နည်းနဲ့ အညီ ဆောင်ရွက်လဲ ဆိုတာ မူတည်ပါလိမ့်မယ်။ အခု ICJ ကနေ လက်ခံ လိုက်တာ ICJ ကနေ မြန်မာနိုင်ငံတွင်း စုံစမ်းစစ်ဆေးဖို့ ပြောတာ။ အာဂျင်တီးနား နိုင်ငံမှာ တရားစွဲဆိုတာ အားလုံးဟာ ရက် အနည်းငယ် အတွင်းမှာ ဖြစ်လာတော့ ဒီလိုအမှုတွေ ဖြစ်အောင်လို့ နောက်ကွယ်ကနေ ဆောင်ရွက်နေတဲ့ အဖွဲ့ အစည်းတွေရဲ့ အင်အားနဲ့ လက်တံကိုလည်း လျှော့တွက်လို့ မရဘူးလို့ ပြောချင်ပါတယ်။

ကျနော်တို့က အစိုးရနဲ့ တပ်မတော် ပူးပေါင်း ဆောင်ရွက်ရမယ် ဆိုတဲ့အခါကျတော့ တပ်မတော်ကတော့ အခုလည်း ပူးပေါင်း ဆောင်ရွက်မယ်လို့ ပြောထားတာပါပဲ ခင်ဗျ။ ကျနော်တို့က ရည်ရွယ်တာကတော့ ဒီမိုကရေစီနိုင်ငံတခုမှာ လူထုက ရွေးချယ်တဲ့ အစိုးရရဲ့ လက်အောက်မှာ တပ်မတော်က လက်နက်ကိုင် အဖွဲ့အစည်း တရပ်အနေနဲ့ တာဝန် ထမ်းဆောင်တာမျိုးက ပိုပြီး သင့်တော်တယ်လို့ ထင်ပါတယ်။ စင်ပြိုင် အဖွဲ့အစည်း နှစ်ရပ်အနေနဲ့ ပူးပေါင်း ဆောင် ရွက်တာမျိုးနဲ့တော့ ရခိုင်ပြည် မြောက်ပိုင်း အရေးအခင်းကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။

တပ်မတော် အနေနဲ့ကတော့ ပူးပေါင်း ဆောင်ရွက်တယ်လို့ ပြောနေတာပါပဲ ခင်ဗျ။ ဒါပေမယ့် လုံခြုံရေးနဲ့ ပတ်သက် လာရင် သက်ဆိုင်ရာ အရပ်သား အစိုးရ အနေနဲ့ ဘယ်လောက် ဆောင်ရွက်နိုင်လဲ။ တိုက်ရိုက် ကိုင်တွယ်နိုင်လဲ ဆို တာကတော့ မေးခွန်း ထုတ်စရာတွေ ရှိနေပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ပြဿနာအားလုံးက ချိတ်ဆက်နေပါ တယ်။ အားလုံးဟာ နိုင်ငံရေးမှာပဲ အခြေခံပါတယ်။ နိုင်ငံအတွင်းမှာ အုပ်ချုပ်ရေး စနစ်ကောင်းကို ပီပီပြင်ပြင် ဆောင် ရွက်ဖို့ အားလုံးသော အဖွဲ့အစည်းက ပါဝင်ဖို့ လိုတယ်လို့ ထပ်လောင်း သတိပေးချင်ပါတယ်။

Dr. Nikolay Listopadov 

မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး

မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စကို ဝင်ရောက် စွက်ဖက်မှု မလုပ်ဘူး။ ဒါကြောင့် နိုင်ငံရေး ရှုပ်ထွေးတဲ့ ပြဿနာ၊ အခက်အခဲ စိန်ခေါ်မှုတွေကို မြန်မြန် ဖြေရှင်းနိုင်ဖို့ ရုရှားနိုင်ငံက နိုင်ငံတကာ ဇာတ်ခုံအပေါ်မှာ အကူအညီ ပေးပါတယ်။ မြန်မာနိုင်ငံ အပေါ် အရေးယူမှု၊ ဒဏ်ခတ်မှု၊ ရှုတ်ချမှုကို ကျနော်တို့ လက်မခံဘူး။ ဘာလို့လဲဆိုတော့ အဲဒါတွေက အပြု သဘော မဆောင်ဘူး။ ကောင်းတဲ့ ရလဒ်တွေကို မပေးနိုင်ဘူး။

နိုင်ငံတကာ ဆိုတာ မြန်မာနိုင်ငံကို အကူအညီ ပေးရမယ်။ ကောင်းတဲ့ အကြံဉာဏ်ပေးဖို့ ရှိရမယ်။ ဒါပေမယ့် နိုင်ငံ တော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောတာက မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို မြန်မာ ပြည်သူ၊ ပြည်သားတွေ၊ မြန်မာ အစိုးရတွေက ဖြေရှင်းဖို့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာပြည် ပြဿနာကို ဘယ်လို ဖြေရှင်းနိုင်မလဲ ဆိုတာ သူ ကောင်းကောင်းသိတယ်။

ဒါပေမယ့် နိုင်ငံတကာ တရားရုံးတွေမှာ မြန်မာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အကျိုးစီးပွားနဲ့ ပတ်သက်ပြီး ကာကွယ်ဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ရဲရင့်ပြီး သတ္တိရှိတဲ့ ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းပြည်ရဲ့ ဆုံးဖြတ်ချက်ကို ကျနော်က ထောက်ခံပါတယ်။ ချီးကျူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ အကျိုးစီး ပွားကို ကောင်းကောင်း ကာကွယ်နိုင်မယ်လို့ ကျနော် ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။ ကျနော် ဒါကိုလည်း ပြောချင်ပါ တယ်။

ဒါကြောင့်မို့ နိုင်ငံတကာက မြန်မာနိုင်ငံကို ဒဏ်ခတ်မှု မပေးဘဲ၊ ကူညီမှုပေးတဲ့ အပြုသဘောဆောင်မှု ပေးတဲ့ ရပ် တည်ချက်ကလည်း အရေးကြီးတယ်လို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံက ရင်ဆိုင်နေရတဲ့ ပြဿနာတွေ၊ စိန်ခေါ်မှုတွေက အင်မတန် ရှုပ်ထွေးတယ်။ ထိလွယ်၊ ရှလွယ်တဲ့ ပြဿနာတွေလည်း ရှိပါတယ်။ ဒါကြောင့် မြန်မာ ပြည်သူ၊ ပြည်သားတွေ မြန်မာ အစိုးရက အဲဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းရင် အကောင်းဆုံး ဆိုတာကိုလည်း သိ ပါတယ်။

အခု ဒုက္ခသည်တွေ ပြဿနာနဲ့ ပတ်သက်ပြီး တချို့က အပြုသဘောဆောင်တဲ့ အချက်အလက်တွေ ရှိပါတယ်။ တချို့ ဒုက္ခသည်တွေဆိုရင် ကိုယ့်ရဲ့ ဆန္ဒအရ ပြန်ရောက်ခဲ့တယ်။ အနာဂတ်မှာ များများ ပြန်ရောက်နိုင်မယ်လို့ ကျနော်ယူဆ မိပါတယ်။ အဲဒီ ပြဿနာကို မြန်မြန်ဖြေရှင်းဖို့လည်း အရေးကြီးပါတယ်။ ရုရှားနိုင်ငံအတွက်လည်း အရေးကြီး ပါတယ်။ ဘာလို့လဲဆိုတော့ ရုရှားနိုင်ငံမှာလည်း မွတ်စလင်တွေလည်း တော်တော်များများ နေထိုင်နေကြပါတယ်။ ရုရှားနိုင်ငံမှာ ဖြစ်ဖြစ်၊ မြန်မာနိုင်ငံမှာ ဖြစ်ဖြစ်၊ ဘယ်ဘာသာကို ကိုးကွယ်တာမဆို ကိုယ့်ရဲ့ လိုအပ်တဲ့အရေးကို ထိန်းသိမ်း ကာကွယ် ဖို့ အရေးကြီးပါတယ်။

မြန်မာနိုင်ငံ အစိုးရက တိုင်းရင်းသား အားလုံး အခွင့်အရေး ရရှိဖို့ များစွာ ကြိုးစားပါတယ်။ အခု ကာကွယ်ရေး စစ်ဦးစီး ချုပ်က အဲဒါကို ဦးစားပေးပါတယ်။ မကြာခင်က သူက ခရစ်ယာန်တွေ၊ ဟိန္ဒူတွေ၊ မွတ်ဆလင်တွေနဲ့လည်း တွေ့ခဲ့ပါ တယ်။ အဲဒါလည်း အပြုသဘောဆောင်တဲ့ လုပ်ရပ်တခု ဖြစ်တယ်လို့ ကျနော်က ယူဆမိပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ် သက်ပြီး ကျနော်က အကောင်းမြင် ဝါဒီ ဖြစ်ပါတယ်။

ဦးခင်မောင်ဇော် 

တရားလွှတ်တော် ရှေ့နေ

ICJ အနေနဲ့က နိုင်ငံတခု ကနေ နိုင်ငံတခုကို တရားစွဲတယ်ဆိုတာက ဒါက ပဏာမ ကြားနာခြင်း ဖြစ်တဲ့ အတွက် ကျနော်တို့ အမှုတွေလို အရောက်တော့ ပြရမှာပေါ့လေ။ နိုင်ငံရဲ့ အစိုးရ အဖွဲ့ အုပ်ချုပ်ရေးထဲမှာ ဘယ်သူမဆို သွားလို့ ရပါတယ်။

အဲဒီလို သွားလို့ရတဲ့ နေရာမှာ နိုင်ငံတော် အတိုင်ပင်ခံက နိုင်ငံခြားရေး ဝန်ကြီး အနေနဲ့ သွားတာပေါ့နော်။ သူ မသွား လည်း ရတဲ့ ကိစ္စကို ဒါကိုသွားမယ်ဆိုတော့ တခြားကိစ္စတွေ မပါဘဲ ဒီတခုတည်းအတွက် ဒေါ်အောင်ဆန်းစုကြည်က ဒါကို သူတာဝန်ယူလိုက်တယ် ဆိုတာကို သဘောကျပါတယ်။ နိုင်ငံတကာမှာ သူ့ရဲ့ ရပ်တည်ချက် တဖြည်းဖြည်းနဲ့ လူ မျိုးရေး ခွဲခြားမှုမှာ ဘက်လိုက်တယ် ဆိုတာလည်း သူက တပ်နဲ့ တပေါင်းတည်းလို ဖြစ်နေတယ်ဆိုတဲ့ ကိစ္စတွေ ဖြစ် နေတဲ့အချိန် ဒီလို သွားလိုက်တာဟာ ၂ မျိုးပေါ့။

တမျိုးက ပိုပြီးတော့ အမြင် ရှင်းသွားနိုင်တယ်။ နောက်တခါသူ့ရဲ့ တာဝန်ယူမှု အပေါ်မှာ နိုင်ငံတကာ ကလည်းပဲ လေး စားနိုင်တာ ရှိတာပေါ့။ တဖက်ကလည်း ဆိုးဝါးနိုင်တာလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီပြဿနာကို သူယူတယ်ဆိုတာ ဟာ တော်ရုံတန်ရုံ လူဆို မယူဘူး။ ကျနော်ကတော့ အဲဒါကို သဘောကျပါတယ်။ အရေးယူမှု ဆိုတာက နိုင်ငံတကာ ဥပဒေ ဆိုတာက နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံ၊ နိုင်ငံတကာ ဥပဒေဆိုတာ တိုက်ရိုက် အပြစ်ပေးတဲ့ ကိစ္စမျိုးတွေက မရှိနိုင် ဘူးဗျ။

သို့သော် နိုင်ငံတကာ ဥပဒေအရ ပြစ်တင် စွပ်စွဲလိုက်လို့ အဲဒီဟာကို မဖြေရှင်းနိုင်ရင် နိုင်ငံရဲ့သိက္ခာ၊ ပုံရိပ်ကျတယ်ပေ့ါ ဗျာ။ ဟိုဘက် ရှာဖွေတွေ့ရှိချက်က ဟုတ်တယ်။ ဒီနိုင်ငံမှာ စစ်တပ်ကပဲ ဖြစ်ဖြစ်၊ အစိုးရကပဲ ဖြစ်ဖြစ်၊ စစ်တပ်က လုပ် ရင်လည်း အဲဒါကို မတားဆီးရင် အစိုးရရဲ့ တာဝန်ဖြစ်တယ်။ အဲဒီတော့ နိုင်ငံရဲ့ ပုံရိပ်ကတော့ ကျဆင်းနိုင်တာပေါ့။ သူတော့ ဖြေရှင်းနိုင်ဖို့ ကြိုးစားတယ်။

ဖြေရှင်းနိုင်တယ်၊ မဖြေရှင်းနိုင်ဘူးဆိုတာ ဟိုရောက်တဲ့အခါ သို့မဟုတ် နိုင်ငံတကာနဲ့ ရပ်တည်တဲ့အခါမှာ သူဟာ နိုင်ငံ တကာက တကယ့် တရားခံတွေက ဘယ်သူလို့ ထင်နေလဲ။ အဲဒီ တရားခံတွေနဲ့ တအားကြီး တွဲလိုက်မိရင်တော့ သူ့ပုံ ရိပ်ပါ ကျဆင်းသွားမှာပေါ့။ ခွဲပြီး ရပ်တည်နိုင်ရင်လည်း သူ့ရဲ့ရပ်တည်ချက်က ကောင်းသွားမှာပေါ့ဗျာ။

ဦးဖေသန်း

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်

ရခိုင်အမျိုးသား ပါတီ

သူကတော့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တယောက် အနေနဲ့ သွားတယ်လို့ မြင်တယ်။ နိုင်ငံတကာကလည်း သူလာဖြေရှင်းတာ ကို အသိအမှတ်ပြု ကျေနပ်လိမ့်မယ်လို့ ထင်တယ်။ ဒါပေမယ့် ကျနော့်အမြင် ပြောရရင်တော့ နိုင်ငံတော်ရဲ့ တကယ့် အကြီးအကဲ တယောက်က ဒီလို ရာဇဝတ်ခုံရုံးကို သွားပြီးတော့ ရှင်းတယ် ဆိုတာမျိုးကိုတော့ သိပ်ပြီး ဘဝင်မကျဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံရေးသမားဟာ နိုင်ငံရေးကိုပဲ လုပ်သင့်တယ်။ ဒါက ဒီ ဖြေရှင်းရမယ့် တာဝန်က ဥပဒေ ပညာရှင်တွေရဲ့ အလုပ်ဖြစ်တယ်။

နိုင်ငံတကာက ဥပဒေ ပညာရှင်ပဲ ဖြစ်ဖြစ် အဲဒီတော့ ပြည်တွင်း ဥပဒေပညာရှင်ပဲ ဖြစ်ဖြစ် အဲဒီလို လွှတ်ပြီး နောက် ကွယ်ကပဲ နေသင့်တယ်လို့ မြင်ပါတယ်။ အဓိက ကတော့ ဖိအားပေးတာပဲ။ တကယ်တမ်း အရေးယူဖို့ကျတော့ ICJ က အရေးယူလို့ မရဘူး။ ကုလသမဂ္ဂကို ပြန်ပြီးတော့ အစီရင်ခံစာ တင်ရမယ်၊ လွန်ရောကျွံရော ရောက်သွားရင် လုံခြုံရေး ကောင်စီပေါ့။ ICJ နဲ့ အကျုံးမဝင်ဘူးဆိုတော့ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ပိုင်ခွင့် ထဲကို ရောက်သွားမယ်။

လုံခြုံရေး ကောင်စီက ဘယ်လို ဆုံးဖြတ်မလဲ၊ အဲဒီအပေါ်မှာ တရုတ်တို့၊ ဆိုဗီယက် ရုရှားတို့က အမြဲတမ်း ဗီတို အာ ဏာနဲ့ ပယ်ချနေကျ ရှိတော့ အဲဒီမှာလည်း လမ်းကြောင်းက အရေးယူနိုင်တဲ့ အခြေအနေထိ ရောက်မှာ မဟုတ်ဘူး။ ဒါပေမယ့် အဲဒီလို လုပ်လိုက်တဲ့ အတွက် နိုင်ငံတကာမှာ ပုံရိပ် ကျသွားမယ်။ Sanction ဝင်လာနိုင်တယ်။ ဖိအားတွေ ဝင်လာနိုင်တယ်။ အဲဒါက နိုင်ငံရဲ့ စီးပွားရေးနဲ့ ဂုဏ်သိက္ခာတော့ ထိခိုက်တာပေါ့။

အဓိက ကတော့ ဒါက လူမျိုးတုံး သတ်ဖြတ်မှု (Genocide) ဆိုတဲ့ ပုံစံမျိုးတော့ ကျနော်တို့ ဘက်က မခံယူဘူး။ ဒါပေ မယ့် အလွန်အကျွံ အင်အား သုံးခဲ့တဲ့ အဆင့်တော့ ရောက်ခဲ့တာပေါ့။ ဒါကတော့ နယ်မြေ ရှင်းလင်းရေး လုပ်တဲ့ အခါ မှာ အကြမ်းဖက်မှုကို ချေမှုန်းတဲ့ အခါ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝပဲ။ အဲဒါမှာ သူတို့ ၇ သိန်းကျော် ပြေးသွားတယ် ဆို တာလည်း သူတို့ (ARSA) ဘက်က ခြိမ်းခြောက်မှုတွေလည်း ပါတယ်။ ကြောက်ရွံ့မှုတွေလည်း ပါတယ်။ မဖြစ်မနေ ပြေးရမယ့် အခြေအနေမျိုး တဖက် (ARSA) က ခြိမ်းခြောက်တာလည်း ပါတယ်။

ဒီအပေါ်မှာ မူတည်ပြီး Genocide ဖြစ်တယ်လို့ ပြင်းထန်တဲ့ ဆောင်ရွက်မှုမျိုးလို့ အဲဒီလိုမျိုး မသတ်မှတ်ဘူး။ သူတို့ ကို ပြေးအောင်လို့ ရည်ရွယ်ချက်ရှိရှိ လုပ်တယ်လို့ မမြင်ဘူး။ အကြောင်းကြောင်းကြောင့် ဒီလိုပြေးတယ်။ ဒီအပေါ်မှာ တကယ်တမ်း အရေးယူရမယ် ဆိုရင်လည်း ကျနော်တို့နိုင်ငံက ဘယ်လို ခုခံကာကွယ်မလဲ။ ဒီဖိအားတွေကို ကျွတ် အောင် ဘယ်လို လုပ်မလဲ ဆိုရင် အဓိက အစိုးရနဲ့ တပ်မတော် ညီညွတ်ဖို့ လိုတယ်။

ပြည်တွင်း ငြိမ်းချမ်းရေးရဖို့ လိုတယ်။ အဲဒီ အခြေခံ အကြောင်းတရားတွေက ညီညွတ်မှုကို ပျက်ပြားစေတယ်။ ညီ ညွတ်မှုကို တည်ဆောက်ရမယ်။ တနိုင်ငံလုံး ညီညွတ်နေရင် ဘယ်လို အခြေအနေမျိုး ရောက်ရောက် ကြံ့ကြံ့ခံလို့ ရတာပေါ့။ ဒါကြောင့် ပြည်တွင်း ငြိမ်းချမ်းရေးဟာ တကယ့်ကို လိုအပ်တယ်။ အမျိုးသား ရင်ကြားစေ့ရေးဟာလည်း တကယ့်ကို လိုအပ်တဲ့ အခြေအနေကို ရောက်နေပြီလို့ မြင်ပါတယ်။

ဦးမောင်မောင်စိုး 

ရခိုင်အရေး လေ့လာစောင့်ကြည်သူ

နိုင်ငံတကာမှာ သူက အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့  (OIC) နိုင်ငံတွေက အင်အား ကောင်းကောင်းနဲ့ ငွေရေးကြေးရေး ပြည့်ပြည့်စုံစုံနဲ့ ဝါဒ ဖြန့်ချီခွင့် ရထားတဲ့ အချိန်အခါမျိုး ဖြစ်တယ်။ ကျနော်တို့ အနေနဲ့ ICJ မှာ မြန်မာ နိုင်ငံဟာ ပြောဆိုခွင့်ရတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ချေပခွင့်ရတယ် ဆိုတာ ဈေးသက်သက်သာသာနဲ့ ကိုယ့်ရဲ့ သဘောထားကို ချပြခွင့် ရတယ်လို့ ယူဆရင် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

ဒါကတော့ OIC နိုင်ငံတွေ အနေနဲ့ ကတော့ ဒီဘင်္ဂါလီ ဒုက္ခသည်တွေ ပြန်ပို့ရေးဆိုတဲ့ဟာကို ရိုးရိုး ပြန်ပို့တာကို လက်ခံ ချင်ပုံ မရပါဘူး။ ဒီလူတွေအတွက်နေရာ တခု၊ ဘူးသီးတောင်၊ မောင်တော နေရာမှာ နေရာတခုရဖို့ ဆိုတဲ့ ရည်ရွယ် ချက်က နောက်မှာ ကပ်ပါတယ်လို့ ထင်ပါတယ်။ ရှုပ်ထွေးတဲ့ ပြဿနာကို ကျနော်တို့ အနေနဲ့ မှန်မှန်ကန်ကန် ကိုင် တွယ်ဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။

အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ အဖွဲ့ဝင်နိုင်ငံတွေက ကိုယ်နဲ့ ပတ်သက်တဲ့ ဘယ်အမှုမဆို ICJ မှာ တရား ရင်ဆိုင်ဖို့ လိုတာကို။ အခုဟာက OIC နိုင်ငံတွေ ကိုယ်စား တရားရင်ဆိုင်ဖို့ပဲ ဖြစ်တာပေါ့။ ICJ က အရေးယူတယ်၊ အရေးမယူ ဘူး ဆိုတဲ့ အဆင့်ကို မရောက်သေးဘူး။ ICJ မှာ ကျနော်တို့က တရားရင်ဆိုင်တဲ့ အဆင့်ပါပဲ။ ဒါက နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံကြားမှာ ဖြစ်တဲ့ ပြဿနာပါပဲ။

ကုလသမဂ္ဂ ပဋိဉာဉ် စာချုပ်ပါ အတိုင်း ကုလသမဂ္ဂ ကမ္ဘာ့ခုံရုံးပေါ့ဗျာ။ ICJ မှာ တရားရင်ဆိုတာပါပဲ။ ၁၈၂၅ ခုနှစ် အင်္ဂလိပ်တွေ ရခိုင်ကို သိမ်းပြီးတဲ့အခါမှာ ဈေးပေါတဲ့ လုပ်သားတွေန့ စစ်တကောင်းတွေ အများကြီး ခေါ်သွင်း လာ တယ်။ လူဦးရေ များပြားလာတဲ့ အခါမှာ ပြဿနာတွေ ဖြစ်ကြတယ်။ ၁၉၄၂ ခုနှစ် ဒုတိယ ကမ္ဘာစစ်မှာ ရခိုင်နဲ့ ကုလား အရေး အခင်းဖြစ်ပြီးတော့ ရခိုင်တော်တော်များများ အသတ်ခံရတယ်။ ဘင်္ဂါလီ တချို့လည်း သေဆုံးမှုတွေ ရှိတယ်။

ဒီလို အဖြစ်ပျက်ကြောင့် လူ့အဖွဲ့အစည်း ၂ ခုကြားထဲမှာ အမုန်းတရားတွေ ကြီးထွားလာခဲ့တယ်ဆိုတဲ့ အကြောင်း တရားတွေက စလို့ ဒီပုန်ကန်မှုတွေ၊ သတ်ဖြတ်မှုတွေ နောက်ပြီး ဒီကိစ္စတွေ စတင်ခဲ့တဲ့ အကြောင်းအရာတွေ အား လုံးကို သမိုင်းကြောင်းနဲ့ ချီပြီး ရှင်းပြဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။

ဦးခွန်ဝင်းသောင်း 

အမျိုးသား လွှတ်တော် ကိုယ်စားလှယ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)

ဒီပြဿနာကို ရှောင်လွဲလို့ မရဘူး။ ဖြေရှင်းမှ ရမှာလေ။ တိုင်းပြည် အကြပ်အတည်း တခု ဖြစ်လာတဲ့အချိန်မှာ မိသားစု တွေလိုပဲပေါ့။ ကိုယ့်အိမ်မှာ ပြဿနာ တခုဖြစ်ပြီ ဆိုရင် ရှောင်လို့ မရဘူးလေ။ ဆိုးသည်ဖြစ်စေ ကောင်းသည် ဖြစ်စေ ၊ မှန်သည်ဖြစ်စေ၊ မှားသည် ဖြစ်စေ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ကိုယ်တိုင် တာဝန်ယူပြီးတော့ သွားမယ်ဆိုတော့ အားလည်း အားရပါတယ်။ ဖြစ်လည်း ဖြစ်သင့်ပါတယ်။

ဒီအချိန်မှာ ပြဿနာတခုဖြစ်လာပြီဆိုရင် မင်းကြောင့်၊ ကိုယ့်ကြောင့် ဆိုတာ မဟုတ်ဘဲနဲ့ အပြစ်ပြောရင် ပိုပြီးမှ ကောင်းတဲ့ အချက်ဆီကို မရောက်ဘူးလေ။ အဲဒီတော့ အပြစ်မပြောဘဲနဲ့ ကောင်းတဲ့ဘက်ဆီကို ရောက်အောင် ဘယ် လို ဖြေရှင်းမလဲ ဆိုတာကို ပြင်ဆင်တာကတော့ ဒါ နည်းမှန်လမ်းမှန်ပဲလို့ အဲဒီလိုပဲ မှတ်ချက် ပေးချင်ပါတယ်။ ပြဿနာ တွေ ဖြစ်ပြီဆိုရင်တော့ မကောင်းဘူးပေါ့။ ဒါတွေက ကိုယ့်တိုင်းပြည် အားနည်းချက်တွေလည်း ပါပါတယ်။ ဒီဟာဖြစ်စဉ် က မီဒီယာနဲ့ ပတ်သက်လို့ ကမ္ဘာကို မထိုးဖောက်နိုင်ခဲ့ဘူး။ အမှန်ကို မထိုးဖောက်နိုင်ခဲ့ဘူးလေ။

မဆိုင်သလိုပဲ နေခဲ့ကြတော့ အိမ်တအိမ်မှာ မီးလောင်နေတဲ့ အိမ်ကို ကြိတ်ပြီးမှ မီးလောင်သလို ဖြစ်နေတာကိုး။ မီး သတ်ဆေးဗူး သုံးသင့်ရင် သုံးမယ်။ အကူအညီ တောင်းသင့်ရင် တောင်းရမှာပေါ့။ အဲဒီ အချိန်အခါတုန်းက အပြင်ကို သတင်း ပေါက်ရောက်အောင် မဖြန့်နိုင်ဘူးလေ။ ကိုယ်မှန်နေတဲ့ဟာ အမှား ဖြစ်သွားတာပေါ့။ ဒါကြောင့် အဓိကတော့ ကိုယ့်အချင်းချင်း သင့်မြတ်ရင် ပိုကောင်းပါတယ်။ ခက်တာက ကိုယ့်တိုင်းပြည်မှာ တိုးတက်ရာ တိုးတက်ကြောင်းတွေ ကို မလုပ်နိုင်ဘဲနဲ့ ဒီပြဿနာတွေကို ဖြေရှင်းနေလို့ကို မဆုံးသေးဘူး။

နောက်တခုက ဆင့်ပွား၊ ဆင့်ပွားတွေ ဖြစ်လာတော့ မကောင်းတဲ့ အလားအလာပေါ့။ ငါက ဘာလူမျိုး၊ သူက ဘာလူ မျိုးဆိုပြီး ပြဿနာတွေ တက်နေတာလည်း ရှိတယ်။ သူများ တိုင်းပြည်မှာ ဒါမျိုးတွေ မရှိပါဘူး။ အဓိက လုပ်ရမှာက ကိုယ်တွေ စည်းရုံးဖို့ လိုတယ်။ နားလည်ဖို့ လိုတယ်။ ဒါ ခေါင်းဆောင် တယောက်တည်း လုပ်နေလို့လည်း မရဘူး။

ဦးထွန်းကြည် (အစ္စလာမ် ဘာသာဝင်)

နိုင်ငံရေး အကျဉ်းသားဟောင်း

ခေါင်းဆောင်ကောင်း တယောက်ရဲ့ တာဝန်ယူမှု တာဝန်ခံမှု စိတ်ဓာတ်နဲ့ အခုလိုမျိုး ဖြေရှင်းတာကို ပထမဆုံး ကြိုဆို တယ် ထောက်ခံတယ်။ ဒေါ်အောင်ဆန်းစုကြည်သည် တာဝန်ယူမှု တာဝန်ခံမှု စိတ်ဓာတ်နဲ့ သွားရောက် ဖြေရှင်းမှာ ဖြစ် တဲ့အတွက် ပြည်သူတရပ်လုံး အနေနဲ့ ဝန်းရံသင့်တယ်၊ ကြိုဆိုထောက်ခံသင့်တယ်လို့ ပြောချင်ပါတယ်။

လောလောဆယ် ဒီလိုစွဲတဲ့ အတွက် တို့ တိုင်းပြည်ရဲ့ ပုံရိပ်ထိခိုက်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် တကြိမ်တခါမှ မရှိခဲ့ဘူး။ တိုင်းပြည်အတွက်ရော နိုင်ငံသားတွေ အတွက်ရော နစ်နာတယ်။ အဲဒီအတွက် ဒီဟာတွေကို ဘယ်သူတွေ လုပ်ခဲ့ ကျူးလွန်ခဲ့သလဲ။ အခု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဘူးခံ ငြင်းပယ် လို့တော့ မရဘူးပေါ့။ ဘာပဲပြောပြော ဒေါ် အောင်ဆန်းစုကြည် ဦးဆောင်သွားမယ့် အပေါ်မှာ နိုင်ငံကိုလည်း ကိုယ်စားပြုပြီး သွားမယ်လို့ ယုံကြည်တယ်။

အမှုစွဲလိုက်တဲ့ နောက်ဆက်တွဲက အခက်အခဲ စိန်ခေါ်မှုပဲ။ ဒါကို ဘယ်လို ကျော်ဖြတ်မလဲ။ ဒီအပေါ်မှာ မြင်ရသ လောက်က အပြစ် ကျူးလွန်တဲ့သူတွေကို အကာအကွယ်ပေးဖို့ သွားမယ်လို့တော့ မယုံကြည်ဘူး။ ထင်လည်း မထင် ထားဘူး။

အဓိက ဒေါ်အောင်ဆန်းစုကြည် သွားတာသည် အမှန်တရားကို ရှာဖွေဖို့ သွားတယ်လို့ပဲ အလေးအနက် ယုံကြည်တဲ့ အတွက် နောက်တချက်က အမှန်တရား၊ တရားမျှတမှုနဲ့ ပတ်သက်လာရင် အပြစ်ရှိတဲ့သူ ဘယ်သူ့ကိုမှ ကာကွယ်လို့ မရဘူး။ ဒါကတော့ ဥပဒေကြောင်း အရပဲ လုပ်တဲ့သူ လေးလေးနက်နက်ခံယူပါ။ ကျေကျေနပ်နပ် ခံယူပါ။

ဒါမှသာလျှင် တရားစွဲဆိုထားတဲ့ ကိစ္စတွေက ပြီးပြတ် ပြေလည်သွားမယ်။ ပိတ်ဆို့ အရေးယူမှုတွေ ကဲ့ရဲ့ အပြစ်တင်မှု တွေကို အချိန်မီ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးတယောက်အနေနဲ့ သွားရောက် ဖြေရှင်းမှာဖြစ်တဲ့ အတွက် တိုင်းပြည် ဂုဏ်သိက္ခာ၊ ပုံရိပ်ကျဆင်းနေတာတွေကို ပြေလျော့စေမယ်လို့တော့ ရှုမြင် သုံးသပ်ပါတယ်။

နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် တိုင်းပြည် အပေါ်မှာ မြင်နေတာတွေ၊ သဘောထား မပြောင်းတာတွေ လက်ညိုးထိုး အပြစ်တင်နေတာတွေ ပိတ်ဆို့ အရေးယူတာတွေတော့ အခုလို သွားရောက် ဖြေရှင်းတဲ့အပေါ်မှာအတိုင်း အတာတခု အထိ ဖြေလျှော့မှု ပြေလည်မှုတွေ ရင်ဆိုင်ရမယ်လို့ မျှော်လင့်တယ်။ သို့သော်လည်း အစိုးရအနေနဲ့တော့ အရင်ပုံစံအတိုင်း သွားလို့ မရဘူး။

ရခိုင်မြောက်ပိုင်း ကိစ္စနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာ ပေါ်လစီတွေ ချမှတ်ပြီး နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုတွေ ပြည်တွင်းက ကိုယ်စားပြု ခေါင်းဆောင်တွေ ဘာသာရေး ခေါင်းဆောင်တွေ ငြိမ်းချမ်းရေး သင့်မြတ်ရေးကို ဦးထိပ်ပန်တဲ့သူတွေနဲ့ တွေ့ဆုံ ဆွေးနွေး အဖြေရှာမယ်ဆိုရင် ပြည် တွင်းရော နိုင်ငံတကာ ကပါ အမြင်လွဲမှားမှုတွေကို ပြေလည်စေမယ်လို့ ရှုမြင် သုံးသပ်ပါတယ်။

အနှစ်ချုပ် ပြောချင်တာကတော့ ဘယ်သူတွေ ဒီပြစ်မှုတွေ ကျုးလွန်ထားသလဲ၊ လုပ်ရဲရင်တော့ ခံရဲရမယ်။ အဲဒါက တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ၊ ပုံရိပ် အဲဒါကို ကာကွယ်ဖို့ လိုတယ်။ အဲဒီလို မဟုတ်ဘဲ အပြစ် ကျူးလွန်ထားသူတွေက ဘူးခံ နေသမျှ ကာလပတ်လုံး တိုင်းပြည်အပေါ်မှာတော့ နိုင်ငံတကာ ဖိအားတွေက လျော့သွားမှာတော့ မဟုတ်ဘူး။

ဒေါက်တာ စိုးထွန်း 

စီးပွားရေး လုပ်ငန်းရှင်

ဒီကိစ္စမှာ အတိုင်ပင်ခံ ကိုယ်တိုင် ဖြေရှင်းမယ် ဆိုတော့ အတိုင်အပင်ခံဆိုတာ ကမ္ဘာက လေးစားရတဲ့ ပုဂ္ဂိုလ် ဖြစ် တယ်။ အင်္ဂလိပ်စာလည်း ကြွယ်ဝပြီး၊ သူကိုယ်တိုင် ဖြေရှင်းတာ ဖြစ်တဲ့အတွက်  ကျနော်တို့ တိုင်းပြည်အတွက်  အကျိုးရှိပါတယ်။

ဖြစ်နေတဲ့ ဘင်္ဂါလီအရေးမှာ ဆိုရင်လည်း ကျန်တဲ့ UN တို့ ဘာတို့ အဖွဲ့အစည်းမှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်တို့ ကျန် တဲ့ အစိုးရ အဖွဲ့ ခေါင်းဆောင်တွေ ကိုယ်တိုင်ကနေပြီးတော့ စွပ်စွဲ အပြစ်တင်နေတာပေါ့နော်။ အဲဒီမှာ တောက် လျှောက် နိုင်ငံခြားရေး ဝန်ကြီးက သွားတာ မရှိဘူး။ အခု သွားမယ်ဆိုတော့ ပိုပြီး ကောင်းပါတယ်။

ကိစ္စတခု ပေါ့ပေါ့ထားလို့တော့ မရဘူးပေါ့နော်။ လက်ရှိ  အခြေအနေကတော့ နိုင်ငံတော် အတိုင်ပင်ခံ အနေနဲ့ နိုင်ငံ ရေးဝန်ကြီးပါ  ပူးတွဲ တာဝန်ယူထားတဲ့ အတွက်ကြောင့်မို့လို့ အခုလိုဆောင်ရွက်တာတော့ သင့်တော်တယ်လို့ မြင်ပါ တယ်။

ဒီလို ပြုလုပ်ခံရတဲ့ အတွက်က အဓိကတော့ သိက္ခာ ကျတယ်ပေါ့ဗျာ။ ဂုဏ်သိက္ခာနဲ့ ဆိုင်တယ်ပေါ့နော်။ အရင်တုန်းက ကျနော်တို့ မြန်မာလူမျိုးရဲ့ အလေ့အထ အရပေါ့။ ရိုင်းပင်းတယ်၊ ကူညီတယ်။ ဖော်ရွေတယ်။ ဒါမျိုးတွေ မြင်တာပေါ့။ အခု ကိစ္စဖြစ်ပြီးတဲ့ အချိန်မှာ နောက်ပိုင်းမှာ ကျနော်တို့ အပေါ်မှာ အမြင်တမျိုး ဖြစ်လာတာပေါ့နော်။ ဒါကတော့ ဖြေ ရှင်းရမယ့် အရာတခုတော့ ဖြစ်လာတာပေါ့။ စီးပွားရေး အရ၊ လူမှုရေး အရ၊ ဂုဏ်သိက္ခာ အရရော ထိခိုက်လာနိုင်တာ ပေါ့။

အစတည်းက အလေးအနက်ထားပြီး ကိုင်တွယ်သင့်တာပေါ့။ အစက ပေါ့ပေါ့ပဲ သဘောထားတယ်လို့ ကျနော် မြင် တယ်။ ခုနကလိုUN တို့ ဆွေးနွေးတဲ့ ပွဲမှာ ထိထိရောက်ရောက်  ပြန်လည် ချေပတာမျိုး မတွေ့ဘူးပေါ့နော်။

လက်ရှိ ဖြစ်နေတာက Software  ပြဿနာပေါ့။ လူတွေရဲ့ စိတ်နဲ့ ပိုပြီး ဆိုင်တာပေ့ါနော်။

ဥပမာ ဘင်္ဂါလီနဲ့ ရခိုင်နဲ့  ဗမာ အစိုးရ အမျိုးသားရေး ကိစ္စတွေမှာ ဖြေရှင်းဖို့ ဒီဘက်ကတော့ ပြန်လာဖို့ Hardware တွေ  ပြင်နေတာ တွေ့ရ တယ်။ အဆောက်အဦးတွေ ဆောက်တာ ဘာတွေ တွေ့ရတယ်။ ကျနော့် အမြင်ကတော့ တွေ့ဆုံ ဆွေးနွေးတဲ့ ပွဲတွဲ လုပ်ပေးရမယ် ထင်တယ်။

ဟိုဘက်က ဘင်္ဂါလီဘက်က ကိုယ်စားလှယ်၊ ဒီဘက်က ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်တွေကို အစိုးရအဖွဲ့ အနေ နဲ့ တွေ့ဆုံပွဲတွေ လုပ်ပေးရမယ်။ နိုင်ငံတကာ Express  ဆိုတဲ့ သူတွေကို ဖိတ်ပြီးတော့ ပူးပေါင်း ဆောင်ရွက်ဖို့ လိုပါ တယ်။ အခုဖြစ်နေတာက ဟိုဘက်က တောင်းဆိုတာက လွတ်လပ်စွာ တောင်းဆိုခွင့်ကို တောင်းဆိုတယ်။ လူအခွင့် အရေး ဆိုတာ ဒီဥစ္စာကို ပြောတာလေ။

ကျနော်တို့ ဒီဘက်မှာက ဘင်္ဂါလီတွေကို မိရင် သတင်းစာထဲမှာ ဘယ်နှယောက် မိတယ်တို့ ဘာတို့က ဒါ ကျနော်တို့ အတွက်က ဒါ ဂုဏ်ယူစရာ ဖြစ်နေတာပေါ့နော်။ အဲဒီ ၂ ခုက လွဲနေတယ်လို့တော့ မြင်ပါတယ်။ ကျန်တဲ့ တိုင်းပြည်မှာ ဂျပန်တို့ ဘာတို့မှာနေခဲ့ဖူးတုန်းက အိုဘာစတီးလို့ ခေါ်တဲ့ ဗမာလူမျိုးတွေ ရှိတယ်။

သူတို့ကိုလည်း လွတ်လပ်စွာ သွားလာခွင့် ပေးရတာပေါ့နော်။ ဆေးကုသခွင့်၊ ပညာသင်ကြားခွင့် တို့ အဲဒီလို ရှိတယ်။  လူမျိုးရေးအရ ကြည့်ရင်တော့ ကျနော်တို့က ဒီဘက်ကို ဘင်္ဂါလီ ဝင်လာရင် ဖမ်းရမလို ဖြစ်နေတာပေါ့နော်။ အဲဒါတွေ က နိုင်ငံတကာ စံနှုန်းနဲ့ ကြည့်ရင်တော့ လွဲနေတာပေါ့။

မောင်ဆောင်းခ

လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံမှာ အကြီးအကဲ ဖြစ်တယ်။ နိုင်ငံခြားရေး ဝန်ကြီးနေရာမှာ တာဝန်ယူထားတာလဲ ဖြစ်တဲ့ အတွက် ဒီကိစ္စမှာ ကိုယ်တိုင် တာဝန်ယူ စီစဉ်တာ ကောင်းတယ် ဆိုတဲ့ စဉ်းစားချက် ရှိပုံရပါတယ်။ နောက်တခု က ဒီကိစ္စမှာ တပ်မတော်နဲ့ အပေးအယူတွေ ရှိကောင်း ရှိနိုင်ပါသေးတယ်။

ကျနော်တို့က မေတ္တာရပ်ခံချင်တာကတော့ ဖြေရှင်းကြတဲ့ အခါမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိခဲ့ဘူး ဆိုတာ မျိုးသွားပြီး ခုခံကာကွယ်တာထက်စာရင် လက်ရှိဖြစ်နေတာတွေက ဘယ်က ဘယ်လိုကြောင့် ဖြစ်ရတယ်ဆိုတာ ပြော တာမျိုး၊ နိုင်ငံရဲ့ အခြေအနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပေးထားတဲ့ အခွင့်အာဏာအကြောင်း ပြောဆို ရှင်းလင်း တာမျိုး ဖြစ်စေချင်ပါတယ်။

အခွင့်အရေး ချိုးဖောက်မှုတွေဟာ ဘာကြောင့် ဖြစ်ရတယ် ဆိုတာ တကမ္ဘာလုံး သိအောင် ပြောတာမျိုး၊ ဒီလိုတွေ ထပ် မဖြစ်အောင် ပြင်ဆင်နိုင်ဖို့ အတွက် အကူအညီ တောင်းခံတာမျိုးတွေ ပိုပြီး ဖြစ်စေချင်ပါတယ်။ တရားစွဲခံရမှုကို ဖြေ ရှင်းတာကနေ လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေ အတွက် တရားမျှတမှုတွေ ရလာမယ်လို့လည်း ယုံကြည်ပါတယ်။ တပ်မတော်နဲ့ ပတ်သက်တဲ့ အသိုင်းအဝိုင်းနဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်နေသူတွေကတော့ ဒီကိစ္စမှာ နိုင်ငံတော်ကို တရားစွဲတယ် ဆိုတာမျိုး ပြောဆိုကြတာပေါ့။

ဖဒိုမန်းငြိမ်းမောင် 

(ကရင်အမျိုးသားအစည်းအရုံး(KNU)၊ အမြဲတမ်း ဗဟိုကော်မတီဝင်)

တရားစွဲခံရတာက ကျနော်တို့ တိုင်းပြည်ကို မတရား သက်သက် ဖိအားပေးတာပဲဗျ၊ သူတို့ မွတ်စလင် အသိုင်းအဝိုင်း က ယနေ့ကမ္ဘာမှာ အားကြီးတဲ့ အခါကျတော့ သြဇာကို ငွေကြေးနဲ့ ထူထောင်ပြီး ကျနော်တို့ တိုင်းပြည်ကို သက်သက် ဖိအားပေးတာပါပဲ။ အစိုးရက တင်ပြတာတွေ ရှိတာပဲ။ နောက်ပြီး ဟိန္ဒူတွေ ရာနဲ့ချီပြီးတော့  အသတ်ခံရတုန်းက ကျ တော့ ကမ္ဘာကြီးက မျက်ကွယ်ပြုပြီးတော့ စကားထဲ ထည့်မပြောကြဘူး။ ဟိန္ဒူ အခု ပြန်လာချင်တယ်၊ ပြန်ခွင့်မပေး ဘူး။ ဓားစာခံတွေလို လုပ်ထားတယ်။ အဲဒါတွေကျတော့ ထည့်သွင်း မစဉ်းစားဘူး။

တရားစွဲချင် စွဲပါ၊ ဒါပေမယ့် တရားမျှတမှု ရှိရမယ်လေ။ အခုက တရားမျှတမှု မရှိဘူးလို့ မြင်တယ်။ နိုင်ငံတော် အတိုင် ပင်ခံ ပုဂ္ဂိုလ်ကတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် ရှေ့ထွက်ပြီး ရပ်တည်ပြတာကို ကျနော်တို့ ထောက်ခံတယ်။ ကျေနပ် တယ်။ နိုင်ငံနဲ့လူမျိုးအတွက် ဖြစ်လာတဲ့ အခါကျတော့ ကျနော်တို့ရဲ့ သဘောထားကွဲလွဲမှုတွေက ဘာမှမဟုတ်တော့ ဘူး။ ကျနော်တို့ စည်းလုံး ညီညွတ်ရမယ်။ ညီညီညွတ်ညွတ်နဲ့ ဒါကို မရင်ဆိုင်နိုင်ဘူး ဆိုရင် ကျနော်တို့ တိုင်းပြည် အခက်အခဲ အများကြီး ရှိတယ်။

အစိုးရနဲ့ တပ်မတော်က အတိတ်မှာ ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ အခုချိန်မှာ ညီညွတ်ဖို့ လိုတယ်။ ရှေ့ထွက်တဲ့ ခေါင်းဆောင် နောက်ကို တညီတညွတ်တည်း ရပ်ဖို့လိုတယ်။ ဒီချိန်မှာ တယောက်နဲ့တယောက် လက်ညှိုးထိုး အပြစ်ပြောနေလို့ မရ တော့ဘူး။ ကျနော်တို့ တိုင်းရင်းသားတွေကို ကျနော် ပြောချင်တယ်။ ကျနော်တို့ရဲ့ ဆန္ဒတွေကို ရှေ့တန်း မတင်ပါနဲ့။ တိုင်းပြည် ဒုက္ခရောက်ရင် အားလုံး ဒုက္ခရောက်မှာ။ တိုင်းရင်းသားတွေကို ကွက်ချန်ထားမှာ မဟုတ်ဘူး။

ဒီနေ့ ပါဝင်ပတ်သက်နေတဲ့ ခေါင်းဆောင်တွေ၊ အင်အားစုတွေ အားလုံးက တိုင်းပြည်မျက်နှာ၊ ပြည်သူ့ မျက်နှာကို ထောက်ထားပြီးတော့ မရှိသင့်တဲ့ မာန်မာနတွေကို ခဝါချပြီးတော့ စည်းလုံးစွာ အန္တရာယ်ကို ရင်ဆိုင်ဖို့ လိုအပ်ပါတယ်။ ICJ ရဲ့အန္တရာယ်ကို ချပြပြီးတော့ အမျိုးသားရေး စိတ်ဓာတ်ကို လှုံ့ဆော်ရမယ်။ လိုအပ်ရင် အရွယ်ရောက်သူတိုင်း စစ်မှုထမ်းတာမျိုး လုပ်ကြရမှာပဲ။ ကျနော်တို့ မညီညွတ်ရင် သူများ တက်နင်းမှာပဲ။

ဗိုလ်မှူးကြီး စိုင်းငင်း 

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ အတွင်းရေးမှူး-၂

ပြည်ထောင်စုအရေးဟာ မိမိတို့ အရေးဖြစ်တယ်ဆိုတဲ့ အတိုင်း ပြည်ထောင်စု ပုံရိပ်ကို ထိခိုက် ကျဆင်းစေမယ့် ပြည် တွင်း၊ ပြည်ပကနေ သာသာထိုးထိုး ကြိုးပမ်း လုပ်ဆောင်နေတဲ့ ထိုးနှက်မှုတွေကို မိမိတို့အနေနဲ့ တဖက်တလမ်းက လိုအပ်သလို တန်ပြန်ပြီး ပြန်လည် အဖတ်ဆယ် ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြတယ်လို့ နိုဝင်ဘာ ၁၈ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်သည့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် ညှိနှိုင်းရေး အဖွဲ့ အစည်းအဝေး အပြီးတွင် ပြောဆိုထားသည်။

ဦးသိန်းသန်းဦး 

တရားလွှတ်တော် ရှေ့နေ

မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများ အသင်း အထွေထွေ အတွင်းရေးမှူး

ဒေါ်အောင်ဆန်းစုကြည်က အခု ကိစ္စမှာ နိုင်ငံခြားရေးဝန်ကြီး တယောက်အနေနဲ့ တာဝန်ခံ ဆောင်ရွက်ဖို့ တာဝန်ရှိပါ တယ်။ ဘာကြောင့်လဲ ဆိုတော့ တရားစွဲတာက တိုင်းပြည်ကို တရားစွဲတာလေ။ ICJ စွဲတာက နိုင်ငံချင်းပဲ စွဲခွင့်ရှိတာ၊ အဖွဲ့ဝင် နိုင်ငံချင်း တရားစွဲဆိုတာတော့ ဂမ်ဘီယာက မြန်မာနိုင်ငံကို တရားစွဲတာဆိုတော့ မြန်မာနိုင်ငံ တာဝန်ရှိသူ အနေနဲ့ ခုခံဖို့ တာဝန်ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြား ရေး ဝန်ကြီးဆိုတော့ နိုင်ငံတကာ ဆက်ဆံရေးကို ပိုပြီတော့ ကျွမ်းကျင်တယ်။ အဲဒီအတွက် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ပြီး ထုချေ ဖြေရှင်းတာ မှန်တယ်။

နောက်ပြီး ကုလသမဂ္ဂ အဖွဲ့ကြီးကိုလည်း လေးစားရာ ရောက်ပါတယ်။ ဒီလို ကိစ္စဖြစ်ခဲ့ရတာဟာ ကုလသမဂ္ဂကနေ လွှတ်လိုက်တဲ့ အချက်အလက် ရှာဖွေရေး ကော်မရှင်ကို မြန်မာနိုင်ငံက လက်မခံခဲ့တဲ့ အကျိုးဆက်အဖြစ် နောက်ဆက် တွဲ လောင်မီးကျတာပဲ။ အဲဒီတော့ အခုက စပြီးတော့  လေးလေး စားစားနဲ့ အဆင့်တိုင်း အဆင့်တိုင်းမှာ စနစ်တကျ မခု ခံရင် နောက်မှာ ကိုယ်ကျိုးနည်းစရာ ရှိတယ်။ ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက် ဖြေရှင်းတာကို ထောက်ခံတယ်။

ဥပဒေရှုထောင့် အမြင်အရ ပြောရမယ်ဆိုရင် ဂမ်ဘီယာနိုင်ငံက အချက်အလက် အထောက်အထားတွေနဲ့ တင်မှာ၊ ပြီး တော့ ဂမ်ဘီယာနိုင်ငံက ငှားရမ်းထားတဲ့ ရှေ့နေအဖွဲ့ကြီးက ကမ္ဘာကျော် ရှေ့နေအဖွဲ့ကြီး ဖြစ်တယ်။ ကမ္ဘာကျော် ရှေ့ နေကြီးတွေ ပါဝင်ပြီး ၁၉၄၃ ခုနှစ်လောက်က စပြီး တည်ထောင်လာတာ ICJ ထက် စောတယ်။ အပြည်ပြည်ဆိုင်ရာ တရားရုံးက ၁၉၄၆ မှ စတာ။

အဲဒီတော့ အတွေ့အကြုံတွေက အများကြီး ရှိနေတယ်။ ပြီးတော့ ဂမ်ဘီယာနိုင်ငံကလည်း ခိုင်မာတဲ့ သက်သေ အထောက်အထားတွေ မပါဘဲနဲ့တော့ နိုင်ငံတကာ တရားရုံးကို လာမယ် မထင်ဘူး။ ဒါကြောင့် ကိုယ့်ဘက်က လေး လေးနက်နက်နဲ့ ကြိုတင် ပြင်ဆင်ထားရမယ်။

ကိုယ့်နိုင်ငံ အနေနဲ့ အရင်က ပူးပေါင်း ပါဝင်မှု မရှိခဲ့ဘူး။ မြန်မာနိုင်ငံကို စွပ်စွဲတဲ့ ကိစ္စကို အရင်က ငြင်းခဲ့ကြတာလေ။ အစိုးရကလည်း ငြင်းတယ်၊ စစ်တပ်ကလည်း ငြင်းတယ်။ အဲဒီလို ငြင်းနေပါလျက်နဲ့ ဘာကြောင့် စုံစမ်း စစ်ဆေးဖို့ လုပ် ပါရစေ ဆိုပြီး ဝင်လာတဲ့သူတွေကို လက်မခံခဲ့ကြတာလဲ ဆိုတဲ့ ပြဿနာရှိတာပေါ့နော်။

အဲဒီတော့ ဥပဒေအမြင် အရ ပြောရမယ်ဆိုရင် ကိုယ်က နိမ့်နေပြီ၊ အခုက ပူးပေါင်းဆောင်ရွက်ဖို့ပဲ ရှိတယ်။ ကိုယ့်မှာ အပြစ်မရှိရင် မရှိတဲ့ အကြောင်းပေါ့နော်၊ အပြစ်ရှိရင် အပြစ်ရှိတဲ့သူကို အရေးယူလိမ့်မယ်၊ အပြစ်ရှိကြောင်း ပေါ်ပေါက် ခဲ့ရင်လည်း အပြစ်ရှိသူကို ကာကွယ်မပေးဖို့ လိုတယ်၊ တိုင်းပြည်နဲ့လည်း မဆိုင်ဘူး၊ တပ်မတော် တခုလုံးနဲ့လည်း မဆိုင်ဘူး၊ ကျုးလွန်တဲ့ အစိတ်အပိုင်းကိုပဲ အရေးယူဖို့ လိုတယ်၊ ဒါကို ကိုယ့်နိုင်ငံက လုပ်တာပဲ ဆိုပြီး ကာကွယ်ရင် တော့ မှားမှာပဲ၊ အမှန်တရား အတိုင်း ရပ်တည်ဖို့ လိုတယ်။

ကုလသမဂ္ဂကနေ အချက်အလက် ရှာဖွေရေး ကော်မရှင် (UN Fact finding Mission) လာတုန်းက ဒေါ်စုနဲ့ အစိုးရ အဖွဲ့က မလိုဘူး ဆိုပြီး လက်မခံဘူး၊ အဝင်မခံဘူး၊ မလိုဘူး ဆိုပြီး ပြောလွှတ်လိုက်တာ၊ အဲဒီလိုငြင်းလိုက်တာရဲ့ အကျိုးဆက်ကို မြန်မာနိုင်ငံက တာဝန်ခံရပါလိမ့်မယ် ဆိုပြီး အဲဒီကော်မရှင်က တခါတည်း ပြောသွားတာ။ အခုအဲဒီ အကျိုးဆက်ကို ICJ မှာ ပေါ်လာတာ။ ဒါကြောင့်မို့ အဆင့်တိုင်း အဆင့်တိုင်းမှာ လေးလေးစားစားနဲ့ အမှန်တရား ပေါ်ပေါက်ဖို့အတွက် ပူးပေါင်း ဆောင်ရွက်ပြီးတော့ အပြစ်မရှိရင်လည်း မရှိသလို အပြစ်ရှိရင်လည်း ရှိတဲ့သူကို အရေးယူပေးလိုက်ရင် ကျေနပ်သွားလိမ့်မယ် ဒါပါပဲ။

ဧရာဝတီသတင်းထောက်များဖြစ်သည့် မိုးမိုး၊ ကျော်မျိုး၊ ထွန်းထွန်း၊ ဒီလှိုင်းဝင်း တို့ ပူးပေါင်းရေးသားသည်

You may also like these stories:

မြန်မာကို စစ်ဆေးရန် ICC အတည်ပြု

အာဂျင်တီးနားတွင် ဒေါ်အောင်ဆန်းစုကြည် တရားစွဲခံရ

မြန်မာနှင့် နိုင်ငံတကာ အခြေအနေများ သမ္မတ ဦးဆောင် ရှင်းပြမည်

မြန်မာပြည် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နိုင်ငံတကာ၏ အရေးယူဆောင်ရွက်ချက်များ

Did you find apk for android? You can find new Free Android Games and apps.
Loading