ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး၏ အဓိကလမ်းကြောင်း အာရှလမ်းမကြီးမှာတိုက်ပွဲများကြောင့် ပိတ်ထားရသဖြင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများကို မြဝတီနယ်စပ်ဂိတ်အစား တခြားလမ်းကြောင်းများမှ ပြောင်းလဲတင်ပို့ရန် စစ်ကောင်စီ က ထုတ်ပြန်ထားသော်လည်း အလုပ်မဖြစ်နိုင်ကြောင်း ကုန်သည်များက ပြောသည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစတင်ပြီး မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတလျှောက်တွင် စစ်ကောင်စီတပ်နှင့် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တို့ကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
လက်ရှိတွင်လည်း အာရှလမ်းမကြီးအား ဖြတ်သန်းသွားလာ၍မရဘဲ လမ်းဟောင်းဖြစ်သည့် ထို့ကော်ကိုးလမ်းပိုင်းမှသာ ကားအသေးများဖြင့် သွားလာနေရသောကြောင့် ကုန်သွယ်ရေးတွင် ကြန့်ကြာခြင်း၊ လမ်းခရီးကုန်ကျစရိတ်များ ပိုမိုလာ ခြင်း စသည့် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ကုန်သည်များက ဆိုသည်။
ယင်းအခြေအနေများကြောင့် မြဝတီနယ်စပ်ဂိတ်တွင် ပို့ကုန်လိုင်စင် ခွင့်ပြုချက်ရရှိထားသည့် ပစ္စည်းများကို မြန်မာ-ထိုင်းနယ်စပ်ရှိ အခြားမည်သည့် ကုန်သွယ်ရေးစခန်းမှမဆို တင်ပို့ခွင့်ပြုသလို ပင်လယ်ရေကြောင်းမှလည်း ခွင့်ပြုမည် ဖြစ်ကြောင်း၊ သွင်းကုန်ကဏ္ဍ၌လည်း ၂၀၂၃ ဒီဇင်ဘာ ၉ ရက်မတိုင်မီ ခွင့်ပြုချက်ရရှိထားသော သွင်းကုန်ပစ္စည်းများ အား မည်သည့်ကုန်သွယ်ရေးစခန်းမှမဆို တင်သွင်းခွင့်ပြုမည်ဖြစ်ပြီး ပင်လယ်ရေကြောင်းမှ တင်သွင်းပါကလည်း ကိစ္စ ရပ်တခုချင်းစီအပေါ်မူတည်၍ ခွင့်ပြုမည်ဖြစ်ကြောင်း ဇန်နဝါရီ ၇ ရက်တွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တဦးက “ဘယ်ဂိတ်ပေါက်ကမဆို ခွင့်ပြုမယ်လို့ဆိုပေမယ့် ပစ္စည်းတွေက နယ်စပ်မှာ ရောက်ထားပြီးသားဆိုရင် ကျနော်တို့ပြန်သယ်ရင် ကုန်ကျစရိတ်များတဲ့အခြေအနေ ရှိတယ်။ ရနောင်းဘက်ကျတော့ လည်း စက်လှေနဲ့လာရတာဆိုတော့ စက်လှေအရေအတွက် မလုံလောက်ဘူးလို့ ကြားတယ်။ ကုန်စည်စီးဆင်းမှုက ခါတိုင်းလို အဆင်ပြေမှာမဟုတ်ဘူး။ လတ်တလောတော့ အဆင်ပြေဆုံးနည်းလမ်းနဲ့ပဲ သူတို့ ရွေးချယ်ပြီးလုပ်တယ် ဆိုတဲ့သဘော ဖြစ်နေတာပေါ့” ဟု ဧရာဝတီကို ပြောသည်။
အဓိကကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် မြဝတီလမ်းကြောင်း ပြတ်တောက်နေသဖြင့် အခြားနယ်စပ်ဂိတ်ပေါက် များဖြစ်သော တာချီလိတ်၊ ကော့သောင်း၊ ထီးခီး၊ မောတောင်၊ မြိတ် စသည့် ကုန်သွယ်ရေးစခန်းမှ ပြောင်းလဲတင်ပို့ရန် စစ်ကောင်စီဘက်က ထုတ်ပြန်သော်လည်း နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးအခက် အခဲများကြောင့် ကုန်ကျစရိတ်မြင့်တက်လာမည်ဖြစ်ကြောင်း သိရသည်။
နယ်စပ်ကုန်သည်ကြီးတဦးက “မြဝတီက ကုန်ကားအကြီးတွေ သွားလို့မရဘူး။ လူစီးကားကိုမှ ကုန်သယ်နေကြရတာ။ အဲဒီတော့ မှောင်ခိုတွေများတယ်။ တရုတ် မူဆယ်ပိတ်တော့ တာချီလိတ် တာ့လောဂိတ်ဘက်ကနေ ဖရဲတင်ပို့တဲ့ ကုန်သည်တချို့ ပြောင်းလုပ်တာရှိတယ်။ ဒါပေမယ့် ကုန်ကျစရိတ်က သိန်းရာနဲ့ချီရှိတော့ မကိုက်တော့ဘူး။ လွယ်ဂျယ် ကျတော့လည်း တိုက်ပွဲတွေရှိတော့ အခက်အခဲရှိတယ်။ အခုလည်း မြဝတီကို ပြောင်းပြီးလုပ်ခိုင်းပေမယ့် အခက်အခဲ ရှိနေတယ်။ ကုန်ပို့ဖို့က ရေလမ်းကြောင်းတခုပဲရှိတယ်။ ကျန်တာတော့ ဒုက္ခသုက္ခတွေနဲ့ပဲ” ဟု ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီဘက်က နိုင်ငံခြားငွေအခက်အခဲကြောင့် ပိတ်ဆို့နေသည့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း များ ပြောင်းလဲတင်ပို့ရန် တိုက်တွန်းနေသလို ဇန်နဝါရီ ၈ ရက်ကလည်း ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)၊ တိုင်း အတွင်းရှိ ညီနောင်ကုန်သည်စက်မှုအသင်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး “တိုင်းဒေသကြီးအားလုံး ပါဝင်သည့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီအစည်းဝေး” ကို ပြုလုပ်ခဲ့ကြောင်း ကုန်သည်များထံမှ သိရသည်။
အစည်းအဝေးတက်ရောက်ခဲ့သည့် အမည်မဖော်လိုသူ ကုန်သည်တဦးက “ထူးထူးခြားခြားတော့ မရှိပါဘူး။ ကုန်သွယ် မှုတွေ အဟန့်အတားမဖြစ်အောင်၊ ကုန်ကျစရိတ်လျော့ကျအောင် ဘာတွေလုပ်မလဲ။ ပို့ကုန်တိုးမြှင့်အောင် ဘယ်လို လုပ်မလဲ။ ပို့ကုန်တွေ တိုးမြှင့်တင်ပို့ဖို့ ဒါတွေပဲပြောတာ” ဟု ဧရာဝတီကို ပြောသည်။
ပို့ကုန်သွင်းကုန် ပုံမှန်အနေအထားတခုရောက်ရှိရန် နယ်မြေတည်ငြိမ်မှု အဓိကလိုအပ်သည့်အပြင် နိုင်ငံခြားငွေ မြန်မာ ပြည်ထဲ ပိုဝင်လာနိုင်မှသာလျှင် ကောင်းမွန်လာမည့် အခြေအနေဖြစ်ကြောင်း ကုန်သည်များက သုံးသပ်ပြောဆိုသည်။
စစ်ကောင်စီဘက်မှ ပို့ကုန်သွင်းကုန်လုပ်ငန်းများကို လမ်းကြောင်းပြောင်းတင်ပို့ရန်၊ ပို့ကုန်တိုးမြှင့်တင်ပို့ရန် မည်သို့ပင် ပြောဆို ပြုလုပ်နေသော်လည်း ပုံမှန်ကုန်သွယ်မှု ပြုလုပ်နေသည့် လမ်းကြောင်းတခုမှ အခြားလမ်းကြောင်းသို့ ချက်ချင်း ပြောင်းလဲတင်ပို့ရန်မှာ အခက်အခဲများစွာ ရှိနေသည့်အတွက် အာရှလမ်းမကြီးပြန်ဖွင့်နိုင်ရေးသာ ကုန်သည်များက မျှော်လင့်နေသည်။
ထို့ပြင် လက်ရှိ ရှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ၁၀၂၇ စစ်ဆင်ရေးကြောင့်လည်း မူဆယ်၊ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးများ ရပ်ဆိုင်းထားရပြီး အခြားလမ်းကြောင်းဖြစ်သော မိုင်းလားဂိတ်မှ ပြောင်းလဲတင်ပို့ရာတွင် လမ်းခရီးကြန့်ကြာမှုကြောင့် ဖရဲကားများ ပျက်စီးဆုံးရှုံးခြင်း၊ စရိတ်ကြီးမြင့်ခြင်းများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် မြဝတီကုန်သွယ်ရေးစခန်း အပါအဝင် ကုန်သွယ်ရေးစခန်း ၆ ခုမှ ပြီးခဲ့သည့် ၂၀၂၂ ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၂၉ ထိ ကုန်သွယ်မှုစုစုပေါင်း အမေရိကန်ဒေါ်လာ ၃,၉၅၁ ဒသမ ၈၂၆ သန်း ရရှိခဲ့ရာမှ ၂၀၂၃ ကာလတူတွင် အမေရိကန်ဒေါ်လာ ၃,၅၆၆ ဒသမ ၄၇၃ သန်း ရရှိခဲ့သောကြောင့် ဒေါ်လာ ၃၈၅ ဒသမ ၃၅၃ သန်း လျော့ကျနေကြောင်း စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
You may also like these stories:
မြဝတီကုန်သွယ်ရေး၌ သယ်ယူပို့ဆောင်စရိတ် အဆမတန် မြင့်၍ ကုန်ဈေးနှုန်းတက်လာ
အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်
နယ်စပ်ကုန်သွယ်ရေး အမေရိကန်ဒေါ်လာ သန်းတရာကျော် ကျဆင်း
တိုက်ပွဲကြောင့် ထိုင်း-မြန်မာနယ်စပ် အဓိက ကုန်သွယ်ရေးလမ်း ရပ်သွား