ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု၊ ငြိမ်းချမ်းရေးမြင့်တင်မှုနှင့် သဘာဝပတ်ဝန်းကျင်ရေးရာ ရေရှည်တည်တံ့မှုတို့ကို ခိုင်မာစေမည့် လုပ်ဆောင်ချက်များအပါအဝင် အားကောင်း၍ စဉ်ဆက်မပြတ် စီးပွားရေးတိုးတက်မှုရရှိရေး မြန်မာအနေဖြင့် ပိုမိုနက်ရှိုင်းသည့် ပြုပြင်ပြောင်းလဲရေးများပြုလုပ်ရန် လိုအပ်ကြောင်း ကမ္ဘာ့ဘဏ်၏ နောက်ဆုံးသုတေသနက ဖော်ပြထားသည်။
နိုင်ငံတဝန်း အားလုံးပါဝင်သည့် ရေရှည်တိုးတက်မှုကို သေချာစေရေး ယင်းနက်ရှိုင်းသည့် ပြုပြင်ပြောင်းလဲမှုများကို အစိုးရက အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာသစ် Myanmar: Economic Transition Amid Conflict; A Systematic Country Diagnostic တွင် ဖော်ပြထားသည်။
အဆိုပါအစီရင်ခံစာအရ မြန်မာ၏ လက်ရှိပြုပြင်ပြောင်းလဲမှုများက အစိုးရ လိုငွေပြခြင်းအား လျှော့ချခြင်း၊ ငွေကြေးဖောင်းပွမှုကို လျှော့ချခြင်းနှင့် ငွေလဲနှုန်းကို တညီတညွတ်တည်း ဖြစ်စေခြင်းတို့ပြုလုပ်ရန် ပိုမိုလွတ်လပ်သော ဗဟိုဘဏ်ဖြစ်စေရန် ပံ့ပိုးကူညီခြင်းတို့ဖြင့် လက်ငင်း အကျိုး ဖြစ်နေစေသည်။ အလုပ်အကိုင်ရရှိမှု မြင့်တင်ရေးနည်းလမ်းတခုအဖြစ် ဆက်သွယ်ရေးနှင့် ထုတ်လုပ်ရေးကဏ္ဍများကိုလည်း ဖွင့်ပေးခဲ့သည်။
သို့သော် ပြုပြင်ပြောင်းလဲမှုက ရေရှည်စီးပွားရေးတိုးတက်မှုရရှိရန် အခြေခံအဆောက်အအုံနှင့် ထိရောက်သော ဈေးကွက်များကို ပံ့ပိုးရန်လည်း လိုအပ်ကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။
ကမ္ဘာ့ဘဏ်၏ အဆိုအရ ဝင်ငွေနည်းသူများကို ကာကွယ်ပေးရင်း တဖက်မှာလည်း ကုန်ကျမှု ကာမိစေမည့် လျှပ်စစ်မီတာခတိုးမြင့်မှု၊ ဘဏ်လုပ်ငန်း အာမခံလုပ်ငန်းနှင့် လက်လီရောင်းချမှုကဏ္ဍများတွင် ပြည်ပရင်းနှီးမှုအား ကောင်းမွန်သည့် စည်းကမ်းဖြင့် ထိန်းချုပ်ခြင်းနှင့် ဘဏ်တိုးနှုန်းများ ထိန်းချုပ်ကန့်သတ်မှုအား တဖြည်းဖြည်း ဖြေလျှော့စေခြင်းတို့ကဲ့သို့ ပြုပြင်ပြောင်းလဲမှုများက အကောင်အထည်ဖော်ရန် ပိုမိုခက်ခဲမည်ဖြစ်သော်လည်း ရရှိမည့်အကျိုးကျေးဇူးများက ပိုမိုရှည်ကြာနိုင်သည်။
ယင်းကဲ့သို့ပြုပြင်ပြောင်းလဲမှုများက ယှဉ်ပြိုင်မှုကို မြင့်တင်ခြင်း၊ ပြည်သူများကို ဝန်ဆောင်မှုများ၊ ဈေးကွက်များနှင့် ချိတ်ဆက်ပေးခြင်းတို့ဖြင့် ဒေသနှင့် လူဦးရေတို့ကို ထည့်မတွက်ဘဲ ပုဂ္ဂလိကကဏ္ဍကို နှိုးဆွပေးမည်ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်ကပြောသည်။
မြန်မာ၏ အသွင်ကူးပြောင်းရေးသည် မကြာသေးမီက နှေးကွေးနေပြီး အစိုးရအနေဖြင့် စီးပွားရေးတိုးတက်မှုကို အရှိန်မြင့်ရန်နှင့် အကျိုးကျေးဇူးများကို ပိုမိုကျယ်ပြန့်စွာ မျှဝေရန် အားကောင်းသည့် ပေါ်လစီများကို တွန်းအားပေးရမည်ဟု သုတေသနက ဆိုသည်။

ရခိုင်အကျပ်အတည်းအပေါ် အားနည်းသည့် တုံ့ပြန်မှုများနှင့် ကချင်၊ ရှမ်းနှင့် ချင်းပြည်နယ်များတွင် အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်မားနေခြင်းတို့က တပြေးညီ တိုးတက်ဖွံ့ဖြိုးရေးအတွက် ကြီးမားသည့် စိန်ခေါ်မှုများဖြစ်နေကြောင်း ပြသလျက် ရှိသည်။ ဘဏ်၏ အဆိုအရ စီးပွားရေးတိုးတက်မှုမှာ ၂၀၁၄-၁၅ က ၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၇-၁၈ တွင် ၆ ဒသမ၂ ရာခိုင်နှုန်းသို့ လျော့ကျခဲ့သည်။
ထို့အပြင် ငွေလဲနှုန်းနှင့် ငွေကြေးဖောင်းပွနှုန်းများမှာ တည်ငြိမ်မှု မရှိကြောင်းလည်း အစီရင်ခံစာက သတိပေးခဲ့သည်။ မြန်မာ၏ အခွန်-ဂျီဒီပီအချိုးမှာ ကမ္ဘာတွင် အနိမ့်ဆုံးနိုင်ငံများထဲတွင် ပါဝင်နေပြီး ဘဏ္ဍာရေးအရင်းမြစ်များလည်း အလွန်အမင်း အကန့်အသတ်နှင့် ရှိနေဆဲဖြစ်သည်။ နိုင်ငံစီးပွားရေးလုပ်ငန်းကြီးများ (SEEs) က နိုင်ငံ့ ဝင်ငွေ အများစုကို ဖြည့်ဆည်းပေးသော်လည်း ယခုအခါ ၎င်းတို့မှာ အသားတင် ဆုံးရှုံးမှုကို ဖန်တီးသူများ ဖြစ်လာကာ ဘဏ္ဍာရေး လိုငွေပြမှုကို ဖြစ်နေစေပြီဖြစ်သည်။
ဆင်းရဲမွဲတေမှုလျှော့ချရေးအတွက် စိုက်ပျိုးရေးကဏ္ဍမှာ သော့ချက်ဖြစ်သော်လည်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို မဖြည့်ဆည်းရသေးပေ။ ကျေးလက်ဒေသများနှင့် ဆင်းရဲသည့်အိမ်ထောင်စုများ၏ အလုပ်အကိုင် ၇၀ ရာခိုင်နှုန်းမှာ စိုက်ပျိုးရေးကဏ္ဍမှ ရရှိပြီး စိုက်ပျိုးရေးမှ ရရှိသည့် ဝင်ငွေသည် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း အနည်းဆုံး ဆင်းရဲမွဲတေမှုထက်ဝက်ကို လျော့ချပေးခဲ့သည်။
ပါးလျသည့် သွင်းအားစုဈေးကွက်များ၊ အရည်အသွေးနိမ့် ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံနှင့် ညံ့ဖျင်းသည့် အင်စတီကျူးရှင်းဆိုင်ရာ အခြေခံအဆောက်အအုံတို့က စိုက်ပျိုးရေးကဏ္ဍတိုးတက်မှုကို ဘောင်ခတ်လျက်ရှိသည်ဟု ဘဏ်က ထောက်ပြသည်။ အခြေခံအဆောက်အအုံ ရင်းနှီးမြုပ်နှံမှုက ဖွံ့ဖြိုးမှုနောက်က လိုက်ပါမလာသေးဟုလည်း ဘဏ်ကဆိုသည်။
မြန်မာသည် အရှေ့တောင်အာရှနိုင်ငံများတွင် လျှပ်စစ်ဓါတ်အားသုံးစွဲနိုင်မှုတွင် အနိမ့်ဆုံးနိုင်ငံများထဲက တနိုင်ငံဖြစ်ပြီး ၂၀၁၈ က ၄၂ ရာခိုင်နှုန်းသာရှိသည်။ လူတဦးလျင် ပျှမ်းမျှဓါတ်အားသုံးစွဲမှုမှာ တနှစ်လျင် ၂၀၁၆ က လူတဦးလျင် ၁၉၃ ကီလိုဝပ်နာရီဖြစ်ပြီး အရှေ့အာရှနှင့် ပစိဖိတ်ဒေသရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပျမ်းမျှသုံ့းစွဲမှုထက် ၃ ဒသမ ၅ ဆပိုနည်းသည်။
လူသားအရင်းအနှီးတွင် မြန်မာအစိုးရ၏ ရင်းနှီးမြုပ်နှံမှုမှာ လုံလောက်မှု မရှိသေးကြောင်းလည်း ဘဏ်က ပြောကြားခဲ့သည်။ ယနေ့ မြန်မာနိုင်ငံတွင် မွေးဖွားသော ကလေးများမှာ ၎င်းတို့အရွယ်ရောက်ချိန် စီးပွားရေးအရ ကုန်ထုတ်နိုင်သူမှာ ၄၇ ရာခိုင်နှုန်းသာရှိမည်ဟု မျှော်လင့်နိုင်ပြီး နိုင်ငံတကာအသိအမှတ်ပြု အဆင့်မြင့်ကျန်းမာရေး၊ အာဟာရနှင့် ပညာရေးဝန်ဆောင်မှုများကို ရယူနိုင်မည်ဖြစ်သည်။
ကုမ္ပဏီများကလည်း တိုးတက်မှု၏ အဓိကအကန့်အသတ်တခုအဖြစ် ကျွမ်းကျင်လုပ်သားများ မရှိခြင်းကို ထောက်ပြသည်ဟု ဘဏ်က အသိပေးသည်။
ထို့အပြင် NCA ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်သည့်တိုးတက်မှုက ရပ်တန့်နေပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေးပဋိပက္ခများတွင် အကြမ်းဖက်မှုမြင့်မားနေသည်ကိုလည်း ကမ္ဘာ့ဘဏ်က အသိပေးခဲ့သည်။ လွတ်လပ်စွာသွားလာခွင့်အပါအဝင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကို ကိုင်တွယ်ရာတွင်လည်း တိုးတက်မှု မရှိသေးပေ။ ရခိုင်ပြည်နယ်မြောက်ပိုင်းနေ မွတ်ဆလင်အသိုင်းအဝိုင်းများအတွက် နိုင်ငံသားဖြစ်ခွင့်မှာ ခက်ခဲနေသေးကြောင်း ဘဏ်က ဆိုသည်။

လူမျိုးရေး၊ ဘာသာရေးနှင့် ပထဝီရေးများအရ ချွင်းချန် ခွဲခြားဆက်ဆံခြင်းက တခါတရံ ပြည်နယ်များတွင် အကြမ်းဖက်ခြင်းများ၏ ရလဒ်ဖြစ်သော မကျေနပ်ချက်များကို မီးထိုးပေးရာ ပြည်ထောင်စုမှာ ခိုင်ခန့်မှုနည်းနေကြောင်း မီးမောင်းထိုးပြလျက်ရှိသည်။ ငြိမ်းချမ်းရေးကို မြင့်တင်ရန်၊ တူညီသည့်ကြွယ်ဝမှုကို တည်ဆောက်ရန်နှင့် ဆင်းရဲမွဲတေမှု လျှော့ချရေးတို့အတွက် အခွင့်အလမ်းများကို အပြည့်အ၀ ရယူနိုင်ရန် မြန်မာအနေဖြင့် အားလုံးပါဝင်မှုကို အလေးဂရုပြုရန် လိုအပ်သည်ဟုလည်း ဘဏ်က တင်ပြခဲ့သည်။
ဒေသနှင့် ကိုယ်ပိုင်အမှတ်လက္ခဏာကို အခြေခံ၍ ဖူလုံရေးနှင့် အခြေခံဝန်ဆောင်မှုများ ရရှိမှုတွင် မညီမျှမှုက တခါတရံ အကြမ်းဖက်မှုဘက်သို့ ဦးတည်သွားနိုင်ကြောင်းလည်း အစီရင်ခံစာက သတိပေးခဲ့သည်။
ကမ္ဘာ့ဘဏ်၏ အဆိုအရ မြန်မာန်ိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ဋ္ဌာနများနှင့် တိုင်းဒေသကြီးပြည်နယ်များကြား အာဏာနှင့် တာဝန်ကို ထိန်းညိပေးသည့် သာတူညီမျှ ဘဏ္ဍာရေးအစီအမံများ၊ ကိုယ်စားပြုအင်စတီးကျူးရှင်းများ နောက်ထပ် ဖန်တီးပေးခြင်းဖြင့် အစိုးရက န်ိုင်ငံကို တည်ငြိမ်အောင် လုပ်နိုင်မည်ဟု ဆိုသည်။ ထို့အပြင် ပဋိပက္ခဖြစ်နေသည့်နေရာများတွင် နိုင်ငံတော်ကဏ္ဍမဟုတ်သည့် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သူများနှင့် အစိုးရက ပူးပေါင်းဆောင်ရွက်သင့်ကြောင်းလည်း ဘဏ်က တင်ပြခဲ့သည်။
သဘာဝအရင်းအမြစ်များနှင့် ပတ်သက်၍လည်း လက်ရှိအသုံးပြုမှုနှင့် တူးဖော်ထုတ်ယူနေမှုတို့သည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အန္တရာယ်ရှိကြောင်း ကမ္ဘာ့ဘဏ်က သတိပေးခဲ့သည်။ သဘာဝရင်းမြစ်များကို မှားယွင်းသည့် စီမံခန့်ခွဲမှုနှင့် ပြန်လည်ပြည့်ဖြိုးမြဲမဟုတ်သည့် ပိုင်ဆိုင်မှုများအပေါ် အားကိုးခြင်းသည် ဓါတ်သတ္တုများ၊ ငါး ပုဇွန်များနှင့် သစ်တောများအပါအဝင် သဘာဝအရင်းအနှီးများကို ကုန်ခန်းလျော့ပါးစေမည်ဖြစ်သည်။
သယံဇာတများမှရရှိသော အကျိုးကျေးဇူးများမှာ အဓိကအားဖြင့် နည်းပါးသည့် အထက်တန်းလွှာတို့အတွက်သာ အကျိုးရှိပြီး လူများစုအတွက် အကျိုးမရှိပေ။
မြန်မာနိုင်ငံတွင် သစ်တောများပြုန်းတီးမှုသည် ကမ္ဘာအ့မြန်ဆုံးများတွင် ပါဝင်သည်ဟု ဘဏ်က အလေးအနက် ဆိုသည်။ မြို့ပြအဖြစ်သို့ မှန်မှန်ပြောင်းလဲမှုမှ ပေါ်ထွက်လာသော စိန်ခေါ်မှုများနှင့်အတူ သဘာဝရင်းမြစ်များကို လက်ရှိသုံးစွဲမှုက သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုကို မြန်ဆန်စေပြီး ရေအရည်အသွေးကိုလည်း ထိခိုက်စေသည်။ ထို့အပြင် အသက်မွေးမှုနှင့် ကျန်းမာရေးကိုလည်း နောက်ဆက်တွဲ ထိခိုက်နိုင်သည်။ ဘဏ်၏အဆိုအရ မြေယာ၊ သစ်တောနှင့် ရေသယံဇာတများအတွက် ပို၍ ညီမျှသည့် ဥပဒေမူဘောင်များ ချမှတ်ရန် လိုနေသည်ဟုလည်း ဆိုသည်။
သဘာဝပတ်ဝန်းကျင်တည်ရှိမှုကို မြင့်တင်ခြင်းနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲခြင်းတို့လည်း ရေရှည်တည်တံ့သည့် တပြေးညီဖွံ့ဖြိုးတိုးတက်မှုအတွက် လွန်စွာ အရေးကြီးကြောင်းလည်း ဘဏ်က တင်ပြခဲ့သည်။ ရာသီဥတုဘေးအန္တရာယ်များနှင့် တခြားသဘာဝကပ်ဘေးများအတွက် အဆင်သင့်ဖြစ်မှုကို တိုးမြင့်ရန် လိုအပ်ကြောင်းလည်း ဘဏ်က တင်ပြခဲ့သည်။
(Nan Lwin ၏ World Bank: Myanmar Must Push Deeper Reform for Inclusive Economic Growth ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
ပြည်တွင်းထုတ်ကုန်များကို နိုင်ငံတကာတွင် Made in Myanmar အဖြစ် အသုံးပြုနိုင်ပြီ
ကုန်ကြမ်းပြတ်လပ်မှုကြောင့် ပိတ်ရက်တိုးသည့် အထည်ချုပ် စက်ရုံများ တိုးလာနေ
မြန်မာနိုင်ငံ၏ တိုးတက်မှုများကြောင့် GSP အခွင့်အရေး မရုပ်သိမ်းခြင်းဖြစ်ဟု EU ပြော