နိုင်ငံတလွှားတွင် သုတေသနနှင့် ဓာတ်ခွဲခန်းများ၊ အမြန်လမ်းမကြီးများနှင့်တံတားများ၊ လျှပ်စစ် ဓာတ်အားထောက်ပံ့ရေး စီမံကိန်းများနှင့် ကုန်းတွင်း ဆိပ်ကမ်းများ တည်ဆောက်ခြင်း အပါအဝင် ဒေါ်လာဘီလီယံနှင့်ချီ၍ တန်ဖိုးရှိသည့် အဓိက ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၆ ဒါဇင်နီးပါးကို တရားဝင် အတည်ပြုထားသော အခြေခံ အဆောက်အဦး စီမံကိန်းများကို “မြန်မာနိုင်ငံ၏ စီမံကိန်းဘဏ်” သို့ အစိုးရက ထပ်မံထည့်သွင်းခဲ့သည်။
ဖေဖော်ဝါရီလတွင် စတင်ဖွင့်လှစ်ခဲ့သော စီမံကိန်းဘဏ်က အဆိုပြုထားသည့် အခြေခံအဆောက်အဦး စီမံကိန်းများနှင့် ပတ်သက်သည့် ဖော်ပြရှင်းလင်းချက်များ၊ အခြေအနေ၊ စုစုပေါင်း ခန့်မှန်းခြေ ကုန်ကျစရိတ်၊ ငွေကြေးထောက်ပံ့မှု အစီအစဉ်များနှင့် အချိန်ကာလ သတ်မှတ်များ စသည့် အဓိကကျသော အချက်အလက်များကို အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများသို့ ပေးသည်။ ဘဏ်တွင် စာရင်းသွင်း ဖော်ပြထားသော စီမံကိန်းအားလုံးကို အစိုးရက အပြည့်အဝ ထောက်ခံမှုပေးပြီး အားလုံးပါဝင်၍ ပြောင်းလဲမှုရှိသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် လမ်းပြမြေပုံ ဖြစ်သော မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) နှင့် အညီဖြစ်သည်။
ဘဏ်၏ လက်ရှိ ၅၈ စီမံကိန်းတွင် အဓိက စီမံကိန်းအသစ် ၇၁ ခုကို ထပ်မံထည့်သွင်း သွားမည်ဖြစ်ပြီး လက်ရှိ စီမံကိန်းများသည် “အကောင်အထည်ဖော်မှု” နှင့် “ဖြစ်နိုင်ခြေ လေ့လာဆန်းခြင်း” မှသည် “ စီမံကိန်းအတွက် ကန်ထရိုက် အဆင့်သို့ ရောက်ရှိရေး ဆောင်ရွက်ခြင်း” အထိ အခြေအနေအမျိုးမျိုးတွင် ရှိနေသည်။
စာရင်းအသစ်တွင် နိုင်ငံတဝန်း၌ ဓာတ်ငွေ့နှင့် ရေနွေးငွေ့ စွမ်းအင် ၂ မျိုးလုံး အသုံးပြု နိုင်သည့် ဓာတ်အားပေးစက်ရုံများ၊ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် နေရာင်ခြည် စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် စနစ်များ တည်ဆောက်ရေးနှင့် အဓိကမြို့ကြီးအချို့တွင် ကုန်းတွင်းဆိပ်ကမ်းများ အကောင်အထည် ဖော်ရေးတို့က လွှမ်းမိုးထားသည်။
၂၀၂၉-၂၀၃၀ ဘဏ္ဍာနှစ်တွင် တနိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်ရန် အတွက် အစိုးရတွင် ကြီးမားသောရည်မှန်းချက်ရှိသည်။
ထို့ပြင် ရင်းနှီးမြှုပ်နှံမှုများ၊ အခြေခံအဆောက်အဦး စီမံကိန်းများနှင့် ပို့ဆောင်ရေး ကုန်ကျစရိတ်ကို လျှော့ချရန်နှင့် သယ်ယူပို့ဆောင်ရေးစွမ်းရည်ကို တိုးမြှင့်ရန် ရည်ရွယ်သည့် ပြုပြင်ပြောင်းလဲမှုများကို အားပေးရန် စီစဉ်ထားသည်။ ၎င်း၏ ရည်မှန်းချက်မှာ မြန်မာနိုင်ငံ၏ အမျိုးသား ဖွံ့ ဖြိုးတိုးတက်ရေး အစီအစဉ် (National Development Plan) နှင့် Logistics Master Plan တို့အရ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုကို ဂျီဒီပီ၏ ၁ ရာခိုင်နှုန်း မှ ၁.၅ ရာခိုင်နှုန်း ကြားမှသည် ၃ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းကြားသို့ တိုးမြှင့်ရန်ဖြစ်သည်။
အသစ်ထပ်မံထည့်သွင်းထားသော အဓိကစီမံကိန်းများအနက် ရင်းနှီးမြှုပ်နှံမှုပမာဏ အရ အကြီးမားဆုံးမှာ ရန်ကုန် မြို့ လယ်၊ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မင်္ဂလာဒုံစက်မှုဇုန်နှင့် ရန်ကုန်-မန္တလေး အဝေးပြေး လမ်းမကြီး တို့ကို ဆက်သွယ်ပေးမည့် ၄ လမ်းသွားမြို့ပတ်လမ်းတခု ဖြစ်သည့် အမေရိကန် ဒေါ်လာသန်း ၉၀၀ (၁.၂၂ ထရီလီယံ ကျပ်) တန် ရန်ကုန်မိုးပျံအမြန်လမ်းမ(YEX) စီမံကိန်း ဖြစ်သည်။ ထိုစီမံကိန်းကို ပုဂ္ဂလိကကဏ္ဍ၏ ငွေကြေး ထောက်ပံ့မှုဖြင့် အကောင်အထည်ဖော်ရန် မျှော်လင့်ထားသည်။
ဓာတ်အား ထောက်ပံ့ရေး စီမံကိန်းများ
စီမံကိန်းဘဏ်၏အဆိုအရ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက စစ်ကိုင်းတိုင်းမှ ပြည်သူများအတွက် အထူးသဖြင့် ခြောက်သွေ့သော ရာသီအတွင်းတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးရန် ရည်ရွယ်သည့် ကျောက်ပုတီး၊ မုံရွာ၊ ငပျောတိုင်၊ ညောင်ပင်ကြီးနှင့်အုန်းတော တို့ ပါဝင်သော ဒေါ်လာ ၅၁၀ သန်း တန်ဖိုးရှိ နေရောင်ခြည်စွမ်းအင်စီမံကိန်းအတွက် နောက်ထပ် ငွေကြေးထောက်ပံ့ရန် တောင်းဆိုခဲ့ ကြောင်း သိရသည်။ ၎င်းတွင် ၃၀၀ မီဂါဝပ် ထုတ်လုပ်ပေးနိုင်သော ဓာတ် အား ပေးစက် တပ်ဆင်သွားမည် ဖြစ်ပြီး နှစ်စဉ်ပျမ်းမျှအားဖြင့် ဓာတ်အား ၆၁၅ ဂစ်ဂါဝပ်-နာရီ (GWh) ထုတ်လုပ်ပေး မည် ဖြစ်သည်။
ထို့ပြင်အစိုးရက ရန်ကုန်မြို့ရှိ ၃၀၀ မီဂါဝပ် ထုတ်လုပ်ပေးနိုင်သော ရွာမ ဓာတ်အားပေးစက်ရုံကို အဆင့်မြှင့်တင်ရန်နှင့် ထိရောက်မှု မြှင့်တင်ရေး အတွက် ဓာတ်ငွေ့တာဘိုင် စနစ်ကိုပါ ပူးတွဲ တပ်ဆင်ရေး ကန်ထရိုက် စာချုပ် ချုပ်ရန် ကမာ္ဘ့ဘဏ်နှင့် ညှိနှိုင်းမှုများ ပြုလုပ်နေသည်ဟု စီမံကိန်းဘဏ်ကဆိုသည်။ ဒေါ်လာ ၃၅၈ သန်းတန် ထို စီမံကိန်း သည် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ရန်နှင့် ရန်ကုန်စီးပွားရေးခရိုင်နှင့် အခြား အရေးကြီးနေရာများ ဖြစ်သည့် တိုင်းလွှတ်တော်၊ ရန်ကုန်ဆေးရုံကြီး၊ ရွှေတိဂုံဘုရား၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မြို့လယ် ဧရိယာများကဲ့သို့ နေရာများသို့ လျှပ်စစ်ဓာတ်အားထောက်ပံ့မှု တည်ငြိမ်စေရန် ရည်ရွယ်သည်။
ထို့ပြင် စာရင်းအသစ်တွင် မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် တွင် ဒေါ်လာ ၂၄၀ သန်းတန် မီလီယံနေရောင်ခြည်စွမ်းအင် (PV) သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တခု တည်ဆောင်ရေးလည်း ပါဝင်သည်။ အဆိုပါ စက်ရုံတွင် ဓာတ်အား ၁၅၀ မီဂါဝပ် ထုတ်လုပ်ပေးနိုင်သည့် စက်တပ်ဆင်သွားမည်ဖြစ်ပြီး တနှစ်လျှင် စွမ်းအင် ၃၀၅ ဂစ်ဂါဝပ်-နာရီ (GWh) ထုတ်လုပ်နိုင်မည် ဖြစ်သည်။
ပဲခူးတိုင်းအတွင်းရှိ တောင်ငူ၊ သာယာကုန်း၊ သပြု၊ ကမာနတ်နှင့်မင်းလှ တို့ကို ဓာတ်အားပေးရန် ၁၅၀ မီဂါဝပ် ထုတ်လုပ် ပေးမည့် မြောင်းတကာ နေရောင်ခြည်စွမ်းအင်စီမံကိန်းနှင့် ရန်ကုန်တိုင်းတွင် နောက်ထပ် မြောင်းတကာ ၁၅၀ မီဂါဝပ် နေရောင်ခြည် စွမ်းအင် စီမံကိန်းကိုလည်း အစိုးရက အကောင်အထည်ဖော်ရန် စီစဉ်နေသည်။ စီမံကိန်းတခုစီက အမေရိကန်ဒေါ်လာ ၂၂၅ သန်းစီ ကုန်ကျမည်ဖြစ်ကြောင်း စီမံကိန်းဘဏ်၏ အဆိုအရ သိရသည်။
ဘီလင်(Belin )၊ လက်ပံဟယ်(Letpanhal)၊ မြင်းခြံ၊ သပြေဝနှင့် တောင်တော်ကွင်းတို့ အတွက် ဓာတ်အား ၂၀၀ မီဂါဝပ် ထုတ်လုပ်ပေးမည့် နေရောင်ခြည်စွမ်းအင်စီမံကိန်း ကိုလည်း အဆိုပြုထားသည်။ စီမံကိန်းဘဏ်၏ အဆိုအရ ထိုစီမံကိန်းသည် အမေရိကန် ဒေါ်လာ သန်း ၃၄၀ ကုန်ကျမည် ဖြစ်ပြီး မန္တလေးတိုင်း ရှိပြည်သူများအတွက် လျှပ်စစ်ဓာတ်အား ထောက်ပံ့ရန် ဖြစ်သည်။ အထူးသဖြင့် ခြောက်သွေ့သော ရာသီတွင် ဖြစ်သည်။
မကွေးတိုင်း ချောက်၊ တောင်တွင်းကြီးနှင့် တညောင်တွင် အကောင်အထည် ဖော်ရန် စီစဉ်ထားသည့် နေရောင်ခြည် စွမ်းအင်စီမံကိန်းကိုလည်း စီမံကိန်းဘဏ်တွင် စာရင်းသွင်း ဖော်ပြထားသည်။ ၎င်းက ဒေါ်လာသန်း ၁၇၀ ကုန်ကျမည် ဖြစ်ပြီး ဓာတ်အား ၁၀၀ မီဂါဝပ် ထုတ်လုပ်ပေးနိုင်စွမ်း ရှိသည်။ ထို့ပြင် အစိုးရက မန္တလေးတိုင်း နဘူးအိုင် ကျေးရွာတွင် ဓာတ်အား ၁၅၀ မီဂါဝပ်နှင့် နှစ်စဉ်ပျမ်းမျှ ၃၀၅ ဂစ်ဂါဝပ်-နာရီ (GWh) ထုတ်လုပ်ပေးနိုင်သည့် ဒေါ်လာသန်း ၂၄၀ တန် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန်လည်း စီစဉ်ထားသည်။
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်ခြင်း အပါအဝင် ဒေါ်လာ ၁၀၆ သန်းတန် လျှပ်စစ်ဓာတ်အားနှင့် စိုက်ပျိုးရေးစီမံကိန်း တခုကိုလည်း စာရင်းသွင်းထားသည်။
၎င်းတွင် တပ်ဆင်ထားသော စွမ်းရည်က ၁၀၀ မီဂါဝပ် ရှိပြီး နှစ်စဉ်ပျမ်းမျှ ၂၂၁ ဂစ်ဂါဝပ်-နာရီ (GWh) ထုတ်လုပ်ပေးမည် ဖြစ်သည်။
ထို့အပြင် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန် မြို့နယ်တွင် စုစုပေါင်း ဓာတ်အား ၆၀ မီဂါဝပ် ထုတ်လုပ်ပေးမည့် အမေရိကန် ဒေါ်လာ ၆၅ သန်းတန် တံခွန်တိုင် နေရောင်ခြည် စွမ်းအင်နှင့် စိုက်ပျိုးရေး စီမံကိန်းနှင့် နေပြည်တော်ရှိ ပျဉ်းမနား မြို့ နယ်တွင် ၆၀ မီဂါဝပ် ထုတ်လုပ်ပေးမည့် ပျဉ်းမနား PV စွမ်းအင်နှင့် စိုက်ပျိုးရေးစီမံကိန်း တို့ကိုလည်း စီမံကိန်းဘဏ်တွင် စာရင်းသွင်းထားသည်။
ထို့ပြင် အစိုးရက ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၄၅ သန်း ကုန်ကျမည့် ၄၀ မီဂါဝပ် ထုတ်လုပ်ပေးနိုင်သော ရွှေကျင် PV စွမ်းအင်၊ စိုက်ပျိုးရေးနှင့် ရေအားလျှပ်စစ် စီမံကိန်းကို ပဲခူတိုင်း ရွှေကျင်မြို့နယ်တွင် အကောင်အထည်ဖော်ရန် စီစဉ်နေသည်။ ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် ဒေါ်လာ ၄၃ သန်းတန် ၄၀ မီဂါဝပ် ထုတ်လုပ်မည့် ကွန်းချောင်း PV စွမ်းအင်၊ ရေအားလျှပ်စစ်နှင့် စိုက်ပျိုးရေး စီမံကိန်းကိုလည်း အကောင်အထည်ဖော်ရန် စီစဉ်နေသည်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေအနီးတွင် တည်ရှိသော ချောင်းသာ လေစွမ်းအင်စီမံကိန်းကိုလည်း စီမံကိန်းဘဏ်က စာရင်းသွင်းထားသည်။ ၎င်းတွင် တပ်ဆင်ထားသောစွမ်းရည်က ၃၀ မီဂါဝပ်ရှိမည်ဖြစ်ပြီး ဒေါ်လာ ၆၅ သန်း ကုန်ကျမည်ဟု မျှော်လင့်ရသည်။
မွန်ပြည်နယ်တွင် စွန့်ပစ် အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တခု တည်ဆောက်ခြင်းကိုလည်း စီမံကိန်းဘဏ်တွင် ထည့်သွင်းထားသည်။ စီမံကိန်းမှ ထုတ်လုပ်မည့် လျှပ်စစ်နှင့် အပူက ရော်ဘာကို ခြောက်သွေ့ အောင်ပြုလုပ်ရန် ထင်းနှင့် ဒီဇယ်ကဲ့သို့သော ကျောက်ဖြစ်ရုပ်ကြွင်း အခြေခံလောင်စာသုံးစွဲမှုကို လျှော့ချပေးလိမ့်မည်ဟုဆိုသည်။ စီမံကိန်းက ဒေါ်လာ ၁၆ သန်းကုန်ကျမည် ဖြစ်သည်။
ရဲနွယ်၊ ကင်းတား၊ မုံးချောင်း၊ သဖန်း ဆိပ် နှင့်ဇောင်းတူတို့ ရှိ ရေအားလျှပ်စစ် စက်ရုံ ၅ ခုကို ပြန်လည် မွန်းမံ တည်ဆောက်ရေးလည်း စီမံကိန်းဘဏ်၏ စာရင်းတွင် ပါဝင်သည်။ ထိုသို့ပြုလုပ်ခြင်းက ဒေါ်လာ ၄ သန်းကုန်ကျမည်ဟု အစိုးရက မျှော်လင့် ထားပြီး ရေအားလျှပ်စစ်စက်ရုံများက စွမ်းဆောင်ရည်ပြည့်ဝစွာ လည်ပတ်နိုင်မည်ဟု မျှော်လင့်ရကာ အဆင့်မြှင့်တင်မှုများ ပြီးစီးသည့် နောက်တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို ကီလိုဝပ်-နာရီ ၅၆၅ သန်းမှ ၆၄၆ သန်း သို့ တိုးမြှင့်နိုင်မည်ဟု စီမံကိန်းဘဏ်က ပြောသည်။ လက်ရှိတွင် အဆိုပါ စက်ရုံ ၅ ခု က လည်ပတ်နေခဲ့သည်မှာ ၁၀ နှစ်မှ ၃၀ အတွင်း ရှိပြီ ဖြစ်ပြီး အကြီးစား ပြုပြင်ထိန်းသိမ်းမှုများ မရှိခြင်းကြောင့် စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများ ရင်ဆိုင်နေ ခဲ့ရသည်။
ကုန်းတွင်း ဆိပ်ကမ်းများ
လျှပ်စစ်ဓာတ်အား စီမံကိန်းများအပြင် အစိုးရက ကုန်းတွင်းဆိပ်ကမ်းများ (ဧရာဝတီ မြစ်ပေါ်တွင် ၃ ခုနှင့် ချင်းတွင်း မြစ်တွင် ၂ ခု) အကောင်အထည်ဖော်ရေးကိုလည်း ထပ်မံ ထည့်သွင်းခဲ့သည်။ မကွေး၊ ပခုက္ကူ၊ ကလေးဝ၊ ဗန်းမော်နှင့် မုံရွာတို့တွင် ဆိပ်ကမ်းများ တည်ဆောက်ရန် အစီအစဉ်ရှိသည်။
မုံရွာရှိ ချင်းတွင်းမြစ်ပေါ်မှ ကုန်းတွင်းဆိပ်ကမ်း ဖွံ့ဖြိုးရေး စီမံကိန်းက ဒေါ်လာ ၄၄ သန်းကုန် ကျမည်ဟု ခန့်မှန်းရသည်။ လက်ရှိတွင် မုံရွာကုန်းတွင်း ဆိပ်ကမ်းက လက်အား လူအားဖြင့် လုပ်ကိုင်ရသည့် ပစ္စည်းကိရိယာများသာ ရှိပြီး ခေတ်မီသော ပစ္စည်းကိရိယာများ မရှိခြင်းကြောင့် ကြီးမားသော ကုန်စည်များကို ကိုင်တွယ်နိုင် ခြင်းမရှိပါ။
ထိုစီမံကိန်းက မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း မုံရွာမြို့ နှင့် ရန်ကုန်၊ မကွေး၊ မန္တလေး၊ ကချင်နှင့် ချင်းပြည်နယ်များတွင် ကုန်စည်စီးဆင်းမှုအတွက် မရှိမဖြစ် လိုအပ်သည်ဟု စီမံကိန်းဘဏ်က ဆိုသည်။ မြစ်ကြောင်းသယ်ယူပို့ဆောင်ရေး၏ ယှဉ်ပြိုင်နိုင်စွမ်းကို တိုးတက်စေရန်နှင့် အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့နှင့် ကုန်သွယ်ရေး၊ ထောက်ပံ့ ပို့ဆောင်ရေးကို မြှင့်တင်ရန် ရည်ရွယ်ထားသည်။
ကလေးဝရှိ ကုန်းတွင်းဆိပ်ကမ်းစီမံကိန်းက ဒေါ်လာ ၂၄ သန်း ကုန်ကျမည်ဟု မျှော်လင့် ရပြီး၊ ခေတ်မီမြစ်ဆိပ်ကမ်း အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ရိုးရှိ ကလေးဝ ဆိပ်ကမ်း တိုးတက်ရေးတို့ ပါဝင်လိမ့်မည်ဟု ခန့်မှန်းရသည်။ အဆိုပါစီမံကိန်းသည် မြစ်ကြောင်း သယ်ယူပို့ဆောင်ရေး၏ ယှဉ်ပြိုင်နိုင်စွမ်းကို တိုးတက်စေရန်နှင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများနှင့် ကုန်သွယ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးကို တိုးမြှင့်ရန် ရည်ရွယ်သည်ဟု စီမံကိန်း ဘဏ်က ပြောသည်။
ချင်းတွင်းမြစ် တလျှောက် မန္တလေးနှင့် မုံရွာ သယ်ယူပို့ဆောင်ရေးက တိုးတက်များပြားလာနေပြီး ကလေးဝသည် မြန်မာနှင့် အိန္ဒိယ ကုန်သွယ်ရေး အတွက် အရေးကြီးသော အဓိကနေရာ တခုဖြစ်လာသည် ဟု ဘဏ်က ပြောသည်။
ဧရာဝတီမြစ်ပေါ်မှ ပခုက္ကူရှိ ကုန်းတွင်းဆိပ်ကမ်း အကော်အထည်ဖော်ရေးက အမေရိကန် ဒေါ်လာ ၄၇ သန်း ကုန်ကျမည်ဟု မျှော်လင့်ရပြီး မကွေးတိုင်း၏ အကြီးဆုံးမြို့များ အနက်မှ တခုဖြစ်သည့် ပခုက္ကူရှိ မြစ်ဆိပ်ကမ်း အဆောက် အအုံများကို အဆင့်မြှင့်တင်ရန်လည်း ပါဝင်မည် ဖြစ်သည်။ ပခုက္ကူသည် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် မဟာဗျူဟာ ကျသော နေရာ၌ တည်ရှိပြီး သယ်ယူပို့ဆောင်ရေး လမ်းကြောင်း အမျိုးမျိုးဖြင့် နိုင်ငံ၏ အခြားဒေသများ၊ တရုတ်၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံများနှင့် ဆက်သွယ်နေသည်။
ဧရာဝတီမြစ်ပေါ်ရှိ မကွေးမှ ကုန်းတွင်းဆိပ်ကမ်း အကောင်အထည်ဖော်ခြင်းက ဒေါ်လာ ၃၃ သန်း ကုန်ကျမည်ဟု မျှော်လင့်ရပြီး ဗန်းမော်ဆိပ်ကမ်းက ဒေါ်လာ ၃၄ သန်း ကုန်ကျမည်ဟု ခန့်မှန်းရသည်။
ဗန်းမော်ရှိ ဆိပ်ကမ်းစီမံကိန်းသည် တိုင်းပြည်၏ မဟာဗျူဟာစီမံကိန်းနှင့်သာမက တရုတ်-မြန်မာ “ဧရာဝတီ စီးပွားရေး ခါးပတ်”တခု အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံ အစီအစဉ်၏ တစိတ်တပိုင်းလည်း ဖြစ်ကြောင်း ဧရာဝတီက သိရှိခဲ့ရသည်။ မဟာဗျူဟာကျသော ကုန်းတွင်းနှင့် ရေကြောင်း သယ်ယူပို့ဆောင်ရေး လမ်းကြောင်းသည် ကူမင်းမှ စတင်၍ ယူနန်ပြည်နယ်ရှိ လုံးချွန်း Longchuan မှ တဆင့် ကချင်ပြည်နယ် ဗန်းမော်သို့၊ ထို့နောက် ရန်ကုန်နှင့် အိန္ဒိယသမုဒ္ဒရာသို့ စီးဆင်းလိမ့်မည် ဖြစ်သည်။
ဧရာဝတီမြစ်သည် နိုင်ငံ၏ အရေးပါဆုံး ရေလမ်းကြောင်းဖြစ်ပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသမှတဆင့် ကပ္ပလီ ပင်လယ်အတွင်းသို့ စီးဝင်သည်။ တရုတ်နိုင်ငံ၏ အစီအစဉ်တွင် လုံးချွန်းရှိ တရုတ်နယ်စပ်မှ ကုန်စည်များကို ကျန်းဖန်/လွယ်ဂျယ် Zhangfeng / Lio Je အကောက်ခွန်ဂိတ်မှ တဆင့် ဗန်းမော်ရှိ မြောက်ပိုင်း ကုန်သွယ်ရေး အချက်အချာ နေရာသို့ ကားလမ်း သို့မဟုတ် ရထားလမ်းဖြင့် ပို့ဆောင်ရန် ဖြစ်သည်။ ဗန်းမော်မှ တဆင့် ကုန်စည်များနှင့် ခရီးသည်များက ဧရာဝတီမြစ်ကြောင်းအတိုင်း မန္တလေး၊ ရန်ကုန်နှင့် အိန္ဒိယသမုဒ္ဒရာ အထိ စုန်ဆင်းသွားနိုင်ကြမည် ဖြစ်သည်။
ထို စီမံကိန်းသည် ကုန်စည်များ ထိရောက်စွာ ကိုင်တွယ်နိုင်ရေး၊ ကုန်သေတ္တာများကို အသုံးပြု ပို့ဆောင်နိုင်ရေး၊ (ပို့ဆောင်သည့် ကုန်စည်အလိုက် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု ပမာဏတွင် ကုန်းလမ်းပို့ဆောင်ရေးထက် နည်းပါးသော) ပြည် တွင်း ရေကြောင်းပို့ဆောင်ရေး အဆင်ပြေချောမွေ့စေရေး တို့ကို မြှင့်တင်ပေးလိမ့်မည်၊ ဒေသခံ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးလိမ့်မည်၊ ဧရိယာ အတွင်းရှိ စက်မှုဇုန်များနှင့် စီးပွားရေးဇုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးလိမ့်မည်ဟု စီမံကိန်း ဘဏ်က ပြောသည်။
အခြား အခြေခံ အဆောက်အဦးနှင့် သုတေသန စီမံကိန်းများ
ထို့ပြင် အစိုးရက တံတားအသစ်များနှင့် အဆင့်မြှင့်ထားသောတံတားများ၊ လမ်းများ၊ လေဆိပ်များ ပါဝင်သည့် စီမံကိန်း တဒါဇင်နီးပါးကိုလည်း စီမံကိန်းဘဏ်၏ စာရင်းသို့ ထည့်သွင်းခဲ့သည်။ ၁၉၈၀ ခုနှစ်က တည်ဆောက်ခဲ့သော လက်ရှိ ၂ လမ်းသွား ဘီးလင်း ချောင်း တံတားဘေးတွင် နောက်ထပ် ၂ လမ်းသွား တံတားအသစ်တခု တည်ဆောက် မည့် ဘီးလင်းချောင်းတံတား စီမံကိန်း ပါဝင်သည်။
အဆိုပြုထားသော တံတားသည် အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းတွင် အရေးပါသော ချိတ်ဆက်မှုတခုအားဖြင့် ဆင်းရဲနွမ်းပါးမှုကို လျှော့ချရန် ရည်ရွယ်သော ဂျပန်ကျောထောက်နောက်ခံပြု မဟာမဲခေါင်ဒေသခွဲ (GMS) အရှေ့-အနောက် စီးပွားရေး စင်္ကြန် (EWEC) နှင့် ချိတ်ဆက်ထားသော အဓိက လမ်းကွန်ယက် တခု၏ အစိတ်အပိုင်း ဖြစ်လာလိမ့်မည် ဖြစ်သည်။
အရှေ့-အနောက် စီးပွားရေး စင်္ကြန်ကို ပဲခူးတိုင်း၊ ပဲခူးမြို့ မှ မွန်ပြည်နယ် ကျိုက်ထိုအထိ တိုးချဲ့မည့် ၆၂ ကီလိုမီတာ ရှိ အမြန်လမ်း အသစ်တခု ဖောက်လုပ် တည်ဆောက်ခြင်း ပါဝင်သည့် ဒုတိယ မဟာမဲခေါင်ဒေသခွဲ အဝေးပြေးလမ်း ခေတ်မီ ဖွံ့ဖြိုးရေး စီမံကိန်းကိုလည်း စာရင်းသွင်း ဖော်ပြခဲ့သည်။
ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေ ဂျင်စီ (JICA) က ဘဏ္ဍာရေး ထောက်ပံ့မှုဖြင့် တည်ဆောက်ရန် အဆိုပြု ထားသည့် စစ်တောင်းမြစ်ကို ဖြတ်၍ ၂.၃ ကီလိုမီတာ ရှည်လျားသော တံတားသစ်တခုလည်း ပါဝင်သည်။ ၃.၅ မီတာကျယ်သော ယာဉ်သွားလမ်း ၄ ခုပါသော ကွန်ကရစ် အဝေးပြေးလမ်းမကြီးက ရန်ကုန်အနီးရှိ ဂျပန်ကျောထောက် နောက်ခံပေးထားသော သီလဝါအထူးစီးပွားရေးဇုန် (SEZ) သို့ ပိုမိုလွယ်ကူစွာ ရောက်ရှိနိုင်စေမည်ဖြစ်သည်။
အရှေ့-အနောက် စီးပွားရေးစင်္ကြံ (EWEC) သည် ထိုင်းနိုင်ငံကို ရန်ကုန်၊ သီလဝါ အထူးစီးပွားရေးဇုန်တို့နှင့် ဆက်သွယ်ရန် ရည်ရွယ်ထားပြီး ထို့နောက်တွင် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ၏ မြို့တော် ပုသိမ်နှင့် ဆက်သွယ်သွားမည် ဖြစ်သည်။
စီမံကိန်း ဘဏ်၏ စာရင်းတွင် ဖော်ပြထားသော လမ်းဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ထဲတွင် မိုးမောက်-လွယ်ဂျယ်လမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းလည်း ပါဝင်သည်။ ကချင်ပြည်နယ် ဗန်းမော်မှ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ လုံချွန်းခရိုင်သို့ ဆက်သွယ်သော အဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ၇၉ ကီလိုမီတာ ရှည်သော မိုးမောက်-လွယ်ဂျယ်လမ်းကို အဆင့်မြှင့်ရန် တောင်းဆို ထားသည်။
ထိုစီမံကိန်းသည် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးကို ကာလတိုအတွင်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရေရှည်တွင် စက်မှုလုပ်ငန်းနှင့် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဗန်းမော်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန် ရည်ရွယ်သည်ဟု စီမံကိန်း ဘဏ်က ဆိုသည်။ လက်ရှိတွင် ကချင် ပြည်နယ်အစိုးရ က စီမံကိန်းကို တည်ဆောက်- လုပ်ကိုင်-လွှဲပြောင်း (BOT) စနစ်ဖြင့် အကောင်အထည် ဖော်ရန် အဆို ပြုထားသည်။
ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အများအပြားထဲတွင် စီမံကိန်းဘဏ်က e-recruitment နှင့် ဘက်ပေါင်းစုံ နိုင်ငံ့ဝန်ထမ်းစနစ်၊ အီလက်ထရောနစ် ငွေပေးငွေယူ သတင်းပို့ခြင်းလမ်းကြောင်း၊ web portal နှင့် ငွေရေးကြေးရေး ထောက်လှမ်းမှု ခွဲခြမ်းစိတ်ဖြာရေးစနစ်၊ ဘေးအန္တရာယ် လျှော့ချရေး အရေးပေါ်တုန့်ပြန်မှုနှင့် ပြန်လည်နေရာချထားရေးစီမံကိန်း၊ နိုင်ငံတကာ အဆင့်မီ လျှပ်စစ်ကိရိယာသုံး စမ်းသပ် ဓာတ်ခွဲခန်း၊ ကူးစက်ရောဂါ မဟုတ်သည့် ရောဂါများ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစီမံကိန်းနှင့် အမျိုးသားငှက်ဖျားရောဂါ ထိန်းချုပ်ရေး အစီအစဉ် တို့ကို စာရင်းသွင်း ဖော်ပြထားသည်။
ထို့ပြင် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအတွက် ပင်မဓာတ်ခွဲခန်း တခု ထူထောင်ရေး၊ အမျိုးသား သစ်တောစာရင်းနှင့် သတင်းအချက်အလက် စောင့်ကြည့်လေ့လာရေး စနစ်များ (NFI / NFMIS)၊ နိုင်ငံ၏ ရေအရည်အသွေး စောင့်ကြည့် စစ်ဆေးမှုစနစ်နှင့် ရေ အရည်အသွေးစီမံခန့်ခွဲမှု စွမ်းရည် တိုးတက်စေရန် အမျိုးသား ဓာတ်ခွဲခန်း တခု တည်ထောင်ရေး တို့ကိုလည်း ထည့်သွင်းခဲ့သည်။
အခြားစီမံကိန်းများ ထဲတွင် မဲခေါင်-ကိုရီးယား ဇီဝ မျိုးကွဲစင်တာ၊ လေထု အရည်အသွေး စောင့်ကြည့်စစ်ဆေးခြင်း စွမ်းရည် တည်ဆောက်ရေးနှင့် အဆင့်မြှင့်တင်ရေး၊ ဘူမိဗေဒဆိုင်ရာ တိုင်းတာရေးနှင့် မြေပုံပြုစုရေး ကွန်ရက်တခုတို့ ပါဝင်သည်။
(Nan Lwin ၏ What’s New in Myanmar’s Project Bank ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
၁၆ နိုင်ငံပါဝင်မည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုစာချုပ်တွင် မြန်မာ လက်မှတ်ထိုးမည်
ကိုဗစ်ချေးငွေ ဒုတိယအသုတ်တွင် လျှောက်ထားသူ ၁ သောင်းခန့်ရှိ
နယ်စပ် ကုန်သွယ်ရေး စည်းကမ်းတချို့ တရုတ် ပြန်လည် ဖြေလျှော့ရန်ရှိ
မြန်မာ့မုန့်ပဲသရေစာများဖြင့် တရုတ်ဈေးကွက်သို့ ထိုးဖောက်ရန် စီစဉ်နေ