ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ပေါက်လာသည့် မြင့်မားလှသော နိုင်ငံရေး မရေရာမှုများကြောင့် ယခုလအတွင်း မြန်မာနိုင်ငံတွင် စက်ရုံသစ်ဖွင့်မည့် အစီအစဉ်ကို ဆိုင်းငံ့လိုက်ကြောင်း တိုယိုတာ မြန်မာက ကြေညာသည်။
စစ်တပ်နှင့် ဆန္ဒပြသူများအကြား ထိပ်တိုက်တွေ့မှုများ ဆက်လက်ဖြစ်ပေါ်နေသောကြောင့် စက်ရုံကို မူလစီစဉ်ထားသည့်အတိုင်း ဖွင့်လှစ်ရန် မဖြစ်နိုင်တော့ကြောင်း ဂျပန်ကားလုပ်ငန်း တိုယိုတာက ကြေညာသည်။
ထိုစက်ရုံကို ရန်ကုန်ုမြို့ တောင်ပိုင်းတွင် ယန်း ၅.၅ ဘီလျံ (ဒေါ်လာ ၅၃ သန်း) အကုန်ခံတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထိုစက်ရုံတွင် အိမ်နီးချင်း ထိုင်းနှင့် အခြားနိုင်ငံများမှ ထုတ်လုပ်သည့် စက်ပစ္စည်း အစိတ်အပိုင်းများဖြင့် ဟိုင်းလပ် ပစ်ကပ် ထရပ်ကားများ တပ်ဆင်ထုတ်လုပ်ရန် စီစဉ်ထားသည်။
လူအများအပြားက စစ်အာဏာသိမ်းမှုကို လမ်းမများတွင် ဆန့်ကျင်ကန့်ကွက်နေချိန်တွင် တိုယိုတာက မူလအစီအစဉ်အတိုင်း စက်ရုံကို ဖွင့်လှစ်လိုက်ပါက ထိုကုမ္ပဏီသည် စစ်အစိုးရကို ထောက်ခံသည်ဟု အမြင်ခံရပြီး အများပြည်သူသာမက လူ့အခွင့်အရေးအဖွဲ့များနှင့် ရင်းနှီးမြှုပ်နှံသူများ၏ ဝေဖန်မှုကို ခံရမည်ဖြစ်သည်။
စက်ရုံကို ဖွင့်လှစ်ခြင်း၊ ဝင်ငွေရရှိခြင်းနှင့် ယခုအခါ စစ်တပ်လက်အောက် ကျရောက်သွားသည့် အစိုးရသို့ အခွန်ပေးဆောင်ရခြင်းများနှင့် ပတ်သက်ပြီး ဝေဖန်မှုများကိုလည်း တိုယိုတာက စိုးရိမ်ပူပန်နေကြောင်း သိရသည်။
လူဦးရေသန်း ၅၀ ကျော်ရှိသော မြန်မာနိုင်ငံကို အရှေ့တောင်အာရှတွင် နောက်ဆုံးလက်ကျန် ဈေးကွက်သစ်အဖြစ် မြင်ခဲ့ကြသည်။ မော်တော်ယာဉ် ထုတ်လုပ်သူများအကြားတွင် ဂျပန်မှ ဆူဇူကီးနှင့် တောင်ကိုရီးယားမှ ဟွန်ဒိုင်းတို့သည် မြန်မာနိုင်ငံတွင် စက်ရုံများရှိနေပြီးဖြစ်သောကြောင့် တိုယိုတာသည် ပြည်တွင်းတွင် ကားထုတ်လုပ်ရန် အမီလိုက်လံ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
စစ်အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ရန် အခက်အခဲနှင့် ရင်ဆိုင်နေရသည့် လုပ်ငန်းများတွင် တိုယိုတာတခုတည်းမကပါ။ ဂျပန် အဖျော်ယမကာလုပ်ငန်း ကီရင်ဟိုးလ်ဒင်းသည် စစ်တပ်ပိုင်လုပ်ငန်းဖြစ်သော မြန်မာ့စီးပွားရေး ဦးပိုင်နှင့် ဘီယာဖက်စပ်လုပ်ငန်းနှစ်ခု လုပ်ကိုင်သောကြောင့် ဝေဖန်ခံနေရပြီး ထိုလုပ်ငန်းများ အဆုံးသတ်ရန် ဆွေးနွေးနေသည်။
ကိုးကား။ ။ Nikkei Asia
You may also like these stories:
စစ်အာဏာသိမ်းမှုက စီးပွားရေးလုပ်ငန်းများအတွက် မိုင်းကွင်းတခုဖြစ်လာ
မြန်မာဘီယာနှင့် ဂျပန် Kirin လမ်းခွဲတော့မည်
စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းက အသံထွက်ဖို့ လိုနေပြီ