ဂျပန် အဖျော်ယမကာကုမ္ပဏီ Kirin အနေဖြင့် မြန်မာနိုင်ငံတွင် ဖက်စပ်လုပ်ကိုင်နေသော လုပ်ငန်း ၂ ခုအား ရပ်ဆိုင်းတော့မည်ဟု ကြေညာလိုက်ပြီး တပ်မတော်မှ အာဏာသိမ်းမှုကို ရှုတ်ချလိုက်သော ပထမဆုံး ဂျပန်ကုမ္ပဏီ ဖြစ်လာသည်။
ယနေ့ သောကြာနေ့တွင် ထုတ်ပြန်သော ကြေညာချက်တွင် တပ်မတော်၏ လုပ်ရပ်သည် “ကျွန်ုပ်တို့၏ အဆင့်အတန်းနှင့် လူ့အခွင့်အရေး မူဝါဒများနှင့် ဆန့်ကျင်နေသည်”ဟု Kirin က ရေးသည်။
“ကျွန်ုပ်တို့ ရွေးစရာ မရှိတော့။ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီနှင့် လတ်တလော ဖက်စပ်လုပ်ကိုင်နေသော လုပ်ငန်းကို ရပ်ဆိုင်းရန်သာ ရှိသည်။ ရပ်ဆိုင်းမှုကို အကျိုးသက်ရောက်စေရန် အရေးပေ ခြေလှမ်းများ ကျွန်ုပ်တို့ စတင်တော့မည်”ဟု ဖော်ပြပါရှိသည်။
Kirin သည် Myanmar Brewery နှင့် Mandalay Brewery လုပ်ငန်းနှစ်ခုလုံး၏ ရှယ်ယာများကို ၅၁ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ပြီး ကျန်ရှယ်ယာများကို တပ်မတော်က ထိန်းချုပ်ထားသော မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီက ပိုင်သည်။
“ကျွန်ုပ်တို့သည် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ခဲ့သည်။ ဒီမိုကရေစီတည်ဆောက်ရေး အရေးပါသောအချိန်ကာလ စတင်ခဲ့ချိန်တွင် နိုင်ငံ့စီးပွားရေးနှင့် ပြည်သူများအတွက် ကျွန်ုပ်တို့၏လုပ်ငန်းမှ အပြုသဘော ကူညီနိုင်မည်ဟု ယုံကြည်ခဲ့၍ ဖြစ်သည်”ဟု Kirin က ဆိုသည်။
Kirin သည် ၂၀၁၅ တွင် အမေရိကန် ဒေါ်လာ သန်း ၅၆၀ ရင်းနှီးမြှုပ်နှံကာ မြန်မာဘီယာ၏ ရှယ်ယာ ၅၅ ရာခိုင်နှုန်းကို ဝယ်ယူပိုင်ဆိုင်ခဲ့သည်။ ၂၀၁၇ တွင် မြန်မာ့စီးပွားရေးဦးပိုင်သို့ ၄ ရာခိုင်နှုန်း ပြန်ပေးခဲ့သည်။
လူ့အခွင့်အရေးအဖွဲ့များ၏ ဖိအားပေးမှုများကြောင့် Kirin သည် Myanmar Brewery နှင့် Mandalay Brewery မှရရှိသော အကျိုးအမြတ်များအား ခွဲဝေ ပေးအပ်ခြင်းကို နိုဝင်ဘာလမှ စတင် ဆိုင်းငံ့ထားသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော အချက်အလက်ရှာဖွေရေး ကော်မရှင်က ၂၀၁၉ ခုနှစ် သြဂုတ်လက မြန်မာစစ်ဖက်နှင့် ၎င်း၏ လုပ်ငန်းများ ပါဝင်ပတ်သက်နေသော မည်သည့် ပြည်ပစီးပွားရေး လုပ်ငန်းမဆိုသည် လူ့အခွင့်အရေးဥပဒေ ချိုးဖေါက်ခြင်းနှင့် ပတ်သက်နိုင်သည့် အန္တရာယ်မြင့်မားစွာရှိကြောင်း သတိပေးထားသည်။
ကုလသမဂ္ဂအစီရင်ခံစာ၏ စွပ်စွဲချက်များထွက်လာပြီးနောက် လွန်ခဲ့သောနှစ် ဖေဖေါ်ဝါရီလတွင် မြန်မာနိုင်ငံမှ လုပ်ငန်းများကို ပြန်လည်သုံးသပ်နေကြောင်း Kirin ကကြေညာသည်။
You may also like these stories:
ဦးပိုင်အတွက် အမြတ်ငွေများကို Kirin က ဆက်လက်ဆိုင်းငံ့ထားမည်
မြန်မာ့စီးပွားရေး ဦးပိုင်ကို လုပ်ဖော်ကိုင်ဖက် စင်ကာပူ ကုမ္ပဏီက တရားစွဲမည်