သတင်း

ဖမ်းထားသူများ လွှတ်ပေးရန် ကုလလုံခြုံရေးကောင်စီ တညီတညွတ်တည်း တောင်းဆို

မြန်မာနိုင်ငံတွင် ထိန်းသိမ်းခံထားရသူများကို ချက်ချင်းပြန်လွှတ်ပေးရန် အမေရိကန်၊ တရုတ်နှင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ အခြားအဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တညီတညွတ်တည်း တောင်းဆိုခဲ့ကြပြီး မြန်မာနိုင်ငံမှ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ဆက်လက် ထောက်ခံအားပေးမှု လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။

စည်းလုံးညီညွတ်မှုကို ရှားရှားပါးပါး ပြသခဲ့ခြင်း ဖြစ်သည့် အဆိုပါ တောင်းဆိုမှုတွင် အဖွဲ့ ဝင် ၁၅ ဦး ပါသော လုံခြုံရေး ကောင်စီက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဆက်လက် ထောက်ခံမှုပေးရန် တောင်းဆိုလိုက်သည်။ ထုတ်ပြတ်ခဲ့သော ကြေငြာချက်တွင် လုံခြုံရေးကောင်စီက “ဒီမိုကရေစီ အဖွဲ့အစည်းများနှင့် လုပ်ငန်းစဉ်များကို ထိန်းသိမ်းရန်၊ အကြမ်းဖက်မှုမှ ရှောင်ရှားရန်နှင့် လူ့အခွင့်အရေး၊ အခြေခံ လွတ်လပ်ခွင့်များနှင့် တရားဥပဒေ စိုးမိုးရေးကို အပြည့်အဝ လေးစားရန် လိုအပ်”ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ယခုအပတ် မြန်မာ့တပ်မတော်က ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းထားပြီး အရေးပေါ် အခြေအနေ ကြေညာခဲ့ကာ နိုင်ငံ၏ မွေးကင်းစ ဒီမိုကရေစီစနစ်ကို ပယ်ဖျက်လိုက်သည်။ အဆိုပါ လုပ်ရပ်သည် နိုင်ငံခြားအကူအညီများ ပြန်လည်သုံးသပ်ခြင်းနှင့် အာဏာသိမ်း ခေါင်းဆောင်များကို ဆန့်ကျင်သော ဒဏ်ခတ် ပိတ်ဆို့မှု အသစ်များ ဖြစ်ပေါ်လာနိုင်ချေကို အမေရိကန်ပြည်ထောင်စုက ကြေငြာသည့် အဖြစ်သို့ ရောက်စေခဲ့သည်။

တရုတ်သံတမန်များက လုံခြုံရေးကောင်စီ၏ ကြေညာချက်ကို ထောက်ခံရင်း သီးခြားကြေငြာချက်တစောင် ထုတ်ပြန်ခြင်းအားဖြင့် ဟန်ချက်ထိန်းရန် ကြိုးပမ်းခဲ့သည်။ အဆိုပါ ကြေညာချက်တွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ “အိမ်နီးချင်းမိတ်ဆွေ” တဦး ဖြစ်ကြောင်း ဖော်ပြခဲ့ပြီး လုံခြုံရေးကောင်စီက “မြန်မာပြည်သူများ၏ ဆန္ဒနှင့် အကျိုးစီးပွားတို့နှင့် ညီညွတ်သော တွေ့ဆုံဆွေးနွေးမှုနှင့် ပြန်လည်သင့်မြတ်ရေး” အတွက် တောင်းဆိုနေခြင်း ဖြစ်သည်ဟု အသားပေး ဖော်ပြသည်။

နယူးယောက်အခြေစိုက် Global Justice Center ဥက္ကဌ Akila Radhakrishnan က “အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး ကြေငြာချက်တစောင် ထုတ်ပြန်ဖို့ သဘောတူခြင်းအားဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက နောက်ဆုံးမှာ အရေးယူ ဆောင်ရွက်မှု တခု ပြုလုပ်လိုက်တယ်လို့ မြန်မာပြည်သူတွေအတွက် စိတ်သက်သာရာ အချို့ ရစေပါတယ်” ဟု ကြေငြာချက်တစောင်တွင် ပြောကြားခဲ့သည်။ “ဒါပေမယ့် ကောင်စီတွင်းက လတ်တလောနဲ့ အစဉ်အလာအရ ပိတ်ဆို့ကြန့်ကြာမှု အနေအထားအရဆိုရင် သတ်မှတ်ချက်က နိမ့်လွန်းပါတယ်။ တကယ်လို့ ဒီကြေညာချက် နောက်မှာ တရားဝင် အရေးယူဆောင်ရွက်ခြင်း ပါမလာခဲ့ရင် အဲဒါက အဓိပ္ပာယ် မရှိပါဘူး။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က အာဏာသိမ်းမှုကို “ လုံးဝ လက်မခံနိုင်စရာ” ဟု ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ခေါ်ဝေါ်ခဲ့ ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီကို အကာအကွယ်ပေးရေး သေချာစေရန် နိုင်ငံတကာ အသိုင်းအဝိုင်းသို့ တောင်းဆိုခဲ့သည်။

You may also like these stories:

ပြည်သူတင်သည့် အစိုးရ ပြန်လာနိုင်ရေး ကြိုးစားသွားမည်ဟု NLD အမတ်များပြော

အာဏာသိမ်းမှုကို ရပ်တန့်ပြီး စေ့စပ်ညှိနှိုင်းရန် SNLD တိုက်တွန်း

လူထုကို အကြမ်းမဖက်ဖို့ တပ်မတော်အား ကာဒီနယ်ချားလ်စ်ဘို မေတ္တာရပ်ခံ

အာဏာသိမ်းမှုအပေါ် ထောက်ခံ၊ ဝန်းရံသူများလည်း ရှိနေသည်

Loading