ဆန် စပါးဈေးကွက်အတွင်းရှိ ကုန်သည် လုပ်ငန်းရှင်များအနေဖြင့် ဆန်အိတ်ရေ ၁ ထောင် (တန်ချိန် ၅၀) နှင့် စပါး တင်းရေ ၅ ထောင်နှင့်အထက် သိုလှောင်ပါက မှတ်ပုံတင်ရမည်၊ မတင်ပါက အရေးယူမည်ဟု စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက မေလ ၉ ရက်က ထုတ်ပြန်သည်။
မှတ်ပုံတင်ရမည်ဆိုသည့် ထုတ်ပြန်ချက်မှာ မိုခါမုန်တိုင်းအပြီး ဖြစ်ပေါ် လာမည့် ဆန်စပါးဈေး အပါအဝင် စိုက်ပျိုးရေး လုပ်ငန်းများ ထိခိုက်လာမည့် အခြေအနေကို ထိန်းချုပ်ရန် ရည်ရွယ်ပုံ ရကြောင်း လေ့လာသူများက ဆို သည်။
ဆန်စပါး သို့လှောင်မှု လုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ- ပုဂ္ဂလိက လုပ်ငန်းအဖွဲ့က ကုန်သည်များ မှတ်ပုံတင်ခြင်း ရှိ၊ မရှိကို ကြပ်မတ်မည်ဖြစ်ပြီး၊ မှတ်ပုံမတင်က ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း၊ အမြတ်များများရလိုမှုဖြင့် သမားရိုးကျ ရောင်းဝယ်ခြင်း မဟုတ်သော လုပ်ငန်းများကို ထိန်းကျောင်းရန် ဆန်၊ စပါး သိုလှောင်မှု အခြေအနေအား စနစ်တကျ ဆောင်ရွက်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်စာတွင် ဖော်ပြထားသည်။
ယင်းနှင့် ပတ်သက်ပြီး ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်မှ ဆန်ကုန်သည်ကြီးတဦးက “ပြည်ပတင်ပို့တဲ့သူတွေကတော့ အခက်အခဲ သိပ်မရှိဘူး။ အခက်အခဲရှိတာက ပြည်တွင်းမှာ ရောင်းတဲ့သူတွေက ရှိတယ်။ ဝယ်လိုက်/ရောင်းလိုက်နဲ့ အိတ် ၁ ထောင်လောက်ထားတဲ့ ပြည်တွင်း ဝယ်/ရောင်းသမားတွေက အများကြီး၊ စာရင်းမကိုင်ထားတဲ့သူလဲများ တယ်။ ဒီလူတွေက စာရင်းတင်ဘာညာနဲ့ အလုပ်ပိုရှုပ် သွားနိုင်တယ်။ ဒီလိုလုပ်တာ ဈေးကွက်မှာ ဈေးကစားတဲ့သူကို ထိန်းတာကတော့ မဖြစ်နိုင်ဘူး။ လုပ်ရကိုင်ရ ပိုကျပ်သွားတာပဲ အဖတ်တင်မှာ” ဟု ဧရာဝတီသို့ ပြောသည်။
ယခုလို လုပ်ငန်းရှင်များအနေဖြင့် သိုလှောင်မည့် ဆန်နှင့်စပါး ပမာဏကို တင်ပြပြီးမှသာ မှတ်ပုံတင် လျှောက်ထားရ မည့် ကိစ္စမှာ ကုန်သည်များအတွက် အဆင်မပြေသလို လုပ်ငန်းများ လုပ်ကိုင်ရာတွင် နှောင့်နှေးသွားစေကြောင်း ယခုလိုလုပ်ခြင်းမှာ ဈေးကွက် ထိန်းချုပ်ခြင်းသာဖြစ်ပြီး အခက်အခဲများသာ ဖြစ်စေသည်ဟု ၎င်းက မှတ်ချက်ပြုသည်။
လက်ရှိတွင် မှတ်ပုံတင်ရန် စစ်ကောင်စီက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်က ဦးဆောင်၍ ဆန်စပါး သိုလှောင်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ – ပုဂ္ဂလိက လုပ်ငန်းအဖွဲ့(ဗဟို)ကို ဖွဲ့စည်းထားပြီး နောက်ပိုင်းတွင် တိုင်းနှင့်ပြည်နယ်၊ မြို့နယ်အဆင့်ထိ ဖွဲ့စည်းသွား မည်ဖြစ်ကာ ယင်းအဖွဲ့များတွင် သိုလှောင်ရမည့် ပမာဏကို လျှောက်လွှာတင်ရမည် ဖြစ်သည်။
မှတ်ပုံတင်ရန် ICT နှင့် ဒီဂျစ်တယ် နည်းပညာစနစ်ကိုသုံး၍ အွန်လိုင်းမှ မှတ်ပုံတင်စနစ်ကို လုပ်မည်ဖြစ်ပြီး မှတ်ပုံတင် ခြင်းကို ထိရောက်စေရန် တိုင်းနှင့် ပြည်နယ် အလိုက် စားသုံးသူရေးရာ ဦးစီးဌာနက ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထား သည်။
ယခင်က ဆန်နှင့်စပါး သိုလှောင်ရောင်းချရာတွင် ပြည်ပတင်ပို့မှု လုပ်ကိုင်သည့်သူများသာ လုပ်ငန်းလိုင်စင်လုပ်ရခြင်း ဖြစ်ပြီး ယခုမူ စစ်ကောင်စီက လက်လီလက်ကားရောင်းချသည့် ပြည်တွင်းလုပ်ငန်းရှင်များကိုပါ ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။
ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်တွင် လက်လီရောင်းချနေသည့် ဆန်ကုန်သည်ကြီး တဦးက “ကျနော်တို့တောင် အိတ်ရေ ၁ ထောင်လောက်က လုပ်နိုင်တယ်။ ကိုယ့်အိမ်မှာ နေရာရှိရင် ထားတယ်။ မရှိရင် ဂိုဒေါင်ငှားပြီး ထားတာပဲ။ ဒါက ကိုယ်တယောက်ထဲလည်း မဟုတ်ဘူး တခြားသူတွေလည်း လုပ်တာပဲ။ အခု စစ်ကောင်စီ လုပ်တာကိုတော့ ကုန်စည် ဒိုင်မှာ ဘယ်သူမှ စကားထဲ အဖက်လုပ်ပြီး မပြောကြဘူး။ ကုန်ဈေးနှုန်းကို ကန့်သတ်တာက ဒီစစ်အစိုးရ လက်ထက်မှ မဟုတ်ဘူး။ ဦးနေဝင်းလက်ထက်ထဲကလဲ ကန့်သတ်ခဲ့တာပဲ။ ဒါပေမယ့် ဘယ်မှာ အောင်မြင်လို့လဲ။ လုပ်တာပဲရှိတယ်” ဟု ပြောဆိုသည်။
စစ်ကောင်စီအနေဖြင့် ပြည်တွင်းဆန်ဈေနှုန်းများ မြင့်တက်နေခြင်းကို ထိန်းချုပ်ရန်အတွက် ဆန်/စပါး သိုလှောင်ခြင်း ကို ထိန်းချုပ်ရန်လုပ်ဆောင်လာခြင်းမှာ ဈေးနှုန်းများ ကျဆင်းရန်ရည်ရွယ်သော်လည်း အလုပ် မဖြစ်နိုင် ကြောင်း ပြည်တွင်းရှိ ဆန်စပါး ကုန်သည်များက သုံးသပ်ပြောဆိုသည်။
လက်ရှိ ပြည်တွင်းဆန်ဈေးမှာ ဆန်ကြမ်း တအိတ်ပင်လျှင် ကျပ် ၆၈၀၀၀ နှင့် အထက်ရှိနေပြီး ဆန်ချော (ပေါ် ဆန်း) တအိတ်လျှင် ကျပ် ၁ သိန်းကျော်ထိ ဈေးနှုန်းများက မြင့်တက်နေသလို စပါးဈေးမှာလည်း တင်းတရာလျှင် ကျပ် ၁၃ သိန်းကျော်မှ ကျပ်သိန်း ၂၀ ဝန်းကျင်ထိ ရှိနေသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအလယ်ပိုင်း ရွှေဘိုပေါ်ဆန်း စပါးထွက်ရှိရာ ရွှေဘိုဒေသတွင် စစ်တပ် နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းနှင့် စစ်တပ်၏ စစ်ကြောင်းထိုးခြင်း၊ လေ ကြောင်းဖြင့် တိုက်ခိုက်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း အစရှိသည်တို့ကြောင့် ထုတ်လုပ်နိုင်မှု နည်းသွားခဲ့ပြီး ဈေးနှုန်း များ မြင့်တက်ခဲ့ရသည်။
ထို့ပြင် စစ်ဖြစ်ပွားခြင်း မရှိသည့် ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရာ ဒေသများတွင်လည်း စစ်တပ်အာဏာ သိမ်းပြီးနောက် ကျပ်ငွေ တန်ဖိုးကျဆင်းပြီး ဒေါ်လာဈေးမြင့်တက်မှုကြောင့် စိုက်ပျိုးရေးသုံးသွင်းကုန်ပစ္စည်းများမှာ ယခင်ကထက် အဆ များစွာ ဈေးမြင့်တက်ခဲ့ပြီး စပါးစိုက်ဧက နည်းပါးခဲ့သလို စိုက်ပျိုးသောနေရာများတွင်လည်း ဓာတ်မြေဩဇာ အပြည့်အ ဝ မကျွေးနိုင်သဖြင့် အထွက်နှုန်း လျော့ကျမှုများ ဖြစ်ပေါ်ခဲ့ရသည်။
လက်ရှိတွင်လည်း မိုခါမုန်တိုင်း ဝင်ရောက်မှုကြောင့် နောက်ဆက်တွဲအနေနှင့် ရခိုင်၊ ချင်းပြည်နယ်၊ စစ်ကိုင်း၊ မကွေး၊ ဧရာဝတီ၊ ပဲခူး အစရှိသည့် တိုင်းနှင့် ပြည်နယ်များတွင် သီးနှံစိုက်ခင်းများ ဧကသောင်းချီ ရေကြီးနစ်မြုပ်မှုများရှိခဲ့ သဖြင့် ပျက်စီးဆုံးရှုံးမှုများနှင့် တောင်သူများ ရင်ဆိုင်နေရသည်။
ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တန်ချိန်၂ ဒသမ ၂ သန်းကျော် တင်ပို့ရာမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၈၅၃ သန်းကျော် ရရှိခဲ့ပြီး ယခု ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန်၂ ဒသမ ၅ သန်း၊ ပို့ကုန်ဝင်ငွေ အမေရိကန် ဒေါ်လာ သန်း ၁,၀၀၀ ရရှိရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က သတင်း ထုတ်ထားသည်။
You may also like these stories:
မုန်တိုင်းကြောင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ယာယီ ရပ်တန့်
မိုခါမုန်တိုင်းကြောင့် မိုးရေချိန်လက်မ စံချိန်တင် မြင့်တက်
ရခိုင်၌ စားသောက်ကုန်၊ ဆေးဝါး အိမ်ဆောက်ပစ္စည်း ဝယ်မရဖြစ်နေ