ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့ကြီးများအပါအဝင် တိုင်းနှင့်ပြည်နယ်တို့ရှိ ပုဂ္ဂလိကဘဏ်များ၌ ငွေသားအလွယ်တကူ ထုတ်ယူနိုင်သလို၊ ATM စက်များတွင်လည်း ငွေဖြည့်တင်းပေးထားကြောင်း ဘဏ်များက ယနေ့ ကြေညာထားသည်။
လတ်တလော၌ AYA ဘဏ်၊ CB ဘဏ်၊ KBZ ဘဏ်၊ ရိုးမဘဏ် အပါအဝင် ATM စက်များတွင်ပါ ငွေသားပြန်လည် ထုတ်ယူ၍ ရရှိသည့်အပြင် Special Bank အကောင့်ဖြင့် ထုတ်ယူပါက ကျပ်သိန်း ၁၀၀ အထိတိုးမြှင့် ထုတ်ပေးနေကြောင်း ငွေ ထုတ်လာသူများထံက သိရသည်။
ရန်ကုန်မြို့ခံတဦးက “အခု ကျနော့်အဒေါ် ထုတ်ပြီးပြန်လာတာ KBZ ဘဏ်မှာ ကျပ်သိန်း ၁၀၀ ရလာတယ်။ စပယ်ရှယ် အကောင့်ထဲက တနေ့ ကျပ်သိန်း ၁၀၀ ထုတ်ပေးတယ် ပြောတယ်။ ပြီးခဲ့တဲ့ ၁ ပတ်နဲ့ ၂ ပတ်လောက်တုန်းက တနေ့ ၁၀ သိန်း ပဲ ပေးမယ်၊ ၅ သိန်းပဲပေးမယ်တွေ ဖြစ်တာ။ အခုမှ သိန်း ၁၀၀ ပြန်ထုတ်လို့ရတာပေါ့။ ဒါပေမယ့် ကိုယ့်အကောင့် ထဲမှာရှိတာ ကြိုက်သလောက် ထုတ်လို့တော့ မရသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ငွေပမာဏအများအပြား ထုတ်ယူချင်သူများ၊ လုပ်ငန်းရှင်များအနေဖြင့်လည်း ကျပ်သိန်း ၂၀၀ ကျော်ပါက အကြောင်းပြချက် ရေးသားရကာ လက်မှတ်ထိုးထုတ်ယူရသလို၊ လုပ်ငန်းရှင်တချို့မှာမူ ရက်ချိန်းဖြင့် ထုတ်ယူရခြင်းများ ရှိနေကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူတဦးက “ဘဏ်ထဲမှာ ၄ လ၊ ၅ လလောက်ထဲက ထည့်ထားတယ်။ အဲဒီပေါ်မှာ မူတည်ပြီးတော့ လုပ်ငန်းအတွက် ဘာသုံးမယ် ညာသုံးမယ် အဲဒါမျိုးကို သေသေချာချာ ဆွေးနွေးပြီးတော့ ထုတ်ရင် ကျပ် သိန်းထောင်နဲ့ချီ ရက်ချိန်းနဲ့ ထုတ်ပေးတယ်။ ကျနော့်ဆီကို တယောက်ယောက်က ကျပ်သိန်း ၃၀၀ လွှဲလိုက်တယ်။ အဲဒါကို အခု ပြန်ထုတ်မယ်ဆိုတာမျိုးတော့ မရသေးဘူး။ ဒါကြောင့် အခြေအနေတွေကို တချက်စောင့်ကြည့်နေတယ်” ဟု လက်ရှိ အခြေအနေကို ဧရာဝတီသို့ ပြောသည်။
ထို့ကြောင့် လက်ရှိတွင် ဘဏ်များ၌ ငွေသားပြန်လည်ထုတ်ယူရရှိသော်လည်း တချို့လုပ်ငန်းသုံးငွေ အလွှဲအပြောင်းများအတွက် ချက်ချင်းထုတ်ယူ၍ မရသေးကြောင်း၊ အကြိမ်ရေခွဲ၍ ထုတ်ယူခွင့်သာပြုနေပြီး ယခုကဲ့သို့ ငွေထုတ်ယူခွင့်ပြုခြင်းမှာ ဘဏ်များအပေါ် ယုံကြည်မှုကျဆင်းနေခြင်းအား ပြန်လည်ကောင်းမွန်စေရန် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။
သို့သော် ATM များတွင် ငွေသားထုတ်နိုင်သည်ဟု ဘဏ်များမှ ကြေညာသည့် မနက်ပိုင်းတွင်သာ ကျပ် ၁၀သိန်းအထိ ထုတ်ယူနိုင် သော်လည်း ယနေ့ ညနေပိုင်းတွင်မူ ကျပ် ၅ သိန်းသာ ထုတ်ယူနိုင်ကြောင်း ရန်ကုန်မြို့ တောင်ဥက္ကလာပ မြို့နယ်ရှိ ATM စက်တခုတွင် ငွေသားထုတ်ယူခဲ့သူဦး ကပြောသည်။
ယင်းသို့ ဘဏ်များတွင် ငွေထုတ်ယူခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အသေးစိတ်သိရှိစေရန် ကမ္ဘောဇဘဏ်အပါအဝင် ပုဂ္ဂလိကဘဏ်တချို့ သို့ ဧရာဝတီမှ ဆက်သွယ်မေးမြန်းသော်လည်း လတ်တလော၌ ပြန်လည် ဖြေကြားခြင်း မရှိပေ။
ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်ကြီးတဦးက “ပြန်ထုတ်လို့ရတာတော့ ဗဟိုဘဏ်က ပံ့ပိုးလိုက်တဲ့ သဘောပါပဲ။ ဘဏ်တွေကို ဗဟိုဘဏ်က ငွေချပေးလိုက်တော့ ထုတ်ရတာဖြစ်မယ်။ နောက်တခုက နယ်မှာ တချို့ဘဏ်တွေက ပိတ်လိုက်ရတာကိုး။ အဲဒီဘဏ်တွေက ငွေတွေကို အစားပြန်ထိုးလိုက်တာလည်း ပါမယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် အကောင့်ဖွင့်ထားသည့် ဘဏ်တခုမှတခြားဘဏ်အကောင့်များသို့ ငွေလွှဲ၍ ရပြီဖြစ်သဖြင့် အနည်းငယ် လွယ်ကူလာကြောင်း ၎င်းက ပြောသည်။
စစ်ပွဲများဖြစ်ပွားနေသော ရှမ်းမြောက်အပါအဝင် နယ်စပ်ဒေသများ၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် နေရာတချို့တွင် မြန်မာ့စီးပွားရေးဘဏ် အပါအဝင် ပုဂ္ဂလိကဘဏ်များ ပိတ်ထားရပြီး နာမည်ကြီး ကမ္ဘောဇဘဏ်ဆိုလျှင် ပဲခူးတိုင်း အပါအဝင် တိုင်းနှင့် ပြည်နယ်အချို့၌ ၁၀ ခုထက်မနည်း ဘဏ်ခွဲများ ပိတ်ထားသည်။
နေပြည်တော်တွင် နေထိုင်သူ ဒေသခံတဦးက “ကျနော်တော့ ဒီမနက် ATM မှာ သွားထုတ်တာ ၁၀ သိန်းတော့ ရလာတယ်။ ကျနော်ထုတ်တာတော့ ငွေက တသောင်းတန်ရော၊ ငါးထောင်ကျပ်တန်ရော ပါတယ်။ စောလို့လားမသိဘူး ပိုက်ဆံက နည်းနည်းတော့ ဟောင်းတယ်။ ဘဏ်မှာတော့ မနက်က ကြည့်ခဲ့တာ KBZ မှာ ကားတွေက အပြည့်ပဲ ငွေထုတ်တဲ့သူလည်း များတာတွေ့တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယနေ့ ငွေသွားထုတ်သူများကလည်း ကျပ် ၁ သောင်းတန် ငွေစက္ကူအသစ်များရရှိကြောင်း လူမှုကွန်ရက်ဂရုများတွင် ပြောဆိုနေပြီး စစ်ကောင်စီ ငွေစက္ကူအသစ်ရိုက်ထုတ်မည်ကို စိုးရိမ်မှုရှိကြောင်းလည်း ပြောဆိုနေသည်ကို တွေ့ရသည်။
ပြီးခဲ့သည့်နှစ်ပတ်အတွင်းက ဘဏ်များ၌ ငွေလွယ်လင့်တကူ ထုတ်မရသည့်ပြဿနာကြောင့် ပြည်သူများ စိုးရိမ်မှုများဖြင့် ဘဏ်များမှ စုပြုံငွေထုတ်ယူခြင်းများဖြစ်ပေါ်ခဲ့သလို ပြင်ပ KBZ pay ထုတ်ပေးသည့်ဆိုင်များမှ ငွေထုတ်ပါက ကျပ် ၁ သိန်း လျှင် ၁၀ ရာခိုင်နှုန်း (ကျပ် ၁ သောင်း) ပေး၍ ထုတ်ရခြင်းများရှိခဲ့ပြီး ယခုအခါ နေရာအလိုက် ၁ ရာခိုင်နှုန်း (ငွေ ၁ သိန်း လျှင် ၁ ထောင်ကျပ်) မှ ၅ (ငွေ ၁ သိန်းလျှင် ၅ ထောင်ကျပ်) ရာခိုင်နှုန်းတို့အထိ နှုန်းအသီးသီးကျဆင်းလာခဲ့ကြောင်း ပြည်သူများထံက သိရသည်။
ဇူလိုင် ၁၀ရက်ကမူ စစ်ကောင်စီ၏ ထိပ်ပိုင်းအရာရှိကြီးများမှ ပုဂ္ဂလိကဘဏ် လုပ်ငန်းရှင်များကို နေပြည်တော်သို့ ခေါ်ယူ ကာ ငွေကြေးဖောင်းပွမှု မထိန်းချုပ်ခြင်း၊ ကျပ်ငွေတန်ဖိုး ကျဆင်းခြင်း၊ ကုန်ဈေးနှုန်းတက်ခြင်း စသည်တို့အတွက် အပြစ်ပုံ ကာ လုပ်ထုံးလုပ်နည်း ချိုးဖောက်ပြီး နိုင်ငံ၏ ဘဏ္ဍာရေးတည်ငြိမ်မှုကို ထိခိုက်စေပါက သို့မဟုတ် နိုင်ငံတော်၏ ပိုင်ဆိုင်မှု သို့မဟုတ် ရင်းမြစ်များကို တန်ဖိုး ကျဆင်းစေပါက အရေးယူမည်ဟု ခေါ်ယူကြိမ်းမောင်းခဲ့သည်။
You may also like these stories:
ဘဏ်များကို ဗဟိုဘဏ် ငွေထုတ်မပေးနိုင်တော့
ပြည်တွင်းဘဏ်များ၌ ငွေအပ်နှံသူမရှိ ဖြစ်လာ
စစ်ကောင်စီက ဘဏ်လုပ်ငန်းရှင်များကို ခေါ်ကြိမ်း














