IT

လေယာဉ်မှူး မပါတဲ့ မိုးပျံတက္ကစီကို ဗီယင်နာမြို့တွင် စမ်းသပ် ပျံသန်း

Want create site? Find Free WordPress Themes and plugins.

ကားကုမ္ပဏီတွေက မောင်းသူမဲ့ကားတွေ ထုတ်လုပ်ဖို့ ကြိုးစားနေချိန်မှာ လေကြောင်း ကုမ္ပဏီတွေကလည်း မောင်းသူမဲ့လေယာဉ်တွေ ထုတ်လုပ်ဖို့ လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။ သြစတြီးယား လေကြောင်းကုမ္ပဏီ FACC နဲ့ တရုတ် ဒရုန်းကုမ္ပဏီ Ehang တို့ ပူးပေါင်းပြီး လေယာဉ်မှူး ပါဝင်တဲ့ “မိုးပျံတက္ကစီ” တစီးကို ဥရောပမှာ ပထမဆုံး အကြိမ်အဖြစ် စမ်းသပ် ပျံသန်းပြခဲ့ပါတယ်။

ဒေါ်လာ ၃၃၆,၀၀၀ ခန့် ကျသင့်မယ့် “Ehang 216” မိုးပျံတက္ကစီကို သြစတြီးယားဗီယင်နာ ဘောလုံးအသင်းရဲ့ အိမ်ကွင်းမှာ ဧပြီလ ၄ ရက်နေ့က စမ်းသပ် ပျံသန်းပြခဲ့တာပါ။ ၇၅၀ ပေါင် အလေးချိန်ရှိတဲ့ မိုးပျံတက္ကစီဟာ ဒလက် ၁၆ ခုကို ကျယ်လောင်စွာ လည်ပတ်ကာ လေထဲမှာ ခဏတာ ဝဲပျံကာ မြေပြင်ပေါ်ကို အောင်မြင်စွာ ပြန်လည်ဆင်းသက်နိုင်ခဲ့ပါတယ်။

ခရီးသည် ၂ ဦး တင်ဆောင် ပျံသန်းနိုင်တဲ့ Ehang 216 ကို အစီးရေ အမြောက်အများ ထုတ်လုပ်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ Ehang ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူ Derrick Xiong က ပြောကြားခဲ့ပါတယ်။

Ehang 216 ဟာ လေယာဉ်ပြေးလမ်း မလိုအပ်တဲ့ မောင်းသူမဲ့လေယာဉ် အမျိုးအစား ဖြစ်ပြီး၊ ခေါက်တို ခရီးသည် ပို့ဆောင်မှု၊ လုပ်ငန်းသုံးပစ္စည်းနဲ့ အရေးပေါ် ဆေးဝါးပစ္စည်းတွေကို ပို့ဆောင်ရာမှာ အသုံးပြုဖို့အတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

အမြန်ဆုံး တနာရီ မိုင် ၉၀ နှုန်းနဲ့ နာရီဝက်ကြာ ပျံသန်းနိုင်ပြီး၊ ဝန်အလေးချိန်အပေါ် မူတည်ကာ ကီလိုမီတာ ၅၀ ကနေ ကီလိုမီတာ ၇၀ အကွာအဝေးအထိ ပျံသန်းနိုင်တယ်လို့ FACC ကုမ္ပဏီရဲ့ CEO Robert Machtlinger က ဆိုပါတယ်။

Ehang 216 ရဲ့ ခရီးသည်အခန်းဟာ ကျဉ်းမြောင်းတဲ့အတွက် အရပ်ရှည်တဲ့ ခရီးသည်တွေတော့ ထိုင်ရ ကြပ်နိုင်တယ်လို့ စမ်းသပ်ပျံသန်းမှုကို လိုက်ပါစီးနင်းခဲ့တဲ့ ဓာတ်ပုံဆရာတဦးက Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ဒေါ်လာ ၃ သိန်းကျော် ပေးရမယ့် Ehang 216 မိုးပျံတက္ကစီကို ဝယ်ယူဖို့အတွက် မှာယူမှုပေါင်း ထောင်ကျော် လက်ခံရရှိထားပြီး၊ တရုတ်ကနေ အမှာအများဆုံး ဖြစ်တယ်လို့ FACC က ဆိုပါတယ်။

Airbus, Uber နဲ့ AeroMobil ကုမ္ပဏီတို့ကလည်း ရှေ့လာမယ့် ဆယ်စုနှစ်အတွင်းမှာ မောင်းသူ မလိုအပ်တဲ့ အလိုအလျောက် မိုးပျံကားတွေကို စောစီးစွာ မိတ်ဆက်နိုင်ဖို့အတွက် ကြိုးစားနေကြပါတယ်။

Ref: Reuters, DailyMail

Did you find apk for android? You can find new Free Android Games and apps.
Loading