IT

OPPO ရဲ့ ပထမဆုံး AR မျက်မှန်ကို မိတ်ဆက် ပြသ

တရုတ်နိုင်ငံမှာ ကျင်းပပြုလုပ်လျက်ရှိတဲ့ Innovation Day 2019 ပွဲမှာ OPPO က AR မျက်မှန်တလက်ကို ထုတ်ဖော်ပြသလိုက်ပါတယ်။

စမတ်ဖုန်း ကုမ္ပဏီ OPPO ရဲ့ ပထမဆုံး AR မျက်မှန် ဖြစ်ပြီး၊ “OPPO AR Glasses” လို့ပဲ ရိုးရှင်းစွာ နာမည်ပေးထားပါတယ်။ ကုမ္ပဏီအနေနဲ့ ယခုအချိန်ကစပြီး စမတ်ဖုန်းတွေအပြင် အခြား နည်းပညာထုတ်ကုန် ကဏ္ဍမျိုးစုံကိုလည်း အာရုံစိုက် ဖန်တီးသွားမှာဖြစ်ကြောင်း OPPO က ယခုပွဲမှာ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

OPPO AR Glasses မှာ Fisheye ကင်မရာတစုံကို ရှေ့တည့်တည့်မှာ တပ်ဆင်ထားပြီး၊ သူ့အောက်မှာတော့ HD ကင်မရာတလုံးနဲ့ 3D ပုံရိပ်တွေကို ဖမ်းယူဖို့အတွက် Time of Flight (ToF) ဆန်ဆာနှစ်ခုကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

မျက်မှန်ကိုင်းအပေါ်မှာတော့ AR ပုံရိပ်တွေ ကြည့်ရှုတာ၊ AR ဂိမ်းတွေ ဆော့တာနဲ့ AR ဝန်ဆောင်မှုတွေ သုံးဖို့အတွက် အစိမ်းရောင် ခလုတ်လေးနှစ်ခု ထည့်ပေးထားပါတယ်။ OPPO AR Glasses ကို လက်ဟန်အမူအရာ၊ အသံ တွေနဲ့လည်း ထိန်းချုပ် အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

မျက်မှန် တပ်ဆင်ထားသူအနေနဲ့ Diffractive Waveguide နည်းပညာသုံး မှန်ချပ်ပြားကနေ ကွန်ပျူတာ ပုံရိပ်တွေကို ပကတိမြင်ကွင်းမှာ ပေါင်းစပ်တွေ့မြင်ရမှာပါ။ စင်ပေါ်မှာ ဒီမျက်မှန်နဲ့ နေအဖွဲ့အစည်းတခုလုံးကို လက်ဟန်အမူအရာ သုံးကာ လေ့လာကြည့်ရှုနိုင်တာကို စမ်းပြသွားခဲ့ပါတယ်။

ဂြိုဟ်တလုံးချင်းစီအလိုက် သက်ဆိုင်ရာ သတင်းအချက်အလက်တွေကို မျက်မှန်မြင်ကွင်းမှာ ပကတိအလား မြင်တွေ့နိုင်တာကို အောက်ပါ ဗီဒီယိုမှာ တွေ့မြင်ရမှာပါ။

ဒါ့အပြင် OPPO AR Glasses မှာ 3D ပတ်လည်အသံပြေးစနစ် ထုတ်ပေးနိုင်တဲ့ စပီကာတွေလည်း ပါဝင်တာကြောင့် တပ်ဆင်ထားသူအနေနဲ့ ကွန်ပျူတာမြင်ကွင်းတွေကို အစစ်အလား ပိုမို သက်ဝင်ခံစားနိင်မှာပါ။ ဒီမျက်မှန်ဟာ ဈေးကွက်ပြိုင်ဘက်ဖြစ်လာမယ့် Microsoft Hololens ထက်တောင် အရွယ်အစား ပိုမိုသေးငယ်ပေါ့ပါးတယ်လို့ OPPO က ဆိုပါတယ်။

လာမယ့် ၂၀၂၀ ခုနှစ်၊ ပထမ သုံးလပတ်အတွင်း ထုတ်လုပ်ရောင်းချသွားမယ် ဆိုတာကလွဲလို့ ဈေးနှုန်းနဲ့ အခြားအသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန် ကြေညာခဲ့ခြင်း မရှိပါဘူး။

Ref: Gizmochina, IB Times

You may also like these stories:

၂၀၂၀ ထုတ် ၄ သိန်းကျော်တန် Xiaomi ဖုန်းအားလုံး 5G ရမှာ ဖြစ်ကြောင်း လေကျွင်း ပြောကြား

ကျောကင်မရာ ၄ လုံးပါ OPPO Reno 2 စမတ်ဖုန်းများကို မြန်မာနိုင်ငံတွင် မိတ်ဆက်

Loading