ပုသိမ်တက္ကသိုလ်ကနေ ၂၀၁၀ ခုနှစ်မှာ ဘွဲ့ရတယ်။ ဇာတိက ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ တူးမြောင်းမြို့သစ်ပါ။ သူငယ်တန်းကနေ ကိုးတန်းထိ အဲဒီမှာပဲ ကျောင်းတက်ခဲ့တယ်။ ဆယ်တန်းရောက်တော့ အထက(၁) မြောင်းမြမှာ တက်ရတယ်။ သူများတွေကတော့ ကိုးတန်းပြီးကတည်းက ဆယ်တန်းအတွက် ကြိုပြီးတော့ တခြားမြို့တွေကို သွားကြတယ်။ ကျမက သွားလို့မရဘူး။ ကျမကျောင်းသွားတက်မယ်ဆိုရင် မိဘတွေက ၂ ယောက် စရိတ်ကုန်မယ်။ ဘာလို့လဲဆိုတော့ ကျမတစ်ယောက်တည်း အဆင်မပြေဘူးလေ။ ၂ ယောက်စရိတ်ကျတော့ ကျမမိဘတွေက အဆင်မပြေတော့ မတတ်နိုင်ဘူးလေ။ ကျောင်းမတက်ရတော့ဘူး ပေါ့နော်။
ဒါပေမယ့် ကံကောင်းချင်တော့ ကျောင်းတွေပြန်ဖွင့်ခါနီးလောက်မှာ မြို့နယ်ပညာရေးမှူးက စစ်ဆေးရေး ဝင်တယ်။ အဲ့ဒီမှာ အစ်မကို တွေ့သွားတယ်။ ပညာရေးမှူးက အစ်မကို မေးတယ်။ သမီးကျောင်းဆက် တက်ချင်လား။ ကျောင်းဆက်နေဖို့ စိတ်ကူးမရှိဘူးလားတဲ့။ အစ်မက တက်ချင်တဲ့အကြောင်းပြောတော့ ပညာရေးမှူးက လူကြီးနဲ့တွေ့ပေးတယ်။ အထက (၁) မြောင်းမြမှာ ဆယ်တန်းတက်ရတယ်။ အဲဒီ ကျောင်းထဲ မှာပဲ စာသင်ခန်းတစ်ခန်းကို ကျမတို့ ညီအစ်မ၂ယောက်အတွက် အခန်းလိုပုံစံမျိုးလုပ်ပြီး ထားပေးပါတယ်။ ကျောင်းအကျိုးတော်ဆောင်တွေကလည်း ဂရုစိုက်ပါတယ်။ တော်တော်အဆင်ပြေပြေနဲ့ နေရတယ်ပေါ့။
ဆယ်တန်းတော့ ရိုးရိုးပဲ အောင်ပါတယ်။ ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ရတော့လည်း ပညာရေးု ဒု ဝန်ကြီးက မသန်စွမ်းကလေးတွေကို စိတ်ဝင်စားတယ်ဆိုတော့ ကျမက ကံကောင်းပြီးရင်း ကံကောင်း တာပေါ့နော်။ ဘဏ်မှာ ငွေစုပေးကြတယ်။ တက္ကသိုလ်တက်တဲ့အချိန် တောက်လျှောက်မှာ တလကို ဘယ်လောက်ဆိုပြီး ငွေထုတ်ပေးကြတယ်။ ကျောင်းပြီးသွားတော့လည်း ကျမကို ပစ်မထားကြဘူး။ အလုပ်ကစပြီး ကူညီခဲ့ကြတယ်။ ကျမဆယ်တန်းဘဝကနေစပြီး ကံကောင်းခဲ့တာပေါ့။
မောင်နှမ (၅) ယောက် ရှိတဲ့အထဲမှာ ကျမတစ်ယောက်ပဲ ကျောင်းဆက်တက်ခဲ့ရတာပါ။ မိသားစုထဲမှာ ကျမတစ်ယောက်တည်းမှာပဲရှိတဲ့ ပညာသင်အခွင့်အရေးပေါ့နော်။ ပြီးတော့ မိဘတွေကိုလည်း ဆုပေးပွဲတက်နိုင်စေချင်တယ်။ မောင်နှမတွေရဲ့ကိုယ်စားလည်း ဖြစ်တယ်လေ။ အဲ့ဒါကြောင့် အတန်းတိုင်းမှာ ပထမ၊ ဒုတိယ၊ တတိယရအောင် ကြိုးစားခဲ့တယ်။
မသန်စွမ်းတစ်ယောက်အနေနဲ့ ဖြတ်သန်းခဲ့ရတယ်ဆိုပေမယ့် ကိုယ့်ကိုကိုယ် ဘာမှမလုပ်နိုင်တဲ့ လူတစ်ယောက်လို အားငယ်စိတ်မျိုးမရှိခဲ့ဘူး။ ဘာလို့မရှိခဲ့လဲဆိုတော့ ပတ်ဝန်းကျင်နဲ့ ပတ်သတ်မယ်ထင်တယ်။ သစ်ပင်တွေတောင်မှ မြေဆီလွှာကောင်းကောင်းမှာ ရှင်သန်ဖွံ့ဖြိုးရတဲ့သစ်ပင်နဲ့ ကျောက်ခဲတွေလို မြေဆီလွှာ မကောင်းတဲ့နေရာမှာ ရှင်သန်ရတာခြင်း မတူဘူးလေ။ မြေဆီလွှာကောင်းကောင်းမှာ ရှင်သန်ရတဲ့ သစ်ပင်က ပိုပြီး အားရှိမယ်၊ ခိုင်မာမယ်လေ။ အဲ့ဒီသဘောပါပဲ။ ကျမရဲ့မိဘတွေနဲ့ ပတ်ဝန်းကျင်ကောင်းကောင်းမှာ ရှင်သန်ခဲ့ရတယ်ပေါ့။ တချို့ဆိုရှိတယ်လေ။ မသန်စွမ်းဆိုရင် နှိမ့်ချပြီးဆက်ဆံကြတယ်။ မိသားစုထဲမှာတောင် နှိမ့်ချခံရတာမျိုးရှိတယ်လေ။ ကျမမှာက အဲ့ဒါမျိုးဘာလို့မရှိလဲဆိုတော့ ကျမက မွေးလာတည်းက ကိုယ့်ရွာထဲမှာပဲ နေလာတာလေ။ အဲ့တော့ ဘယ်သူကမှလည်း ကျမကို မထူးဆန်းနေဘူး။ ဘယ်သူကမှလည်း ကျမကို မနှိမ့်ချဘူးလေ။
ဒါပေမယ့် ကျမ ဆယ်တန်းနှစ်မှာ အဲ့ဒဏ်ကို ခံရတယ်။ တခြားနေရာတစ်ခုကို ရောက်သွားတော့ သူတို့အတွက် ကိုယ်က အထူးအဆန်းတစ်ခုလို ဖြစ်နေတာပေါ့။ ကျောင်းမှာ ကျောင်းသားကလေးငယ်လေးတွေရှိတယ်။ သူတို့က မြင်တော့ ဝိုင်းကြည့်တာပေါ့နော်။ အစကတော့ အရမ်းစိတ်ဆိုးတာပဲ။ တသက်နဲ့တကိုယ် တစ်ခါမှ အဲ့လိုအကြည့်မခံရဖူးဘူးလေ။ ဒါပေမယ့်နောက်ပိုင်းကျတော့ ရိုးသွားတာပါပဲ။ တက္ကသိုလ်တက်တော့လည်း ကြည့်ကြတာပဲ။ ဒါပေမယ့် ဆယ်တန်းမှာ ခံခဲ့ရပြီးပြီဆိုတော့ သိပ်မထူးဆန်းတော့ဘူးလေ။
ကျမက ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းရတာ ကြိုက်တယ်။ ပေါ့ပေါ့ပါးပါးဖြတ်သန်းတာနဲ့ ပေါ့ပေါ့တန်တန် ဖြတ်သန်းတာနဲ့ မတူဘူးလေ။ ဒါပေမယ့် တချို့လူတွေက အဲ့ဒါကို မကွဲကြဘူး။ ပေါ့ပေါ့ပါးပါး ဖြတ်သန်းမယ် ဆိုရင် ပေါ့ပေါ့တန်တန်လို့ မှတ်ကြတယ်။
ကျမက အိုင်တီပိုင်းကိုစိတ်ဝင်စားတယ်။ ဆယ်တန်းနှစ်ရောက်မှ ကွန်ပြူတာဆိုတာကို အပြင်မှာမြင်ဖူးတာ။ ကျောင်းမှာပေါ့နော်။ ကျမ ကွန်ပြူတာသိပ်သင်ချင်တာပဲ။ ဒါပေမယ့် ကိုယ်က ဆယ်တန်းလေ။ သင်ဖို့ အခွင့်အရေးမရခဲ့ဘူး။ အဲ့လိုနဲ့ တက္ကသိုလ်ရောက်သွားတယ်ပေါ့။ တက္ကသိုလ်ရောက်မှ ပထမနှစ်ဝက် စာမေးပွဲဖြေပြီးတဲ့အချိန်မှာ ဘုန်းဘုန်းအရှင်ဆေကိန္ဒက ထားပေးတာ။ ဒုတိယနှစ်မှာ level 2 တက်တယ်။ ပြီးတော့ တတိယနှစ်ရောက်တော့ အဲ့သင်တန်းက ကျမကို graphic design ကို အခမဲ့သင်ပေးတာ။ အဲ့တော့ ကွန်ပြူတာပညာကို ထိုက်သင့်သလောက်ရလာတယ်ပေါ့နော်။ အဲ့နောက်ပိုင်း ရွှေမင်းသားမှာ အလုပ်ရတော့ web design ပိုင်းကို သင်တန်းထပ်ပေးတယ်။ ရွှေမင်းသားဆိုတာက မသန်စွမ်းတွေကို အလုပ်ပေးထောက်ပံ့တဲ့ ဖောင်ဒေးရှင်းပေါ့။ စီးပွားရေးကလည်း တပိုင်းလေ။ ခုတော့ ရုံးတက်လိုက် မတက်လိုက်ပဲ။ သမီးလေးကလည်း ငယ်သေးတာကိုး။ online shop ကလည်း တဖက်လုပ်သေးတာလေ။ ကျမ အားကစားတခုမှ မလုပ်ပါဘူး။ ကျမက ပင်ပင်ပန်းပန်းနဲ့ ခွန်အားသုံးပြီး လုပ်ရမယ့်အလုပ်မျိုး စိတ်လည်း မဝင်စားဘူး။ လုပ်လည်းမလုပ်ဘူး။ လုပ်လည်း မလုပ်နိုင်ဘူးလေ။
သမီးလေးကို ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံးအရာတွေ မပေးနိုင်ရင်တောင်မှ ကျမဆီက အကောင်းဆုံး အရာတွေကတော့ သမီးအတွက်ပဲဖြစ်ရမယ်။ သမီးကို ဘယ်လိုဖြစ်စေချင်တယ်၊ ဘာဖြစ်ရမယ်ဆိုတာမျိုးတော့ မရှိပါဘူး။ သူ့ဆန္ဒကိုပဲ ထိန်းကျောင်းပံ့ပိုးပေးမယ်။ တချို့ကတော့ ကိုယ့်သားသမီးအပေါ်မှာ ရည်မှန်းချက် မရှိတာမျိုးလားလို့ မေးကြတယ်။ အဲ့လိုမဟုတ်ပါဘူး။ သူဖြစ်ချင်တဲ့ ဆန္ဒလေးကိုပဲ ပံ့ပိုးဖြည့်ဆည်းမှာပါ။
အကုန်လုံးကို ကြိုးစားစေချင်တယ်။ မသန်စွမ်းပဲဖြစ်ဖြစ် သန်စွမ်းတဲ့သူပဲဖြစ်ဖြစ် ကြိုးစားတဲ့သူအတွက် နေရာရှိတယ်။ သူများတကာကို တွန်းထိုးပြီးတော့မှ နေရာလည်း လုစရာမလိုဘူး။ ကိုယ်သာကြိုးစားသွားရင် ကိုယ့်အတွက် နေရာရှိပါတယ်။