ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်လူနာများ ကုသရန်အတွက် နေရာများ လုံလောက်မှု မရှိ ဆိုသည့် သတင်းများ ထွက်ပေါ် နေခြင်းမှာ သတင်းမှားသာဖြစ်ပြီး နေရာအလုံအလောက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန က သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမြင့်က “COVID-19 ကုသရေး စင်တာတွေ၊ ဆေးရုံတွေ ပြည့်နေပါတယ်။ ပြည့်နေတဲ့အတွက်ကြောင့် လူနာတွေ အိမ်မှာပဲ ထားကုနေရပါတယ်၊ အဲဒီလို ဖြစ်နေပါတယ် ဆိုပြီး သတင်းတွေပျံ့နှံ့နေတာ ဖြစ်ပါတယ်။ ဒီသတင်းကတော့ သတင်းမှားသာလျှင် ဖြစ်ပါတယ်” ဟု ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီးတွင် ကိုဗစ်ကုသရေး စင်တာ ၁၅ ခု၌ ခုတင် ၁ သောင်းကျော် ရှိရာ ခုတင် ၅,၀၀၀ ကျော် နေရာ လွတ်နေသေးပြီး တပ်မတော်က ပြင်ဆင်ထားသည့် ကုသရေး စင်တာ ၈ နေရာရှိ ခုတင်၂,၀၀၀ ကျော်တွင်လည်း ၁,၄၀၀ ကျော် လွတ်နေသေးကြောင်း သိရသည်။
“နောက်ထပ် အများကြီး ထွက်လာလို့ရှိရင်လည်း နောက်ထပ် အများကြီး လက်ခံနိုင်သေးတဲ့ အခြေအနေ ရှိပါသေးတယ်။ အဲဒီအတွက် ပြည်သူလူထုအနေနဲ့ ဒီအပေါ်မှာ စိုးရိမ်သောကလည်း မဖြစ်ပါနဲ့” ဟု ၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ်အသီးသီးမှ ကိုဗစ်ရောဂါပိုး ကူးစက်ခံရသည့် လူနာများ၏ ၇၀ ရာခိုင်နှုန်းမှာ ရန်ကုန်တိုင်း ဒေသကြီးတွင် တွေ့ရှိထားခြင်း ဖြစ်သည်။
ဒုတိယလှိုင်း စတင်ဖြစ်ပွားသည့် သြဂုတ်လ ၁၆ ရက်မှ ဒီဇင်ဘာလ ၁၇ ရက်အထိ ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်ပိုး တွေ့လူနာ ၇၈,၀၇၀ ဦး ရှိပြီ ဖြစ်သည်။
ရန်ကုန်တိုင်း ဒေသကြီးရှိ ကိုဗစ်ကုသရေး စင်တာများ၊ အစိုးရ ဆေးရုံများ၊ မြို့နယ်ကျန်းမာရေးဌာနနှင့် တပ်မတော်မှ ပြင် ဆင်ထားသည့် ကုသရေးစင်တာများတွင် ကိုဗစ်လူနာ လက်ခံကုသနိုင်သည့် ခုတင် ၁၃,၅၀၀ ခန့် ရှိပြီး ယနေ့အထိ ကုသ နေသည့် လူနာစုစုပေါင်းမှာ ၆,၈၄၁ ဦး ရှိကြောင်း တိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သိရသည်။
ဆက်လက်ပြီး ဒေါက်တာ ထွန်းမြင့်က “ဒီလို ရှိနေတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ လက်ခံ မကုသနိုင်တဲ့ အခြေအနေ ဘာမှလည်း မရှိပါဘူး။ ကျန်းမာရေး ဝန်ထမ်းတွေဘက်ကဆိုရင်လည်း အဖြစ်နည်းတဲ့ တိုင်းနဲ့ ပြည်နယ်တွေက ကျနော်တို့ ဆီမှာ အလှည့်ကျ တာဝန်ထမ်းဆောင်နေကြတော့ ကျန်းမာရေး ဝန်ထမ်းတွေ ပင်ပန်းသော်လည်းပဲ ပုံမှန်လည်ပတ်လျက် ရှိပါတယ်” ဟု ဆိုသည်။
ကိုဗစ် ကူးစက်ခံရသည့် လူနာများကို အရေးကြီးလျှင် ကြီးသလို ကုသနိုင်ရန် ဆေးပစ္စည်း ကိရိယာများလည်း ဖြည့်တင်း ထားပြီး ယနေ့အထိ အချိုးအစား မျှမျှတတဖြင့် ကိုဗစ်အတည်ပြု လူနာများကို စောင့်ရှောက်နိုင်သေးကြောင်း ဒေါက်တာ ထွန်းမြင့်က ရှင်းပြ သည်။
“ဆရာဝန် အချိုး၊ လူနာအချိုး ဆိုတာကတော့ တသမတ်တည်းတော့ မရှိဘူး။ COVID-19 ကလည်းပဲ တသမတ်တည်း မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကျနော်တို့ ပြောနိုင်တာကတော့ အခုချိန်အထိ အချိုးအစား မျှမျှတတနဲ့ COVID-19 အတည်ပြု လူနာတွေရဲ့လိုအပ်ချက်ကိုတော့ စောင့်ရှောက်နိုင်သေးတဲ့ အခြေအနေမှာပဲ ရှိပါတယ်” ဟု ၎င်းက ဆက်ပြော သည်။
မတ်လ၂၃ ရက်မှ ဒီဇင်ဘာလ ၁၇ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၁၂,၀၇၆ ဦး ရှိနေပြီဖြစ်ကာ သေဆုံးသူ ၂,၃၇၇ ဦးနှင့် ဆေးရုံဆင်းခွင့် ရရှိသူ ၉၁,၅၃၇ ဦး ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
ရောဂါအခံ မရှိသည့် ကိုဗစ်လူနာများ နေအိမ်တွင် သီးခြားထားရှိရေး ဆွေးနွေး
ရန်ကုန်ပြင်ပတွင် ကိုဗစ်-၁၉ ကူးစက်မှုတိုးလာ
ရန်ကုန်မြို့တော်ဝန်နှင့် ဆက်စပ်သူ ၂၇ဦးကို ကိုဗစ်စစ်ဆေး