Coronavirus Update

ကိုဗစ်ကာကွယ်ဆေး ဝယ်ရန် လူထုလှူဒါန်းငွေ ကျပ် ၁၃ ဘီလျံကျော် ရရှိ

Want create site? Find Free WordPress Themes and plugins.

အစိုးရက မေတ္တာရပ်ခံခဲ့ပြီး တပတ်အတွင်း COVID-19 ကာကွယ်ဆေး ဝယ်ယူရန် မြန်မာအစိုးရအနေဖြင့် ပြည်သူလူထု၏ လှူဒါန်းမှု (ဒေါ်လာ ၁၀.၂ သန်း) ကျပ် ၁၃ ဘီလျံ ခန့် ရရှိခဲ့ကြောင်း သိရသည်။

ကနဦး အနေဖြင့် ဇန်နဝါရီလ ၅ ရက်နေ့တွင် အစိုးရက အမေရိကန် ဒေါ်လာ ၂၅၁ သန်း (ကျပ် ၃၃၅ ဘီလီယံ) လျာထားခဲ့ပြီးနောက် အများပြည်သူထံမှလည်း အကူအညီ တောင်းခံခဲ့သည်။

ထိုအချိန်မှစ၍ အစိုးရ၏ COVID-19 ကာကွယ်ဆေးရန်ပုံငွေသည် တဦးချင်း အလှူရှင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် ဘာသာရေးအဖွဲ့အစည်းများ ထံမှ အလှူငွေများကို လက်ခံရရှိခဲ့သည်။

မြန်မာနိုင်ငံ အစ္စလာမ်သာသနာရေး ကောင်စီက ရန်ပုံငွေသို့ ကျပ် ၁ ဘီလီယံကျော် လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံ၏ မွတ်ဆလင် အသိုင်းအဝိုင်းထံမှ အလှူငွေများ လက်ခံရရှိနေဆဲဖြစ်ကြောင်း ဇန်နဝါရီလ ၁၇ ရက် နေ့က ပြောသည်။

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တည်ထောင်ထားသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ကလည်း ပြည်သူလူထု၏ လှူဒါန်းမှုများကို လက်ခံခဲ့သည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ အထိ ဖောင်ဒေးရှင်းက အစိုးရထံသို့ ကျပ်သန်းပေါင်း ၅၃၀ ကျော် လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သည်။

CB ဘဏ်ကလည်း ကျပ် ၂ ဘီလျံ လှူဒါန်းခဲ့သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) က ၎င်း၏ အသင်းဝင်များထံမှ အလှူငွေများကို ကောက်ခံ စုဆောင်းနေပြီး အသင်းကိုယ်တိုင်လည်း ကျပ်သန်းပေါင်း ၁၅၀ လှူဒါန်းရန် လျာထား သတ်မှတ်ထားသည်။

မြန်မာနိုင်ငံမှ အကြီးဆုံး လုပ်ငန်းစု တခုဖြစ်သည့် Eden Group ၏ ဥက္ကဌ ဦးချစ်ခိုင်က ဒေါ်လာ ၁.၅ သန်း (ကျပ် ၂ ဘီလျံ) လှူဒါန်းခဲ့သည်။ အစိုးရ၏ COVID-19 ကြိုးပမ်းမှုများ တွင် ဒေါ်လာ ၁၁ သန်းကျော် (၁၄.၄ ဘီလီယံကျပ်) ထည့်ဝင်ခဲ့ပြီး ဖြစ်သော ဧရာဝတီ ဖောင်ဒေးရှင်း၏ ဥက္ကဌ ဦးဇော်ဇော်က ကာကွယ်ဆေးအတွက် နောက်ထပ် ကျပ် ၂ ဘီလျံ လှူဒါန်းခဲ့သည်။

COVID-19 ကြိုးပမ်းမှုများအတွက် ဒေါ်လာ ၁၀.၅ သန်းကျော် (၁၄ ဘီလီယံကျပ်) ကျော် ထည့်ဝင်လှူဒါန်းခဲ့ပြီး ဖြစ်သော KBZ ဘဏ်ကလည်း ကာကွယ်ဆေးအတွက် နောက်ထပ် ၃ ဘီလီယံကျပ် လှူဒါန်းခဲ့သည်။

မြန်မာ့တပ်မတော်က ကျပ်ငွေ ၁ ဘီလီယံ လှူဒါန်းခဲ့သည်ဟု သတင်းများက ဆိုသည်။

Oxford တက္ကသိုလ်နှင့် AstraZeneca တို့က တီထွင်ခဲ့သော Covishield ကို ထုတ်လုပ်နေသည့် ကမာ္ဘ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ ဖြစ်သည့် အိန္ဒိယနိုင်ငံ Serum Institute ထံမှ မြန်မာနိုင်ငံက COVID-19 ကာကွယ်ဆေး သန်း ၃၀ မှာကြားထားခဲ့သည်။

အိန္ဒိယ အစိုးရက မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနှင့် မိတ်ဖက်နိုင်ငံများသို့ ကိုဗစ်ရောဂါ ကာကွယ်ဆေးများ ဇန်နဝါရီလ၂၀ ရက်မှ စတင်ပြီး ပေးပို့သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသည် ကနဦး အနေဖြင့် မှာကြားထားသည့် တန်ဖိုး၏ တဝက် ဖြစ်သော ဒေါ်လာ ၇၅ သန်း (ကျပ်ဘီလီယံ ၁၀၀) ပေးထားပြီး ဖြစ်သည်။ အရွယ်ရောက်ပြီးသူ လူဦးရေ တခုလုံးအတွက် ကာကွယ်ဆေးပေးရန် စုစုပေါင်း ကုန်ကျငွေမှာ အမေရိကန် ဒေါ်လာသန်း ၅၅၀ (ကျပ် ၇၄၄ ဘီလီယံ) အထိ ရှိနိုင်ပါသည်။ လူတဦးလျှင် ၂ ကြိမ်ထိုးရန် လိုအပ်ပြီး Covishield ဆေးတကြိမ် ထိုးနှံရန် ၅ ဒေါ်လာ (၆၇၀၀ ကျပ်) ခန့် ကုန်ကျနိုင်ပါသည်။

၂၀၂၁ ခုနှစ်ကုန်တွင် ပြည်သူ ၅၄.၄ သန်းထဲမှ ၄၀ ရာခိုင်နှုန်းကို COVID-19 ကာကွယ်ဆေး ပေးနိုင်လိမ့်မည်ဟု မြန်မာနိုင်ငံက ခန့်မှန်းထားသည်။ ကျန်သော အရွယ်ရောက်သူမှန်သမျှသည် ၂၀၂၂-၂၃ ခုနှစ် ဘဏ္ဍာရေး နှစ်အတွင်း ကာကွယ်ဆေး ထိုးပြီးနိုင်ရန် ရည်မှန်းထားသည်။

COVID-19 ကာကွယ်ဆေးများကို တရုတ်၊ ရုရှား၊ ဗြိတိန်နှင့်အမေရိကန်နိုင်ငံတို့မှ သံတမန်နည်းလမ်းများ မှတဆင့် ဝယ်ယူရန်လည်း မြန်မာနိုင်ငံက ကြိုးစားနေသည်။

ဒီဇင်ဘာ ၁၉ ရက်မှစ၍ မြန်မာနိုင်ငံ တွင် COVID-19 ဖြစ်ပွားမှုနှုန်း ကျဆင်းလာခဲံသည်။ နေ့စဉ်ဖြစ်ပွားမှု ၁၄၀၀ ကျော် အမြင့်ဆုံး ရှိခဲ့ရာမှ ယခုအခါ တနေ့လျှင် ကူးစက်ခံရမှု ၁၀၀၀ အောက်သို့ ကျဆင်းသွားခဲ့သည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ အထိ သေဆုံးသူ ၂၉၉၇ ဦးနှင့် ပြန်လည်သက်သာလာသူ ၁၁၉၃၁၄ ဦး အပါအဝင် ကူးစက်ခံရမှု စုစုပေါင်း ၁၃၅၇၂၁ ခု ရှိကြောင်း မြန်မာနိုင်ငံက ထုတ်ပြန်ထားသည်။

အာဆီယံဒေသတွင် မြန်မာနိုင်ငံ က COVID-19 ဖြစ်ပွားမှု ၌ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့်မလေးရှား တို့၏ နောက်မှ စတုတ္ထ နေရာ၌ ရှိနေသည်။

You may also like these stories:

ကိုဗစ်ကာကွယ်ဆေး လာမည့်အပတ်အတွင်း မြန်မာသို့ ရောက်မည်

ကိုဗစ်ကြောင့် ဖြစ်လာတဲ့ သဘာဝပတ်ဝန်းကျင် စိန်ခေါ်မှု အသစ်

လူကုန်ကူးဂိုဏ်းများ၊ အစိုးရများ၊ လူ့အခွင့်အရေးအဖွဲ့များနှင့် ကိုဗစ်ကာလဆိုး

Did you find apk for android? You can find new Free Android Games and apps.
Loading