Coronavirus Update

WHO စုံစမ်းရေးအဖွဲ့ ဝူဟန်မြို့ရှိ ဓာတ်ခွဲခန်းသို့ သွားရောက် လေ့လာ

တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကို ရောက်နေတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ဦးဆောင်တဲ့ စုံစမ်းရေးအဖွဲ့ဟာ ဗိုင်းရပ်စ် သုတေသန ဓာတ်ခွဲခန်းကို သွားရောက် လေ့လာခဲ့ပါတယ်။ ဓာတ်ခွဲခန်းမှာ ပညာရှင်အဖွဲ့ဟာ COVID-19 ရောဂါ မူလအစကို ရှာဖွေဖို့အတွက် တရုတ် ထိပ်တန်း ရောဂါဗေဒ ပညာရှင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ပညာရှင်တွေဟာ ၃ နာရီခွဲနီးပါး အစောင့် ထူထပ်စွာ ချထားတဲ့ ဝူဟန်ရောဂါဗေဒ အင်စတီကျူထဲကို သွားရောက် လေ့လာခဲ့တာပါ။ ၂၀၁၉ ခုနှစ်ကုန်ပိုင်းမှာ ဝူဟန်မြို့ကနေ ပထမဆုံး ကူးစက်လာခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် လွတ်ထွက်လာတယ်လို့ ခန့်မှန်း ပြောဆိုနေကြတဲ့ ဓာတ်ခွဲခန်းလည်း ဖြစ်ပါတယ်။

သိပ္ပံပညာရှင် အများစုကတော့ ခန့်မှန်း ပြောဆိုချက်ကို လက်မခံကြပေမယ့် တချို့ကတော့ ပြင်ပက ဖမ်းလာတဲ့ ဗိုင်းရပ်စ်ကို အဆိုပါ ဓာတ်ခွဲခန်းမှာ မွေးမြူပြီး လူသားနဲ့ စမ်းသပ်ရာက ကူးစက်မှုတွေ စတင်လာတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

“အရမ်းကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ မေးခွန်းတွေ အများကြီး ရှိပါတယ်” လို့ ဒိန်းမတ်နိုင်ငံသူ စုံစမ်းရေးအဖွဲ့ဝင် Thea Fischer က ဆိုပါတယ်။ သိပ္ပံပညာရှင် တချို့ကတော့ တရုတ်နိုင်ငံကနေ ဓာတ်ခွဲခန်းမှာ လေ့လာထားတဲ့ ကိုရိုနာဗိုင်းရပ်စ် နမူနာ အချက်အလက်တွေကို ထုတ်ပေးဖို့ တောင်းဆိုထားပါတယ်။

“ဒီက အဓိက လူတွေနဲ့ တွေ့ဆုံခွင့်ရမယ်။ လိုအပ်တဲ့ အရေးကြီး မေးခွန်းတွေလည်း မေးခွင့်ရမယ်” လို့ စုံစမ်းရေးအဖွဲ့ဝင်လည်းဖြစ်၊ EcoHealth Alliance ဥက္ကဋ္ဌ Peter Daszak က ဓာတ်ခွဲခန်း စရောက်ခါစ မေးမြန်းချက်တွေကို ပြန်ဖြေသွားခဲ့တာပါ။

ကမ္ဘာတဝန်း ကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီးဟာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့က စတင်ခဲ့တယ်ဆိုတဲ့ အချက်ကို ဘေဂျင်းဘက်က တင်သွင်းလာတဲ့ အေးခဲ အစားအစာတွေကတဆင့် ဗိုင်းရပ်စ် ပါလာတာဖြစ်တယ်လို့ တန်ပြန် ထောက်ပြခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် မူလအစကို ရှာဖွေဖို့အတွက် WHO ဦးဆောင်တဲ့ စုံစမ်းရေးအဖွဲ့ဟာ အဖွဲ့ဝင် အရေအတွက် ကန့်သတ်ခံထားရတဲ့အပြင် ပြည်တွင်းကသူ တချိုနဲ့လည်း ကျန်းမာရေး အခြေအနေတွေကြောင့် တွေ့ဆုံခွင့် မပေးတာမျိုးတွေ ရှိနေပါတယ်။

တရုတ်ပြည်ကို စရောက်လာပြီး ဟိုတယ် Quarantine ၂ ပတ် နေထိုင်ခဲ့ရပြီးနောက် နောက်ထပ် ၂ ပတ်ကြာ ဝူဟန်မြို့ရှိ ဓာတ်ခွဲခန်းအပြင် ကိုရိုနာဗိုင်းရပ်စ် အစပြုရာ Huanan ပင်လယ်စာဈေး၊ ဆေးရုံးတွေကိုပါ သွားရောက် လေ့လာဖို့ စီစဉ်ထားပါတယ်။

Ref: Reuters

You may also  like these stories:

ကျန်းမာရေး ရန်ပုံငွေ ရှာပေးခဲ့တဲ့ ဗြိတိန်အဘိုးအို COVID-19 ကူးစက်ခံရ

ယူကေမှာ ကိုဗစ် ကာကွယ်ဆေးသစ် Novavax ၉၀ ရာခိုင်နှုန်းနီးပါး ထိရောက်မှုရှိ

Loading