ယူကေနိုင်ငံမှာ စမ်းသပ်ချက်အရ Novavax ကာကွယ်ဆေးဟာ ၈၉ ဒသမ ၃ ရာခိုင်နှုန်း ထိရောက်မှု ရှိတယ်လို့ ကြေညာလိုက်ပါတယ်။ လေ့လာချက်တွေအရ ယူကေမှာ ပျံ့နှံ့နေတဲ့ ကူးစက်လွယ် မျိုးဗီဇကွဲကိုပါ ကာကွယ်ပေးနိုင်လောက်တဲ့အထိ အာနိသင် ရှိတယ်လို့ ဆိုပါတယ်။
အမေရိကန်အခြေစိုက် ကုမ္ပဏီတခုဖြစ်တဲ့ Novavax ကာကွယ်ဆေးဟာ တနှစ်ကို ဆေး ၂ ဘီလီယံထုတ်လုပ်နိုင်ဖို့အတွက် အိန္ဒိယနိုင်ငံက Serum Institute of India အပါအဝင် နိုင်ငံ ၇ နိုင်ငံမှာ စက်ရုံ ၈ ရုံနဲ့ ထုတ်လုပ်သွားဖို့ ရှိပါတယ်။
ကုမ္ပဏီဘက်ကလည်း ထောက်ခံချက် လျှောက်ထားနိုင်ဖို့ အချိန် ၂ လ ၃ လလောက် ယူရဦးမယ်လို့ ဆိုပါတယ်။ ယူကေမှာ စမ်းသပ်ခဲ့တဲ့ထဲ ယူကေ ကာကွယ်ဆေးဆိုင်ရာ ဝန်ကြီး Nadhim Zahawi အပါအဝင် အသက် ၁၈ နှစ်ကနေ ၈၄ နှစ်ကြား လူ ၁၅,၀၀၀ လောက် ပါဝင်ခဲ့ကြပါတယ်။ Novavax ကာကွယ်ဆေးကို ဗြိတိန်အပြင် ဥရောပနဲ့ တခြားနိုင်ငံတွေမှာလည်း အသုံးပြုလာဖွယ် ရှိနေပါတယ်။
ကူးစက်မှုတွေ များနေတဲ့ ဥရောပနိုင်ငံတွေအတွက်တော့ Pfizer နဲ့ AstraZeneca အပြင် လိုအပ်နေတဲ့ ပမာဏ ဖြည့်ပေးဖို့အတွက် Novavax ကို ခွင့်ပြုချက်ပေးသွားဖို့ ရှိနေပါတယ်။ ကုမ္ပဏီရဲ့ တာဝန်ရှိသူပြောကြားချက်အရ တောင်အာဖရိကနဲ့ ယူကေမှာ စမ်းသပ်ထားတဲ့ အချက်အလက်တွေက အမေရိကန် အစားအစာနှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဌာန (FDA) ကို ခွင့်ပြုချက်တင်ဖို့ လုံလောက်နေပြီလို့ ဆိုပါတယ်။
ယူကေမှာ စမ်းသပ်ချက်အရ Novavax ဟာ ထိရောက်မှု ၉၅ ရာခိုင်နှုန်းလောက်ရှိတဲ့ Pfizer BioNTech နဲ့ Moderna ဆေးတွေ နီးပါး ထိရောက်မှု အာနိသင် ရှိတယ်လို့ ဆိုပါတယ်။ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ကူးစက်ရောဂါ ကျွမ်းကျင်သူ ဒေါက်တာ Amesh Adalja ဟာ FDA က ၅၀ ရာခိုင်နှုန်း ထိရောက်မှုရှိတဲ့ ကာကွယ်ဆေးကိုတောင် အတည်ပြုပေးသွားဖို့ ရှိနေပါတယ်။
တောင်အာဖရိကနိုင်ငံမှာ စမ်းသပ်ခဲ့စဉ်က ထိရောက်မှုနည်းတဲ့ အချက်တွေကိုပဲ လူတွေ အာရုံစိုက်ခဲ့တာကြောင့် အရင်ဆေးတွေလောက် မယုံကြည်သူတွေလည်း ရှိနေပါတယ်။ Pfizer BioNTech နဲ့ Moderna တို့ရဲ့ ထိရောက်မှု ပမာဏလောက် မရှိပေမယ့် ဆေးအသစ်မှာ ၆၀ ရာခိုင်နှုန်းလောက် ထိရောက်မှုရှိတယ်ဆိုရင်ပဲ လက်ခံနိုင်လောက်တယ်လို့ ဒေါက်တာ Adalja က ဆိုပါတယ်။
Novavax ဘက်က ဇန်နဝါရီ အစောပိုင်းမှာပဲ သူတို့ရဲ့ ကာကွယ်ဆေးဟာ မျိုးဗီဇကွဲတွေအပေါ်မှာလည်း ထိရောက်မှုရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာလကစလို့ အမေရိကန်၊ မက္ကဆီကို နိုင်ငံတွေက လူပေါင်း ၃၀,၀၀၀ လောက်နဲ့ နောက်ထပ် စမ်းသပ်မှု စတင်နေပါပြီ။
အမေရိကန်အစိုးရဘက်က ကာကွယ်ဆေး စမ်းသပ်ရေး သန်း ၁၀၀ အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ ထောက်ပံ့ပေးထားပါတယ်။ ဒါ့အပြင် နော်ဝေအခြေစိုက် CEPI, the Bill and Melinda Gates Foundation, Britain’s Wellcome Trust တို့ကလည်း အမေရိကန်ဒေါ်လာ ၃၈၈ သန်း ထောက်ပံ့ပေးထားပါသေးတယ်။
Ref: Aljazeera
You may also like these stories:
ဗြိတိန်က ဒူဘိုင်းနဲ့ တိုက်ရိုက် လေကြောင်းခရီးစဉ်တွေကို ပိတ်ပင်
တောင်ကိုရီးယားမှာ Social distancing ကန့်သတ်ချက် ဖြေလျှော့ဦးမည် မဟုတ်
ကိုရိုနာဗိုင်းရပ်စ် မူလအစ ဝူဟန်မြို့ကို စုံစမ်းရေးအဖွဲ့ စတင်လေ့လာ