စစ်မှန်တဲ့ ဂီတအနုပညာဆိုတာ ဖန်တီးတဲ့သူသာ သေဆုံးပျောက်ကွယ် သွားပေမယ့် သူမွေးဖွား ဖန်တီးခဲ့တဲ့ ဂီတ အနုပညာ လက် ရာ တွေ ကတော့ ဘယ်တော့မှ တိမ်မြုပ် ပျောက်ကွယ်သွားမှာ မဟုတ်ဘဲ အမြဲရှင်သန် ထင်ကျန် နေခဲ့မှာ ဖြစ်ပါတယ်။
ဆရာဘွဲ့လို့ ကျနော်တို့ ချစ်စနိုးခေါ်ခဲ့တဲ့ ဂီတသမားကြီး စောဘွဲ့မှူးရဲ့ ဂီတ လက်ရာတွေကို ကျနော် စပြီး သတိထားမိ၊ ဂရုပြုမိပြီး ကြိုက်နှစ်သက် နေတာကတော့ သွအောင်၊ ဂျွန်သင်ဇမ်း တို့ရဲ့ “အရိုင်းမြေမှ တောင်ပံလေးများ” Christ Stone Family ကတည်း က လို့ ပြောရပါလိမ့်မယ်။ အဲဒီကာလ ကတည်းက သူရေးတဲ့ သီချင်းတွေ၊ သူတီးတဲ့ လက်သံတွေကို စွဲလမ်းနှစ်ခြိုက် နေပါပြီ။
ဆရာဘွဲ့ဟာ သီချင်းရေးသား ဖန်တီးမှု အပိုင်းမှာ ပုံစံမျိုးစုံနဲ့ ဖန်တီးရေးဖွဲ့ နိုင်စွမ်းရှိသလို အကြောင်းအရာ မျိုးစုံကိုလည်း တင်ပြနိုင် သူပါ။ အရှင်းဆုံး ပြောရရင် Music အမျိုးအစား အစုံကို ရေးဖွဲ့ တီးခတ်နိုင်စွမ်း ရှိတဲ့ Musician တယောက်ပါပဲ။ နောက်ဆုံးချိန် အထိ ဂီတ တခုတည်းကိုပဲ ဆုပ်ကိုင်လှုပ်ရှားသွားခဲ့တဲ့ ဂီတသမား စစ်စစ်လည်း ဖြစ်ပါ တယ်။
ဆရာဘွဲ့ဟာ နက်ရှိုင်းတဲ့ အတွေးအခေါ်ကို အရိုင်းဆန်ဆန် ရိုးသားမှုနဲ့ မထင်မှတ်တဲ့ ရှုထောင့်တနေရာ ကနေ လွတ်လပ်စွာ ခံစားသီဖွဲ့ တတ်သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ကျော်ကြားတဲ့လက်ရာတွေ ထဲက “မှားတဲ့ဘက် ကနေ ကြည့်မယ်”၊ “ပဲ့ကိုင်”၊ “ရောဂါ”၊ “သီတာ သီတာ သီတာ”၊ “မီးအိမ်ရှင်” အစရှိတဲ့ သီချင်းတွေဟာ လူတိုင်း မမြင်နိုင်တဲ့၊ မမြင်တဲ့ ထောင့်တနေရာ ကနေ လေးလေးနက်နက် တွေးခေါ်ပြီး သိမ်မွေ့စွာ ခံစားရေးဖွဲ့ပြ ထားတာကို တွေ့ရမှာပါ။ သီချင်းတင်ပြပုံ ကောင်းသလို သီချင်းဖွဲ့စည်းပုံ Melody နဲ့ Chord အသွားအလာတွေ ကလည်း လှပသေသပ် ကောင်းမွန်နေတာ သူ့ သီချင်းတိုင်းမှာ တွေ့မြင်ရပါတယ်။
သူနဲ့ ရင်းနှီးပြီးမှ သိလာခဲ့ရတာကတော့ ဆရာ ဘွဲ့ တကယ်ကြိုက်နှစ်သက်တဲ့ Music အမျိုးအစားက Rock Music ဆိုတာပါပဲ။ ဆရာဘွဲ့ဟာ သူ့ သွေးကြောထဲမှာ Rock Music တွေ ပျော်ဝင်နေတယ်ဆိုတာကို သူ့သီချင်း တွေ၊ သူ့လက်သံတွေထဲမှာ အမြဲ ထင်ဟပ် ပြသလေ့ရှိပါတယ်။ အဲဒီခေတ် ကာလတုန်းက ကိုယ်ပိုင်သံစဉ်တွေထဲမှာ Rock ဆန်တဲ့ သီချင်း အတော်နည်းပါသေး တယ်။ သူရေးဖွဲ့ တီးခတ်ခဲ့တဲ့ “ဝိုင်း” ဆိုတဲ့ သီချင်းမှာ သူ့ရဲ့ Rock ဂီတအပေါ် ထားရှိတဲ့ ဆာလောင်မှုကို အတိုင်းသား တွေ့ရမှာပါ။ သူ အရမ်းကြိုက်ပြီး သူ့အပေါ် လွှမ်းမိုး ခဲ့တဲ့ ဂစ်တာသမားတွေကတော့ Jimi Hendrix နဲ့ Deep Purple အဖွဲ့ရဲ့ ဂစ်တာသမား Richie Blackmore တို့ ဖြစ်ကြောင်းလည်း ကျနော် သိခွင့်ရခဲ့ပါတယ်။
၁၉၈၀ ပတ်ဝန်းကျင် ကာလလောက်က သူရေးဖွဲ့ခဲ့တဲ့ “ဖင်ဆီဒိုင်း” ဆိုတဲ့ သီချင်းကို ကြည့်ရင်လည်း Rock Music နဲ့ ပတ်သက်လို့ သူ့ရဲ့ Crazy ဖြစ်ပုံကို တွေ့ရမှာပါ။ “ဖင်ဆီဒိုင်း” သီချင်းဟာ အဲဒီခေတ် ကာလတုန်းက သီဆိုခွင့် ထုတ်ဝေခွင့် မပြုရလို့ ပိတ်ပင်ထား ခဲ့ပါတယ်။
“ငါက မူးယစ်ဆေးဝါး မကောင်းကြောင်း ရေးထားတာပဲကွာ၊ ဘာလို့ သူတို့ပိတ်ထားရတာလဲ”လို့ ညည်းညည်းညူညူ ပြောခဲ့တာ မှတ် မိနေပါသေးတယ်။ သေချာပြန်စဉ်းစား သုံးသပ်ကြည့်တော့ အဲဒီခေတ် ကာလတုန်းက ရန်ကုန်တက္ကသိုလ် အနီးတဝိုက် နယ်မြေ တွေဖြစ်တဲ့ လှည်းတန်းဈေးနဲ့ ပတ်ဝန်းကျင်တွေမှာ၊ ကြည့်မြင်တိုင် ညဈေး၊ မြေနီကုန်း ညဈေး အစရှိတဲ့ နေရာတွေမှာ၊ အင်းစိန် RIT နားက BPI ဝန်းကျင်တွေမှာ ဖင်ဆီဒိုင်း၊ ကွန်မက်သာဇင် အစရှိတဲ့ မူးယစ်ဆေးဝါးတွေ အလွယ်တကူ ဝယ်ယူ သုံးစွဲလို့ ရအောင် ဖန်တီးပေးထားတာ တွေ့ရပါလိမ့်မယ်။ ကျောင်းသားတွေ နိုင်ငံရေးမှာ စိတ်ဝင်စားမှု မရှိလေအောင် မူးယစ်တောထဲ တဖက် လှည့်နဲ့ ပို့ထားတာကို ပေါ်သွားမှာ စိုးလို့ အဲဒီသီချင်းကို ပိတ်ပင်ခဲ့ဟန် တူပါတယ်။
ဆရာဘွဲ့နဲ့ ကျနော်တို့ နှစ်ယောက် “ညီညီလွင်၊ ညီညီစံ” လူချင်း အသေအချာတွေ့ပြီး ရင်းနှီးကျွမ်းဝင် ခဲ့တာကတော့ ၁၉၈၅-၈၆ လောက်က အဆိုတော် စိုးလွင်လွင်ရဲ့ “မာနမျက်နှာ” စီးရီး သွင်းချိန်ကျမှ ဖြစ်ပါတယ်။ စိုးလွင်လွင်က Success Band နဲ့ အသံ သွင်း တာပါ။ ဆရာဘွဲ့ကို Session အနေနဲ့ ခေါ်တီးပါတယ်။ စိုးလွင်လွင် မိတ်ဆက်ပေးမှုနဲ့ ဆရာဘွဲ့နဲ့ ကျနော်တို့ ရင်းနှီးခင်မင်သွားခဲ့ကြ ပါတယ်။
ဆရာဘွဲ့က ကျနော်တို့နဲ့ အသက်အများကြီး ကွာပေမယ့် ဆရာကြီးတယောက်လို၊ လူကြီးတယောက်လို ကျနော်တို့ကို မဆက်ဆံပါဘူး။ ရွယ်တူတန်းတူ သူငယ်ချင်းတွေလိုပဲ မင်းနဲ့ငါပဲ ပြောဆိုဆက်ဆံပါတယ်။ ကျနော်တို့က ဆိုးလို့ကောင်းစ အရွယ်ဖြစ်ပေမယ့် သူက အဲဒီအချိန်မှာ ဘာဆိုဘာမှ မလုပ်တော့ဘဲ ရင့်ကျက် တည်ငြိမ်နေပါပြီ။ ကောင်းနေတတ်တဲ့ ကျနော်တို့နှစ်ယောက် Recording ရောက်လာရင် သူက “လိပ်ပြာ လေးတွေ လာနေပြီ” ဆိုပြီး အမြဲနောက်တတ် ပါတယ်။ နားနားနေနေ နေတဲ့အချိန် ဆို ရင် ကျနော်တို့ကို သူငယ်ငယ်က ဆိုးပေခဲ့ပုံတွေကို ဟာသလေးနှောပြီးလည်း ပြောပြတတ်ပါတယ်။ သူ အင်းစိန် ဘုရားကျောင်းမှာ ဆေးဖြတ်ခဲ့ပုံကိုလည်း ပြန်ပြောပြရင်း ကျနော်တို့ကို မူးယစ်ဆေးဝါးရဲ့ ဆိုးဝါးမှု အရိပ်တွေကို မသိမသာ လှစ်ပြပေးခဲ့သူပါ။
ဆရာဘွဲ့ဟာ ဂီတနဲ့ပတ်သက်ရင် ထူးခြားဆန်းသစ်တဲ့ အတွေးအခေါ်တွေရှိမှန်း ကျနော်တို့ “မာနမျက်နှာ” စီးရီး သွင်းတုန်းက မျက် ဝါးထင်ထင်တွေ့ သိခဲ့ရတယ်။ Title သီချင်းဖြစ်တဲ့ “မာနမျက်နှာ” သီချင်း သွင်းတုန်းကပေါ့။ သီချင်းကို Body အကုန် တီးပြီပြီ၊ စိုးလွင်လွင်လည်း အကြမ်းဆိုပြီး သွားပြီ။ ကျန်တာက Frontline Lead Solo ပေါ့။ အဲဒါကို တီးဖို့ Date သပ်သပ် တရက်ယူထား ပါတယ်။ အဲဒီနေ့ Recording မှာ တီးဝိုင်း အဖွဲ့သားတွေရော၊ အဆိုတော်ရော၊ ကျနော်တို့ တေးရေးတွေရော အကုန် ရောက်နေပါပြီ။ တီးရမယ့်ဆရာဘွဲ့ပဲ ကျန်ပါတယ်။
မကြာပါဘူး၊ ဆရာဘွဲ့ စီးလာတဲ့ မာဇဒါ လေးဘီး Taxi လေး ကျနော်တို့ရှိရာ May Studio ကင်တင်း ဘေးမှာ လာရပ်ပါတော့တယ်။ လေးဘီးကား ရှေ့ခန်းက ဆရာဘွဲ့ အိပဲ့အိပဲ့နဲ့ဆင်းလာချိန် ကားနောက်ခန်းက ကျောင်းစိမ်းလေးနဲ့ ချာတိတ်လေး တယောက် ဆင်း လာပြီး ဆရာဘွဲ့ နောက်က ပါလာတာ ကျနော်တို့အားလုံး တွေ့လိုက်ရတယ်။ ကျနော်တို့ကတော့ ဆရာဘွဲ့ရဲ့ တူလေးလား၊ သား လေးလားပေါ့၊ အဖော်ခေါ်လာတာ နေမှာပဲလို့ ထင်မိကြတယ်။ ချာတိတ်လေးက တော်တော်ငယ်တယ်။ ကိုးတန်း ဆယ်တန်း အရွယ် ကိုး။ ကင်တင်းထဲ ဆရာဘွဲ့ဝင်ထိုင်ရင်း ကျနော်တို့ အားလုံးနဲ့ ချာတိတ်လေးကို ဘယ်လိုမိတ်ဆက်ပေးလိုက်သလဲ ဆိုတော့
“ဟေ့ကောင်တွေ ဒီနေ့တီးမယ့် မာနမျက်နှာ သီချင်း Solo ကို ဒီချာတိတ် တီးလိမ့်မယ်၊ မင်းတို့အားလုံး လိုက်နားထောင်ကြ” ဆိုပြီး Studio ခန်းထဲ ဦးဆောင် ဝင်ချသွားတယ်။ ကျနော်တို့ အားလုံးလည်း ဆရာဘွဲ့ က အထူးအဆန်းတွေ လုပ်ပြနေကျ ဆိုတော့ ဆရာဘွဲ့ တော့ လုပ်ချလိုက်ပြန်ပြီ ဆိုပြီး တယောက်နဲ့တယောက် မျက်စပစ်ရင်း နောက်ကနေ လိုက်ဝင်သွားကြတယ်။
Recording အခန်းထဲမှာ Body သီချင်းကို သုံးလေးခေါက် ဖွင့်ပြီး ချာတိတ်လေးကို နားထောင်ခိုင်းတယ်။ ပြီးမှ ချာတိတ်ကို စ,တီးခိုင်းတယ်။ ချာတိတ်လေးတီးတာ သေသေသပ်သပ်နဲ့ တော်တော်လေး ကောင်းပါတယ်။ ဆရာဘွဲ့က ချာတိတ်လေး တီး တာကို ပြန်ဖွင့်နားထောင်ရင်း မကြိုက်သေးဘူး ဆိုပြီး ပြန်တီးခိုင်းပါတယ်။ ချာတိတ်ကလည်း နောက်တမျိုး ပုံစံပြောင်းပြီး ပြန်တီး တယ်။ ချာတိတ်တီးတာ တော်တော်ကောင်းနေပါပြီ၊ ကျနော်တို့ အနေနဲ့ဆို ရပြီ၊ ဒီ Solo ကို ယူလိုက်မယ် ပေါ့။
ဒါပေမယ့် ဆရာဘွဲ့က ပြန်နားထောင်နေတုန်း မျက်လုံးတွေ မှိတ်ပြီး ခေါင်းခါပြယင်း ချာတိတ်လေးကို “သား၊ မင်းတီးတာ လူကြီး လူကောင်း အရမ်းဆန်နေတယ်ကွာ၊ ဒီသီချင်းမှာ ငါလိုချင်တာ လမ်းသူရဲလိုကွ၊ မင်း လမ်းသရဲလို တီးစမ်းပါ” ဆိုပြီး ပြောလိုက် တယ်။ ချာတိတ်ကလည်း ဘယ်လို အတွေးပေါက်သွားလဲ မသိဘူး၊ ချက်ချင်းပဲ ရှေ့ကနှစ်ခေါက်နဲ့ လုံးဝမတူတဲ့ Solo တခုကို တီးချလိုက်တာ Studio ထဲမှာ ကျနော်တို့အားလုံး အံ့အားသင့် မှင်တက် သွားကြပါတယ်။ ဆရာဘွဲ့ ပြန်ဖွင့်နားထောင်ပြီး “OK ငါလိုချင် တာ နဲ့ ကွက်တိပဲ”လို့ပြောရင်း အသံဖမ်း အင်ဂျင်နီယာကို ဒီ Solo ကို ယူမယ်လို့ အချက်ပြလိုက် ပါတော့တယ်။
ကျနော်တို့ ထင်ထားတဲ့ အတိုင်းပါပဲ။ “မာနမျက်နှာ” စီးရီးထွက်လာတော့ မြန်မာပြည် ဂစ်တာ သမားတွေရဲ့ လောကမှာ ပြောစမှတ် ပြုရလောက်အောင် ထင်ရှားကျော်ကြား ရေပန်းစားခဲ့တဲ့ ဂစ်တာ Solo တခု ဖြစ်ခဲ့ပါ တယ်။ အဲဒီ “မာနမျက်နှာ” Solo ကို တီးသွားတဲ့ ချာတိတ်လေးက ဘယ်သူလဲဆိုတော့ ဒီနေ့ အောင်မြင်နေတဲ့ Iron Cross Band က “ကိုချစ်စမ်းမောင်” ပါပဲ။
တကယ်တော့ ဆရာဘွဲ့ဟာ Blue Rock ပုံစံ ဆန်တဲ့ သီချင်း Solo ကို သမားရိုးကျ Blue ပုံစံမျိုး မတီးစေဘဲ Heavy Rock ဆန် ဆန် Solo မျိုးနဲ့ အသက်သွင်းခိုင်း လိုက်တာပါ။ ကြားရတဲ့သူတွေ အသစ်အဆန်း ဖြစ်ပြီး စွဲငြိသွားကြတာပဲလို့ ထင်မြင်မိပါတယ်။ ဒါကြောင့်လည်း ဆန်းသစ်ပြီး ခေတ်ရှေ့ကို တော်တော်ရောက်တဲ့ အတွေးအခေါ် ရှိတဲ့ ဂစ်တာသမား တယောက်လို့ ဆရာဘွဲ့ကို သတ် မှတ်ရခြင်း ဖြစ်ပါတယ်။
ဆရာဘွဲ့နဲ့ ပတ်သက်ရင် အမှတ်တရတွေက အများကြီးပါ။ ဆရာဘွဲ့ ကွယ်လွန်သွားတာ ကြာပြီ ဆိုပေမယ့် ကျနော်တို့ သူ့သီချင်း တွေ၊ သူ့လက်သံတွေကို လေ့လာအတုယူ အားကျနေဆဲ ပါပဲ။ ကျနော် ရေးဖွဲ့ခဲ့တဲ့ “မိုးလောက်ကြီး ချစ်တယ်” သီချင်းကို ဆရာဘွဲ့ကိုယ်တိုင် Arrangement လုပ်ပြီး ကိုယ်တိုင် တီးခတ်ပေးခဲ့တာ ကျနော့် အတွက်တော့ တသက် မမေ့နိုင်စရာပါဘဲ။ မြန်မာပြည်က သီချင်းရေးတဲ့ သူတွေ၊ တီးတဲ့သူတွေ အတွက်တော့ ဆရာဘွဲ့ဟာ ဘယ်တော့မှ မေ့ဖျောက်လို့မရတဲ့ ဂီတသူရဲကောင်း၊ ဂီတငွေကြယ် ပွင့် တပွင့်အဖြစ် ဂုဏ်ပြု စာဖွဲ့လိုက်ရပါတယ်။ ။