[irrawaddy_gallery]
ခိုင်တင်ဟု ဆိုလိုက်လျှင် မြန်မာရုပ်ရှင် ဗီဒီယို ဇာတ်ကားများတွင် လူကြီးခန်းမှ၊ ဟာသဇာတ်ရုပ် အများစုကို သရုပ်ဆောင်သည့် လူတယောက်ကို မျက်စိထဲ မြင်မိကြ လိမ့်မည်။ မျက်မှန်နှင့် အပြုံးချိုချို သူ့ဟန်၊ သူ့သရုပ်ဆောင်မှု များကို သတိပြုမိသူ များပါလိမ့်မည်။
ကျမကတော့ လွန်ခဲ့သည့် အနှစ် ၂၀ ကျော် ကာလများက ခိုင်တင်၏ ရုပ်ပြများကို သတိရသည်။ ဇာတ်ကောင် တကောင်ချင်းစီကို အသေးစိတ်၊ အနုစိတ် ရေးဆွဲထားသည့် သူ၏ ပန်းချီဆန်သော ရုပ်ပြလက်ရာများကို မြန်မာပြည် တွင် ရုပ်ပြတခေတ် ကောင်းချိန် ရုပ်ပြချစ်သူ ပရိသတ်များ မှတ်မိကြမည် ထင်သည်။ ယခု ပြန်စဉ်းစားကြည့်တော့ သူ့လက်ရာများက ဖြူမည်း ရုပ်ရှင်ဇာတ်ကားများလို စိတ်မျက်စိတွင် ထင်လာသည်။
ထိုသို့သော ခိုင်တင် (ဦးခိုင်တင်) က ကျန်းမာရေးကြောင့်ကော၊ အသက်အရွယ် အရပါ ရုပ်ရှင်လောကမှ အနားယူ၍ ပန်းချီလော က ကို ပြန်လည် ဝင်ရောက်လာခဲ့ပြီ။ သူ့အသက်က ၆၃ နှစ်ရှိပြီ။ သူအနှစ် ၂၀ ခန့် ကျင်လည်ခဲ့သည့် ရုပ်ရှင် လောကကို ကျောခိုင်းကာ သူ့ငယ်ချစ် ပန်းချီကို ပြန်လည် ဖက်တွယ်နေပြီ ဖြစ်သော ပန်းချီခိုင်တင်သည် ရုပ်ရှင် လောကမှ အနားယူလိုက်သည့် တနှစ်ကျော် ကာလအတွင်း အုပ်စု ပန်းချီပြပွဲများတွင် သူ့လက်ရာများ ပြသခဲ့သည်မှာ သုံးကြိမ် တိုင်ခဲ့ပြီ။ လတ်တလော ပြပွဲကတော့ ပန်းဆိုးတန်း လောကနတ် အနုပညာ ပြခန်းတွင် မေ ၂၆ မှ ၂၈ ရက်နေ့ အထိ ပြသခဲ့သည့် A Trip To Duya ဆိုသည့် ပြပွဲ ဖြစ် သည်။ ထိုပြပွဲတွင် သူ အပါအဝင် အနုပညာရှင် ၁၀ ဦးတို့ ပါဝင်ပြသ ထားသည်။ ပန်းချီခိုင်တင် ကတော့ ဆီဆေးကား ၁၀ ကား ပြ သခဲ့၏။
ရုပ်ပြ ရေးဆွဲစဉ် ကာလက မင်၊ ကလောင်၊ စက္ကူ စသည့် ကြားခံ ပစ္စည်းတို့ကို အသုံးပြုကာ လူပုံများကို သေသေသပ်သပ် ရေးဆွဲခဲ့သော သူသည် ယခုအခါ ဆီဆေးနှင့် ကင်းဗတ်စကို အသုံးပြုကာ သူအားသန်သည့် လူပုံများကိုပင် ရေးဆွဲထားတာ တွေ့ရသည်။
“အရင်က ရေဆေးနဲ့ မင်နဲ့ အရေးများခဲ့တော့ ဆီဆေးကို ရေးချင်ခဲ့တယ်။ ရုပ်ရှင်လောကမှာ ကျင်လည်နေတဲ့ အချိန်မှာလည်း ဖိဖိစီးစီး မဟုတ်ပေမယ့် ဆီဆေးနဲ့ ပတ်သက်တာတွေကို လေ့လာဖြစ်ခဲ့တယ်။ ဒါကြောင့် ရုပ်ရှင် လောကက နားလိုက်တဲ့ အချိန်မှာ ဆီဆေးကားတွေ ရေးဖြစ်တာ” ဟု သူက ဆိုသည်။
ရုပ်ပြ ရေးဆွဲစဉ်က ဇာတ်ကောင်စရိုက် အမျိုးမျိုးကို ပေါ်လွင်အောင် ရေးဆွဲရသည့် အလေ့အကျင့်နှင့် လွှမ်းမိုးမှုကြောင့် လူပုံများကို အသားပေး ရေးဆွဲဖြစ်ခြင်း ဟု ယူဆရသည်။
လူတို့၏ လှုပ်ရှားမှု ပုံရိပ်များကို ကင်မရာဖြင့် ဓာတ်ပုံရိုက် ယူမထားဘဲ စိတ်ထဲတွင် မှတ်သားထားကာ ရေးဆွဲလေ့ ရှိသည့် သူက ထိုအလေ့အကျင့်ကို သူ၏ အစ်ကိုကဲ့သို့ ခင်မင်ရသည့် ပန်းချီ မြိတ်ဝင်းထိန်၏ ပြောစကားကြောင့် ရခဲ့သည်ဟု ရှင်းပြသည်။
သူ့ဆီဆေး ပန်းချီကားများတွင် အငြိမ့်မင်းသမီး၏ ကဟန်များကို တွေ့ရသည်။ ခရမ်းရင့် ဝတ်စုံဖြင့် အငြိမ့်မင်းသမီးက ထဘီနားကို အဖျားခတ်ကာ ကြွကြွရွရွ ကနေဟန် ပန်းချီကားတွင် မင်းသမီး၏ လှုပ်ရှားမှု၊ ထဘီ အဖျားပိုင်း ဝှေ့ယမ်းနေမှုကို ခံစားမိသည်။
ကလေးနှစ်ဦး ကြက်ဖခွပ် ကစားနေသည့် ပန်းချီကားကို အပေါ်စီး မြင်ကွင်းမှ ပြထားသည်။ သူ့ အရောင်များက ရောထွေးမနေ၊ သီးခြားစီ … သို့သော် ပေါင်းစပ်မှု တခု၊ အချိုးကျနမှု တခုကိုတော့ မြင်ရသည်။ သူက အရောင်များကို Impression ပုံစံဖြင့် ပြထားခြင်း ဖြစ်သည်။ သူ့လက်ရာများက အငြိမ်မဟုတ်၊ အသွက်ဖြစ်သည်။ မိခင်နှင့်ကလေး ရေချိုးဆိပ် တခုမှာ ရေချိုးနေဟန်ကလည်း ထိုနည်းလည်းကောင်း။
ရုပ်ပြများကို ထောင်နှင့်ချီ ရေးဆွဲခဲ့စဉ်က ရုပ်ပြတအုပ်တွင် ပါဝင်သမျှ ဇာတ်ကောင်တိုင်းကို သူ့ကလောင်ဖြင့် လိုသလို ခိုင်းစေခဲ့ သော ပန်းချီခိုင်တင်သည် ရုပ်ရှင်လောကတွင် လူသား ဇာတ်ကောင်များကို လိုသလို ခိုင်းစေခွင့် ရမလား ဆိုသော မျှော်လင့်ချက်ဖြင့် ဒါရိုက်တာ တဦး ဖြစ်ချင်ခဲ့သူ၊ သို့သော် ဒါရိုက်တာ ဖြစ်ခွင့်မရခဲ့ဘဲ ဒါရိုက်တာ၏ ခိုင်းစေသမျှကို ကျရာ ဇာတ်ရုပ်နှင့်အညီ သရုပ် ဆောင် ရသူ တဦးသာ ဖြစ်လာခဲ့သည်။
ပန်းချီခိုင်တင်သည် ကလေးဘဝ အရွယ်တွင် ဖခင်ဖြစ်သူ ဝယ်ပေးသော ပန်းချီ ဦးဘကြည်၏ လက်ရာ ဗုဒ္ဓဝင်ရုပ်ပြ စာအုပ်ကို လက်ဝယ် ပိုင်ဆိုင်ခွင့် ရကတည်းက ပန်းချီကို စိတ်ဝင်စားခဲ့သူဖြစ်သည်။ အရွယ်ရောက်လာသည့် အချိန်တွင် ပန်းချီပညာကို မြင် ဆရာများထံမှ လေ့လာခဲ့သည်။ ပန်းချီကျောင်းများ တက်ခဲ့ဖူးခြင်း မရှိသော်လည်း ပြည်တွင်း ပြည်ပမှ ပန်းချီ ပညာရှင်များ အားလုံး ကို မြင်ဆရာများအဖြစ် သတ်မှတ်ထားသည်။ လူငယ်ဘဝတွင် ပန်းချီ မောင်မောင်သိုက်ကို ကူညီပေးရင်း ပန်းချီပညာကို လေ့လာ ခဲ့ သည်။ နောက်ပိုင်းတွင် ရုပ်ပြများရေးခဲ့သည်။
မြန်မာပြည်တွင် ရုပ်ပြတခေတ် ကောင်းခဲ့သော်လည်း လက်ရှိအချိန်တွင် ရုပ်ပြခေတ် မရှိတော့သည်ကို သူက အံ့ဩမိသည် ဟု ဆို သည်။ တခြားသော နိုင်ငံများတွင် အိုင်တီပစ္စည်းမျိုးစုံ၊ ဖျော်ဖြေရေး ပစ္စည်းမျိုးစုံ ခေတ်စား လာသော်လည်း မြန်မာနိုင်ငံကဲ့သို့ ရုပ်ပြ ခေတ် ပျောက်ကွယ်မသွားဘဲ အားကောင်းဆဲ ဖြစ်သောကြောင့် သူက အံ့ဩမိခြင်း ဖြစ်သည်။
“ဘာကြောင့်လဲတော့ ကျနော်မသိဘူး၊ ထုတ်ဝေသူက မထုတ်နိုင်တော့လို့လား၊ စာဖတ်သူတွေကပဲ ရုပ်ပြကို စိတ်မဝင်စားတော့ လို့လား၊ ရုပ်ပြရေးတဲ့ သူတွေကပဲ လူစိတ်ဝင်စားအောင် မရေးနိုင်တော့လို့လား”ဟု သူက မေးခွန်းထုတ်သည်။
သို့သော်လည်း မြန်မာပြည်တွင် ပန်းချီ အနုပညာကို ခံစားသူ ပရိသတ် အလွန်နည်းပါးသေးကြောင်း၊ မြန်မာပြည်တွင် လွတ်လပ်စွာ ကြည့်ရှုခွင့်ရှိသော၊ အဖိုးအခ မပေးရသော ပန်းချီပြခန်းများတွင်ပင် သာမန်ပြည်သူများ အနေဖြင့် ဝင်ရောက်ကြည့်သင့် သည်ဟု ယူဆသူ အလွန် နည်းပါးနေသေးကြောင်း သူက ဆက်ပြောသည်။
တိုင်းပြည်တပြည်၏ အရည်အချင်းနှင့် အဆင့်အတန်းကို အုပ်ချုပ်သူနှင့် ပြည်သူလူထု နှစ်ဘက်စလုံး၏ အနုပညာ ခံစားနိုင်မှုနှင့် တိုင်းတာနိုင်သည်ဟု ပန်းချီခိုင်တင်က ဆိုသည်။
“တကယ်တော့ ဘယ်အလုပ်မဆို အနုပညာနဲ့ မကင်းဘူး။ အုပ်ချုပ်ရေးမှာလည်း အနုပညာ လိုအပ်တာပဲ” ဟု သူက ပြောသည်။
မြန်မာပြည်တွင် နှစ်ပေါင်းများစွာ ကဏ္ဍတိုင်းတွင် တင်းကျပ်မှုများ ရှိခဲ့သဖြင့် ပြည်သူလူထုမှာ လွတ်လပ်ခွင့်နှင့် စည်းလွတ် ဘောင် လွတ် ဖြစ်မှု တို့ မကွဲပြားခြင်း ဖြစ်နိုင်ကြောင်း ပန်းချီခိုင်တင်နှင့် ဆွေးနွေးဖြစ်သည်။
“ပန်းချီရေးတဲ့သူပဲ ဖြစ်ဖြစ်၊ ဘယ်အနုပညာ မဆို ဖန်တီးတဲ့ သူရဲ့စိတ်က လွတ်လပ်ရမယ်။ အရင်ခေတ်ကတော့ ထိန်းချုပ် ကန့်သတ် မှုတွေ ရှိခဲ့တာ မှန်တယ်။ ဒီခေတ်မှာတော့ ဘယ်လိုစည်းဘောင်နဲ့ ရေးမှ ပန်းချီ ဖြစ်တယ် ဆိုတာမျိုး မရှိတော့ဘူး။ မှန်တယ်။ ဒါပေမယ့် ထိန်းချုပ်မှု မရှိတော့ဘူး ဆိုရုံနဲ့ စည်းလွတ်ဝါးလွတ် လုပ်ချင်ရာ လုပ်တာ မျိုးတော့ မရဘူးပေါ့” ဟု သူက ဆိုသည်။
သူ့စကားအရ မည်သည့်အနုပညာမဆို ဖန်တီးသူကော၊ ခံစားသူပါ နှစ်ဦးနှစ်ဘက် အဆင့်အတန်း မြင့်လာသင့်သည်ဟု ဆိုလိုကြောင်း ရိပ်စားမိသည်။
“ဖန်တီးမယ့် သူတွေဘက်က ပိုလိုတယ်။ ဖန်တီးသူ တလွဲဖြစ်ရင် ခံစားသူလည်း တလွဲဖြစ်လိမ့်မယ်”
ဒါကတော့ ပန်းချီ တမျိုးတည်းကို ပြောတာ မဟုတ်ဘဲ အနုပညာတိုင်းကို ပြောခြင်းဟု ကျမ ယူဆမိပါသည်။ ။