Entertainment

အမှိုက်ကောက်သမားဇာတ်ရုပ်နဲ့ မြင်တွေ့ရဦးမယ့် အကယ်ဒမီ ထွန်းထွန်း

သရုပ်ဆောင် အကယ်ဒမီ ထွန်းထွန်းဟာ လတ်တလောမှာ သီချင်းသီဆိုမှုအပိုင်းထက် သရုပ်ဆောင်မှုအပိုင်းကို ပိုမိုအားစိုက်ပြုလုပ်ဖြစ်နေပြီး အမှိုက်ကောက်သမားဇာတ်ကောင်နဲ့ ထပ်မံမြင်တွေ့ရဦးမယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ဒါရိုက်တာစတီးလ်ရိုက်တဲ့ ပီဇာဆိုတဲ့ကားမှာ ပါဝင်ရိုက်ကူးနေပါတယ်။ ဒီကားထဲမှာတော့ ကျနော် နာမည်က ချမ်းသာတဲ့၊ နာမည်ကသာ ချမ်းသာ လူကမွဲတေနေတာပေါ့။ လမ်းဘေးမှာ အမှိုက်ကောက်တဲ့စရိုက်နေရာကနေ ကြိုးစားပြီး သရုပ်ဆောင်ထားပါတယ်” လို့ အကယ်ဒမီ ထွန်းထွန်း ကပြောပါတယ်။

သရုပ်ဆောင် ထွန်းထွန်းရဲ့ အမှိုက်ကောက်သမားဇာတ်ရုပ်နဲ့ ပါဝင်သရုပ်ဆောင်မယ့် ဇာတ်ကားကတော့ ဒါရိုက်တာ စတီးလ် ရိုက်ကူးထားပြီး “ပီဇာ” လို့ အမည်ပေးထားကာ စည်ဖြိုး၊ ရွှေသမီးနှင့် သွန်းဆက်တို့က အဓိက ပါဝင်သရုပ်ဆောင် ထားပါတယ်။

ဒါ့အပြင် နှင်းဆီအဖွဲ့နဲ့လည်း မကြာခင်ရိုက်ကူးတော့မယ့် Rose Rider (နှင်းဆီစီးခြင်း) ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်ထားဖို့ရှိပြီး သူ့ရဲ့ ပထမဆုံးခေါင်းဆောင်မင်းသားအဖြစ်ပါဝင်ထားတဲ့ “ပွဲခံမယ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဟာလည်း မကြာခင်မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

ဇာတ်ကားရိုက်ကူးမှုတွေ များပြားနေပြီး ထွန်းထွန်းကို သူ့ရဲ့အဆိုပိုင်းနဲ့ ပတ်သက်လို့ မေးကြည့်တဲ့အခါမှာတော့ “သီချင်းသီဆိုမှုကတော့ မရှိသေးပါဘူး။ ဒီနှစ်ထဲမှာတော့ လောလောဆယ်ရိုက်ကူးရေးတွေနဲ့ အချိန်ကုန်သွားပါမယ်။ အခွေထွက်သွားဖို့ကတော့ မရှိသေးပါဘူး။ ထွက်ဖြစ်ရင်တော့ နောက်နှစ်ထဲမှာလုပ်ဖြစ်မယ်” လို့ သူက ပြောပါတယ်။

Examplez ဆိုတဲ့ တေးဂီတအဖွဲ့နဲ့အတူ အနုပညာလောကထဲသို့ ရောက်ရှိလာခဲ့တဲ့ အဆိုတော် သရုပ်ဆောင် ထွန်းထွန်းဟာ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို “အုတ်ကြားမြက်ပေါက်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဖြင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

Loading