Entertainment

သင်္ကြန်အတွင်း ရုပ်ရှင်ဇာတ်ကားတွေပဲ ထိုင်ကြည့်တော့မယ့် ထွန်းထွန်း

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာအနှံ့ဖြစ်ပွားလျှက်ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ မကြာခင်ကျရောက်မယ့်မြန်မာ့ရိုးရာသင်္ကြန်ကို ရိုက်ခတ်လာခဲ့ပြီး ယခင်နှစ်များကပြုလုပ်နေကျ သင်္ကြန်မဏ္ဍပ်ကြီးများလုပ်ခွင့်မပြုတော့တဲ့အတွက် အနုပညာရှင်များစွာဟာလည်း လက်ခံထားတဲ့ပွဲများ ပျက်ခဲ့ကြပါတယ်။

ဒီထဲမှ အဆိုတော်ထွန်းထွန်းကတော့ ပွဲများမရှိတော့တာကြောင့် သင်္ကြန်တွင်းမှာတော့ အရင်ကဝယ်ထားပြီး မကြည့်ရသေးတဲ့ရုပ်ရှင်ကားများကိုထိုင်ကြည့်မယ်လို့ ပြောပါတယ်။

“သင်္ကြန်အစီအစဉ်ကတော့ အိမ်မှာပဲနေဖြစ်တော့မယ်။ ဘယ်မှမသွားဖြစ်တော့ဘူး။ ဟိုးငယ်ငယ်တုန်းကဆို အခွေဆိုင်က အခွေတွေငှားပြီးကြည့်ကြတယ်လေ။ ဒီနှစ်မှာလည်း ဝယ်ထားပြီးမကြည့်ရသေးတဲ့ကားတွေ အများကြီးရှိတယ်။ အဲဒါတွေထိုင်ကြည့်မယ်” လို့ ထွန်းထွန်းကပြောပါတယ်။

သင်္ကြန်မဏ္ဍပ်တွေ လုပ်ခွင့်မရတော့တဲ့အပေါ်မှာလည်း ထွန်းထွန်းက သူ့ရဲ့ အမြင်ကို အခုလိုပြောခဲ့ပါတယ်။

“သင်္ကြန်မှာ အားခဲထားတဲ့သူတွေလည်း ရှိတယ်။ ကြိုးစားနေတဲ့သူတွေလည်း ရှိတယ်။ ဒီနှစ်မှာမှ ဒီလိုဖြစ်တယ်ဆိုတော့ အများနည်းတူကျနော်တို့လည်း ခါးစည်းခံရတာပေါ့။ အဲ့သဘောပါပဲ” လို့ ထွန်းထွန်းကပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီးတော့လည်း ကြောက်စရာကောင်းတဲ့အတွက် ကာကွယ်ခြင်းက ကုသခြင်းထက် ပိုထိရောက်တာကြောင့် ကျန်းမာအောင်နေကြဖို့အတွက်လည်း ပြောခဲ့ပါတယ်။

“ဒီရောဂါကြီးဟာ တကယ်ကိုကြောက်ဖို့ကောင်းတယ်။ ကျနော်တို့အနေနဲ့ ဒီမှာမဖြစ်သေးလို့သာ ကြောက်ရကောင်းမှန်း မသိသေးတာလို့ထင်တယ်။ သေချာလေ့လာကြည့်ရင် ကြောက်ဖို့အရမ်းကောင်းပါတယ်။ ဘယ်သူမဆိုဖြစ်နိုင်တယ်။ မြင်လည်းမမြင်ရဘူးဆိုတော့ ကာကွယ်ခြင်းက ကုသခြင်းထက်ထိရောက်တော့ ကျန်းမာအောင်နေကြပါလို့ ပြောချင်ပါတယ်” လို့ ထွန်းထွန်းကပြောပါတယ်။

အချစ်ရေးနဲ့ပတ်သက်ပြီး ထွန်းထွန်းကို သူ့ရဲ့ ပရိသတ်တွေက မကြာခဏအသည်းကွဲတယ်လို့ ထင်နေကြပေမယ့် ငယ်ငယ်ကတခါသာ အသည်းကွဲဖူးတယ်လို့ ဆိုပါတယ်။

“အမှန်အတိုင်းပြောရရင် ကျနော့်ကိုအသည်းကွဲတယ်လို့ ထင်ကြတယ်။ တခါမှအသည်းမကွဲဖူးဘူး။ တခါတော့ကွဲဖူးတယ် တော်တော်ငယ်ငယ်ကလေ။ အသည်း ကွဲတယ်ဆိုတဲ့ခံစားချက်ကြီးကိုမဖြစ်ဘူး” လို့ ထွန်းထွန်းကပြောပါတယ်။

ချစ်သူရည်းစားများနဲ့ပြတ်စဲပြီး တယောက်တည်း ဖြစ်သွားရတာဟာ လူမှုရေးကိစ္စများကြောင့်ဖြစ်ပြီး သူလည်းသာမန်လူတယောက်အတိုင်း အဆင်ပြေတာရှိသလို မပြေတာလည်းရှိတယ်လို့ ဆိုပါတယ်။

“တခြားလူမှုရေးကိစ္စတွေကြောင့် ပါတာပေါ့။ လူမှုရေးကိစ္စဖြစ်တဲ့အတွက်တော့ ပြောဖို့မသင့်တော်ဘူး။ အဓိကကတော့ ကျနော်ဟာ သာမန်လူတွေအတိုင်းပဲ အဆင်ပြေတာရှိတယ်၊အဆင်မပြေတာရှိတယ်။ အဆင်မပြေတဲ့အချိန်မှာတော့ အဆင်မပြေတာတွေဖြစ်လာတာပေါ့” လို့ ထွန်းထွန်းကပြောပါတယ်။

လတ်တလောမှာတော့ ထွန်းထွန်းက တကိုယ်တည်းသမားတယောက်ဖြစ်လို့နေပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading