မြန်မာ အပါအဝင် ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့မှ အလုပ်သမားများ သင်္ကြန်ကာလ နေရပ်ပြန်နိုင်ရန်အတွက် ဧပြီ ၁ ရက်မှ မေ ၁၅ ရက်ထိ ဗီဇာကြေး ကင်းလွတ်ခွင့်ပေးလိုက်ကြောင်း ထိုင်းအစိုးရ၏ နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲမှုမူဝါဒကော်မတီက မတ် ၁၆ ရက်တွင် ထုတ်ပြန်သည်။
အဆိုပါအစီအစဥ်တွင် ထိုင်းနိုင်ငံ၌ ယာယီနေထိုင်ခွင့် (Non L-A Visa) အတွက် ဗီဇာ (VISA) ရရှိပြီးသည့် ရွှေ့ပြောင်းအလုပ်သမားများ၊ ၂၀၂၄ မေ ၁၅ ရက်ထိ နေထိုင်ခွင့်ကာလ သက်တမ်းကျန်ရှိသော ရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးနှင့် မိသားစုဝင်များ အကျုံးဝင်ပြီး ၎င်းတို့အနေဖြင့် ထိုင်းနိုင်ငံကို ပြန်လည်ဝင်ရောက်ရန် (Re-Entry Permit) လျှောက်ထားရန်မလိုကြောင်း သိရသည်။
သို့သော် ၂၀၂၄ မေ ၁၅ ရက်နောက်ပိုင်း ထိုင်းသို့ ပြန်လည်ဝင်ရောက်လိုသော အလုပ်သမားများအနေဖြင့် ပြန်လည်ဝင်ရောက်ခွင့်ကို ပုံမှန်အတိုင်း တင်ပြရမည်ဖြစ်ပြီး လိုက်နာမှုမရှိပါက ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် ရပ်စဲသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထိုသို့ ထိုင်းအစိုးရက ဗီဇာကြေးကင်းလွတ်ခွင့်ပြုသော်လည်း မြန်မာနိုင်ငံသားများအနေဖြင့်မူ စစ်ကောင်စီ၏ အတင်းအကျပ် အကောင်အထည်ဖော်နေသည့် စစ်မှုမထမ်းမနေရဥပဒေကြောင့် လူငယ်များအနေဖြင့် ပြန်ကြလိမ့်မည်မဟုတ်ကြောင်း အလုပ်သမားရေးဆောင်ရွက်သူများက ဆိုသည်။
ထိုင်းနိုင်ငံတောင်ပိုင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အဖွဲ့မှ အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးက “အခုအခေါက်ကတော့ ပြန်မယ့်သူက သိပ်ပြီးရှိမှာမဟုတ်ဘူး။ အထူးသဖြင့် လူငယ်တွေပေါ့။ စစ်မှုမထမ်းမနေရ ကိစ္စတွေရှိတော့ ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်သွားမှာပေါ့။ လူငယ်တွေကတော့ သိပ်ပြန်ကြမယ် မထင်ပါဘူး” ဟု ပြောသည်။
ပုံမှန်အားဖြင့် တရားဝင် ရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံမှ ထွက်ခွာပြီးနောက် ပြန်လည်ဝင်ရောက်နိုင်ရန် ထိုင်းလူဝင်မှုကြီးကြပ်ရေးရုံးများ၌ ဗီဇာကြေး ဘတ်ငွေ ၁,၁၀၀ ပေးဆောင်ရကြောင်း ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများအား ကူညီပေးနေသူများထံမှ သိရသည်။
ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတဦးက “အရင်ကဆို အကုန်လုံးက သင်္ကြန်ကို ပြန်ဖို့အားထုတ်ကြတယ်။ သူဌေးတွေကလည်း လစာ ကြိုထုတ်ပေးတယ်။ အခုဆို မပြန်ဖြစ်တာ ၄ နှစ်နီးပါးရှိပြီ။ ကျမတို့အလုပ်က တော်တော်များများလည်း မပြန်ဖြစ်ကြဘူး” ဟု ဆိုသည်။