The Voice Myanmar Season 2 သီချင်းဆိုပြိုင်ပွဲရဲ့ Winner ဖြစ်တဲ့ နိုဗန်ထူးကတော့ မွန် တိုင်းရင်းသားတယောက်ဖြစ်ပြီး သူ့အနေနဲ့ တိုင်းရင်းသားဆိုတဲ့ ခံစားချက်က ဘာနဲ့မှ လဲလို့ မရဘူးလို့ ပြောပါတယ်။
“ကျနော် အမေရိကန်စင်တာမှာ လုပ်ကတည်းကိုက မသိစိတ်ထဲက ဒီတိုင်းရင်းသားဆိုတဲ့ အရာကို ဂုဏ်ယူတယ်။ အဝတ်အစား ဝတ်တာကအစ ဒီဟာတွေက ကိုယ်ပိုင်ဟန်တွေ ရှိထားပြီးသား။ ကျနော် မွန်မှ မဟုတ်ပါဘူး။ ဘယ်အရာမဆို သဘောကျတယ်။ အနောက်တိုင်း ဆိုတာထက်စာရင် တိုင်းရင်းသားဆိုတဲ့ ခံစားချက်က ဘာနဲ့မှ လဲလို့မရဘူး။ ကိုယ်တိုင်ကလည်း ဖြစ်နေလို့လား မသိဘူး။ နောက်ပြီးတော့ စကားလုံးတွေအစ အရသာ ရှိတယ်။ ပြောရတာရော နားထောင်ရတာရော”လို့ နိုဗန်ထူးက ပြောပါတယ်။
နိုဗန်ထူးကတော့ မွန်တိုင်းရင်းသား တယောက်ဖြစ်ပြီး ပြိုင်ပွဲဝင်ခဲ့စဉ်က သူ့ရဲ့ မွန်တိုင်းရင်းသား ဝတ်စုံသာမက တခြားသော တိုင်းရင်းသားဝတ်စုံများ ဝတ်ဆင်ကာ သီဆို ယှဉ်ပြိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် နိုဗန်ထူးက ထူးထူးခြားခြား ကောင်းမွန်တဲ့ ဆံပင်ရှည်ကို ပိုင်ဆိုင်ထားပြီး သူ့ရဲ့ဆံပင်ကိုလည်း ထိန်းသိမ်းဖြစ်တယ်လို့ ဆိုပါတယ်။
“ဆံပင်အရှည်ကတော့ ၂၀၁၅ ခုနှစ်လောက်က စထားတယ်။ တော်တော်များများကတော့ မိုက်တယ်လို့ ပြောတယ်။ ကျနော်ကလည်း ထိန်းသိမ်းတယ်ဗျ။ ဒါတွေကတော့ လျို့ဝှက်ချက်တွေပေါ့။ ကြော်ငြာတွေ ဘာတွေ လာကမ်းလှမ်းရင်လည်း ရိုက်မှာပါ” လို့ နိုဗန်ထူးက ဆိုပါတယ်။
လုပ်ငန်းခွင်ဝင်တဲ့ အချိန်မှာလည်း ဆံပင်ညှပ်ရမယ် ဆိုတာတွေ ရှိခဲ့ပေမယ့် အဲဒီအပေါ်မှာတော့ ဆိုးတယ်၊ ကောင်းတယ် ဆိုတာကို မခံစားရပါဘူးလို့ ပြောပါတယ်။
“လုပ်ငန်းခွင်ဝင်တော့ ဒီဆံပင်ကြီး ညှပ်ရမယ်တို့ ဘာတို့ ရှိတယ်။ အဲ့အပေါ်မှာတော့ ဘာမှ ဆိုးတယ်၊ ကောင်းတယ် မခံစားရပါဘူး။ လူကြီးတွေမြင်တဲ့ အမြင်က ရှိပြီးသားဆိုတော့ အေးဆေးပါပဲ။ ဝိုင်းပြောခံရတာကြီးက နေသားကျနေပြီဆိုတော့ ဘာမှ မဖြစ်တော့ပါဘူး”လို့ နိုဗန်ထူးက ပြောပါတယ်။
ဂီတလောကထဲကို ရောက်ရှိလာတာ ကြာခဲ့ပြီ ဖြစ်သော်လည်း The Voice Myanmar Season 2 ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ယခင်က သူ့ကို မသိသေးတဲ့သူများလည်း သိရှိသွားခဲ့ပြီး အခုနောက်ပိုင်းမှာဆိုရင် အမျိုးသမီး ပရိသတ်များကပါ နိုဗန်ထူးကို အားပေးလာကြတာ တွေ့ရပါတယ်။
နိုဗန်ထူးရဲ့ အချစ်ရေးကို မေးကြည့်တဲ့အခါ “အချစ်ရေးကတော့ ကျနော့် ပုံစံကို ကြိုက်မယ့်လူက နည်းနည်းတော့ ရှားလိမ့်မယ်။ ကျနော်က ဆိုးတယ်။ Relationship တခုကို အကြာကြီး မတည်ဆောက်နိုင်ဘူး။ ပြီးတော့ မိန်းမယူဖို့ ဆန္ဒကလည်း သိပ်မရှိဘူး။ ကလေးတွေ ဘာတွေ မွေးရတာလည်း မကြိုက်ဘူး”
“ဒီလောကကြီးမှာ လူသားတယောက် ဖြစ်သွားရင် ကြောက်စရာကြီး။ မိန်းမယူပြီး ကလေးယူဖို့ ကိစ္စကို မစဉ်းစားနိုင်သေးဘူး။ ကိုယ့်ဟာနဲ့ ကိုယ်တောင် ရပ်တည်ဖို့တောင် တိုင်ပတ်နေတယ်။ အချစ်ရေးကတော့ ဟိုလိုလို ဒီလိုလိုပါပဲ။ တိုင်ပတ်တယ်ပေါ့။ စော်ကြည်ဖို့ကတော့ သိပ်မလွယ်ပါဘူး”လို့ နိုဗန်ထူးက ပြောပါတယ်။
နိုဗန်ထူးကတော့ The Voice Myanmar Season 2 သီချင်းဆို ပြိုင်ပွဲ ပြီးဆုံးပြီးနောက်ပိုင်းမှာ သူ့ရဲ့ ကိုယ်ပိုင် Band နဲ့အတူ သီချင်းများ ဖန်တီးနေပြီး အခွေထွက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
You May Also Like These Stories:
ပြိုင်ပွဲမှာ Winner မရတဲ့သူက ဘာမှ မရတာ မဖြစ်သင့်လို့ သဘောတူညီချက် တခုလုပ်ခဲ့တဲ့ နိုဗန်ထူး
ဝေဖန်မှုတွေ ကြားထဲက The Voice Myanmar Season 2 ရဲ့ Winner ဖြစ်ခဲ့တဲ့ Novem Htoo
The Voice Myanmar Season 2 ရဲ့ Winner ဆုရှင် Novem Htoo နဲ့ တွေ့ဆုံခြင်း