အာရှတိုက်က ဒေသအများစုဟာ လှပတဲ့ ရှုခင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ နေရာတွေ များပါတယ်။ ဒါကြောင့် အာရှဒေသတွေဆီကို အလည်လာရောက်ကြတဲ့ နိုင်ငံတကာ ခရီးသွား အရေအတွက်တွေက နှစ်စဉ် ပိုပို တိုးလာပါတယ်။ အခု ဖော်ပြပေးမယ့် ဒေသတွေကတော့ အာရှတိုက်မှာ ရှိတဲ့ အံ့သြလောက်ဖွယ် အလှဆုံး နေရာတွေပဲ ဖြစ်ပါတယ်။
(၁) Yaeyama Islands (Japan)
Yaeyama ကျွန်းများဟာ ဂျပန်နိုင်ငံ၊ အိုကီနာဝါ စီရင်စုနယ်ရဲ့ အနောက်တောင်ဘက်ပိုင်းမှာ တည်ရှိပါတယ်။ ဧရိယာအကျယ် အဝန်းကတော့ ၅၉၁ ဒဿမ ၄၆ စတုရန်းကီလိုမီတာ ကျယ်ဝန်းပါတယ်။ Yaeyama ကျွန်းဟာ ဝေးလံတဲ့ အရပ်မှာရှိတဲ့အတွက်ကြောင့် ခရီးသွားတွေ အလာနည်း နေသေးတဲ့ နေရာတနေရာလည်း ဖြစ်ပါတယ်။ Yaeyama ကျွန်းမှာ အဓိက အချက်အချာကျတဲ့ ကျွန်းကတော့ Ishigaki ကျွန်း ဖြစ်ပြီး ယဉ်ကျေးမှု၊ နိုင်ငံရေးနဲ့ စီးပွားရေး အချက်အချာ နေရာလည်း ဖြစ်ပါတယ်။
(၂) Raja Ampat Islands (Indonesia)
ကျွန်းငယ်ပေါင်း ၁၅၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ Raja Ampat ကျွန်းကိုတော့ အဓိကကျတဲ့ ကျွန်းကြီး ၄ ကျွန်းက ဝန်းရံထားပါတယ်။ ဒီကျွန်းစုတွေဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး အဏ္ဏဝါဇီဝ မျိုးကွဲပေါင်းများစွာကို ပိုင်ဆိုင်ထားပါတယ်။ ဒီကျွန်းရဲ့ တည်နေရာကတော့ အင်ဒိုနီးရှားနိုင်ငံ၊ West Papua ပြည်နယ်အတွင်းမှာ တည်ရှိပါတယ်။
(၃) Champasak (Laos)
Champasak ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်က လာအိုလို “တော်ဝင်မိသားစု”လို့ အဓိပ္ပာယ် ရပါတယ်။ Champasak ပြည်နယ်ဟာ လာအိုနိုင်ငံ အနောက်တောင်ပိုင်းမှာရှိတဲ့ ပြည်နယ်ဖြစ်ပြီး ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ လာအိုလူမျိုးတွေ အထွဋ်အမြတ်ထားတဲ့ နေရာ ၃ နေရာထဲက တနေရာဖြစ်သလို မြို့တော်က Pakse ဖြစ်ပြီး Pakse မှာ၂၀၁၉ ခုနှစ်ရဲ့ လူဦးရေ စာရင်းအရ ၈၈,၃၃၂ ယောက် နေထိုင်တယ်လို့ သိရပါတယ်။
(၄) Côn Đảo ကျွန်းစု (Vietnam)
ဗီယက်နမ် နိုင်ငံအတွင်းမှာရှိတဲ့ Côn Đảo ကျွန်းစုကလည်း လှပတဲ့ ကျွန်းစုတစုပါ။ အရင်တုန်းကတော့ ဒီကျွန်းစုဟာ ရာဇဝတ်သားတွေကို တကျွန်းပို့တဲ့နေရာ ဖြစ်ခဲ့ပေမယ့် အခုဆိုရင်တော့ နတ်ဘုံတမျှ လှပတဲ့ နေရာတနေရာ ဖြစ်နေပါပြီ။ ဗီယက်နမ်နိုင်ငံက ပိုင်ဆိုင်တဲ့ အလှဆုံး ရတနာကို ပြပါဆိုရင် Côn Đảo ကျွန်းစုကို ပြရမှာပါပဲ။ Côn Đảo ကျွန်းစုဟာ ဗီယက်နမ်နိုင်ငံရဲ့ အရှေ့တောင်ပိုင်းမှာ တည်ရှိပါတယ်။ ဆိုင်ဂုံမြို့ကနေ သွားမယ်ဆိုရင်တော့ ၁၄၃ မိုင်လောက် သွားရပါလိမ့်မယ်။ Côn Đảo ကျွန်းစုမှာ နေထိုင် စုစုပေါင်း လူဦးရေ ၅၀၀၀ ကျော်လောက်သာ ရှိပါတယ်။
(၅) Phong Nha (Vietnam)
ဗီယက်နမ်နိုင်ငံကပဲ နောက်ထပ် ပိုင်ဆိုင်ထားတဲ့ နေရာကတော့ Phong Nha အမျိုးသားဥယျာဉ်ကြီး ဖြစ်သလို UNESCO အသိအမှတ်ပြု ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် နေရာတနေရာ လည်းဖြစ်ပါတယ်။ ဟနွိုင်းမြို့ကနေသွားမယ်ဆိုရင်တော့ ကီလိုမီတာ ၅၀၀ (မိုင် ၃၀၀ ကျော်) သွားရပါလိမ့်မယ်။ ဒီဥယျာဉ်ကြီးအတွင်းက Son Doong လိုဏ်ဂူကြီးကိုတော့ ၂၀၀၉ ခုနှစ်မှာ တွေ့ရှိခဲ့ပြီး ကမ္ဘာ့အကြီးဆုံး စာရင်းဝင်ထားတဲ့ လိုဏ်ဂူကြီးလည်း ဖြစ်ပါတယ်။
Ref. theculturetrip
You May Also Like This Story:
ကမ္ဘာလှည့်ခရီးသွားတွေ မဲပေးရွေးချယ်ခဲ့တဲ့ အာရှတိုက်ရဲ့ အလှဆုံးနေရာများ