စစ်ကောင်စီ၏ တိုင်းရင်းသားအဖွဲ့ဝင်များသည် ဒေသခံပြည်သူများ၏ ထောက်ခံမှုရရန်နှင့် ၎င်းတို့ ဒေသအသီးသီးတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုဖန်တီးရေးကို ထောက်ခံရန် ထိထိရောက်ရောက် အသုံးပြုရန်အတွက် ကချင်၊ ကယား၊ ကရင်နှင့် မွန်ပြည်နယ်များသို့ မကြာသေးမီက စည်းရုံးရေးခရီး ထွက်ကြသည်။
ထိုစည်းရုံးရေးခရီးများကို ကြံစည်သူမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဖြစ်ပြီး စက်တင်ဘာလ အစောပိုင်းက ပြုလုပ်သည့် အစည်းအဝေးတခုတွင် ထိုသို့လုပ်ရန် စစ်ကောင်စီဝင်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုစည်းရုံးရေး ခရီးစဉ်များကို တိုက်ပွဲမဖြစ်ပွားသည့် ပြည်နယ်မြို့တော်များနှင့် ပတ်ဝန်းကျင်မြို့များသို့သာ ကန့်သတ်ထားသည်။ တိုင်းရင်းသား စစ်ကောင်စီဝင်များ သွားရောက်သည့် ပြည်နယ်များအနက် မွန်ပြည်နယ်တခုသာ နှိုင်းယှဉ်ချက်အားဖြင့် တည်ငြိမ်သည်။ စစ်ကောင်စီကို လက်နက်ကိုင် ပုန်ကန်မှုများသည် စစ်ကောင်စီထိန်းချုပ်မြို့များမှအပ ကချင်၊ ကယားနှင့် ကရင်ပြည်နယ်နှင့် ကျန်ဒေသများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို မင်းအောင်လှိုင် ဖွဲ့စည်းသောအခါ တိုင်းရင်းသား နိုင်ငံရေးသမားများကို စစ်ကောင်စီအတွင်း ထည့်သွင်းပြီး တရားဝင်မှုရအောင် လုပ်သည်။ ၎င်းတို့၏ ရာထူးများသည် အဆောင်အယောင်မျှသာ ဖြစ်နေသည်မှာ နှစ်နှစ်ကျော် ကြာပြီဖြစ်သည်။ ထိုစည်းရုံးရေး ခရီးစဉ်များသည် နိုင်ငံမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAOs) များအနေဖြင့် စစ်ကောင်စီကို တိုက်ခိုက်ခြင်း မပြုရန် ကြိုးစားသည့် မျှော်လင့်ချက်ကင်းမဲ့သော နောက်ဆုံး အစီအမံတွင် စစ်ကောင်စီဝင်များ ပါဝင်ရန် အခန်းကဏ္ဍကို ပေးသည်။
မကြာသေးမီက ထိုခရီးစဉ်များ သွားရောက်သည့် တိုင်းရင်းသား စစ်ကောင်စီဝင်များသည် ဖေဖော်ဝါရီလက စစ်ကောင်စီ အပြောင်းအလဲတွင် ခန့်ထားခံရသူများ ဖြစ်သည်။
မင်းအောင်လှိုင် ကိုယ်တိုင်ကလည်း စက်တင်ဘာလ ၉ ရက်နေ့တွင် နေပြည်တော်မှ ထွက်ခွာပြီး ရှမ်းပြည်မြောက်ပိုင်းမှ စစ်ကောင်စီနှင့် ပတ်သက်သည့် ပြည်သူ့စစ်များနှင့် လားရှိုးတွင် တွေ့ဆုံသည်။ စစ်ကောင်စီ တပ်များနှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) အကြား မူဆယ်၊ ကွတ်ခိုင်မြို့များနှင့် ပတ်ဝန်းကျင်တွင် တင်းမာမှုမြင့်မားနေစဉ် ထိုသို့ တွေ့ဆုံခြင်းဖြစ်သည်။ တွေ့ဆုံရာတွင် မင်းအောင်လှိုင်က ထိုပြည်သူ့စစ်များကို အသိအမှတ်ပြုလေးစားကြောင်း ပြောကြားပြီး စစ်တပ်၊ အစိုးရနှင့် ပြည်သူများ ဒေသတည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုသည်။
စစ်ကောင်စီအဖွဲ့ဝင်များဖြစ်သော ဝ နိုင်ငံရေးသမား ဦးရန်ကျော်နှင့် တအာင်းနိုင်ငံရေးသမား ဦးရွှေကြိမ်းတို့သည် စက်တင်လာလ ၁၂ ရက်နေ့တွင် ပြီးဆုံးသည့် မင်းအောင်လှိုင်၏ လားရှိုးစည်းရုံးရေး ခရီးတွင် လိုက်ပါသွားကြသည်။ ၎င်းတို့သည် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် စာပေနှင့်ယဉ်ကျေးမှုအသင်းများနှင့် တွေ့ဆုံကြသည်။
ကချင်တိုင်းရင်းသူ စစ်ကောင်စီဝင် ဒေါ်ဒွဲဘူသည် ကချင်ပြည်နယ်သို့ စက်တင်ဘာလ ၇ ရက်နေ့မှ ၁၂ ရက်နေ့အထိ သွားရောက်ပြီး ဆရာ ဆရာမများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဘာသာရေး ခေါင်းဆောင်များနှင့် မြစ်ကြီးနားနှင့် ဗန်းမော်မြို့နယ်များတွင် တွေ့ဆုံပြီး အနာဂတ်တချိန်ချိန်တွင် စစ်ကောင်စီက ကျင်းပရန် အဆိုပြုထားသည့် အထွေထွေရွေးကောက်ပွဲများတွင် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုသည်။ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန်လည်း ထိုသူများကို တိုက်တွန်းသည်။
ကရင်တိုင်းရင်းသား စစ်ကောင်စီဝင် မန်းငြိမ်းမောင်နှင့် ပအိုဝ်းတိုင်းရင်းသား စစ်ကောင်စီဝင် ခွန်စန်းလွင်တို့သည်လည်း စစ်ကောင်စီက လက်ရှိ လုပ်နေသည့် ငြိမ်းချမ်းရေး၊ စီးပွားရေး တိုးတက်ရေးလုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းပြရန် မွန်ပြည်နယ်မှ မော်လမြိုင်၊ ကျိုက်မရော၊ သထုံမြို့နယ်များနှင့် ကရင်ပြည်နယ် ဘားအံ၊ လှိုင်းဘွဲမြို့နယ်သို့ စက်တင်ဘာလ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ သွားရောက်ကြသည်။ ၎င်းတို့သည် စာပေနှင့်ယဉ်ကျေးမှုအသင်းများ၊ ဘုန်းကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ငွေလှူဒါန်းကြသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ကရင်ပြည်သူ့ပါတီ (KPP) ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဟောင်း မန်းငြိမ်းမောင်က ကရင်ပြည်သူများကို တွေ့ဆုံပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဥက္ကဋ္ဌ ခွန်စန်းလွင်က ဒေသခံ ပအိုဝ်းလူမှုအသိုက်အဝန်းများကို တွေ့ဆုံသည်။
ကယန်းတိုင်းရင်းသား စစ်ကောင်စီဝင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ပိုးရယ်အောင်သိန်းကလည်း ကယားပြည်နယ် လွိုင်ကော်မှ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအသင်း ကိုယ်စားလှယ်များနှင့် တွေ့ဆုံသည်။ ကယားပြည်နယ် တည်ငြိမ်ရေးအတွက် စစ်ကောင်စီ၏ အားထုတ်မှုများတွင် ၎င်းတို့ ပူးပေါင်းဆောင်ရွက်ရန်နှင့် ရွေးကောက်ပွဲကို ထောက်ခံရန် ၎င်းကတောင်းဆိုသည်။
စာပေနှင့်ယဉ်ကျေးမှုအသင်းများသို့လည်း ၎င်းက ငွေလှူသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Attempts Charm Offensive in Ethnic States ကို ဘာသာပြန်သည်။)
You may also like these stories:
အင်အားကြီး တိုင်းရင်းသားတပ်များကို စစ်ကောင်စီ လိုက်စည်းရုံးနေ
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီဆန့်ကျင်သူတွေ ပေါင်းစည်းသွား
စစ်ကောင်စီက တိုင်းရင်းသားမဟာမိတ်များနှင့် ငြိမ်းချမ်းရေးညီလာခံ ကျင်းပရန် ကြံစည်နေ
တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့ အကြမ်းဖက်မှုများကို ပံ့ပိုးနေဟု စစ်ကောင်စီ မီဒီယာစွပ်စွဲ
အပစ်ရပ်ရေး စစ်ကောင်စီ လိုက်နာမည် မထင်ဟု တိုင်းရင်းသား လက်နက်ကိုင်များ ပြော
ရွေးကောက်ပွဲကျင်းပရေး စစ်ကောင်စီ တွန်းအားပေးလုပ်နေ