ငြိမ်းချမ်းရေး ဆွေးနွေးရန် ဟူသည့် ခေါင်းစဉ်ဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ အရာရှိကြီးများက အာဏာသိမ်းရသည့် အကြောင်းအရင်းများကို ရှင်းပြကာ ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) တို့ကို စည်းရုံးသည့် ခရီးစဉ်တခု သွားလာခဲ့သည်ဟု သတင်းရရှိသည်။
စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီ၊ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အဖွဲ့နှင့် အမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး တို့သည် ဧပြီ ၇ ရက်နှင့် ၈ ရက်တွင် မက်မန်းဆိုင် နှင့် ဝမ်ဟိုင်း ဒေသများသို့သွားကာ UWSA နှင့် SSPP တို့၏ တာဝန်ခံများကို လိုက်လံ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီ၏ အရာရှိကြီးများသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲအတွင်း မဲခိုးခြင်းကြောင့် တပ်မတော်က အာဏာထိန်းရခြင်း ဖြစ်ကြောင်း၊ ၎င်းတို့နှင့် တိုင်းရင်းသားတပ်ဖွဲ့များကြား ဆက်ဆံရေးမပြတ် တည် ဆောက်ရန် လိုက်လံ ပြောဆိုခြင်းဖြစ်ကြောင်း ဧရာဝတီက စုံစမ်းသိရှိရသော်လည်း စစ်ကောင်စီက ငြိမ်းချမ်းရေးခရီးစဉ် ဟူ၍သာ ထုတ်ဖော် ပြောဆို ထားသည်။
UWSA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက UWSA အရာရှိများနှင့် စစ်တပ်၏ အရာရှိကြီးများ ဧပြီ ၇ ရက်က တွေ့ဆုံစဉ် စစ်တပ်ဘက်က အာဏာသိမ်းရသည့် အကြောင်းအရင်းကို ရှင်းပြသွားသည်ဟု ပြောသည်။
ဦးညီရမ်းက “ဆွေးနွေးပွဲမှာ ကျနော် မပါတော့ အသေးစိတ် ဘာဆွေးနွေးလဲ မသိဘူး။ သေချာတာတခုကတော့ အာ ဏာသိမ်းရတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်တာကို ပြောပြတယ်လို့ သိရပါတယ်။ ရှင်းပြတယ်လို့ သိရပါတယ်” ဟု ဆိုသည်။
UWSA သည် နိုင်ငံတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် ၁၈ ဖွဲ့ထဲတွင် အင်အား အတောင့်တင်းဆုံး တပ်ဖွဲ့ဖြစ်ပြီး စစ်အစိုးရ လက်ထက် ၁၉၈၉ ခုနှစ်ကတည်းက အပစ်ရပ်ဆိုင်းထားကာ စစ်တပ်နှင့် ယနေ့ထိ တိုက်ခိုက်ခြင်း မရှိပါ။
စစ်တပ်က အာဏာသိမ်းသည့် အပေါ်တွင် ပြည်တွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အားလုံးနီးပါးက လက်မခံ ကြောင်း၊ အာဏာသိမ်းခြင်းမှ စွန့်လွှတ်ရန် ပြောဆိုဝေဖန်မှုများ ရှိနေသော်လည်း UWSA သည် ယနေ့ထိ တစုံတရာ ပြော ဆိုခြင်း မရှိဘဲ နှုတ်ဆိတ်နေသည့် တပ်ဖွ့ဲ ဖြစ်သည်။
စစ်တပ်ဘက်က ၎င်းတို့ကို ထောက်ခံပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆက်ဆွေးနွေးရန် ပြည်တွင်းရှိ တိုင်းရင်းသား လက် နက်ကိုင်တပ်ဖွဲ့များကို စည်းရုံးနေသော်လည်း တိုင်းရင်းသားတပ် အားလုံးနီးပါးက စစ်တပ်ကို ဖယ်ကြဉ်ထားသည့် အခြေ အနေနှင့် ရင်ဆိုင်နေရသည်။
UWSA ကိုလည်း စစ်တပ်က သွားရောက် တွေ့ဆုံသည်မှာ ၂ ကြိမ် ရှိပြီ ဖြစ်သည်။
အာဏာသိမ်း စစ်ကောင်စီကို အစိုးရတရပ် အနေဖြင့် ဝ ခေါင်းဆောင်များက အသိအမှတ်ပြုခြင်း ရှိမရှိ မေးမြန်းရာ ဦးညီ ရမ်းက “အရင်ကတည်းက ခင်မင်ရင်းနှီးမှုက ရှိတော့ ထောက်ခံတာ မထောက်ခံတာတွေနဲ့ သက်ဆိုင်မယ် မထင်ပါဘူး” ဟု တုံ့ပြန်ပြောဆိုသည်။
UWSA ခေါင်းဆောင် ဦးပေါက်ယူချမ်းသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ် ထွက်ပြီးနောက် နိုဝင်ဘာ ၁၆ ရက် NLD ပါတီ၏ အနိုင်ရရှိခြင်းကို ဝမ်းမြောက်ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ထားသူ ဖြစ်သည်။
ဦးပေါက်ယူချမ်း၏ သဝဏ်လွှာထဲတွင် NLD ပါတီအနေဖြင့် တနိုင်ငံလုံး၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှု ခရီးစဉ်တွင် အောင်မြင်မှုများ ရရှိစေရန် ဆုတောင်းမေတ္တာပို့သအပ်ပါသည်ဟုလည်း ထိုစဉ်က ထည့်သွင်း ရေးသားကာ ပေးပို့ခဲ့သည်။
စစ်ကောင်စီ၏ အရာရှိကြီးများသည် မတ်လအတွင်းကလည်း UWSA ၏ မဟာမိတ် အမျိုးသားဒီမိုကရေစီမဟာမိတ် တပ် မတော် (NDAA) ကိုလည်း တွေ့ဆုံကာ အာဏာသိမ်းရသည့် အကြောင်းအရင်းနှင့် NLD က ရွေးကောက်ပွဲတွင် မဲခိုးပါ သည်ဟူ၍ တွေ့ဆုံကာ ပြောဆိုမှုများ ရှိသည်။
ထိုသို့ အရာရှိကြီးများ အဖွဲ့က တိုင်းရင်းသား တပ်ဖွဲ့များကို စည်ရုံးရေး ဆင်းနေသည့် တဖက်တွင် အာဏာသိမ်းစစ်ကောင် စီ၏ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၊ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းသည်လည်း ဧပြီ ၈ ရက်က ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီး တပ်နယ်အတွင်း တပ်မတော် အရာရှိများ၊ တပ်မတော် မိသားစုများနှင့် တွေ့ဆုံကာ ရွေးကောက် ပွဲတွင် NLD က မဲခိုးကြောင်း၊ တပ်မတော်က နိုင်ငံတော် အာဏာကို ထိန်းသိမ်းထားရခြင်း ဖြစ်ကြောင်း ရှင်းပြနေခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင်တပ်များကို လိုက်လံညှိနှိုင်းနေသည့် စစ်ကောင်စီ၏ အရာရှိကြီးများ အဖွဲ့သည် UWSA နှင့် တွေ့ဆုံပြီးနောက် ဧပြီ ၈ ရက်တွင် SSPP ၏ ဌာနချုပ် ဝမ်ဟိုင်းကျေး ရွာသို့ သွားရောက်ရာ SSPP ဘက်မှ ပစ်ခတ်ခဲ့သဖြင့် ရဟတ်ယာဉ်အတွင်း လိုက်ပါလာသည့် အရာရှိကြီးတဦး ကျည်ထိ မှန် ဒဏ်ရာရကာ ခရီးစဉ်လည်း အထမမြောက်ခဲ့ ကြောင်း စုံစမ်း သိရှိရသည်။
SSPP ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်က “လာတာတော့ ဟုတ်ပါတယ်။ မဆင်းဖြစ်ပါဘူး။ မနေ့က လာတော့ လာတယ်။ အောက်ခြေက မသိတဲ့သူက တချက်၊နှစ်ချက် ပစ်မိတာပါ။ အဲဒါနဲ့ သူတို့က လားရှိုးပြန်သွားတယ်” ဟု ပြော သည်။
ထိခိုက်ဒဏ်ရာ ရရှိသွားသည့် အရာရှိ၏ အမည်နှင့် ခရီးစဉ် မည်သို့ ဖြစ်သွားကြောင်း အသေးစိတ်ကို မေးမြန်းရာ ဗိုလ်မှူး စိုင်းဖုန်းဟန်က ၎င်းကိုယ်တိုင်လည်း ခရီးသွားလာနေသဖြင့် အသေးစိတ် မသိရှိပါဟု ဆိုသည်။
စစ်ကောင်စီဘက်က ၎င်းတို့၏ ရဟတ်ယာဉ် ပစ်ခတ်ခံရသော်လည်း SSPP နှင့် ၎င်းတို့ အရာရှိများကြား ငြိမ်းချမ်းရေး ကိစ္စ များ ဆွေးနွေးခဲ့ပါသည်ဟု ယနေ့ ကျင်းပနေသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။
စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သွားလုပ်တဲ့အခါမှာ သိပ်လည်း ဘယ်သူမှ မသိပါဘူး။ ရဟတ်ယာဉ်က အနိမ့်ကနေ ဖြတ်ပျံတော့ သူတို့အနေနဲ့ အောက်ကနေ ပစ်လိုက်တာလို့ ပြောပါ တယ်။ ရောက်ရောက်ချင်းပဲ ပစ်လိုက်တဲ့ အဖွဲ့ကလည်း ဝန်ခံပါတယ်။ ပစ်လိုက်တဲ့ အဖွဲ့ကပဲ ပြန်ပြီး တောင်းပန်ပါတယ်။ ပြီးရင် ကျနော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းတွေ လုပ်ခဲ့ပါတယ်။ အောင်မြင်မှု ရှိတယ်လို့ပဲ ပြောချင်ပါတယ်” ဟု ဆိုသည်။
ပစ်ခတ်ခံရရာ၌ ထိခိုက်သွားသည့် အရာရှိ၏ အမည်ကို စစ်ကောင်စီဘက်က ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။
စစ်တပ်၏ အရာရှိကြီးများ အဖွဲ့ လိုက်လံတွေ့ဆုံနေသည့် UWSA နှင့် SSPP သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သံလွင်မြစ် အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းတွင် အခြေစိုက်လှုပ်ရှားကာ ထိုနှစ်ဖွဲ့သည် ၎င်းတို့ အချင်းချင်းကြား ကာလရှည် ကြာ မဟာမိတ် ဆက်ဆံရေး ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်သည်။
ပြည်တွင်း၌ စစ်တပ်၏ သြဇာကိုမခံဘဲ မိမိလူမျိုးအတွက် တော်လှန်ရေးလုပ်နေသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၁၈ ဖွဲ့ ရှိသည့်အနက် UWSA သည် စစ်အင်အားနှင့် လက်နက်ခဲယမ်း အင်အား အတောင့်တင်းဆုံး တပ်ဖွဲ့ ဖြစ်သည်။
စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နှင့် အပစ်ရပ်ဆိုင်းထားခြင်း မရှိသည့် မြောက်ပိုင်း မဟာ မိတ် ၄ ဖွဲ့တို့သည် စစ်တပ်၏ လုပ်ရပ်များအပေါ် ဆန့်ကျင်ကြောင်း၊ ရှုတ်ချကြောင်း ပြောဆိုမှုများ ရှိသော်လည်း UWSA သည် တစုံတရာ ပြောဆိုခြင်းမရှိဘဲ ငြိမ်သက်နေသည့် အဖွဲ့ဖြစ်သည်။
NCA လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ Bilateral တစောင်ချုပ်ဆိုရန် ညှိနှိုင်းနေဆဲ ဖြစ် သည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)တို့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ရပ်တန့်လိုက်ပြီး စစ်တပ်ကို စစ်မျက် နှာဖွင့်ကာ တိုက်ခိုက်နေသော်လည်း UWSA သည် စစ်တပ်နှင့် ပူးပေါင်းလုပ်ဆောင်နေသည့် တပ်ပိုင်းဆိုင်ရာ လုပ်ငန်းများ ကို ဆက်ဆံရေးမပျက် ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။
UWSA တောင်ပိုင်းတပ်ဖွဲ့ဝင်များကို စစ်တပ်၏ တြိဂံတိုင်းစစ်ဌာနချုပ်က ဆေးသင်တန်း ပို့ချနေရာ အာဏာမသိမ်းခင်က အပါတ်စဉ် ၁၊ အာဏာသိမ်းပြီးနောက်တွင်လည်း ဆေးဘက်ဆိုင်ရာ သင်တန်း အပါတ်စဉ်၂ နှင့် ဆေးဘက်ဆိုင်ရာမွမ်းမံ သင်တန်း အပါတ်စဉ် ၁ တို့ကို ဆက်လက် တက်ရောက်နေဆဲ ဖြစ်သည်။
ဝ လူမှုအရပ်ဘက် အဖွဲ့အစည်း ၈ ခုနှင့် ဝ လူထုများက UWSA ကို လူထုနှင့်အတူ ရပ်တည်ကြောင်း၊ စစ်တပ်၏ အာဏာ သိမ်းလုပ်ရပ်ကို လက်မခံကြောင်း ပြသပေးရန် မတ် ၃၀ ရက်က အိတ်ဖွင့်ပေးစာတစောင် ပေးပို့ကာ တောင်းဆိုထား သော်လည်း UWSA ခေါင်းဆောင်များက ယနေ့ထိ အကြောင်းပြန်ခြင်း မရှိဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်သည်။
SSPP ပါဝင်သည့် ရှမ်းပြည် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (SSJAC) က အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်နေသည့် လူထု လှုပ်ရှားမှုများ၊ စစ်အာဏာရှင်လက်အောက် အလုပ်မဆင်းရေး လှုပ်ရှားမှု Civil Disobedience Movement (CDM) ကို ထောက်ခံကြောင်းနှင့် လူထုအား သတ်ဖြတ်နေမှုကို ကန့်ကွက်ကြောင်း ဖေဖော်ဝါရီ၂၁ ရက်က ကြေညာချက် ထုတ် ထားသည်။
စစ်အာဏာရှင်၏ အကျိုးစီးပွားကို ကာကွယ်နေသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဖျက်သိမ်းပြီး ဖက်ဒရယ် ဒီမိုကရေ စီ ပြည်ထောင်စု ပေါ်ပေါက်ရေးကိုလည်း နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းမည်ဟု SSPP ပါဝင်သည့် SSJAC က ဆိုထားသည်။
You may also like these stories:
အာဏာသိမ်းမှုအပေါ် နှုတ်ဆိတ်မနေဖို့ UWSA ကို “ဝ” လူထု တောင်းဆို
စစ်တပ်၏ ယာဉ်နှစ်စီး KIA ဗုံးခွဲ တိုက်ခိုက်
RCSS နှင့် TNLA ကြောင့် အရပ်သားအိမ်များ မီးလောင်၊ ဒေသခံ ၁ ထောင်ကျော် ထွက်ပြေးနေရ
စစ်ကောင်စီကို ဘယ်အဖွဲ့တွေ တိုက်ပြီး ဘယ်အဖွဲ့တွေ မတိုက်ဘူးလဲ
မြန်မာစစ်တပ်က တာဝန်ခံရမည်ဟု ရှမ်းလက်နက်ကိုင်ခေါင်းဆောင်ပြော