ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တွင် စစ်တပ်၏ ယာဉ်နှစ်စီးကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ဗုံးခွဲတိုက် ခိုက်လိုက်ကြောင်း သတင်းရရှိသည်။
ဧပြီ ၈ ရက် ည ၇ နာရီခွဲခန့်တွင် ဖားကန့်မြို့နယ်မှ လီဒိုလမ်းမကြီးအတိုင်း မောင်းနှင်လာသည့် စစ်ကားနှစ်စီးကို မိုးကောင်း မြို့နယ် လွယ်လီယန်ကျေးရွာနား အရောက်တွင် KIA က မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
KIA ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “တပ်မတော်ဘက်က အင်အားတွေ တိုးထားတယ်။ လက်နက်ခဲယမ်းတွေ တိုးထားတယ်ဆိုတဲ့ သတင်းကို အမြဲတမ်း နားစွင့်ပြီး ကျနော်တို့ လေ့လာနေပါတယ်။ ဒါကြောင့် စစ်အင်အားတွေ တိုးလာတဲ့ ယာဉ်တန်းတွေ လက်နက်အင်အားတွေ သယ်လာတဲ့ ယာဉ်တန်းတွေကတော့ ကျနော်တို့ ခုခံရမှာပါ။ လက်ဦးမှု ရအောင်လည်း ကျနော်တို့ တိုက်ရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
မိုင်းခွဲတိုက်ခိုက်ခဲ့သည့် စစ်တပ်၏ ယာဉ်နှစ်စီးသည် လက်နက်ခဲယမ်းများ သယ်ဆောင်လာသည့်ယာဉ်ဖြစ်သည့်အတွက် KIA ဘက်မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဗိုလ်မှူးကြီးနော်ဘူက “ကျနော်တို့ဒေသမှာ ကျနော်တို့ကို စစ်ဆင်ဖို့ ပြင်ဆင်နေတာကို သိနေလျက်နဲ့ မဟန့်တားဘဲ မတိုက်ဘဲနေရင် အဆင်မပြေပါဘူး။ စစ်ရေးဆိုတော့ ကိုယ့်ဘက်ကို လာနေတဲ့ ရန်သူကို ဟန့်တားရမှာ ဖြစ်ပါတယ်။ ဘယ်နေရာမှာဆိုရင် စစ်ယာဉ်တန်းတွေဖြတ်တာ လက်နက်ခဲယမ်း သယ်ဆောင်လာတဲ့ ယာဉ်တန်းတွေကိုတော့ ကျနော်တို့ တိုက်ရမှာ ဖြစ်ပါတယ်” ဟုလည်း ဆိုသည်။
လွယ်လီယန်ကျေးရွာမှ ဒေသခံများက စစ်ကား နှစ်စီးသည် ဗုံးခွဲတိုက်ခိုက်ခံရသော်လည်း ပျက်စီးသွားခြင်း မရှိဘဲ မိုး ကောင်းမြို့ဘက်သို့ ဆက်လက် မောင်းနှင်သွားသည်ဟု ဆိုသည်။
ဒေသခံတဦးက “မိုင်းက နှစ်ခါပေါက်တာ စက္ကန့်ပိုင်းပဲ ခြားတာ ပေါက်ကွဲသံက။ ပေါက်ကွဲသံပြီးတာနဲ့ သေနတ်သံ ၁၀ ချက် လောက် ဆက်တိုက် ကြားရတယ်။ နောက် ၁ မိနစ်လောက်မှာပဲ စစ်ကားတစီးက ရွာထဲကနေ ဖြတ်မောင်းတာ အရှိန်ပြင်း ပြင်းနဲ့ မှောက်လုနီးပါးပဲ မောင်းပြေးသွားတာ။ နောက်တစီးကလည်း ၃ မိနစ်လောက်နေမှ ပြန်ဖြတ်သွားတာ။ နောက်က ဆက်လိုက်တာလာ။ ပေါက်ကွဲပြီး မိနစ်ပိုင်းပဲ သူတို့ရွာထဲက ဖြတ်မောင်းသွားတာ” ဟု ပြောသည်။
ယနေ့ မနက်မိုးလင်းချိန်တွင် ဒေသခံများက မိုင်းပေါက်ကွဲခဲ့သည့်နေရာအား သွားကြည့်ကြရာ မြေပြင်တွင် ပေါက်ကွဲထား သည့် အစအနများ တွေ့ရပြီး အနီးအနားရှိ အိမ်ခြံတံခါးတခုလည်း မိုင်းစများ ထိမှန်ထားသည်ကို တွေ့ရသည်ဟု ပြော သည်။
စစ်တပ်သည် ၎င်းတို့၏ ယာဉ်နှစ်စီး မိုင်းခွဲတိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်၍ တစုံတရာ သတင်းထုတ်ပြန်ထားခြင်း မရှိသေး ပါ။
ဧပြီ ၈ ရက်က လွယ်လီယန်ကျေးရွာအနီး တိုက်ခိုက်ခံရပြီး မိနစ်ပိုင်းအကြာ ည ၈ နာရီကျော်တွင် စစ်တပ်က KIA ၏ လိုင် ဇာမြို့ ပတ်ဝန်းကျင်၊ ဗဟိုအုပ်ချုပ်ရေး နယ်မြေအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။
KIA ဘက်မှ အတည်ပြုပြောဆိုချက်အရ လိုင်ဇာမြို့ ပတ်ဝန်းကျင်သို့ လက်နက်ကြီး ၁၀ ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း၊ မြို့ရွာ များအတွင်းသို့ ကျည်များ ကျပေါက်ခြင်း မရှိဘဲ တပ်ရင်း ၁၉ နှင့် တပ်ရင်း၂၄ နယ်မြေများအတွင်းသို့ ကျရောက်ပေါက်ကွဲ ခြင်းများ ရှိသည်ဟု သိရသည်။
KIA နှင့် အာဏာသိမ်း စစ်ကောင်စီ၏ တပ်များသည် ကချင်ပြည်နယ်တွင်း ပဋိပက္ခ စဖြစ်ပွားသည်မှာ မတ် ၁၁ ရက် ကတည်းက ဖြစ်သည်။
စစ်တပ်က အာဏာမသိမ်းခင် KIA က ပဏာမ အပစ်ရပ်စာချုပ် (Bilateral) တစောင် ချုပ်ဆိုရန် ညှိနှိုင်းနေခြင်းကြောင့် ယုံကြည်မှု တည်ဆောက်သည့်အနေဖြင့်၂၀၁၈ ခုနှစ် ဒီဇင်ဘာမှ ၂၀၂၁ ခုနှစ်ဇန်နဝါရီအထိ ပစ်ခတ်တိုက်ခိုက်မှုများကို ကချင်ပြည်နယ်တွင်း ရပ်ဆိုင်းထားခဲ့သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်စနစ်ကို မနှစ်သက်သဖြင့် ဆန့်ကျင်နေသည့် လူထုကို သွေးထွက်သံယို ဖြစ်အောင် မလုပ်ရန် KIA က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စကားပါးခဲ့သော်လည်း ပြေလည်ခဲ့ခြင်း မရှိပါ။
မတ် ၈ ရက်တွင် မြစ်ကြီးနားမြို့၌ ဆန္ဒပြနေသည့် လူထုကို စစ်တပ်နှင့်ရဲက ပစ်ခတ်ရာ အမျိုးသား၂ ဦး သေဆုံးခဲ့သည်။
KIA က လူထုနှင့် အတူရပ်တည်မည်ဖြစ်ပြီး အာဏာသိမ်းထားသည့် စစ်တပ်ကို အစိုးရတရပ်အနေဖြင့် အသိအမှတ်ပြုခြင်း မရှိဟု ပြောဆိုပြီးနောက် ကချင်ပြည်နယ်တွင် မတ် ၁၁ ရက်မှစ၍ စစ်တပ်၏ တပ်စခန်းများကို တိုက်ခိုက်ကာ စစ်မျက်နှာ စဖွင့်လိုက်ခြင်း ဖြစ်သည်။
မတ် ၁၁ ရက်မှ ယနေ့အထိ တိုက်ခိုက်မှုများတွင် စစ်တပ်၏ ရှေ့တန်းတပ်စခန်းများ၊ ဗျူဟာကုန်းများအပြင် ရဲစခန်းများ၊ ပြည်သူ့စစ်တပ်စခန်းများကိုပါ တိုက်ခိုက်ထားသည်။
စစ်တပ်ကလည်း မတ်၂၉ ရက်တွင် တနိုင်းမြို့နှင့် နမ္မတီးမြို့နယ်အတွင်းရှိ KIA တပ်ရင်း ၁၄ နှင့် တပ်ရင်း ၁၁ နယ်မြေတို့ ကို တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ထားပြီး လိုင်ဇာမြို့ဧရိယာအပါအဝင် အခြား KIA တပ်စခန်းများ တည်ရှိရာ နယ်မြေများကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းများ ပြုလုပ်ထားသည်။
KIA ၏ ဗဟိုအုပ်ချုပ်မှု နယ်မြေအတွင်းသို့လည်း ဒရုန်းများဖြင့် ထောက်လှမ်းခြင်းများကို စစ်တပ်က ပြုလုပ်လျက် ရှိသည်။
You may also like these stories:
မိုးညှင်းမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းဝင်းများကို စစ်တပ် ဝင်ရှာဖွေ
ကလေးမြို့ စစ်တပ်ပစ်ခတ်မှု သေဆုံးသူ ၁၁ ဦးရှိ
ဟူးကောင်းချိုင့်ဝှမ်းမှ ယုဇနကုမ္ပဏီ သိမ်းထားသောမြေများ ဒေသခံများ ပြန်ယူ