ပြည်သူများကို သတင်းအမှောင်ချလိုသဖြင့် တိုင်းနှင့် ပြည်နယ်များတွင် စစ်ကောင်စီက Mizzima နှင့် DVB ရုပ်သံလိုင်း များကို ကြည့်ရှု့နိုင်သည့် PSI စက်များကို လိုက်လံ သိမ်းဆည်းနေကြောင်း သတင်း ရရှိသည်။
ယမန်နေ့ ဧပြီလ ၈ ရက်နေ့မှ စတင်ကာ တနိုင်ငံလုံးတွင် စစ်ကောင်စီ လက်အောက်ခံ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ နှင့် ရပ်/ ကျေး အုပ်ချုပ်ရေး အဖွဲ့ဝင်များက ယခုလို လိုက်လံသိမ်းဆည်းနေခြင်း ဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့ခံ ချင်းတိုင်းရင်းသားတဦးက“မနေ့က ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့တွေ PSI တွေကို အကုန်ဖြုတ် ကြဖို့ မြို့ပတ်ပြီး ကြေညာပါတယ်။ ဒီနေ့ကတော့ အကုန်ဖြုတ်ပြီးတော့ အပ်ကြရပါတယ်။ သတင်းတွေကို ကြည့်လို့ မရ အောင် စစ်တပ်က လုပ်ခိုင်းတယ်လို့ ကျနော်တို့ ထင်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင်လည်း ယမန်နေ့ကတည်းက PSI စက်တွေကို ဖြုတ်ရန် စစ်ကောင်စီ လက် အောက်ခံ တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများက လိုက်လံ ကြေညာသည့်အတွက် ယနေ့ အကုန် ဖြုတ်ပြီး အုပ်ချုပ်ရေးအဖွဲ့ဝင်များထံ အပ်နှံလိုက်ရကြောင်း ဆမီးမြို့ခံများက ပြောသည်။
ဆမီးမြို့ခံတဦးက“လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေး အခြေအနေတွေကို မကြည့်ရအောင် သူတို့ လုပ်တယ်လို့ ထင်တယ်။ ဒီနေ့ အကုန် PSI စက်တွေကို အပ်ကြရတယ်။ မအပ်ရင်လည်း အိမ်တွေကို သူတို့ ကိုယ်တိုင် လာဖြုတ်ပြီး ယူတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်စစ်တပ် (AA)တို့၏ တိုက်ပွဲများကြောင့် လက်ရှိ အချိန်အထိစစ် ဘေးရှောင် သောင်းချီကာ နေရပ်မပြန်နိုင်သေးဘဲ ပလက်ဝမြို့ပေါ် စစ်ရှောင်စခန်းနှင့် ဆမီး မြို့ပေါ် စစ်ရှောင်စခန်းများတွင် ဒုက္ခသည်အဖြစ် ဝင်ရောက်ခိုလှုံ နေထိုင်နေရဆဲ ဖြစ်သည်။
“ကျနော်တို့ မြို့နယ်မှာ စစ်ရှောင်တွေကလည်း အခုထိ နေရပ်ပြန်သူ မရှိသလောက်ပဲ။ သွားရေး၊ လာရေးကလည်း အခုထိ အဆင်မပြေသေးဘူး။ လက်ရှိ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး အခြေအနေကို ကြည့်ပြီး ကျနေ်ာတို့ စိတ်ပူတယ်။ တိုက်ပွဲ ဖြစ်လာ မယ့် အခြေအနေတွေကိုလည်း ကျနော်တို့ သတင်းနားစွင့်ပြီး နေကြရတာ။ အခု PSI နဲ့ ကြည့်လို့ရတဲ့ သတင်းတွေကို လည်း ကျနော်တို့ ကြည့်ခွင့်မရတော့ဘူး”ဟု ပလက်ဝမြို့ခံ တဦးက ပြောသည်။
အလားတူ Mizzima နှင့် DVB သတင်းဌာနမှ ထုတ်လွင့်သည့် ရုပ်သံသတင်းများကို ကြည့်ရှု့နိုင်သော ထိုင်းနိုင်ငံထုတ် PSI စလောင်းများကို ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင် စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များက အရောင်းဆိုင်များ မှ လိုက်လံသိမ်းဆည်းခြင်း၊ နေအိမ်များအတွင်းမှ ဖြုတ်သိမ်းခြင်းနှင့် တပ်ဆင် ကြည့်ရှု့ ခြင်းများ လုံးဝ မပြုလုပ်ရန် တားမြစ် ခြင်းများကို မနေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟင်္သတတမြို့ခံ အမျိုးသမီးတဦးက“ကျမတို့ ဟင်္သတမြို့မှာ မနေ့က PSI စလောင်းများ ရောင်းတဲ့ဆိုင်တွေကို မရောင်းဖို့ တားမြစ်ပြီး ဆိုင်မှာတွေ့တဲ့ PSI စလောင်းတွေကိုလည်း သိမ်းဆည်းသွားတယ်။ ကြံခင်းမြို့မှာလည်း အဲဒီလိုပဲ PSI စ လောင်းတွေကို လုံးဝ မရောင်းနဲ့ဆိုပြီး ဆိုင်က စလောင်းအသစ်တွေကို သိမ်းသွားတယ်”ဟု ဧရာဝတီသို့ ပြောသည်။
အလားတူ ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်းရှိ မြို့နယ်များတွင်လည်း နေအိမ်များ၌ တပ်ဆင်ထားသည့် PSI စလောင်းများနှင့် စက်များကို ယမန်နေ့ကတည်းက စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများက လိုက်လံ ဖြုတ်ယူပြီး သိမ်း ဆည်းသွားကြောင်း သိရသည်။
မြန်မာ တနိုင်ငံလုံးရှိ ဖုန်းအင်တာနက် Mobile Data များ၊ Wifi များကို စစ်ကောင်စီက သတင်းအမှောင်ချလိုသည့်အတွက် မတ်လ လယ်ပိုင်းက စတင်ကာ ပိတ်ထားခဲ့ရာ ပြည်သူအများစုမှာ Mizzima နှင့် DVB တို့မှ ထုတ်လွင့်သော ရုပ်သံသတင်း များကို ကြည့်ရှု့ရန် PSI စလောင်းမှကိုသာ အားထားပြီး ကြည့်ရှု့ နေရသည်။
ရန်ကုန်မြို့ မှ သတင်းစာဆရာ ဦးမြင့်ကျော်က စစ်ကောင်စီက PSI စလောင်းများကို လိုက်လံသိမ်းဆည်းနေခြင်းမှာ သ တင်း အမှောင်ချလိုသဖြင့် စစ်အစိုးရ လက်ထက်က လုပ်ဆောင်ခဲ့သည့် လုပ်ရပ်များကဲ့သို့ ပုံတူကူးချခြင်းသာ ဖြစ်ကြောင်း ဆိုသည်။
ဦးမြင့်ကျော်က“PSI က သတင်းမီဒီယာရော ၊ ပျော်ဖြေရေးရောပေ့ါ။ ဒါပေမယ့် သူတို့က Mizzima နဲ့ DVB ပါနေလို့ဆိုပြီး ဒီဟာကို လိုက်သိမ်းနေတာ။ တကယ်တော့ လူတွေရဲ့ သတင်းကြည့်ရှု့ခွင့် ၊ သတင်းလွတ်လပ်ခွင့်ကို တိုက်ရိုက်ကို ချိုး ဖောက်တာပဲ”ဟု ဧရာဝတီသို့ ပြောသည်။
စစ်အာဏာသိမ်းပြီးသည့်နောက်ပိုင်း မြန်မာနိုင်ငံတဝန်းလုံးရှိ သတင်းသမား ၆၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ရာဇာ သတ်ကြီး ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ခံထားရသူ သတင်းသမား ၁၆ ဦးအထိ ရှိကြောင်း သိရသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးသည့်နောက်ပိုင်း ပြည်သူလူထုကို သတင်း အမှောင်ချရန် Mizzima၊ DVB၊ Myanmar Now၊ 7 day၊ ခေတ်သစ်မီဒီယာစသည့် သတင်းဌာနများကို ထုတ်ဝေခွင့် ပိတ်သိမ်းခဲ့သည့်အပြင် ဧရာဝတီသတင်းဌာန ကိုလည်း ရာဇာသတ်ကြီး ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ထားသည်။
You may also like these stories:
နေပြည်တော်က NLD အမတ်နှစ်ဦး အမှု ၆ လအတွင်း အပြီး စစ်ဆေးမည်
ဟူးကောင်းချိုင့်ဝှမ်းမှ ယုဇနကုမ္ပဏီ သိမ်းထားသောမြေများ ဒေသခံများ ပြန်ယူ
ရခိုင်တွင် မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် သေဆုံးသူ အများဆုံးမှာ ကလေးငယ်များ ဖြစ်